ဝှစ်… ဝှစ်…
လေခွင်းသံများ ထွက်ပေါ်လာသည်။
ကျိုကွမ်းနှင့် မီးလျှံနီတို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြ၏။
မိစ္ဆာသခင် အားလုံး စုံလင်သွားသည်နှင့် ကျောင်းအုပ်ကြီး ဂျီမို၏ ကျော့ရှင်းလှပသော မျက်နှာလေးက တည်ကြည်လေးနက်သွားသည်။ သူမက လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။
"ဧကရီက လဝက်လောက်နေရင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတော့မယ်လို့ သတင်းပို့လာပါတယ်... ကျွန်မတို့ကို ပြင်ဆင်မှုတွေ လုပ်ထားဖို့ အမိန့်ပေးထားပါတယ်"
ထိုစကားကို ကြားသောအခါ မိစ္ဆာသုံးကောင်စလုံး၏ မျက်နှာများက လေးနက်သွားကြသည်။
ဧကရီယွီလီက ယွီတောင်တန်း၏ ကောင်းကင်ကြီး ဖြစ်ပြီး သူမ၏ မိုးကြိုးကပ်ဘေး ဖြတ်ကျော်မှုက အလွန် အရေးကြီးပေသည်။ ယခုတစ်ခေါက် ဖြတ်ကျော်မှုက မိစ္ဆာဘုရင် မိုးကြိုးကပ်ဘေး တစ်ခု ဖြစ်နေသည်ကတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဤဖြတ်ကျော်မှုက ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စု၏ ရှင်သန်ရေးနှင့် သက်ဆိုင်နေသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ချေ။
သူမ ဆိုသည့် သစ်ပင်ကြီး ရှင်သန်ကြီးထွားလာမှသာ သူတို့လို လက်အောက်ငယ်သားများက အရိပ်ခိုခွင့် ရကြမည် ဖြစ်၏။
"ဧကရီက ညွှန်ကြားချက်တွေ ပေးထားတယ်ဆိုရင် ကျောင်းအုပ်ကြီးက အမိန့်ပေးပါ... ကျွန်တော်တို့က အသက်ပေးရမယ် ဆိုရင်တောင် သေချာပေါက် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး"
မီးလျှံနီက သူ၏ ရပ်တည်ချက်ကို ဦးစွာ ဖော်ပြလိုက်သည်။
ကျိုကွမ်းကလည်း ချက်ချင်းပင် လိုက်ပါ ပြောဆို၏။
ဖူရှောင်ကွမ်းကလည်း ဤတစ်ကြိမ်တွင် မငြင်းဆန်ခဲ့ချေ။
တချို့ကိစ္စများကို ရှောင်လွှဲ၍ ရသော်လည်း တချို့ကိစ္စများကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
ကျောင်းအုပ်ကြီး ဂျီမိုက မိစ္ဆာသုံးကောင်၏ သဘောထားကို ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ယဉ်ကျေးပျူငှာမှုများဖြင့် အချိန်ဖြုန်းမနေတော့ဘဲ သူမက အမိန့်များ ထုတ်ပြန်လိုက်၏။
"မိစ္ဆာမိတ်ဆွေ ကျိုကွမ်း... ကျေးဇူးပြုပြီး ယွီဖုန်းခရိုင်ကို သွားပြီး ရွှေဖားပြုတ် မိစ္ဆာသခင်နဲ့ ဆက်သွယ်ပေးပါ... သူ့ကို အတိတ်က အပြန်အလှန် ကူညီကြမယ်ဆိုတဲ့ သစ္စာဆိုချက်ကို လေးစားတဲ့အနေနဲ့ ယွီတောင်တန်းကို လာပြီး ဧကရီအတွက် အစောင့်အရှောက် လုပ်ပေးဖို့ တောင်းဆိုလိုက်ပါ"
