ရှောင်းယီက ယီထျန်းဂရုထဲတွင် ဆက်ပြောလိုက်သည်။
“လက်ရှိ ကျုပ်ဆီမှာရှိတဲ့ အချက်အလက်တွေအရ ကျွန်းပေါ်မှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က SSS အဆင့်ကို တက်လှမ်းသွားတာကြောင့် ဧရာမသတ္တဝါကြီးက ကျွန်းကို လာရောက်တိုက်ခိုက်တာလို့ ကျုပ် ခန့်မှန်းထားတယ်။”
“ဘာ...အသက်ရှင်ကျန်ရစ်သူတစ်ယောက်က SSS အဆင့်ကို တက်သွားတာလား။”
“ဒါက ထူးဆန်းလို့လား။ သူဌေးက သေချာပေါက် SSS အဆင့်ကို ရောက်နေတာပဲလေ။ ဒါပေမဲ့ တခြားမဟာမိတ်အဖွဲ့ကလူတစ်ယောက်ပါ အဆင့်တက်သွားတယ်ဆိုတာက ပိုထူးဆန်းနေတယ်။”
“ဟုတ်တယ်။ သူဌေး အဆင့်တက်တာက ဘာမှ မထူးဆန်းဘူး။ သူ့မှာက ကောင်းတဲ့အရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တခြားမဟာမိတ်အဖွဲ့က ဘယ်လိုလုပ်ပြီး အဆင့်တက်သွားတာလဲ။”
“အဲ့ဒါ ဘယ်မဟာမိတ်အဖွဲ့လဲဆိုတာကို ငါပိုသိချင်နေမိတယ်။”
“ငါလည်း အတူတူပဲ။”
“ဒါပေမဲ့... SSS အဆင့်ကို တက်တာက ဧရာမသတ္တဝါကြီးတွေကို ဆွဲဆောင်တယ်ဆိုရင်တော့ ငါအဆင့်မတက်တာ ပိုကောင်းမယ်ထင်တယ်။ အန္တရာယ် အရမ်းများလွန်းတယ်။”
“မင်းရဲ့ သတ္တိနည်းပုံကို ကြည့်စမ်းပါ။ သတ္တဝါကြီးတစ်ကောင်ကြောင့်နဲ့ အဆင့်တက်ဖို့ လက်လျှော့လိုက်တာလား။ ဒါ့အပြင် ငါတို့မှာ သတ္တဝါကြီးတွေကို နှိမ်နင်းဖို့ ကူညီပေးမယ့် သူဌေးရှိနေတာပဲ။ ဘာကို ကြောက်နေတာလဲ။”
“မှန်တယ် တတ်နိုင်သမျှ မြန်မြန် SSS အဆင့်ရောက်အောင် လုပ်တာက ပိုကောင်းတယ်။ ဒါပေမဲ့ ငါက အခုမှ A အဆင့်ပဲ ရှိသေးတာဆိုတော့ အဝေးကြီး လိုပါသေးတယ်။”
“ဟူး... ငါလည်း အတူတူပဲ။ SSS အဆင့်ဆိုတာ အလှမ်းဝေးလွန်းနေသေးတယ်။”
လူတိုင်း၏ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“အားလုံးပဲ... ဧရာမသတ္တဝါကြီးတွေက ရင်ဆိုင်ရတာ တကယ်ကို ခက်ခဲပါတယ်။ ကျုပ် ကူညီမယ်ဆိုရင်တောင် တော်ပီဒို အချို့ပဲ ပေးနိုင်မှာ။ ဒီနှစ်ကြိမ် သတ္တဝါကြီးတွေကို နှိမ်နင်းနိုင်ခဲ့တာက ကံတရားလည်း နည်းနည်းပါတယ်။ ကျုပ်အပေါ်ကိုပဲ အကုန်လုံး ပုံမအပ်ထားကြပါနဲ့။”
“တကယ်ကြီးလား။ သူဌေးတောင်မှ ခက်ခဲတယ်လို့ ပြောလာပြီရင်တော့ ဒါက တကယ့်ကို မလွယ်တဲ့ကိစ္စပဲ။ ငါတို့ ဘာလုပ်ကြမလဲ။”
“ကျုပ်ကတော့ အမြင့်ဆုံးအဆင့်ကို အရမ်းမြန်မြန် မတက်ဖို့ ယာယီ ဆုံးဖြတ်လိုက်ပြီ။”
“ဟက်... မင်းက SSS အဆင့်ကို မြန်မြန်တက်နိုင်တဲ့အတိုင်း ပြောနေတာပဲ။ စိတ်မပူပါနဲ့။ မင်း တက်ချင်ရင်တောင် ဒီလောက်မြန်မြန် တက်နိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီသည် ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ပြီး စာဖတ်ရန် သူ၏စားပွဲသို့ ပြန်သွားလိုက်လေသည်။ ဂရုထဲတွင် ဆွေးနွေးမှုများ ဆက်လက်ရှိနေသေးသော်လည်း ၎င်းတို့အားလုံးက ရှောင်းယီနှင့် မသက်ဆိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် တိုက်သစ်ပေါ်၌ ဗန်ပိုင်းယား ချာလီသည် ရှောင်းယီ၏ တည်နေရာကူးပြောင်းခြင်းအမှတ်အနီးသို့ ရောက်ရှိနေပြီး သံချပ်ကာ စစ်သင်္ဘောကြီးကို စောင့်ကြည့်နေခဲ့သည်။
