ထိုသူသည် တစ်ဖက်လူ၏ ပုံမှန်အသားအရေနှင့် နေရောင်ခြည်ကို မကြောက်လန့်ပုံအား မြင်လိုက်ရသဖြင့် သူ၏သေနတ်ကို နှိမ့်ချလိုက်ပြီး ပြန်ပြောလိုက်သည်။
“မင်း ဘာလို့ ဝတ်ရုံကြီးခြုံထားတာလဲဆိုတာကို ငါက သိချင်ရုံတင်ပါ။ ငါတို့ အသက်ရှင်ကျန်ရစ်သူအချင်းချင်း လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားဖို့ တကယ်ပဲ မလိုဘူး မဟုတ်လား။”
“အဲဒီလိုတော့ ပြောလို့မရဘူးလေ။ ရန်သူတွေရှိလာတဲ့အခါ ဂရုစိုက်ရတာပေါ့။”
ထိုသူသည် သူ၏ဝတ်ရုံကို ပြန်ခြုံလိုက်ပြီး တည်နေရာကူးပြောင်းခြင်းအမှတ်မှ ထွက်ခွာသွားတော့သည်။
နောက်ပိုင်းတွင် ဝတ်ရုံခြုံထားသည့် လူအတွဲလိုက်ကြီးများသည် ပေါ်တယ်ထဲမှ ဆက်တိုက်ထွက်ပေါ်လာခဲ့ကြသော်လည်း စစ်ဆေးမေးမြန်းပြီးနောက် ကင်းစောင့်များက ၎င်းတို့ထဲတွင် ဗန်ပိုင်းယားတစ်ဦးမှ မပါဝင်ကြောင်း အတည်ပြုခဲ့ကြသည်။
ဤတိုက်သစ်၏ တည်နေရာကူးပြောင်းခြင်းအမှတ်သည် မည်သည့်မဟာမိတ်အဖွဲ့ကိုမျှ အပြည့်အဝ ဖွင့်လှစ်ပေးထားခြင်း မရှိပေ။ အသက်ရှင်ကျန်ရစ်သူများသည် ဤဂိတ်တံခါးမှတစ်ဆင့်သာ တိုက်သစ်ထဲသို့ ရောက်ရှိနိုင်ပြီး ထိုအခွင့်အရေးအတွက် အုတ်မြစ်ကျောက်များ ပေးဆောင်ကြရ၏။
“သခင်... ကင်းစောင့်တွေက ဝတ်ရုံခြုံထားတဲ့ လူတိုင်းကို စစ်ဆေးနေပါတယ်။ သူတို့ရဲ့ သတိဝီရိယကို လျော့ပါးသွားအောင် ကျုပ်တို့ ဝတ်ရုံခြုံထားတဲ့လူတွေ အများကြီး စေလွှတ်လိုက်ပေမဲ့ သူတို့က တစ်ယောက်ချင်းစီကို စစ်ဆေးနေတုန်းပဲ။ ကျုပ်တို့ ခိုးဝင်လို့မရလောက်ဘူးထင်တယ်။”
အမှောင်ရိပ်ကျနေသော တဲအိမ်လေးတစ်ခုအတွင်းရှိ အသားဖြူဖျော့ဖျော့နှင့် လူတစ်ဦးကို တပ်သားတစ်ယောက်က အစီရင်ခံလိုက်သည်။
“ဒါဆိုရင် သူတို့ကို အခုလောလောဆယ် ကျွန်းကို စူးစမ်းခိုင်းထားလိုက်ဦး။ မြို့စားမင်းက ဟိုဘက်တိုက်က သူ့ကိစ္စတွေကို အပြီးသတ်သွားရင် သူကိုယ်တိုင် လာလိမ့်မယ်။”
“ဟုတ်ကဲ့ပါ သခင်။”
တစ်ချိန်တည်းမှာပင် ယီထျန်းဂရုချတ်ထဲတွင်လည်း ဤအကြောင်းအရာကို ဆွေးနွေးနေခဲ့ကြလေသည်။
