နှစ်သစ်ကူးပွဲတော်နေ့…
နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းသို့ ဧည့်သည်များက အဆက်မပြတ် ရောက်ရှိလာကြသည်။
သူငယ်ချင်းများအပြင် လူသားတစ်ပိုင်း အသွင်ပြောင်းထားသော ရင်းနှီးကျွမ်းဝင်မှု မရှိသည့် မိစ္ဆာငယ်များစွာကလည်း လာရောက် ဂါရဝပြုကြ၏။ နောက်ဆုံး ဧည့်သည်ကို နှုတ်ဆက်ကာ ကူညီပေးခဲ့ကြသော သူငယ်ချင်းများကိုလည်း ကျေးဇူးတင်စကားဆိုပြီးနောက် မိုးသောက်ယံ၏ ပထမဆုံး အလင်းတန်း ထွက်ပေါ်လာချိန်တွင် ဖူရှောင်ကွမ်းက ဂူတံခါးကို ပိတ်လိုက်တော့သည်။
ဖူရှောင်ကွမ်းက လည်ချောင်းရှင်းရန်အတွက် လက်ဖက်ရည်ကို သောက်လိုက်ရင်း သူ၏ မြေအောက်ဂူထဲရှိ ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းလျက် ပစ်လှဲချလိုက်သည်။ သူ၏ အတွေးများမှာတော့ ပြေးလွှားနေ၏။
ယနေ့ညက အလွန် ပင်ပန်းခဲ့ရပြီး လမ်းတစ်ဝက်တွင် သူ၏ လက်အောက်ခံ မိစ္ဆာများကို ဦးဆောင်ကာ လမင်းပူဇော်ပွဲ တစ်ခုကိုပင် ပြုလုပ်ပေးခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူက မိစ္ဆာသခင် တစ်ပါး ဖြစ်နေသည်ကလည်း ကံကောင်းခြင်း တစ်ခုပင်။ အားကောင်းသူကို လေးစားရမည်ဆိုသည့် မိစ္ဆာမျိုးနွယ်စု၏ စည်းမျဉ်းအရ သူက မိစ္ဆာများထံမှ ပူဇော်သက္ကာများကို လက်ခံရယူနိုင်ပြီး ပြန်လည်တုံ့ပြန်ရန် မလိုအပ်ပေ။ ပူဇော်သက္ကာများထဲတွင် ဝိညာဉ်ပစ္စည်း အများအပြား ပါဝင်ပြီး ဤပွဲက သိသာထင်ရှားသော အရင်းအမြစ် စုဆောင်းမှု တစ်ခုဟု ဆိုနိုင်ပေသည်။
သို့သော်လည်း မိစ္ဆာတစ်ကောင်အတွက်တော့ တကယ်ကို ပင်ပန်းလှ၏။ ယခုနှစ်တွင် သူငယ်ချင်းများ၏ အကူအညီကို ရခဲ့သော်လည်း နောက်နှစ်များတွင် သူတို့ကို ဆက်ပြီး ဒုက္ခပေးနေလို့ မဖြစ်တော့ပေ။
ငါ့ကို အလုပ်အကျွေးပြုဖို့ မိစ္ဆာတစ်ကောင်လောက် တကယ် ရှာသင့်နေပြီ…
အနည်းဆုံးတော့ နောင်တစ်ချိန်တွင် သာမန်ကိစ္စလေးတွေကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေစရာ မလိုတော့ဘဲ အသေးအဖွဲ ကိစ္စရပ်များကို လုပ်ဆောင်ပေးခြင်းနှင့် စာပို့ခြင်းများ ပြုလုပ်ပေးနိုင်မည် ဖြစ်၏။
သူ၏ တတွတ်တွတ် ရေရွတ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ ဖူရှောင်ကွမ်းက အိပ်မက်ကမ္ဘာထဲသို့ နစ်မြောသွားတော့သည်။ မာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်က သဘာဝအသိစိတ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး ကျင့်စဉ်က အလိုလို လည်ပတ်နေ၏။
