ဟူယောင်လင်နှင့် သူမ၏ တူမလေးတို့ အံ့အားသင့်သွားခြင်းကို ဖူရှောင်ကွမ်း မသိခဲ့ပေ။ ထုံပေါက် အလုပ်ရုံမှ ထွက်လာပြီးနောက် သူက ယွီချွမ် အလုပ်ရုံနှင့် ဝမ်ချွန်း ခန်းမတို့ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်၏။ ထို့နောက် သူက နောက်ထပ် ဆိုင်နှစ်ဆိုင်သို့ ဝင်ရောက်ခဲ့ပြီးမှ ဆိပ်ခံတံတားဆီသို့ အမြန်သွားခဲ့သည်။
ဖားပြုတ်မိစ္ဆာကို ရှာတွေ့ပြီးနောက် လှေတစ်စင်း ငှားကာ မိစ္ဆာဈေးတန်းမှ ထွက်ခွာလာခဲ့၏။
ဖူရှောင်ကွမ်းက လျင်မြန် ပြတ်သားစွာ လှုပ်ရှားခဲ့သည်။ သူ ယွီတောင်တန်းသို့ ပြန်ရောက်ချိန်တွင် ကောင်းကင်ကြီးက လင်းထိန်နေပြီ ဖြစ်၏။ သူက ပစ္စည်းများကို ကျောင်းအုပ်ကြီး ဂျီမိုထံ လွှဲပြောင်းပေးအပ်လိုက်သည်။
ဖူရှောင်ကွမ်းက တစ်ညလုံး မအိပ်ဘဲ ဤကိစ္စအတွက် ပြေးလွှားနေခဲ့ရကြောင်း သိသောအခါ ကျောင်းအုပ်ကြီး ဂျီမိုက စိတ်လှုပ်ရှားသွား၏။ သူမက သူ့ကို ကိုယ်ပိုင်ဂူသို့ ချက်ချင်းပြန်၍ အနားယူရန် ပြောလိုက်သည်။ ဖူရှောင်ကွမ်းက မငြင်းဆန်ဘဲ မိစ္ဆာအကယ်ဒမီမှ ထွက်ခွာလာခဲ့၏။
သူ ကျောခိုင်းထွက်ခွာသွားသည်ကို ကြည့်ရင်း ကျောင်းအုပ်ကြီး ဂျီမို၏ မျက်လုံးလေးများက လခြမ်းကွေးလေးများအဖြစ် ကွေးညွတ်သွားသည်။
"သခင်မ... ကျွန်မ သူ့ကို တကယ်ကို အကဲဖြတ် မမှားခဲ့ပါဘူး"
နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းတွင် ဖူရှောင်ကွမ်းက မိုးမခပင်များထက် လမင်းကြီး မြင့်တက်လာသည်အထိ အိပ်မောကျနေခဲ့၏။ နိုးလာပြီးနောက် သူက ကိုယ်လက်သန့်စင်ကာ လမ်းဘေးဈေးသည် တစ်ဦးထံမှ ဝိညာဉ်အစားအစာ တစ်နပ် စားသောက်ကာ မိစ္ဆာအကယ်ဒမီသို့ ထွက်လာခဲ့သည်။
လမ်းတွင် သူ၏ လက်အောက်ခံ မိစ္ဆာငယ်များထံမှ သတင်းတစ်ခု ရရှိခဲ့၏။ ညနေပိုင်းလောက်က မိစ္ဆာသခင်မ ကျိုကွမ်းနှင့် မိစ္ဆာသခင် ဟုန်ယဲ့တို့ ပြန်ရောက်လာကြပြီး လောလောဆယ် သူတို့၏ ကိုယ်ပိုင်ဂူ အသီးသီးတွင် အနားယူနေကြသည်။
ယနေ့ညတော့ ဖူရှောင်ကွမ်းနှင့် ကျောင်းအုပ်ကြီး ဂျီမိုတို့ နှစ်ယောက်တည်းသာ ရှိနေ၏။ ထိုသို့ငြား သူတို့တွင် လုပ်စရာ ဘာမှမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။
ကျောင်းအုပ်ကြီး ဂျီမိုက မိစ္ဆာစာလုံးများကို ရေးဆွဲ ထွင်းထုနေရသဖြင့် အလုပ်များနေသည်။ တစ်ချိန်တည်းမှာပင် သူမက ဖူရှောင်ကွမ်းကို မိစ္ဆာစာလုံးများ၏ စွမ်းအားကို အသက်သွင်းသည့် နည်းလမ်းကို ပြောပြပြီး အထူး လှည့်ကွက်အချို့ကိုလည်း သင်ပေးခဲ့၏။
ဤနည်းလမ်းကို ကြားသောအခါ ဖူရှောင်ကွမ်း၏ စိတ်နှလုံးက လှုပ်ရှားသွားသည်။