“အခုတလော ဝတ်ရုံနက်ခြုံထားတဲ့ လူတွေ အများကြီး တွေ့နေရတယ်နော်။”
“အာ... ငါတို့ဆီမှာ ဗန်ပိုင်းယားတွေ ဒီလောက်တောင် များနေပြီလား။ ကြောက်စရာကောင်းလိုက်တာ။”
“မဟုတ်ဘူး။ တိုက်သစ်ဂိတ်တစ်ခုမှာ ကင်းစောင့်တွေက လူတိုင်းကို စစ်ဆေးနေတာ ငါတွေ့ခဲ့တယ်။ အဲဒီဝတ်ရုံခြုံထားတဲ့လူတွေထဲမှာ ဗန်ပိုင်းယား တစ်ယောက်မှ မပါဘူး။”
“တကယ်လား။ ဒါဆိုရင် သူတို့က ရှုပ်ထွေးအောင် လုပ်နေတာပေါ့။ သူတို့က ဗန်ပိုင်းယား မဟုတ်ရင် ဘာလို့ ဝတ်ရုံခြုံထားတာလဲ။”
“ဝတ်စားဆင်ယင်တာကတော့ သူတို့လွတ်လပ်ခွင့်ပဲလေ။ ငါတို့ ဘာမှပြောလို့မရဘူး။”
“မဟုတ်ဘူး။ ဗန်ပိုင်းယားတွေက ငါတို့ရဲ့ သတိဝီရိယကို ထုံထိုင်းသွားအောင် လုပ်နေတာလို့ ငါထင်တယ်။ ဂိတ်က စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ရမယ်။ တစ်ယောက်မှ လွတ်မသွားစေနဲ့။”
“ဟုတ်တယ်၊ ဟုတ်တယ်။ ဘေးကင်းတာက အကောင်းဆုံးပဲ။ ဗန်ပိုင်းယားတွေက တကယ်ကြောက်ဖို့ကောင်းတယ်။”
“အခု ကြောက်ဖို့ကောင်းတာက ဗန်ပိုင်းယားတင် မဟုတ်တော့ဘူး။ တခြား မဟာမိတ်အဖွဲ့တစ်ခုက ရှေးဦးသတ္တဝါကြီးတစ်ကောင်နဲ့ တိုးခဲ့တယ်လို့ ငါကြားခဲ့တယ်။”
“ဘာ...ပြီးခဲ့တဲ့အကြိမ်ကတင် ရိရန်ပင်းသူဌေးက ဒီအကြောင်းကို မေးခဲ့တာလေ။ အခု ဒုတိယအကြိမ် ထပ်တွေ့ပြန်တာလား။”
“ဟုတ်တယ်။ အဲဒါက ဧရာမ မိုဆာဆောရတ်စ်တစ်ကောင်လို့ ငါကြားတယ်။”
“မိုဆာဆောရတ်စ်လား။ နဂါးကြီးလား။ နဂါးတွေ တကယ်ရှိတာလား။”
“အပေါ်ကလူ... မင်းဘာမှမသိရင်လည်း နည်းနည်းပဲပြောစမ်းပါ။ အမှားတွေပြောနေတာ ရှက်ဖို့ကောင်းတယ်။”
“ဘာကို မသိတာလဲ။ ငါက ဘာကို ရှက်ရမှာလဲကွ။ ငါ လုံးဝမရှက်ဘူး။ မင်းက ဘာတွေပြောနေတာလဲ။”
“တကယ်ပဲ... ယိုသူမရှက် မြင်သူရှက်ပါလားဟ။”
“မိုဆာဆောရတ်စ် ဆိုတာက ရှေးဦးသတ္တဝါကြီးတစ်မျိုးပဲ။ ဒိုင်နိုဆောတွေလိုပဲ အရမ်းကြီးပေမဲ့ သူက ရေထဲမှာ နေတာ။”
“ဒါဆို ဒိုင်နိုဆောပေါ့။ ငါက ငါတို့ ရှားနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ သတ္တဝါကြီးလို့ ထင်နေတာ။”