သူ၏ ဝိညာဉ်အာရုံက အိပ်မက်ကဲ့သို့သော စွမ်းအားတစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး သူက သက်တောင့်သက်သာဖြင့် တစ်ဖက်သို့ လှည့်လိုက်ရာ သူ၏ အိပ်မောကျနေသော မျက်နှာက ပို၍ပင် ငြိမ်းချမ်းသွားတော့သည်။
နှစ်သစ်ကူးပွဲတော် အပြီးတွင် နွေဦးရာသီက တဖြည်းဖြည်း နီးကပ်လာ၏။
ကျင့်ကြံခြင်း၊ ဝိညာဉ်ပစ္စည်းများကို သုတေသန လုပ်ခြင်းနှင့် တစ်ခါတစ်ရံ အချုပ်ထောင်နှင့် တောင်ရွှေ့တပ်ဖွဲ့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း အပြင် ဖူရှောင်ကွမ်းက အပြင်သို့ မကြာခဏ ပိုမိုထွက်လာခဲ့သည်။
သူက ဆောင်းရာသီနှင့် နွေဦးရာသီ အကူးအပြောင်းကာလ၏ နက်နဲဆန်းကြယ်လှသော ဝိညာဉ်အငွေ့အသက်ကို ခံစားရန် ယွီတောင်တန်း တစ်လျှောက်လုံး လှည့်လည်သွားလာခဲ့၏။
အရှေ့လေက ဇီးကိုင်းများပေါ်မှ နှင်းများကို လွင့်စင်သွားစေသည်။ နွေဦးပေါက်သည့်နေ့တွင် သူက နေ့တစ်ပိုင်းနှင့် ညတစ်ပိုင်း အပြင်ဘက်တွင် နေထိုင်ခဲ့ပြီး မိုးရေကျဆင်းသည့် ကာလနှင့် အင်းဆက်များ နိုးထချိန်တွင်လည်း ထိုနည်းတူပင် ပြုလုပ်ခဲ့၏။
ဖူရှောင်ကွမ်းက ပျင်းလွန်း၍ ဤသို့ ပြုလုပ်နေခြင်း မဟုတ်ပေ။ အသက်ရှူနည်းစနစ်တစ်ခု ဖန်တီးရန် စိတ်ကူးရခဲ့ကတည်းက သူက ထိုအတွက် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။
သူ၏ အားသာချက်များကို အကဲဖြတ်ကြည့်ရာ ရာသီလေးခု၏ အချိန်ကာလများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေ၏။ ထို့ကြောင့် အသက်ရှူနည်းစနစ်အတွက် အခြေခံအဖြစ် ရာသီလေးခုကို အသုံးပြုခြင်းက စတင်ရန် အတော်လေး လွယ်ကူစေမည် ဖြစ်သည်။
သို့သော်လည်း ရာသီလေးခု၏ နယ်ပယ်က အလွန် ကျယ်ပြန့်လွန်းနေ၏။ အသက်ရှူနည်းစနစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ရန် သူ ပိုမို တိကျရန် လိုအပ်သည်။ စဉ်းစားပြီးနောက် ဖူရှောင်ကွမ်းက သူ၏ အာရုံကို နေရောင်ခြည် ရာသီဥတု နှစ်ဆယ့်လေးမျိုး အပေါ်သို့ ရွှေ့ပြောင်းလိုက်၏။
ဤသည်က ရာသီလေးခု၏ သဘောတရားများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်စေရန် အထောက်အကူပြုမည့်အပြင် နည်းစနစ် ဖန်တီးရာတွင်လည်း အကျိုးရှိစေမည်ဖြစ်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ပေသည်။