မိစ္ဆာစာလုံးများက ထျန်းယီ မိစ္ဆာနတ်ဘုရားထံမှ ဆင်းသက်လာသော အမွေအနှစ် တစ်ခု ဖြစ်၏။ ၎င်းက ရှေးဟောင်း နတ်ဘုရားစာလုံးများနှင့် အနီးစပ်ဆုံး စာလုံးများထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ အသိအမှတ်ပြုခြင်းကို ခံရကာ နက်နဲဆန်းကြယ်သော စွမ်းအားများ ကိန်းဝပ်နေသည်ဟု ဆိုကြသည်။
မိစ္ဆာမျိုးနွယ်စုက သိုင်းကွက်အစီအရင်များ ချမှတ်ရာနှင့် သူတို့၏ ကိုယ်ပိုင် မိစ္ဆာလက်နက်များမှလွဲ၍ အခြား ရတနာများကို ဖန်တီးရာတွင် မိစ္ဆာစာလုံးများကို အသုံးပြုလေ့ ရှိကြ၏။
သူတို့၏ ကိုယ်ပိုင် မိစ္ဆာလက်နက်များ၏ စွမ်းအားကို မြှင့်တင်ရန်အတွက်ပင် မိစ္ဆာစာလုံးများကို အသုံးပြုနိုင်သော်လည်း ထိုသို့အသုံးပြုရန် လက်နက်မှာ လုံလောက်အောင် အားကောင်းရန် လိုအပ်ပြီး များသောအားဖြင့် မှော်ရတနာ တစ်ခုအဖြစ်သို့ အဆင့်မတက်မီ ကြိုတင် ထွင်းထုထားလေ့ ရှိသည်။
အတိုချုပ် ပြောရလျှင် မိစ္ဆာစာလုံးများက အသုံးဝင်မှု နယ်ပယ် အလွန် ကျယ်ပြန့်ပေသည်။
ဖူရှောင်ကွမ်းက မိစ္ဆာစာလုံးများ၏ အခြေခံ အသုံးပြုပုံကိုသာ သိထား၏။ ကျောင်းအုပ်ကြီး ဂျီမို သင်ပေးသော အဆင့်မြင့် အသုံးပြုပုံက သူ၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။ ဤသည်က သူ၏ အနာဂတ် သိုင်းကွက်အစီအရင် ချမှတ်ခြင်းနှင့် မိစ္ဆာလက်နက် ဖန်တီးခြင်းများအတွက် အသုံးဝင်လာမည် ဖြစ်၏။
တစ်ယောက်က စေတနာပါပါ သင်ပေးပြီး နောက်တစ်ယောက်ကလည်း ကြိုးကြိုးစားစား သင်ယူနေသဖြင့် ဖူရှောင်ကွမ်းက အမြန်ပင် နားလည် သဘောပေါက်သွားသည်။ အစပိုင်းတွင် အနည်းငယ် ထစ်ငေါ့နေသော်လည်း တစ်နာရီ အတွင်းမှာပင် သူက ကျွမ်းကျင်သွားပြီး အခြားကိစ္စရပ်များတွင်ပါ ဆင်ခြင် သုံးသပ်နိုင်စွမ်း ရှိလာ၏။
ကျောင်းအုပ်ကြီး ဂျီမိုက မနေနိုင်ဘဲ မေးလိုက်သည်။
"မိစ္ဆာမိတ်ဆွေ ရှောင်ကွမ်း... အရင်က ဒါကို လေ့လာဖူးလို့လား"
"ဒါက ပထမဆုံးအကြိမ် တွေ့ဖူးတာပါ"
ကျောင်းအုပ်ကြီး ဂျီမို တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဖူရှောင်ကွမ်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ကိုယ်တိုင် ရှင်းပြလိုက်၏။
"ကျွန်တော့်ရဲ့ ဝိညာဉ်အာရုံက အတော်လေး အားကောင်းနေတာရယ်… ပြီးတော့ ကျွန်တော့်ရဲ့ လက်ရေးက မိစ္ဆာစာလုံးတွေရဲ့ စွမ်းအင် စီးဆင်းမှု လမ်းကြောင်းတွေနဲ့ တိုက်ဆိုင်နေလို့ ဖြစ်နိုင်ပါတယ်... ဒါကြောင့်မို့လို့ ကျွန်တော်က ပိုမြန်မြန် တတ်သွားတာပါ...”