"မိစ္ဆာမိတ်ဆွေ ရှောင်ကွမ်း... ကျေးဇူးပြုပြီး လိုအပ်တဲ့ ပစ္စည်းတချို့ ဝယ်ဖို့ ယူနန် မိစ္ဆာဈေးတန်းကို တစ်ခေါက်လောက် သွားပေးပါ... ဧကရီ မိုးကြိုးကပ်ဘေး မဖြတ်ကျော်ခင်မှာ အရပ်လေးမျက်နှာ ကန်းသတ္တု နတ်ဘုရားသတ် မဟာသိုင်းကွက်အစီအရင်ကို ကျွန်မတို့ တပ်ဆင်ဖို့ လိုပါတယ်... သာမညကောင်တွေက အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားလာရင် သူတို့ကို သတ်ဖို့ အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်ပါ"
"မိစ္ဆာမိတ်ဆွေ မီးလျှံနီ... လုံကျယ်ရေကန်ကို အခုချက်ချင်းသွားပြီး မိစ္ဆာမိတ်ဆွေ အောက်ရွေ့ကို လာရောက် ကူညီပေးဖို့ ဖိတ်ခေါ်လိုက်ပါ"
"ဒီကိစ္စက ဧကရီရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျွန်မတို့ ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုရဲ့ သေခြင်းရှင်ခြင်း၊ ဂုဏ်သိက္ခာနဲ့ အရှက်တကွဲ ဖြစ်မှုတွေ အားလုံးနဲ့ သက်ဆိုင်နေပါတယ်... ဒီခက်ခဲတဲ့ အချိန်ကာလကို ဖြတ်ကျော်နိုင်ဖို့ ရှင်တို့ အားလုံး ကျွန်မနဲ့အတူ လက်တွဲ လုပ်ဆောင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်"
မိစ္ဆာသုံးကောင်စလုံးက တူညီသော တည်ကြည်လေးနက်သည့် အမူအရာများဖြင့် တစ်သံတည်း ပြန်ဖြေလိုက်ကြ၏။
"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်"
အချိန်က မည်သူ့ကိုမျှ မစောင့်ပေ။ လဝက်ဆိုသည်မှာ ကြာမြင့်သည်ဟု ထင်ရသော်လည်း ပြင်ဆင်စရာများစွာ ရှိနေ၏။ မိစ္ဆာများက အချိန်မဖြုန်းကြချေ။ သူတို့က ကိုယ်ပိုင် ညွှန်ကြားချက်များ ရရှိပြီးနောက် အသီးသီး ထွက်ခွာသွားကြသည်။
မိစ္ဆာသခင်မ ကျိုကွမ်းက အတောင်ပံများကို ခတ်ကာ ထွက်ခွာသွား၏။
မိစ္ဆာသခင် မီးလျှံနီက တောင်တန်းများနှင့် လွင်ပြင်များကို ဖြတ်သန်း ပြေးလွှားသွားသည်။
ဖူရှောင်ကွမ်းက တစ်လမ်းလုံး နေရာရွှေ့ပြောင်းခြင်း ဓမ္မစွမ်းအားကို အသုံးပြု၍ သွား၏။
ကျောင်းအုပ်ကြီး ဂျီမိုကလည်း အားမနေပေ။ သူမက ဝိညာဉ်စုတ်တံနှင့် ဝိညာဉ်မင်ရည်တို့ကို ထုတ်ယူလိုက်ပြီး လက်ဝါးအရွယ်အစားရှိသော ဝိညာဉ်ဝါးတံဆိပ်ပြားများကို ယူကာ မိစ္ဆာစာလုံးများကို အာရုံစူးစိုက်စွာဖြင့် တစ်ချက်ချင်း ရေးဆွဲနေသည်။