“အဲဒီ သမိုင်းမတင်မီ သတ္တဝါကြီးက ငါတို့ကျွန်းတွေကို ဘာလို့ တိုက်ခိုက်တာလဲ။ အဲဒါကြီးကို ငါတို့က ဘယ်လိုလုပ်ပြီး လုပ်တိုက်နိုင်မှာလဲ။”
“သူတို့က အဲဒီ မိုဆာဆောရတ်စ်ကို နှိမ်နင်းဖို့အတွက် သူဌေးဆီကနေ တော်ပီဒိုတွေ ဝယ်ခဲ့ကြတယ်လို့ ကြားတယ်။”
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါတို့ကို ကယ်နိုင်တာ သူဌေးပဲရှိတယ်။ ဒါပေမဲ့ အရင်တုန်းက အဲဒီသတ္တဝါတွေက သူဌေးရဲ့ ရွက်သင်္ဘောကိုပဲ ပစ်မှတ်ထားခဲ့တာ မဟုတ်ဘူးလား။”
“အခု သူတို့ ပစ်မှတ်ထားစရာ မရှိတော့လို့ ငါတို့ကျွန်းတွေကို ပစ်မှတ်ထားလာတာများလား။”
“မဖြစ်နိုင်ဘူး။ အဲဒီသတ္တဝါကြီးက တစ်ခါက ငါ့ကျွန်းနားမှာ ပေါ်လာဖူးတယ်။ ဒါပေမဲ့ ကျွန်းကို မတိုက်ခိုက်ခဲ့ဘူး။”
“အပေါ်ကလူ... မင်း အတည်ပြောနေတာလား။”
“တကယ်ပြောတာ။ ငါ သူဌေးရဲ့ ရွက်သင်္ဘောကို ငှားပြီး လမ်းကြောင်းလွဲသွားလို့ အဲ့သတ္တဝါကြီး ရောက်လာတာ။ နောက်ဆုံးအချိန်ကျမှ ငါက ရွက်သင်္ဘောကို ပြန်အပ်လိုက်တာ။ ပစ်မှတ်ပျောက်သွားတော့ အဲဒီသတ္တဝါက ငါ့ကျွန်းကို ဘာမှမလုပ်ဘဲ ထွက်သွားတယ်။”
“အဲ့ဒါ ဘယ်တုန်းက ဖြစ်တာလဲ။”
“လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကထင်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။”
“ဟာ... လွန်ခဲ့တဲ့ တစ်လ၊ နှစ်လက စည်းမျဉ်းတွေက အခုနဲ့ တခြားစီ ဖြစ်နေနိုင်တာပဲ။ ယေဘုယျဆန်ဆန် တွေးလို့မရဘူး။”
“ဟုတ်တယ်။ ဖြစ်နိုင်တာက သူတို့ တစ်ခုခုကို သွားပြီး လှုံ့ဆော်မိလို့ ဖြစ်မယ်။ ဟေ့... တိုက်ခိုက်ခံရတဲ့ ကျွန်းတွေကလူတွေ မင်းတို့ ဘာလုပ်မိလဲဆိုတာ ပြောပြကြပါဦး။”
ဤနေရာတွင် မည်သူမျှ ပြန်မဖြေကြပေ။ သို့သော် ကျိမိသားစုဝင်တစ်ဦးက ဤအချက်အလက်ကို အထက်သို့ အစီရင်ခံလိုက်ပြီဖြစ်သည်။
“တစ်ခုခုကို လှုံ့ဆော်မိလို့ဟုတ်လား။”
ကျိပါ့ထျန်းက မျက်မှောင်ကျုံ့လိုက်၏။
“ထူးခြားတာ ဘာမှမရှိခဲ့သလိုပဲ။”
ထိုစဉ် ကျိကျန့်ထျန်းက ဝင်ပြောလာခဲ့သည်။