“လေ့ကျင့်မှုကနေ ကျွမ်းကျင်မှု ဖြစ်လာတဲ့အထိ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ကျောင်းအုပ်ကြီးကိုတော့ မယှဉ်နိုင်ပါဘူး... ကျွန်တော် တစ်လုံး ထွင်းထုဖို့ အချိန်ယူရတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးက နှစ်လုံးတောင် ပြီးနေပြီလေ"
ကျောင်းအုပ်ကြီး ဂျီမိုမှာ ဖူရှောင်ကွမ်း၏ စကားကြောင့် ဆွံ့အသွား၏။
အရမ်းကို ကျေးဇူးတင်ပါတယ်… ဒါက ဘာမှ ဖြေသိမ့်မပေးတာထက်တောင် ပိုဆိုးနေသေးတယ်…
သူမက ဒါကို လေ့လာလာခဲ့တာ နှစ်နှစ်ကျော်နေပြီ ဖြစ်၏။ မိစ္ဆာတစ်ကောင်ကိုတောင် ငိုချင်သွားစေလောက်အောင် အရုပ်ဆိုးလှသော ထိုလက်ရေးကို ထပ်ကြည့်လိုက်ပြီးနောက် ကျောင်းအုပ်ကြီး ဂျီမို၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။
သူက ဒီလိုပြောရဲတယ်ပေါ့…
မိစ္ဆာစာလုံး ငါးလုံး ထွင်းထုပြီးနောက် ကျောင်းအုပ်ကြီး ဂျီမိုမှာ ချွေးများ ရွှဲနစ်နေပြီး အနားယူရန် ရပ်နားလိုက်ရသည်။ ဖူရှောင်ကွမ်းက သုံးလုံး ပြီးသွားသည်ကို မြင်သောအခါ သူမက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမ၏ မျက်နှာ မပျက်တော့ပေ။
သူမက လက်ဖက်ရည်ကို ကျော့ရှင်းစွာ သောက်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ စိတ်ကို အနားပေးရင်း သူမ၏ အခြေအနေကို ပြန်လည် ထူထောင်လိုက်သည်။
အမွှေးတိုင် တစ်ဝက်လောင်ကျွမ်းချိန် ကြာပြီးနောက် ထွင်းထုသံများက သူမ၏ နားထဲတွင် ကြားနေရဆဲပင်။
ကျောင်းအုပ်ကြီး ဂျီမိုက မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ဖူရှောင်ကွမ်းက ရပ်တန့်မည့် အရိပ်အယောင် မပြဘဲ စတုတ္ထမြောက် မိစ္ဆာစာလုံးကို ထွင်းထုနေသည်ကို တွေ့လိုက်ရ၏။ သူမ၏ တောက်ပသော မျက်လုံးလေးများမှာ ကျဉ်းမြောင်းသွားသည်။
သူမ စတင် ထွင်းထုစဉ်က သုံးလုံးသာ ပြီးမြောက်ခဲ့၏။ ဤကောင်လေး၏ စာလုံးထွင်းထုသည့် ပါရမီက သူမထက် ပိုသာနေသည်။
ဖူရှောင်ကွမ်း၏ နဖူးပေါ်တွင် ချွေးစေးလေးများ ထွက်လာသည်ကို မြင်မှသာ သူမ အတော်လေး စိတ်သက်သာရာ ရသွား၏။ အနည်းဆုံးတော့ လောလောဆယ် သူက သူမလောက် မတော်သေးပေ။ လေးလုံးက သူ၏ ကန့်သတ်ချက် ဖြစ်ရပေမည်။