ငါးခုမျှသာ ရေးဆွဲပြီးချိန်တွင် သူမ၏ ကိုယ်ပေါ်၌ မွှေးပျံ့သော ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်၏။
…
ယူနန်ခရိုင် အပြင်ဘက်…
စိမ်းလန်းစိုပြည်သော ကျူပင်များက ညနေခင်း လေပြေနှင့်အတူ ယိမ်းနွဲ့နေကြသည်။ လရောင်က ရေပြင်ပေါ်သို့ ဖြာကျနေပြီး တောက်ပသော လှိုင်းပယင်းများကို ဖန်တီးပေးနေ၏။
ငွေရောင်ဆံပင်နှင့် လူငယ်လေးက လရောင်ထဲမှ ထွက်ပေါ်လာပြီး အသံတိတ် ရောက်ရှိလာသည်။ နောက်ကျောမှ အတောင်ပံများကို တုန်ခါစေရင်း ဖူရှောင်ကွမ်းက အထူး ရွှေရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ ဓမ္မစွမ်းအား ထည့်သွင်းပြီး ရေထဲသို့ ပစ်ချလိုက်၏။
တံဆိပ်ပြားက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ဤသည်က ယူနန် မြေအောက် မိစ္ဆာဈေးတန်း၏ အဝင်တံဆိပ်ပြား ပင်တည်း။
ဖူရှောင်ကွမ်းက ကုန်သည်ယာဉ်တန်းနှင့် အတူ ခရီးသွားစဉ်က လှေသမားအိုကြီးက ဤနေရာတွင် ကြိုတင် စောင့်ဆိုင်းနေတတ်သည်။ အဘယ်ကြောင့်ဆိုသော် ယွီတောင်တန်း ကုန်သည်ယာဉ်တန်း၏ အချိန်ဇယားက ပုံသေ သတ်မှတ်ထားသောကြောင့် ဖြစ်၏။ မိစ္ဆာသခင်မ ကျိုကွမ်း အနေဖြင့် ဤသို့ ပြုလုပ်ရန် မလိုအပ်ဘဲ လှေသမားအိုကြီးကို ပြသရန်သာ လိုအပ်သည်။
မိစ္ဆာမြူခိုးများ ထွက်ပေါ်လာပြီး မကြာမီမှာပင် လှော်ခတ်သံများ ထွက်ပေါ်လာ၏။ လှေငယ်လေး တစ်စင်းက အဝေးမှ ချဉ်းကပ်လာသည်။ ထိုလှေငယ်လေး ဖူရှောင်ကွမ်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူက လှေပေါ်သို့ နေရာရွှေ့ပြောင်းလိုက်သည်။
"မိတ်ဆွေလေး ကျေးဇူးပြုပြီး လှည့်ပြီးတော့ မိစ္ဆာဈေးတန်းဘက်ကို သွားပေးပါ"
လှော်ခတ်ရန်သာ အာရုံစိုက်နေသော ဖားပြုတ်မိစ္ဆာမှာ အငိုက်မိသွား၏။ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် သူက ရေထဲသို့ ရုတ်တရက် ခုန်ဆင်းသွားရာ ရေများ အကြီးအကျယ် ပန်းထွက်သွားတော့သည်။
ထို့နောက် သူက ခေါင်းပြူကြည့်လိုက်၏။ လှေဦးတွင် ရပ်နေသော ငွေရောင်ဆံပင်နှင့် လူငယ်လေးကို မြင်သောအခါ သူ၏ ဖားမျက်လုံးများက အံ့အားသင့် ဝမ်းသာမှုများဖြင့် ပြူးကျယ်သွားသည်။
"မိစ္ဆာသခင်ကြီး ရှောင်ကွမ်းလား"
"ကျုပ်ပါပဲ... မင်းကို လိုက်ပို့ခိုင်းရတာ ဒုက္ခပေးသလို ဖြစ်သွားပြီ မိစ္ဆာလေး"