နှစ်ဝက်ကြာ စဉ်းစားပြီးနောက်တွင် အသက်ရှူနည်းစနစ်က ချက်ချင်း ထွက်ပေါ်မလာသော်လည်း ဖူရှောင်ကွမ်း၏ ချီစွမ်းအင် စုဆောင်းမှု စည်းချက်က ပို၍ပို၍ နက်နဲဆန်းကြယ်လာပြီး ထိရောက်မှုကလည်း တစ်နေ့တခြား အဆပေါင်းများစွာ တိုးတက်လာ၏။ အသက်ရှူနည်းစနစ် မွေးဖွားလာရန် အချိန်သိပ်မလိုတော့ပေ။
ထိုသို့ တွေးမိသောအခါ နွေဦးယဉ်စွန်းချိန်တွင် ဖူရှောင်ကွမ်းက ယွီတောင်တန်းအတွင်းရှိ ဝိညာဉ်အခွင့်အလမ်းများ၏ ပြောင်းလဲမှုပုံစံများကို ခံစားသိရှိရန် မိစ္ဆာဈေးတန်းမှ ထပ်မံ ထွက်ခွာခဲ့ပြန်သည်။
ဤကာလအတွင်း ယွီတောင်တန်း ကုန်သည်ယာဉ်တန်းက ထပ်မံ ထွက်ခွာခဲ့၏။
ဤတစ်ကြိမ်တွင် သူက လိုက်မသွားတော့ဘဲ မိစ္ဆာသခင်မ ကျိုကွမ်းကိုသာ ပစ္စည်းအချို့ ဝယ်လာပေးရန် တောင်းဆိုခဲ့သည်။
ဤအတွက်ကြောင့် အခွင့်အရေး ရသွားသော မိစ္ဆာသခင် ဟုန်ယဲ့မှာ အလွန် ဝမ်းသာသွားပြီး နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းသို့ အထူး လာရောက်ကာ သူ့ကို ကျေးဇူးဆပ်သည့် အနေဖြင့် ထမင်းတစ်နပ် ကျွေးချင်နေ၏။
မည်သို့ပင်ဆိုစေ သူက တောင်ပေါ်မှ ထွက်ခွာရန် အစီအစဉ် မရှိခဲ့သဖြင့် သူက နေရာကို တမင်သက်သက် ဖယ်ပေးခဲ့ခြင်း ဖြစ်သည်ဆိုသော မိစ္ဆာသခင် ဟုန်ယဲ့၏ အံ့မခန်း အထင်လွဲမှုကို ရှင်းပြရန် ဖူရှောင်ကွမ်းက ကြိုးစားခဲ့သော်လည်း မိစ္ဆာသခင်တစ်ပါး၏ စိတ်ကူးယဉ်မှုကိုတော့ သူ မတားဆီးနိုင်ခဲ့ပေ။
သူ၏ ရိုးသားသော စကားများက မိစ္ဆာသခင် ဟုန်ယဲ့၏ နားထဲတွင်တော့ နှိမ့်ချမှု တစ်ခုအဖြစ်သာ ရောက်ရှိသွား၏။ တစ်ဖက်လူက သူ့ကို ကျေးဇူးဆပ်သည့်အနေဖြင့် ထမင်းကျွေးရန် အတင်းအကြပ် တောင်းဆိုနေပြီး တားဆီး၍ မရနိုင်တော့ချေ။
အခွံခွာခံရရန် တောင်းဆိုနေသော အရူးတစ်ယောက် ရှိနေသဖြင့် ဖူရှောင်ကွမ်းကလည်း သဘာဝကျကျပင် ယဉ်ကျေးမနေတော့ဘဲ ခိုဖူ စားသောက်ဆိုင်တွင် ဈေးအကြီးဆုံး ဝိညာဉ်အစားအစာ တစ်ဝိုင်းကိုသာ မှာယူလိုက်တော့သည်။
နောက်ပိုင်းတွင် ဟုန်ယဲ့က ဘာဖြစ်သွားသည်ကို သိသွားလျှင်တောင် ဖူရှောင်ကွမ်းက မကြောက်ပေ။ မည်သို့ပင်ဆိုစေ သူက အမှန်တရားကို ပြောခဲ့ပြီး ဖြစ်သည်။ ဟုန်ယဲ့ကသာ သူ့ကို မယုံကြည်ခဲ့ခြင်း ဖြစ်၏။
…
ကြွေကျနေသော ပန်းများနှင့် လွင့်ဝဲနေသော ကြောင်မွေးများကြောင့် နွေဦး၏ ခံစားချက်က မှေးမှိန်လာသည်။