သူမ တွေးနေစဉ်မှာပင် ဖူရှောင်ကွမ်းက စတုတ္ထမြောက် ဝါးစာလိပ်ကို ချထားပြီး ပဉ္စမမြောက် တစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရ၏။ ဂျီမို၏ လှပသော မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။ သူမက ရှေ့သို့ အလိုအလျောက် ကိုင်းညွတ်သွားမိ၏။
သို့သော် ထိုအမူအရာက မကျော့ရှင်းဟု ခံစားရသဖြင့် သူမက သပ်ရပ်သော ထိုင်ဟန်သို့ အမြန် ပြန်ပြင်ထိုင်ကာ သူမ၏ မျက်နှာအမူအရာကို ထိန်းချုပ်လိုက်သော်လည်း သူမ၏ လှပသော မျက်လုံးများကတော့ ဖူရှောင်ကွမ်း၏ လှုပ်ရှားမှုများအပေါ်တွင် စူးစိုက်နေဆဲပင်။
ကျောင်းအုပ်ကြီး၏ အကြည့်ကို ခံစားမိသောအခါ ဖူရှောင်ကွမ်းက သူ၏ အမြန်နှုန်းကို တမင်သက်သက် လျှော့ချလိုက်ပြီး နဖူးပေါ်တွင် ချွေးအေးများ ပိုထွက်လာအောင် အတင်း ညှစ်ထုတ်ကာ သူ၏ လက်ချောင်းများပင် စတင် တုန်ရီလာဟန် ဆောင်လိုက်၏။
ပဉ္စမမြောက် မိစ္ဆာစာလုံးကို ထွင်းထုပြီးချိန်တွင်တော့ သူ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။
ဝါးစာလိပ်ကို ချထားလိုက်ပြီး ဖူရှောင်ကွမ်းက ကျောင်းအုပ်ကြီး ဂျီမို ကြိုတင် ပြင်ဆင်ပေးထားသော တဘက်ဖြင့် ချွေးများကို သုတ်လိုက်၏။ သူ၏ ခြေထောက်များက တမင်သက်သက် ယိမ်းယိုင်နေပြီး လက်ချောင်းများက တုန်ရီနေဟန်ဖြင့် ကျောင်းအုပ်ကြီး ဂျီမို၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ကျောင်းအုပ်ကြီးရှေ့မှာ အရှက်ကွဲသွားရပါပြီ"
"မိစ္ဆာမိတ်ဆွေက အရမ်း နှိမ့်ချလွန်းနေပါပြီ... ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် မိစ္ဆာစာလုံး ငါးလုံးကို ထွင်းထုနိုင်တယ်ဆိုတာက တော်ရုံလူတွေ မလုပ်နိုင်ကြဘူး... အဲဒီလို ပါရမီမျိုးကို ကျွန်မ အားကျမိပါတယ်"
"ရှောင်ကွမ်းမှာ ဘယ်လောက်ပဲ ပါရမီ ရှိနေပါစေ ကျောင်းအုပ်ကြီးကိုတော့ မမီသေးပါဘူး... ငါးလုံးကို အနိုင်နိုင် ပြီးအောင် လုပ်ဖို့တောင် ကျောင်းအုပ်ကြီးထက် အချိန်နှစ်ဆ ယူလိုက်ရတယ်"
"ဒါက တော်တော်လေးကို ထူးချွန်နေပါပြီ... အစပြုသူ တစ်ယောက်အနေနဲ့ ဒီလိုအဆင့်ကို ရောက်ဖို့ဆိုတာ မိစ္ဆာမိတ်ဆွေသာ ကြိုးကြိုးစားစား လေ့ကျင့်မယ်ဆိုရင် ကျွန်မကို အမီလိုက်ဖို့က အချိန်ပြဿနာတစ်ခု သက်သက်ပါပဲ"
…
မိစ္ဆာနှစ်ကောင်က ခဏမျှ စကားပြောပြီးနောက် သူတို့၏ စိတ်ကို ထိန်းညှိရန် မျက်လုံးအသီးသီး မှိတ်လိုက်ကြ၏။