ဖားပြုတ်မိစ္ဆာက သူ့ကို မှတ်မိနေခြင်းအပေါ် ဖူရှောင်ကွမ်း မအံ့ဩပေ။ ယွီတောင်တန်း ပတ်ဝန်းကျင်ရှိ မိစ္ဆာအသိုင်းအဝိုင်းများက သိပ်မကြီးသလို သိပ်လည်း မသေးဘဲ ဒေသခံ မိစ္ဆာသခင်များကလည်း လက်ချိုးရေတွက်၍ ရနိုင်သည်သာ။
တစ်နေ့တာပိုး တစ်ကောင် မိစ္ဆာဖြစ်လာခြင်းကပင် လုံလောက်အောင် ရှားပါးနေပြီ ဖြစ်ပြီး မိစ္ဆာသခင် တစ်ပါး အဖြစ်သို့ ကျင့်ကြံနိုင်သူဆိုသည်မှာတော့ အရင်က တစ်ခါမှ မရှိခဲ့ဖူးချေ။ သူ တစ်ယောက်တည်းသာ ရှိသည်။ ယူနန် မြေအောက် မိစ္ဆာဈေးတန်းသို့ အရင်က လာရောက်ဖူးသဖြင့် သူ၏ ဒဏ္ဍာရီများ ရှိနေခြင်းက ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။
သူ၏ ငွေရောင်ဝတ်ရုံနှင့် ငွေရောင်ဆံပင် အသွင်အပြင်က သူ့ကို မှတ်မိရန် ပို၍ပင် လွယ်ကူစေ၏။
ဖူရှောင်ကွမ်းက ဝန်ခံလိုက်သည်ကို ကြားသောအခါ ဖားပြုတ်မိစ္ဆာ၏ စိတ်အေးသွားမှုက ရုတ်တရက် စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားသည်။ ဤသူက ယွီတောင်တန်း ပတ်ဝန်းကျင်ရှိ မိစ္ဆာအသိုင်းအဝိုင်းများကြားတွင် သတင်းအမွှေးဆုံး မိစ္ဆာသခင် ဖြစ်၏။
မိစ္ဆာသခင်ကြီးတွင် လုပ်စရာကိစ္စများ ရှိကြောင်း သိထားသဖြင့် ဖားပြုတ်မိစ္ဆာက အချိန်မဆွဲရဲပေ။ သူက ရေထဲမှ လှေပဲ့ပိုင်းသို့ ခုန်တက်လိုက်သည်။
ဤဒဏ္ဍာရီလာ မိစ္ဆာသခင်ကြီးကို ခိုးကြည့်ရင်းနှင့် သူ ထုတ်လွှတ်နေသော အငွေ့အသက်များကို တိတ်တဆိတ် ရှူရှိုက်ရင်း ဖားပြုတ်မိစ္ဆာက အားကုန်သုံး၍ လှော်ခတ်တော့၏။ ဤအခိုက်အတန့်၌ သူ့တွင် ကုန်ဆုံးသွားခြင်း မရှိနိုင်သော ခွန်အားများ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
လူသားကိုယ်ထည်နှင့် ဖားခေါင်း ရှိသော လူသားတစ်ပိုင်း အသွင်ပြောင်း မိစ္ဆာလေးကို ကြည့်ရင်း ဖူရှောင်ကွမ်းက သူ၏ အသေးအဖွဲ လှုပ်ရှားမှုများကို လျစ်လျူရှုကာ မေးလိုက်၏။
"မိတ်ဆွေလေး... လှေသမားအိုကြီး ဘယ်ရောက်နေလဲဆိုတာ မင်း သိလား"
ဖားပြုတ်မိစ္ဆာက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"မိစ္ဆာသခင်ကြီးကို ဖြေကြားရမယ်ဆိုရင်... ပြီးခဲ့တဲ့နှစ်က လှေသမားအိုကြီး မိစ္ဆာသခင်ကြီးကို လိုက်ပို့ပေးပြီး သုံးရက်မြောက်နေ့မှာပဲ သူ့လှေကို ယွီမြစ်ဆီကို တစ်ယောက်တည်း လှော်သွားပါတယ်... အဲဒီအချိန်ကစပြီး ဘာသတင်းမှ ပြန်မကြားရတော့တဲ့အတွက် ဒီမိစ္ဆာလေးလည်း အတိအကျ မသိပါဘူးခင်ဗျာ"