“မြို့စားမင်း... ဒီသင်္ဘောကို ကျုပ်တို့ သိမ်းပိုက်လိုက်ရမလား။”
သူ၏ဘေးနားရှိ တပ်သားတစ်ဦးက မေးလိုက်သည်။ ချာလီက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
“အဲ့ဒီသင်္ဘောပေါ်မှာ အရမ်း အစွမ်းထက်တဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်။ ငါတောင်မှ အဲဒါကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။”
ထိုအခါ သူ့ဘေးကတပ်သားက ထိတ်လန့်သွားခဲ့၏။
“မြို့စားမင်းထက်တောင် အစွမ်းထက်တဲ့လူ ရှိနေတာလား။”
“လူမဟုတ်ဘူး။”
ချာလီက ပြန်ဖြေလိုက်သည်။
“လူမဟုတ်ဘူးလား။ ဒါဆို ဘာလဲ။”
တပ်သားက စူးစမ်းစွာ မေးပြန်လိုက်သည်။ချာလီက လှောင်ပြုံးပြုံးလိုက်၏။
“မင်း တကယ်သိချင်တာလား။”
တပ်သားက ခေါင်းငြိမ့်ပြလိုက်သည်။
ချာလီသည် ထိုတပ်သားကို ချက်ချင်းပင် အပြင်သို့ ပစ်ထုတ်လိုက်၏။ သင်္ဘောပေါ်ရှိ ကင်းစောင့်များက တပ်သားကို ချက်ချင်းမြင်သွားပြီး “ဘယ်သူလဲ” ဟု အော်ဟစ်လိုက်ကြသည်။ တပ်သားမှာ ကြောင်အမ်းသွားတော့သည်။
သံချပ်ကာ သင်္ဘောပေါ်တွင်မူ ကျားတစ်ကောင်သည် အခန်းထဲ၌ အားကိုးရာမဲ့စွာ လဲလျောင်းနေပြီး အလွန်စိတ်ပျက်နေပုံရ၏။ ထိုကျားမှာ ရှောင်ပိုင်ပင် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ကျားဖြူလေး၏ အစားအစာကို ခိုးယူပြီးကတည်းက သားရဲဘုရင်သည် ၎င်းအား ဤမဟာမိတ်အဖွဲ့၏ တည်နေရာကူးပြောင်းခြင်းအမှတ်ကို စောင့်ကြပ်ရန် တာဝန်ပေးထားခဲ့လေသည်။
ရှောင်းယီသည် တိုက်သစ်ပေါ်ရှိ တည်နေရာကူးပြောင်းခြင်းအမှတ်တစ်ခုစီတွင် SSS အဆင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်စီကို စောင့်ကြပ်ရန် စီစဉ်ထားလေ့ရှိသည်။ သို့မှသာ အဆင့်မြင့်ရန်သူနှင့် တွေ့ခဲ့လျှင်ပင် သူရောက်လာသည်အထိ တောင့်ခံထားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သားရဲဘုရင်သည် သူမ၏ခင်ပွန်းကိုယ်စား လျှောက်ထားလာသောအခါ ရှောင်းယီက သဘာဝကျကျပင် သဘောတူခဲ့ပြီး ရှောင်ပိုင် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သေချာသည်မှာ ၎င်းသည် ဤနေရာတွင် ထာဝရနေရမည်မဟုတ်ဘဲ အခြားအိမ်မွေးတိရစ္ဆာန်များက အလှည့်ကျ စောင့်ကြပ်ကြမည်ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်ရှိ တပ်သားများ၏ မျက်နှာပေါ်မှ အပြုံးဖျော့ဖျော့လေးများကြောင့် ရှောင်ပိုင် အလွန်မပျော်မရွှင် ဖြစ်နေခဲ့၏။