ကျောင်းအုပ်ကြီး ဂျီမို၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေသည်။ ဖူရှောင်ကွမ်းက ထူးထူးခြားခြား ပါရမီပါသည်ကို သူမ ဝမ်းသာသလို အနည်းငယ် မနာလိုဖြစ်ကာ သဝန်လည်း တိုမိ၏။
နောက်ဆုံးတွင် သူမလည်း သာမန် မိစ္ဆာတစ်ကောင်သာ ဖြစ်ပြီး စိတ်ခံစားမှုများ၏ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ကာ သူမ၏ နှလုံးသားကို ဆက်လက် ကျင့်ကြံရန် လိုအပ်နေဆဲပင်။
ပြီးတော့ သူမ မသိဘူးလို့ မထင်လိုက်နဲ့။ ဤတစ်နေ့တာပိုးမိစ္ဆာက သူမကို တမင်သက်သက် အလျှော့ပေးနေခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူ့၌ ခွန်အား အပိုတွေ ကျန်နေသေး၏။ တချို့ကိစ္စများကို ထုတ်မပြောတာက ပိုကောင်းသည် မဟုတ်ပါလော။
ဖူရှောင်ကွမ်း၏ အတွေးများကလည်း ပြေးလွှားနေ၏။
မိစ္ဆာစာလုံး ထွင်းထုခြင်းက သူ၏ ဝိညာဉ်အာရုံကို သန့်စင်ပေးနိုင်ကြောင်း သူ တွေ့ရှိခဲ့သည်။ မာယာအိပ်မက် သိုင်းကျင့်စဉ်လောက် အာနိသင် မကောင်းသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အကျိုးသက်ရောက်မှု ရှိ၏။
ကွာခြားချက်မှာ မာယာအိပ်မက် သိုင်းကျင့်စဉ်က ဝိညာဉ်အာရုံ ကြီးထွားမှုနှင့် ကုသရေးကို အဓိကထားပြီး မိစ္ဆာစာလုံး ထွင်းထုခြင်းကတော့ ဝိညာဉ်အာရုံကို အသေးစိတ် ထိန်းချုပ် ကိုင်တွယ်ခြင်းကို အဓိကထားသည်။ ထိုနှစ်ခုက တစ်ခုနှင့်တစ်ခု အပြည့်အဝ အထောက်အကူ ပြုနေကြ၏။
ဤအရာက မမျှော်လင့်ထားသော ဝမ်းသာစရာ အံ့အားသင့်မှု တစ်ခုပင်။
မိစ္ဆာစာလုံး တစ်လုံး ထွင်းထုတိုင်း ဝိညာဉ်အာရုံ နှစ်ဆယ်ရာခိုင်နှုန်း ကုန်ဆုံးကြောင်းကိုလည်း သူ တွေ့ရှိခဲ့သည်။ မာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကို လေ့ကျင့်လာခဲ့သည်မှာ နှစ်ဝက် ရှိပြီဖြစ်ပြီး သူ၏ ဝိညာဉ်အာရုံက ယခုအခါ ပေ ၁၂၀ မှ ပေ ၁၃၀ သို့ တိုးလာခဲ့၏။
လက်ရှိတွင် သူက မိစ္ဆာစာလုံး ခြောက်လုံးခွဲ ထွင်းထုနိုင်သည်။ ကျောင်းအုပ်ကြီး ဂျီမို သင်ပေးသော လှည့်ကွက်များကို ကျွမ်းကျင်သွားသည်နှင့် ဝိညာဉ်အာရုံ ကုန်ဆုံးမှုကို ဆယ့်ငါးရာခိုင်နှုန်း ဝန်းကျင်လောက်အထိ သူ ထိန်းချုပ်နိုင်မည် ဖြစ်၏။
ကျောင်းအုပ်ကြီး ဂျီမို၏ ဝိညာဉ်အာရုံက ပေ ၇၀ မှ ပေ ၁၀၀ အတွင်း ရှိနိုင်ကြောင်း ဖူရှောင်ကွမ်း သတိထားမိ၏။