“ရိရန်ပင်း မဟာမိတ်အဖွဲ့က ကျန်းယွင်ထျန်းက တစ်ခါက ငါ့ကို မေးဖူးတယ်။ ငါတို့ကျွန်းမှာ ထူးခြားတာတွေ ဖြစ်နေလားလို့။ သူတို့လည်း အဲ့ဒီသတ္တဝါတွေ တိုက်ခိုက်တဲ့ ပုံစံကို ရှာနေတာ ဖြစ်နိုင်တယ်။”
ကျိပါ့ထျန်း ခေါင်းငြိမ့်ပြီး စဉ်းစားခန်းဝင်သွားခဲ့သည်။
“ရိရန်ပင်းက အသက်ရှင်ကျန်ရစ်သူတွေကို ဦးဆောင်နေတာ။ တစ်ကိုယ်ရည်စွမ်းရည်ပဲဖြစ်ဖြစ်၊ အဆင့်မြင့်လက်နက်တွေပဲဖြစ်ဖြစ်... ငါတို့ရဲ့ ရှေးဟောင်းသိုင်းပညာမိသားစုက ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာပဲ အသာစီးထားရတယ်။ ဒါကြောင့်လည်း ယင်အာက SSS အဆင့်ကို ဒီလောက်မြန်မြန် ရောက်သွားခဲ့တာ။”
“ဟုတ်တယ်...။ ဒါဆိုရင် ဖြစ်နိုင်တာက...”
ကျိပါ့ထျန်း ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။ ကျိကျန့်ထျန်းလည်း သဘောပေါက်သွားပုံရပြီး လွှတ်ခနဲ ပြောလိုက်၏။
“ကျိယင်းကြောင့်လား။”
ကျိပါ့ထျန်း အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဖြစ်နိုင်ခြေ အများဆုံးပဲ။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လတ်တလော အကြီးမားဆုံး အပြောင်းအလဲက ယင်းအာ SSS အဆင့်ကို တက်သွားတာပဲ။”
“ဒါပေမဲ့ အဲဒါကြောင့်ဆိုရင် ရိရန်ပင်းလည်း SSS အဆင့်ကို ရောက်နေပြီပေါ့။”
ကျိကျန့်ထျန်း မျက်မှောင်ကျုံ့လိုက်သည်။
“သူက တကယ်ပဲ ကျိယင်းထက် မြန်နေတာလား။”
“ဖြစ်နိုင်တယ်။ သူ့ဆီမှာ အဆင့်မြင့် အစားအသောက်တွေ ဒီလောက်အများကြီး ရှိနေတာ။ ခန္ဓာကိုယ်အဆင့်တွေ မြန်မြန်တက်တာက အဓိပ္ပာယ်ရှိပါတယ်။”
ကျိပါ့ထျန်းက ပြောလိုက်၏။
“ယင်းအာရဲ့ ပြိုင်ဘက်ကို တကယ်ပဲ အထင်သေးလို့ မရဘူး။”
ကျိကျန့်ထျန်း ခေါင်းငြိမ့်လိုက်သည်။ ကျိပါ့ထျန်းသည် ခေတ္တစဉ်းစားပြီးနောက် ကျိကျိယင်းကို ခေါ်ခိုင်းလိုက်လေသည်။
“အဖေ၊ ဘာကိစ္စလဲ။”
ကျိကျိယင်းသည် အမျိုးသမီးနှစ်ဦးနှင့်အတူ ဘဝ၏အဓိပ္ပာယ်ကို ရှာဖွေနေစဉ် ဆင့်ခေါ်ခံလိုက်ရသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။
ထိုအခါ ကျိပါ့ထျန်းက သူတို့၏ ကောက်ချက်ကို ဂရုတစိုက် ရှင်းပြလိုက်သည်။ ထိုအရာကို ကြားလိုက်ရသောအခါ ကျိကျိယင်း အံ့ဩသွားခဲ့။