ငါက သားရဲတွေရဲ့ ဘုရင်ကွ။ ငါ့သားလေးမျက်နှာကြောင့်သာ မဟုတ်ရင် ငါ့မိန်းမကို ဒီလောက် လိုက်လျောနေပါ့မလား။ မဖြစ်နိုင်ဘူး။
သို့သော် ရှောင်ပိုင်သည် သူ မည်မျှပင် အော်ဟစ်နေပါစေ ဤလူသားအသိဉာဏ်မရှိသူများက နားလည်မည်မဟုတ်ကြောင်း သိထား၏။ ကျွန်းပိုင်ရှင်သာလျှင် သူ၏စကားကို နားလည်နိုင်ပေသည်။
သူ၏ ယောက်ျားပီသမှုကို သက်သေပြရန် ဤလူသားများကို အန္တရာယ်ပြု၍လည်း မရပေ။ ထို့ကြောင့် သူသည် အခန်းထဲတွင် စိတ်ပျက်စွာ လဲလျောင်းပြီး သူ၏ တာဝန်ချိန်ကုန်ဆုံးရန်သာ စောင့်နေရတော့သည်။
ရုတ်တရက် အပြင်ဘက်မှ “ဘယ်သူလဲ” ဟု အော်သံကို သူကြားလိုက်ရ၏။
ရှောင်ပိုင် ချက်ချင်း နိုးကြားသွားခဲ့သည်။
နောက်ဆုံးတော့ သူ၏ သန်မာမှုကို သက်သေပြဖို့ လူတစ်ယောက် ရောက်လာပြီလား။
“ဝေါင်း...” ဆိုသည့် အသံနှင့်အတူ ရှောင်ပိုင်သည် အပြင်သို့ ပြေးထွက်သွားတော့သည်။
အခန်းထဲရှိ လူများမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ရှောင်ပိုင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရ၏။
“ဟူး... ဒီကျားလေးလည်း ခက်ခဲနေရှာမှာပဲ။”
သက်ပြင်းချသံတစ်ခု ကြားလိုက်ရရာ ရှောင်ပိုင်မှာ ချော်လဲလာမတတ်ပင် ဖြစ်သွားခဲ့လေသည်။
စိတ်ကို ပြန်ထိန်းလိုက်ပြီးနောက် ရှောင်ပိုင်သည် ရောက်ရှိလာသူကို တောအုပ်တစ်ခုလုံး တုန်ခါသွားစေလောက်သည့် အသံကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
ချာလီ ပစ်ထုတ်လိုက်သော တပ်သားမှာမူ အသည်းငယ်ကာ သတိလစ်မတတ် ကြောက်လန့်သွားခဲ့၏။ ၎င်းသည် တင်စားထားခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ဖြစ်သည်။
ကျားကို မြင်လိုက်ရသောအခါ ချာလီသည် သူ၏လူများကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးသွားတော့သည်။ သူ ပစ်ထုတ်လိုက်သော တပ်သားအတွက်မူ စိတ်မကောင်းပါချေ။ သူ့ထံ၌ စွန့်ပစ်ပြီးသား အရာကို ပြန်ကောက်လေ့ရှိသော အကျင့်မရှိပေ။
တပ်သားက ဘာမှမပြောသည်ကို မြင်သောအခါ ရှောင်ပိုင်က အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။ ရှောင်ပိုင် ချဉ်းကပ်လာသည်ကို မြင်ရုံနှင့် တပ်သားသည် မျက်လုံးများလန်ကာ သတိလစ်သွားတော့သည်။
ရှောင်ပိုင်သည် မျှော်လင့်ချက်ကင်းမဲ့စွာ နှာမှုတ်လိုက်ပြီး သင်္ဘောပေါ်သို့ ဖြည်းဖြည်းချင်း ပြန်လျှောက်သွားလိုက်တော့လေသည်။
သင်္ဘောပေါ်ရှိ ကင်းစောင့်များက ထိုလူကို ဖမ်းဆီးကာ မဟာမိတ်အဖွဲ့သို့ ပြန်ပို့လိုက်ကြ၏။ ကျန်းယွင်ထျန်း သည် ထိုတပ်သားကို ချက်ချင်းပင် စစ်ဆေးမေးမြန်းတော့သည်။
တပ်သားသည် ကျန်းယွင်ထျန်း၏ နှိပ်စက်မှုများကို မခံနိုင်ဘဲ သူသိသမျှ အကုန်လုံးကို အမြန်ပင် ပြောပြလိုက်ရ၏။ စစ်ဆေးမှုပြီးနောက် ကျန်းယွင်ထျန်းသည် ရှောင်စယီကို ချက်ချင်း သွားရှာလိုက်လေသည်။