ဤသည်မှာ သူမတွင် ရေခဲဝိညာဉ်ဟုလည်း ခေါ်ဆိုသော ဝိညာဉ်အမြစ် အမျိုးအစား တစ်ခုဖြစ်သည့် အေးစက် ရဲရင့်သော ဝိညာဉ်ဇီးပန်းပွင့်၏ သွေးဆက်ခံမှု တစ်စိတ်တစ်ပိုင်း ရှိနေသောကြောင့် ဖြစ်ပြီး ထိုဝိညာဉ်ဇီးပန်းပွင့်က သဘာဝအတိုင်း အားကောင်းသော ဝိညာဉ်အာရုံ ရှိ၏။
ထို့အပြင် သူမက သခင်မ၏ အလွန် ယုံကြည်စိတ်ချရသူ ဖြစ်ပြီး လျှို့ဝှက်နည်းစနစ် များစွာကို သိရှိထားသောကြောင့် သူမ၏ ဝိညာဉ်အာရုံကို တိုးမြှင့်နိုင်ခြင်းက ယုတ္တိတန်ပေသည်။
အလုံအလောက် အနားယူပြီးနောက် မိစ္ဆာနှစ်ကောင်က ဆက်လက် ထွင်းထုကြ၏။
နောက်ထပ် မိစ္ဆာစာလုံး ငါးလုံး ထွင်းထုပြီးနောက် ကျောင်းအုပ်ကြီး ဂျီမိုက ထပ်မံ ရပ်နားလိုက်သည်။ အနားမယူမီ သူမက ဖူရှောင်ကွမ်းကို ကြည့်ကာ ပြောလိုက်၏။
"မိစ္ဆာမိတ်ဆွေ... တုံ့ဆိုင်းနေစရာ မလိုပါဘူး... ကျွန်မက အဲဒီလောက် သဘောထား သေးသိမ်တဲ့သူ မဟုတ်ပါဘူး... အခု သခင်မရဲ့ မိုးကြိုးကပ်ဘေးက နီးကပ်လာပြီ... ကျွန်မတို့ မိစ္ဆာစာလုံးတွေကို မြန်မြန် ထွင်းထုပြီးလေလေ… နောက်တစ်ဆင့်ကို မြန်မြန် သွားနိုင်ပြီး မဟာသိုင်းကွက်အစီအရင်ကို မြန်မြန် တပ်ဆင်နိုင်လေလေပဲ... အဲဒီလိုဆိုရင် ကျွန်မ ပိုပြီးတော့တောင် ဝမ်းသာရဦးမှာပါ... မိစ္ဆာမိတ်ဆွေ... ကျေးဇူးပြုပြီး မိတ်ဆွေရဲ့ အစွမ်းအစ အကုန်ထုတ်သုံးပါ"
ကျောင်းအုပ်ကြီး ဂျီမိုက ကိစ္စရပ်များကို ဤသို့ ပွင့်ပွင့်လင်းလင်း ပြောလာပြီဖြစ်၍ ဖူရှောင်ကွမ်းက မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် မိစ္ဆာငယ်လေးရဲ့ စိတ်နဲ့ မဟာမိစ္ဆာကြီးရဲ့ သဘောထားကို အကဲဖြတ် မှားယွင်းသွားတာပါ... ဒါဆိုရင်လည်း ကျွန်တော် သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်"
ကျောင်းအုပ်ကြီး ဂျီမိုက ကျေနပ်သွား၏။
ဖူရှောင်ကွမ်းက သူပြောသည့်အတိုင်း လုပ်ဆောင်သည်။ သူက ထွင်းထုခြင်းကို အာရုံစိုက်ပြီး သူ၏ အစွမ်းအစ အားလုံးကို ထုတ်သုံးလိုက်၏။
ဖူရှောင်ကွမ်းက ဆဋ္ဌမမြောက် ဝါးစာလိပ်ကို ကောက်ယူလိုက်သည်ကို မြင်သောအခါ ကျောင်းအုပ်ကြီး ဂျီမိုက မျက်လုံးများကို မှိတ်လိုက်ပြီး မျက်စိဖြင့် မမြင်ရလျှင် နှလုံးသားကလည်း မနာကျင်ရဘူးဟု သူမကိုယ်သူမ တိတ်တဆိတ် ဖြေသိမ့်နေလိုက်သည်။
ဖူရှောင်ကွမ်းက သတ္တမမြောက် ဝါးစာလိပ်ကို ကောက်ယူလိုက်သောအခါ ကျောင်းအုပ်ကြီး ဂျီမို၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာပြီး သူမ၏ ရင်ထဲတွင် ပါရမီရှင်ဟု ကျိန်ဆဲလိုက်၏။