ဖူရှောင်ကွမ်းက ခေါင်းညိတ်လိုက်ပြီး လှေဦးတွင် ရပ်နေလိုက်သည်။ သူ၏ အတွေးများက ရေလှိုင်းသံများနှင့်အတူ လူးလွန့်နေ၏။ ဖားပြုတ်မိစ္ဆာ ရေထဲ ကျသွားသည့် မြင်ကွင်းကို တွေးမိပြီး ရေထဲတွင် သူကိုယ်တိုင် မွေးဖွား ကြီးပြင်းလာခဲ့ရသည်ကို တွေးမိသောအခါ ရုတ်တရက် အသိဉာဏ်ပွင့်လင်းမှု တစ်ခု ရသွားသည်။ နောက်ထပ် ဘယ်လို နည်းစနစ်မျိုး ဖန်တီးရမည်ဆိုသည်ကို သူ ခပ်ရေးရေး သဘောပေါက်သွား၏။
ဖားပြုတ်မိစ္ဆာက အားကြိုးမာန်တက် အလုပ်လုပ်နေသည်။
ဖူရှောင်ကွမ်း၏ နက်ရှိုင်းသော အာရုံစူးစိုက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့က သတိမထားမိလိုက်ဘဲ တောင်ဂူထဲသို့ ဝင်ရောက်လာကြ၏။
ဂူကို ဖြတ်သန်းသွားပြီးနောက် ကမ်းကပ်မည့်အစား ဖူရှောင်ကွမ်းက အတောင်ပံများကို ခတ်ကာ လရောင်ထဲသို့ ပျံသန်းသွားပြီး အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
ဖားပြုတ်မိစ္ဆာမှာ ထိုမြင်ကွင်းကြောင့် ဆွံ့အသွား၏။
ဒဏ္ဍာရီလာ မိစ္ဆာသခင်ကြီးဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်တာပဲ…
ဆိပ်ခံတံတားဘေးတွင် သတင်းရရချင်း ပြေးလာခဲ့သော မိစ္ဆာသခင်မ ရှီးဖုန်းက မျှော်လင့်တကြီး စောင့်ဆိုင်းနေ၏။
ရှောင်ကွမ်း... ဒီတစ်ခေါက်တော့ ဘယ်မိစ္ဆာကမှ နင့်ကို ကြိုပြီး ချိန်းမထားဘူး... ပြီးတော့ နင်က တံခါးပိတ် ကျင့်ကြံနေတာလည်း မဟုတ်ဘူး... ဒီတစ်ခါ နင် ငါ့ကို ဘယ်လို ငြင်းဦးမလဲ ကြည့်ရသေးတာပေါ့…
လှေငယ်လေး ချဉ်းကပ်လာသည်နှင့်အမျှ မိစ္ဆာသခင်မ ရှီးဖုန်း၏ အပြုံးက ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ လှပနေ၏။ လှေပေါ်တွင် ဖားပြုတ်မိစ္ဆာ တစ်ကောင်တည်းကိုသာ မြင်လိုက်ရသောအခါ သူမ၏ အပြုံးက ချက်ချင်း အေးခဲသွားတော့သည်။ သူမက လှေပေါ်သို့ ပျံတက်သွားပြီး ဖားပြုတ်မိစ္ဆာ၏ ကော်လာကို ဆွဲကိုင်ကာ ဒေါသတကြီး မေးလိုက်၏။
"မိစ္ဆာသခင် ရှောင်ကွမ်း ဘယ်ရောက်သွားပြီလဲ"
"သူ... ကြိုတင်ပြီး... ထွက်သွား... ပါပြီ..."
ဖူရှောင်ကွမ်းက မိစ္ဆာသခင်မ ရှီးဖုန်း၏ စိတ်ခံစားချက်များကို ဂရုမစိုက်အားပေ။ သူက အချိန်ရေစီးကြောင်း ဓမ္မစွမ်းအားကို အသုံးပြု၍ မမြင်ရသော အလင်းတန်း တစ်ခုမှတစ်ဆင့် နေရာရွှေ့ပြောင်းကာ ထုံပေါက် အလုပ်ရုံဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်၏။