ချင်းမင်ပွဲတော် ကာလအတွင်း ကျောက်စိမ်းမျက်နှာ လိုလီမလေးက မိစ္ဆာဈေးတန်းမှ ထွက်ခွာကာ ယွီတောင်တန်း၏ အနောက်ဘက် တောင်ခြေသို့ တိုက်ရိုက်ထွက်ခွာသွား၏။ ယင်လော့တောင်ရှိ အရိုးဖြူ နန်းတော်၏ အန်းရှန်းစံအိမ်တွင် သူမက ဟွမ်နျန်နှင့် သူမ၏ သမီးရှေ့တွင် ငရဲပိုက်ဆံများ၊ အမွှေးတိုင်များနှင့် ဖယောင်းတိုင်များကို မီးရှို့ကာ အခမ်းအနားကို အလွန် တရားဝင်ဖြစ်အောင် ပြုလုပ်နေသည်။
ဟွမ်နျန်နှင့် သူ့သမီးက ကျောက်စိမ်းမျက်နှာ လိုလီမလေးကို အားနာနေ၏။
"ကျွန်မတို့အတွက် ဒါတွေ မလိုအပ်ပါဘူး"
အချုပ်ထောင်၏ ကောင်းကင်မဲ့ အကျဉ်းထောင်တွင်တော့ စတုတ္ထမြောက် ကောင်းကင်ဘုံရှိ တောက်လောင်သရဲကြီး နှစ်ကောင်၏ ယင်သက်တမ်းများမှာ လုံးဝ ကုန်ဆုံးသွားပြီ ဖြစ်၏။ ဤမင်္ဂလာရှိသော နေ့တွင် ဖူရှောင်ကွမ်းက ပဉ္စမမြောက် ကောင်းကင်ဘုံရှိ တောက်လောင်သရဲကြီး တစ်ကောင်ဆီသို့ သူ၏ အာရုံကို ပြောင်းလဲလိုက်သည်။
မိုးနှောင်းကာလတွင် နွေဦးအလင်းရောင်က ထွက်ပေါ်လာပြီး တောင်များနှင့် မြစ်များက နက်မှောင်သော အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွား၏။
တစ်နေ့တာပိုး တစ်ကောင်က တောင်ပေါ်သစ်တောများအတွင်း ဖြတ်သန်းသွားလာရင်း ရာသီဥတုများ၏ ဝိညာဉ်အငွေ့အသက် ပြောင်းလဲမှုများကို ခံစားနေသည်။
နွေဦးနှောင်းပိုင်း၏ မိုးနှောင်းကာလ အလွန် နောက်တစ်နေ့တွင် ပဉ္စမမြောက် ကောင်းကင်ဘုံရှိ တောက်လောင်သရဲကြီး၏ ယင်သက်တမ်း တစ်စိတ်တစ်ပိုင်းကို အားနည်းစေပြီး အချိန်ရေစီးကြောင်း ဓမ္မစွမ်းအားကို ပိုမို အသေးစိတ် ထိန်းချုပ်နိုင်လာပြီးနောက် ဖူရှောင်ကွမ်းက အချုပ်ထောင်မှ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းသို့ ပြန်လာခဲ့၏။
ကြွက်နာရီ (ည ၁၁ နာရီမှ ၁ နာရီအတွင်း အချိန်) အလွန်တွင် သူ၏ ချီစွမ်းအင် စုဆောင်းမှုက အဆုံးသတ်သွားသည်။ သူက မြေအောက်ဂူထဲသို့ ပျံသန်းသွားပြီး သူ၏ အလယ်ပိုင်း သွေးကြောစုံမှတ်ထဲမှ သူ၏ ကိုယ်ပိုင် မိစ္ဆာလက်နက် ဖြစ်သော မနက်ခင်းအလင်းရောင်ကို ထုတ်ယူလိုက်၏။
လက်ချောင်းလေးဖြင့် ညင်သာစွာ ခေါက်လိုက်သည်နှင့် တစ်ပြိုင်နက် မနက်ခင်းအလင်းရောင်က သူ၏ ဆန္ဒအတိုင်း ပြောင်းလဲသွားပြီး ရေပေါက်လေး တစ်ပေါက် အရွယ်အစားမှ ခုနစ်လက်မ အထိ ကြီးထွားလာကာ ငွေဖြူရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။