“အဖေပြောချင်တာက ရိရန်ပင်းလည်း SSS အဆင့်ကို တက်သွားပြီလို့လား။”
“အင်း...ပြီးတော့ ဒီသတ္တဝါကြီးတွေက မင်းတို့နှစ်ယောက် SSS အဆင့်ကို ရောက်တာနဲ့ ဆက်စပ်နေပုံရတယ်။”
ကျိပါ့ထျန်းက ပြန်ဖြေလိုက်သည်။
“အဲကောင်က တကယ်ပဲ ဒီလောက်တောင် သန်မာတယ်ပေါ့။”
ကျိကျိယင်း သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
“ဒါကြောင့် မင်း ပေါ့ပေါ့ဆဆ နေလို့မရသေးဘူး။”
ကျိပါ့ထျန်းက ဆုံးမလိုက်၏။။ကျိကျိယင်း ကလေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။ SSS အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိပြီးနောက် သူသည် အမှန်တကယ်ပင် ပျော်ပါးနေခဲ့မိသည်။ ဤကမ္ဘာ၏ အမြင့်ဆုံး ရုပ်ခန္ဓာအဆင့်သည် SSS အဆင့်ဖြစ်သဖြင့် သူက တောင်ထိပ်သို့ ရောက်ပြီဟု ယူဆကာ အနားယူပြီး ရှုခင်းကြည့်ရန်ပင် စဉ်းစားခဲ့၏။
ယခုမူ ထိုတောင်ထိပ်တွင် တစ်စုံတစ်ယောက်က ရောက်နှင့်နေပြီဆိုသည်ကို သူ ရုတ်တရက် သိလိုက်ရပြီဖြစ်သည်။ သဘာဝကျကျပင် သူသည် ထိုသူကို တောင်အောက်သို့ ကန်ချရန် ကြိုးစားရပေလိမ့်မည်။
ကျိမိသားစုသည် ဤအကြောင်းရင်းကို ခန့်မှန်းမိသော်လည်း ယီထျန်းဂရုချတ်တွင် မျှဝေခြင်း မပြုခဲ့ပေ။ သို့သော် ဆုဝမ်က ဂရုထဲရှိ လူတိုင်း၏ မေးခွန်းများကို မြင်တွေ့လိုင်ရသဖြင့် ရှောင်းယီထံသို့ ထိုမေးခွန်းကို ပို့ပေးလိုက်တော့လေသည်။
ထိုပြဿနာကို ကြားလိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ယီထျန်းဂရုချတ်တွင် ရှင်းပြလိုက်သည်။
“အားလုံးပဲ...သတ္တဝါကြီးတွေ တိုက်ခိုက်တဲ့ နောက်ကွယ်က အခြေအနေအမှန်ကို ကျုပ်လည်း အတိအကျ မသိသေးဘူး။ ဒါပေမဲ့ ကျုပ်မှာ ခန့်မှန်းချက်တစ်ခု ရှိတယ်။ နားထောင်ကြည့်ကြပါ။”
“ကောင်းပြီ...နောက်ဆုံးတော့ သူဌေး စကားပြောလာပြီပဲ။ ကျုပ်တို့ နားထောင်နေပါတယ်။”
“ခန့်မှန်းချက်ဆိုရင်လည်း ရပါပြီ။ ကျုပ်တို့ကို ပြောပြပါ။ အတူတူ ဆွေးနွေးကြတာပေါ့။ ဒါဆိုရင် ပိုပြီး ရှင်းလင်းတဲ့ ပုံရိပ်တစ်ခု ရနိုင်မလားလို့ပါ။”
***