“ကျွန်းပိုင်ရှင်... ဒီနေ့ တိုက်သစ်ပေါ်မှာ ချာလီရဲ့ လူတစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။”
ကျန်းယွင်ထျန်းက အကျဉ်းချုပ် တင်ပြလိုက်သည်။
“ဘယ်နေရာမှာလဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ငါတို့ သင်္ဘောနားမှာပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေသည်။
“စစ်ဆေးချက်တွေအရ ချာလီက ရှောင်ပိုင်ကို သတိထားနေပုံရတယ်။ အဲ့ဒါကြောင့် သင်္ဘောကို တိုက်ရဲတဲ့ပုံမရဘူး။”
“ဟမ့်...သူ သေချာပေါက် သတိထားရမှာပေါ့။ ဗန်ပိုင်းယားတွေမှာ အထူးစွမ်းရည်တွေ ရှိပေမဲ့ သူက SS အဆင့်ပဲ ရှိသေးတာ။ သူ ရှောင်ပိုင်ကို တိုက်ချင်တယ်ဆိုရင် SSS အဆင့်ရောက်မှ အခွင့်အရေးရှိလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ချာလီက ငါတို့ သင်္ဘောနဲ့ အရမ်းနီးနေပြီဆိုတော့ ငါတို့ဘက်က စပြီး တိုက်ခိုက်သင့်သလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“သူ ထွက်ပြေးသွားလောက်ပါပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“သူက သူ့လူကိုတောင် ပစ်ထုတ်ခဲ့တာပဲလေ။ ရှောင်ပိုင်ကို မြင်လိုက်ရင် သူ ယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ ပိုသိသွားမှာပဲ။ သူ ထွက်သွားလောက်ပြီ။”
“ဒါဆိုရင် ချာလီက သူ မယှဉ်နိုင်ဘူးလို့ ထင်ပြီး ဒီတိုက်ကနေ တိုက်ရိုက် ထွက်မသွားနိုင်ဘူးလား။”
ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီတိုက်ပေါ်က ရတနာသေတ္တာတွေကိုတော့ သူ လက်လွှတ်မှာ မဟုတ်ဘူး။ ခဏတော့ ဆက်နေဦးမှာပဲ။ သူက ရှောင်ပိုင်တို့ကို မနိုင်ပေမဲ့ ငါတို့လို အပြင်လူတွေကို ရင်ဆိုင်ဖို့တော့ ယုံကြည်ချက် အပြည့်ရှိနေမှာပဲ။”
ရှောင်းယီက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် နတ်သူငယ်တွေ သင်တန်းဆင်းတာကို စောင့်ပြီး ချာလီကို အတူတူ ဝိုင်းပြီး နှိမ်နင်းကြမလား။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း ဗန်ပိုင်းယားတွေက ထွက်ပြေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ အဲ့ဒါကြောင့် အချိန်ကျရင် သူ့ကို ပိတ်ဆို့ထားဖို့ လိုလိမ့်မယ်။”
“ကောင်းပြီ စိတ်မပူပါနဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီး ဗီလာထဲမှ ထွက်ခွာသွားတော့သည်။
ရှောင်းယီသည် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“မင်း ဒီတိုက်သစ်ကြီးကနေ အရမ်းမြန်မြန် မထွက်သွားဖို့ ငါမျှော်လင့်တယ်။ မင်းအတွက် ဒီမှာ အကြီးမားဆုံးစပရိုက်တစ်ခု ငါပြင်ဆင်ထားတယ်။”
တိုက်သစ်ကြီး၏ အတွင်းပိုင်းသို့ ဦးတည်သွားနေသော ချာလီသည် ရုတ်တရက် နှာချေလိုက်ရသည်။
“ဘယ်သူက ငါ့အကြောင်း ဒီလောက်တောင် တွေးနေပါလိမ့်။”
***