စိတ်ကူးတစ်ချက်ဖြင့် သူက သူ၏ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်ပြီး အတောင်ပံများကို ခတ်ကာ မနက်ခင်းအလင်းရောင်ထဲသို့ အင်းဆက်ဥ တစ်လုံးထဲသို့ ပြန်လည်ဝင်ရောက်သွားသည့်အလား ပျံသန်းဝင်ရောက်သွား၏။ ထိုအခါ သူ၏ တစ်ကိုယ်လုံးကို နွေးထွေးသော စွမ်းအင်များဖြင့် ဝန်းရံသွားပြီး သူ့ကို အလိုအလျောက် သက်သောင့်သက်သာ ဖြစ်သွားစေသည်။
အချိန်ရေများ စီးဆင်းလာပြီး သူ၏ ခြောက်လက်မအရွယ် အင်းဆက်ကိုယ်ထည်ကို စိုစွတ်သွားစေ၏။
မူလက တစ်လလျှင် အချိန်ရေ တစ်စက်သာ စုစည်းနိုင်ခဲ့သည်။ အချိန်တာအို လမ်းစဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ပိုမို နက်ရှိုင်းလာပြီး မနက်ခင်းအလင်းရောင်ကို ယင်သက်တမ်းဖြင့် ပြုစုပျိုးထောင်ထားသောကြောင့် စွမ်းအားက မြင့်တက်လာခဲ့၏။
ထို့ကြောင့် သူ အချိန်ရေ စုစည်းနိုင်သည့် အမြန်နှုန်းက တစ်လလျှင် တစ်စက်မှ တစ်လလျှင် သုံးစက်အထိ တိုးလာခဲ့သည်။
ယခုအချိန်တွင် အသုံးပြုထားသည်များကို နုတ်ပြီးနောက် သူက အချိန်ရေ အစက်နှစ်ဆယ်ကျော်ကို စုစည်းထားပြီးဖြစ်ကာ ၎င်းက သူ၏ အင်းဆက်ကိုယ်ထည် တစ်စိတ်တစ်ပိုင်းကို ဖုံးလွှမ်းရန် မနည်း သုံးရ၏။
ယနေ့ည ဤသို့ ပြုလုပ်ခြင်းက ဖူရှောင်ကွမ်း၏ ရုတ်တရက် ပေါ်လာသော စိတ်ကူးတစ်ခုသာ ဖြစ်သည်။ သူက ကျင့်ကြံခြင်းကို အထောက်အကူ ပြုမပြု သိရန်အတွက် မနက်ခင်းအလင်းရောင်ထဲတွင် အိပ်စက်ကြည့်ရန် ဆန္ဒရှိနေခြင်း ဖြစ်၏။
နောက်တစ်နေ့ နံနက်စောစောတွင် ရွှေရောင်အလင်းတန်း တစ်ခုက အမှောင်ထုကို ထိုးဖောက်သွားသည်။ မနက်ခင်း နေရောင်ခြည်က သူ၏ အစွန်းကို ပထမဆုံး ပြသလိုက်ချိန်တွင် ဖူရှောင်ကွမ်းက နိုးလာခဲ့၏။
သူက အတောင်ပံများကို ခတ်ကာ မနက်ခင်းအလင်းရောင်ထဲမှ ပျံထွက်လာပြီး လူသားပုံစံသို့ အသွင်ပြောင်းကာ ရတနာကို သိမ်းဆည်းလိုက်ပြီးနောက် သူ့ကိုယ်သူ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏ နှလုံးသားက ဝမ်းသာပီတိများဖြင့် ပြည့်နှက်သွား၏။
သူ၏ခန္ဓာကိုယ်မှာ တကယ့်ကို အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ၏ အင်းဆက်ကိုယ်ထည်က အချိန်အသွင်ပြောင်းခြင်းဘက်သို့ ဦးတည်နေသည့် လက္ခဏာရပ်တစ်ခုကို အမှန်တကယ် ပြသနေသည်။
ဤခံစားချက်က ဖော်ပြရန် ခက်ခဲလှ၏။ ၎င်းက ခံစား၍သာ ရနိုင်သော နက်နဲဆန်းကြယ်လှသည့် ခံစားချက် တစ်ခု ဖြစ်သည်။ အတင်းအကျပ် ဖော်ပြရမည် ဆိုလျှင် အချိန် မဟာတာအိုလမ်းစဉ်နှင့် သူ၏ နီးစပ်မှုက အနည်းငယ်မျှ တိုးတက်လာခြင်းပင် ဖြစ်၏။