ကံကောင်းထောက်မစွာဖြင့် ဖူရှောင်ကွမ်းက အဋ္ဌမမြောက် မိစ္ဆာစာလုံးကို မထွင်းထုတော့ပေ။ စိတ်အေးသွားမှုနှင့်အတူ ကျောင်းအုပ်ကြီး ဂျီမိုက သူ့ကို ဆက်လုပ်စေချင်သော နောင်တ အနည်းငယ်ကိုလည်း ခံစားလိုက်ရသေး၏။
မိုးလင်းတော့မည့် အချိန်တွင် ဖူရှောင်ကွမ်း ထွက်ခွာသွားသည်။
ကျောင်းအုပ်ကြီး ဂျီမိုက စားပွဲတွင် ထိုင်လျက် ဖူရှောင်ကွမ်း ထွင်းထုသွားသော မိစ္ဆာစာလုံးများကို ကြောင်ငေးကြည့်နေ၏။
သူမက ကြိုတင် ပြင်ဆင်ထားပြီး ဖူရှောင်ကွမ်း၏ ဝိညာဉ်အာရုံက သူမထက် ပိုမို အားကောင်းကြောင်း သိထားသော်လည်း ဤမြင်ကွင်းက သူမ၏ မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်ပေါ်လာသောအခါ သူမက အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။
သူမက တစ်စုံတစ်ခု ပူးကပ်ခံထားရသည့်အလား ဝါးစာလိပ်များပေါ်ရှိ အရုပ်ဆိုးလှသော စာလုံးများကို ကိုင်တွယ်ရန် သူမ၏ ဖြူဖွေးသော လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်၏။
စာလုံးအတွင်း၌ ပါဝင်သော ပေါများလှသည့် စွမ်းအင်များနှင့် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများက သူမ ထွင်းထုထားသည်များထက် ပိုမို ချောမွေ့နေကြောင်း ခံစားလိုက်ရသောအခါ ကျောင်းအုပ်ကြီး ဂျီမိုက တိတ်ဆိတ်သွားသည်။ ခဏအကြာမှသာ သူမက သက်ပြင်းချလိုက်၏။
"အရုပ်ဆိုးတဲ့ လက်ရေးက မိစ္ဆာစာလုံးတွေရဲ့ စီးဆင်းမှုကို ပိုပြီး အထောက်အကူ ပြုတာများလား... ဒါက ဘယ်လို ယုတ္တိမျိုးလဲ... ထျန်းယီ မိစ္ဆာနတ်ဘုရားရဲ့ လက်ရေးကလည်း... အဲဒါတော့ လုံးဝ မဖြစ်နိုင်ပါဘူး"
ထိုညတွင် မိစ္ဆာလေးကောင်က မိစ္ဆာစာလုံးများကို အတူတကွ ထွင်းထုခဲ့ကြသည်။
မိစ္ဆာသခင်မ ကျိုကွမ်းနှင့် မိစ္ဆာသခင် ဟုန်ယဲ့တို့က သူမ အစပြုသူ ဘဝကထက်ပင် ပိုဆိုးနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်မိသော်လည်း ကျောင်းအုပ်ကြီး ဂျီမို၏ ယုံကြည်မှုက မြင့်တက်လာ၏။
ထိုမိစ္ဆာနှစ်ကောင်က ဖူရှောင်ကွမ်းကြောင့် အံ့အားသင့် မှင်တက်နေကြပြီး သူမလောက်ပင် တည်ငြိမ်မှု မရှိသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီး ဂျီမိုက ပို၍ပင် နေလို့ထိုင်လို့ ကောင်းသွားတော့သည်။
***