ဟူယောင်လင်နှင့် ပြန်လည်ဆုံတွေ့သောအခါ ဖူရှောင်ကွမ်းက ရိုးရှင်းသော နှုတ်ဆက်စကား အနည်းငယ် ဆိုပြီးနောက် လိုရင်းကို တိုက်ရိုက် သွားလိုက်သည်။ ကျောင်းအုပ်ကြီး ဂျီမို ပြင်ဆင်ပေးလိုက်သော စာရင်းကို ထုတ်ယူကာ ထိုပစ္စည်းများကို အမြန်ဆုံး ပြင်ဆင်ပေးရန် မြေခွေးမိစ္ဆာမကို တောင်းဆိုလိုက်၏။
ဟူယောင်လင်က ဖြူဖွေးသော လက်လေးဖြင့် စာရင်းကို ယူလိုက်ပြီးနောက် တစ်ချက် ကြည့်လိုက်သည်။ သူမက မျက်ခုံးပင့်လိုက်သော်လည်း စကားသိပ်မပြောပေ။
ထို့နောက် သူမက ပိတောက်ကို ခေါ်လိုက်ပြီး ပစ္စည်းများ ပြင်ဆင်ရန် မန်နေဂျာထံ စာရင်းကို ယူသွားခိုင်းလိုက်ကာ သူမကတော့ ဖူရှောင်ကွမ်းနှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုရန် ကျန်ရစ်ခဲ့၏။
စောင့်ဆိုင်းနေစဉ်အတွင်း ဖူရှောင်ကွမ်းက ကြွေဗူးလေး တစ်ဗူးကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်ပြီး တံဆိပ်ကို ခွာ၍ ဟူယောင်လင်ဘက်သို့ ညင်သာစွာ တွန်းပေးလိုက်သည်။
ဟူယောင်လင်က စပ်စုချင်စိတ်ဖြင့် ယူလိုက်၏။ သူမက ကြွေဗူးလေးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လတ်ဆတ်ပြီး ကျော့ရှင်းသော အထူးရနံ့တစ်ခုက ပျံ့လွင့်လာသည်။ သူမက ထိုရနံ့ကို အလွန် သဘောကျသွား၏။
"သာမန် ဝိညာဉ်အလှဆီတစ်ခုက မိစ္ဆာမိတ်ဆွေ တစ်ယောက်ရဲ့ အထူးအားစိုက်ထုတ်မှုနဲ့ မတန်ပါဘူး... ဒီဝိညာဉ်အလှဆီဗူးရဲ့ နက်နဲဆန်းကြယ်မှုက ဘာများလဲ သိပါရစေ"
"အလှအပကို ထိန်းသိမ်းပေးနိုင်ပြီး နုပျိုမှုကိုလည်း ထိန်းထားပေးနိုင်တယ်"
ဟူယောင်လင်၏ မြေခွေးမျက်လုံးများက အရောင်လက်သွား၏။
သူမ သေချာ ကြားလိုက်သည်။ ထိုအလှဆီဗူး၏ အကျိုးအာနိသင်က အလှအပကို ထိန်းသိမ်းခြင်း သက်သက်တင် မဟုတ်ဘဲ နုပျိုမှုကိုပါ ထိန်းသိမ်းပေးနိုင်ခြင်း ဖြစ်၏။
"ဘယ်လောက်ကြာကြာလဲ"
"လောလောဆယ်တော့ သုံးနှစ်အတွက်ပဲ ရသေးတယ်"
ဟူယောင်လင်၏ တောက်ပသော မျက်လုံးများက ပို၍ပင် တောက်ပလာ၏။ အနာဂတ်တွင် နုပျိုမှုကို ပို၍ကြာရှည်စွာ ထိန်းသိမ်းထားနိုင်လိမ့်မည် ဆိုသည်ကို သူမ သဘောပေါက်လိုက်သည်။
မြေခွေးမျိုးနွယ်စုတွင် ကြီးမားသော စီးပွားရေးလုပ်ငန်း ရှိ၏။ နုပျိုမှုကို သုံးနှစ်တိုင်တိုင် ထိန်းသိမ်းပေးနိုင်သော ဝိညာဉ်ပစ္စည်းများက ရှားပါးသော်လည်း သူမက အထူးတလည် တန်ဖိုးထားမည် မဟုတ်ပေ။ သို့သော် ပို၍ကြာရှည်စွာ ဆိုသည်ကတော့ မှတ်သားထားသင့်ပေသည်။