တိုးတက်မှုက အနည်းငယ်မျှသာ ဖြစ်သော်လည်း ကောင်းမွန်သော လက္ခဏာ တစ်ရပ် ဖြစ်သည်။
သူ၏ ကိုယ်ပိုင် မိစ္ဆာလက်နက်က ပိုမို အားကောင်းလာပြီး နောက်ဆုံးတွင် မှော်ရတနာ တစ်ခုအဖြစ်သို့ အဆင့်တက်သွားကာ သူက အချိန်ရေများကို ပိုမို စုဆောင်းနိုင်လာသည်နှင့်အမျှ သူ၏ မိစ္ဆာကိုယ်ထည်က အချိန်ခန္ဓာကိုယ် အဖြစ်သို့ အသွင်မပြောင်းနိုင်စရာ အကြောင်းမရှိပေ။
နောက်ပိုင်းတွင် သူ၏ ကိုယ်ပိုင် သက်တမ်း ကုန်ဆုံးမှုကို နှေးကွေးစေခြင်းကဲ့သို့သော အချိန်ရေ၏ အခြား အသုံးဝင်မှုများကိုပင် သူ ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပေသည်။
တွေးကြည့်ရုံဖြင့်ပင် ဖူရှောင်ကွမ်းမှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားလာတော့၏။
သို့သော်လည်း တစ်ခါစားလျှင် တစ်လုတ်သာ စားရမည် ဖြစ်ပြီး တစ်လှမ်းချင်းသာ လျှောက်ရမည် ဖြစ်ကြောင်း နားလည်ထားသဖြင့် သူ၏ စိတ်က ရှင်းလင်းနေဆဲပင်။
ဤကိစ္စနှင့် ပတ်သက်၍ သူက ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရမည် ဖြစ်၏။
နွေဦး၏ ခံစားချက်က ပုန်းကွယ်သွားပြီး နွေရာသီအစက ကြီးထွားလာသည်။
နွေရာသီအစတွင် လေပြေက ကမ္ဘာမြေကို နွေးထွေးစေ၏။ နွေရာသီ၏ အပူဒဏ်က လာနေဆဲ ဖြစ်ပြီး ရာသီဥတုက ကြည်လင်အေးချမ်းနေဆဲပင်။
အန်းလဲ့လမ်းကြား၊ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း…
လေပြေလေး တစ်ချက် တိုက်ခတ်လာပြီး ထင်းရှူးပင်များက သူတို့၏ သစ်ကိုင်းများကို ပျော်ရွှင်စွာ လှုပ်ယမ်းနေကြရာ ယခုအခိုက်အတန့်၌ ဖူရှောင်ကွမ်း၏ ရွှင်မြူးနေသော စိတ်နှလုံးနှင့် တူညီနေတော့၏။
သူ့ရှေ့ရှိ လက်ဝါးအရွယ်အစား မိတ်ကပ်ဗူးကို ကြည့်ရင်း သူ၏ မျက်လုံးများက အရောင်တောက်နေသည်။
"ဟားဟား... နောက်ဆုံးတော့ ပြီးသွားပြီ"
သူက အချိန်နှင့် သက်ဆိုင်သော ဝိညာဉ်ပစ္စည်းများကို သုတေသန လုပ်နေခဲ့သည်မှာ နှစ်ဝက်ရှိပြီ ဖြစ်ပြီး နုပျိုခြင်းအလှဆီကို အဓိကထား လုပ်ဆောင်နေခဲ့ခြင်း ဖြစ်၏။
ရာသီလေးခု၏ ပန်းများကို အရန်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုကာ အချိန်ရေနှင့် မြစ်က နှစ်ထောင်ပေါင်းများစွာ ဆေးကြောထားသော နုန်းမြေမှုန့်များကို အဓိက ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုပြီး သူ၏ ကိုယ်ပိုင် အချိန်သဘာဝ ဓမ္မစွမ်းအားများကို ထည့်သွင်းကာ အလှဆီတစ်ခု အဖြစ် ပေါင်းစပ်ခဲ့သည်။
အကြိမ် တစ်ရာကျော် ကျရှုံးပြီးနောက် ယနေ့တွင်တော့ သူ နောက်ဆုံး အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
ဤအရာက အလှအပကို တိုးတက်စေရုံသာမက အသုံးပြုသူ၏ ရုပ်ရည်သွင်ပြင်ကို လိမ်းကျံလိုက်သည့် အခိုက်အတန့်မှာပင် ရပ်တန့်သွားစေနိုင်သည်။ ပုံမှန် လိမ်းကျံပေးနေသရွေ့ တစ်စုံတစ်ယောက်၏ နုပျိုမှုကို သုံးနှစ်တိုင်တိုင် ထိန်းသိမ်းထားနိုင်ပေသည်။
အချိန်က အနည်းငယ် တိုတောင်းပြီး ကြာရှည်မခံသော်လည်း ပထမခြေလှမ်းက အမြဲတမ်း အခက်ခဲဆုံး ဖြစ်၏။ ဤအလှဆီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ခြင်းက ကောင်းမွန်သော အစပြုမှု တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အနာဂတ်တွင် သူက အလှဆီကို တိုးတက်အောင် ကြိုးစားနေသရွေ့ အာနိသင်က ပိုမို ကောင်းမွန်လာမည် ဖြစ်ပြီး သက်တမ်းတိုး ဝိညာဉ်ပစ္စည်းများနှင့် လဲလှယ်နိုင်မည့် မျှော်လင့်ချက်ကလည်း ပိုမို ကြီးမားလာမည် ဖြစ်၏။
တစ်ခဏမျှ သေချာစွာ စစ်ဆေးပြီးနောက် ဖူရှောင်ကွမ်းက ဤနုပျိုခြင်းအလှဆီ ဝိညာဉ်ပစ္စည်းဗူးကို သိမ်းဆည်းလိုက်သည်။ ထိုအတွက် နာမည်တစ်ခုကို သူ မစဉ်းစားရသေးသော်လည်း နောက်မှ နာမည်ပေးလည်း မနှောင်းသေးပေ။
ယနေ့ည သူ ပျော်ရွှင်နေသဖြင့် လမင်းကို ဖိတ်ခေါ်၍ အရက်သောက်သင့်သည်။
သို့သော်လည်း ဝိုင်မြေအောက်ခန်းထဲမှ ဝိညာဉ်ဝိုင်ကို ထုတ်ယူလိုက်ပြီး မသောက်ရသေးခင်မှာပင် သူ၏ ခါးချိတ်တံဆိပ်ပြားက လင်းလက်လာ၏။ သူက ခါးချိတ်တံဆိပ်ပြားကို ဖြုတ်ယူ၍ လက်ချောင်းဖြင့် ညင်သာစွာ ခေါက်လိုက်သည်။ ဝိညာဉ်အလင်းစက်များက မိစ္ဆာစာလုံး လေးလုံးအဖြစ် စုစည်းသွား၏။
"မိစ္ဆာအကယ်ဒမီကို မြန်မြန်လာခဲ့"
ထိုစာကို မြင်သောအခါ ဖူရှောင်ကွမ်းက ဝိုင်ပုလင်းကို ချထားလိုက်သည်။ သူက အချိန်ရေစီးကြောင်းဓမ္မစွမ်းအားကို အသက်သွင်းလိုက်ပြီး လရောင်ထဲသို့ ပေါင်းစပ်ဝင်ရောက်ရန် အတောင်ပံများကို ခတ်လိုက်ကာ မကြာမီမှာပင် ကျောင်းအုပ်ကြီး၏ စာကြည့်ခန်းသို့ ရောက်ရှိသွားတော့၏။
သူက ပထမဆုံး ရောက်လာသူ ဖြစ်သည်။
ကျောင်းအုပ်ကြီး ဂျီမိုနှင့် အပြန်အလှန် အရိုအသေပေးပြီးနောက် ဖူရှောင်ကွမ်းက လက်ဖက်ရည်သောက်ရန် ထိုင်လိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်၏။
***