အမြီးသုံးချောင်း မြေခွေးနီ တစ်ကောင်ဟူသော သူမ၏ အဆင့်အတန်းအရ သူမက ဆယ်နှစ်တိုင်တိုင် နုပျိုမှုကို ထိန်းသိမ်းပေးနိုင်သော ဝိညာဉ်ပစ္စည်းများကိုသာ အသုံးပြုနိုင်ပြီး ၎င်းတို့ကို မည်မျှအကြိမ် အသုံးပြုနိုင်သည် ဆိုသည့် ကန့်သတ်ချက်များလည်း ရှိ၏။
"ဒီပစ္စည်း နာမည်က ဘာလဲ"
"အခုလေးတင် စဉ်းစားလိုက်တာပါ... ကျောက်စိမ်းဝိညာဉ်အဆီအနှစ်လို့ပဲ ခေါ်ကြရအောင်"
"ကျောက်စိမ်းလို လှပတဲ့ အရွယ်... ကောင်းမွန်တဲ့ နိမိတ်ပါပဲ"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိစ္ဆာမိတ်ဆွေ"
"မိစ္ဆာမိတ်ဆွေ ရှောင်ကွမ်းက ဒီအရာကို ထုံပေါက် အလုပ်ရုံကို ရောင်းချင်တာလား... ဒါမှမဟုတ် လေလံတင်ချင်တာလား"
ဟူယောင်လင်က မေးလိုက်၏။
ဖူရှောင်ကွမ်းက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"သက်တမ်းတိုး သိုင်းကျင့်စဉ်နဲ့ လဲလှယ်ဖို့ဆိုရင် ကျောက်စိမ်းဝိညာဉ်အဆီအနှစ် ဘယ်နှဗူးလောက် လိုမယ်ထင်လဲ"
ဟူယောင်လင်က ပြန်ဖြေလိုက်၏။
"သက်တမ်းတိုး သိုင်းကျင့်စဉ်က တန်ဖိုးကြီးပါတယ်... ဓမ္မနယ်ပယ် သတ္တဝါ တစ်ကောင်ရဲ့ သက်တမ်းကို ဆယ့်ငါးနှစ်အထိ တိုးပေးနိုင်ပါတယ်... နုပျိုမှုထိန်းသိမ်းတဲ့ ဝိညာဉ်ပစ္စည်းတွေကလည်း ရှားပါးတယ်ဆိုပေမဲ့ သူတို့ရဲ့ တန်ဖိုးက သက်တမ်းတိုးတဲ့ဟာတွေနဲ့တော့ မယှဉ်နိုင်ပါဘူး...”
“သုံးနှစ်ခံတဲ့ ကျောက်စိမ်းဝိညာဉ်အဆီအနှစ်ဆိုရင် ဗူးနှစ်ဆယ်လောက် လိုကောင်း လိုပါလိမ့်မယ်... ဆိုလိုတာက အဝါရောင်အဆင့် နုပျိုခြင်းအလှဆီ ပန်း အပွင့်နှစ်ဆယ် ရှာဖို့ လိုတယ်ဆိုတဲ့ သဘောပါပဲ"
"ဒါက ဈေးကွက်ပေါက်ဈေးမို့လို့ စိတ်မဆိုးပါနဲ့ရှင်"
ဖူရှောင်ကွမ်းက ပြောလိုက်၏။
"ကျုပ် နားလည်ပါတယ်... စီးပွားရေးက စီးပွားရေးပါပဲ... အမြတ်ဆိုတာတော့ ရှိရမှာပေါ့... ဒီ ကျောက်စိမ်းဝိညာဉ်အဆီအနှစ်ဗူးကို ကုသရေး ဝိညာဉ်ပစ္စည်း တချို့နဲ့ လဲလှယ်ပေးပါဦး"
ဟူယောင်လင်က ပြန်ပြောလိုက်သည်။
"ဒါက ဘာမှ ဒုက္ခမများပါဘူး"
လက်ဖက်ရည် သုံးခွက် သောက်ပြီးနောက် ပစ္စည်းများ အဆင်သင့် ဖြစ်နေပြီ ဖြစ်၍ ဖူရှောင်ကွမ်းက ဟူယောင်လင်ကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
ဟူယောင်လင်က ကိုယ်တိုင် တံခါးဝအထိ လိုက်ပို့ခဲ့ပြီး ထိုငွေရောင်ပုံရိပ် ထောင့်ချိုးကွေ့၍ ပျောက်ကွယ်သွားမှသာ သူတို့က ထုံပေါက် အလုပ်ရုံထဲသို့ ပြန်ဝင်ခဲ့ကြ၏။
သီးသန့်ခန်းထဲသို့ ပြန်ရောက်သောအခါ ဟူယောင်လင်က ပြန်ထိုင်လိုက်သည်။
ပိတောက်က အောင့်မထားနိုင်ဘဲ မေးလိုက်၏။
"အဒေါ်... ယွီတောင်တန်းမှာ ဘာတွေ ဖြစ်နေတာလဲ... မြေအဆင့် ဝိညာဉ်ပစ္စည်း တချို့ အပါအဝင် ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ အများကြီးကို ရုတ်တရက်ကြီး လိုချင်နေကြတာ"
"ဘာလို့ မိစ္ဆာသခင် ရှောင်ကွမ်း ကိုယ်တိုင် လိုအပ်နေတာ မဖြစ်နိုင်ရမှာလဲ"
"မိစ္ဆာသခင် ရှောင်ကွမ်းမှာသာ အဲဒီလောက် ကြွယ်ဝချမ်းသာမှု မျိုးရှိရင် ပြီးခဲ့တဲ့ အခေါက်တုန်းက သက်တမ်းတိုး သိုင်းကျင့်စဉ်ကို သူ ယူသွားမှာပေါ့"
ပိတောက်၏ ဝိုင်းစက်နေသော ပန်းရောင် ပါးပြင်လေးများကို လှမ်းဆွဲလိုက်ရင်း ဟူယောင်လင်က ပြောလိုက်၏။
"နင်က မတုံးအပါဘူး"
ထို့နောက် သူမက ရှင်းပြလိုက်သည်။
"ယွီတောင်တန်းက တကယ်ကို ကြီးကျယ်ခမ်းနားလာတော့မယ့် ပုံပဲ"
ပိတောက်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"အဒေါ်... ယွီတောင်တန်းကနေ မိစ္ဆာဘုရင် တစ်ပါး ထွက်ပေါ်လာနိုင်တယ်လို့ ပြောချင်တာလား"
ဟူယောင်လင်က ခေါင်းညိတ်လိုက်ပြီး ပိတောက်ကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ပိတောက်က သူမ၏ ဖြူဖွေးသော ရှေ့သွားများကို ဖော်ကာ ပြုံးလိုက်၏။
"ဒါက မိစ္ဆာမျိုးနွယ်စုအတွက် ကောင်းတဲ့ကိစ္စပါပဲ"
ဟူယောင်လင်က ပြုံးလိုက်သည်။
"ဒါက တကယ်ကို ဝမ်းသာစရာ ကိစ္စပါပဲ"
ထို့နောက် သူမက စားပွဲပေါ်တွင် ခေတ္တချထားသော ကျောက်စိမ်းဝိညာဉ်အဆီအနှစ်ကို ကောက်ယူလိုက်ပြီး အဖုံးကို ဖွင့်ကာ သေချာစွာ ရှူရှိုက်ကြည့်လိုက်၏။ ရုတ်တရက် သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
"ဒီအထဲမှာ နုပျိုမှုထိန်းသိမ်းတဲ့ ဝိညာဉ်ပစ္စည်းတွေ လုံးဝ မပါဘူးပဲ"
"အဒေါ် အနံ့ခံမှားတာများလား"
"မဖြစ်နိုင်တာ... ငါက နုပျိုမှုထိန်းသိမ်းတဲ့ ဝိညာဉ်ပစ္စည်းတွေကို ဂရုအစိုက်ဆုံးပဲ... ငါ ဘယ်တော့မှ အနံ့ခံ မမှားနိုင်ဘူး"
ပိတောက်က ခေါင်းစောင်း၍ မေးလိုက်၏။
"နုပျိုမှုထိန်းသိမ်းတဲ့ ဝိညာဉ်ပစ္စည်းတွေ မသုံးဘဲနဲ့ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်တဲ့ အရာမျိုး ဒီလောကမှာ တကယ်ပဲ ရှိနိုင်လို့လား"
ဟူယောင်လင်က မသေချာမရေရာစွာဖြင့် ပြန်ဖြေလိုက်သည်။
"အခုတော့ ရှိလာပြီ ထင်တယ်"
မိစ္ဆာသခင် ရှောင်ကွမ်းက အချိန်တာအို လမ်းစဉ်ကို ကျင့်ကြံသည်ဆိုသော သတင်းပေးပို့ချက်များကို သူမ မေ့မသွားသေးပေ။
***