တာအိုကျမ်းကျမ်းစာများကို ဖတ်ရှုခြင်းက မိမိ၏အစွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း အတည်ပြုပြီးနောက် ရှောင်းယီသည် ထိုစာအုပ်များကို ပိုမိုအလေးအနက်ထား၍ ဖတ်ရှုတော့၏။
သူသည် နေ့လယ်စာနှင့် ညစာကိုပင် စားပွဲတွင်သာ စားရင်း ၁၅ နာရီဆက်တိုက် ဖတ်ရှုခဲ့ရာ နောက်ဆုံးတွင် စာအုပ်အားလုံးကို ဖတ်ပြီး မှတ်မိသွားခဲ့သည်။ နောင်တွင် ထိုအသိပညာများကို ဖြည်းဖြည်းချင်း ကြေညက်အောင်လုပ်ရန်သာ လိုတော့သည်။
ယခုအခါ ည ၁၁ နာရီ ၄၀ မိနစ် ရှိနေပြီဖြစ်သည်။ ရှောင်းယီသည် နောက်ဆုံးစာအုပ်ကို ပိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။
“ဒီထဲမှာ မန္တန်တွေ၊ ဗေဒင်ဟောတာတွေ၊ ဆေးလုံးဖော်စပ်တာတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေတောင် ပါတာပဲ။ တကယ်ကို စုံတယ်။”
ဤစာအုပ်များကို ဖတ်ပြီးနောက် ရှောင်းယီသည် ယခင်ကထက် ပိုကောင်းသော ရူးသွပ်ဆေးလုံးကိုပင် အလွယ်တကူ ဖော်စပ်နိုင်စွမ်း ရှိလာပြီဖြစ်သည်။
“အခွင့်အရေးရရင် စွန်းယောင်ဆီသွားပြီး ဆေးဖော်ရမယ်။”
ရှောင်းယီက တွေးလိုက်သည်။
အမှန်တော့ ရှောင်းယီကိုယ်တိုင်အတွက်မူ ဤဆေးလုံးမျိုး မလိုအပ်တော့ပေ။ ရူးသွပ်ဆေးသည် လူတစ်ဦး၏အဆင့်ကို SSS အဆင့်အထိသာ မြှင့်တင်ပေးနိုင်ပြီး သူကိုယ်တိုင်မှာ SSS အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤဆေးကို သောက်ပါက အကျိုးထက် အပြစ်က ပိုများနိုင်ပေသည်။
သို့သော် မဟာမိတ်အဖွဲ့ဝင် အခြားသူများအတွက်မူ လိုအပ်နေဆဲပင်။ အခွင့်အရေးရလျှင် သူ အချို့ကို ဖော်စပ်ပေးမည်ဖြစ်သည်။
သူသည် တစ်နေ့လုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်အလက်များကို သတိမထားမိခဲ့သဖြင့် ယခုမှပင် အေးအေးဆေးဆေး ကြည့်နိုင်တော့သည်။
“ဒီနေ့က ၁၃ ပတ်မြောက်ရဲ့ နောက်ဆုံးနေ့ပဲ။ သတိပေးချက်တွေ တက်လာဦးမလားမသိဘူး။”
“သတိပေးချက်လား။ သတိပေးချက် မတက်တာ ဘယ်လောက်တောင် ကြာပြီလဲ။”
“ဟုတ်တယ်။ ဒါတွေ ဘယ်တော့ပြီးမလဲတောင် မသိဘူး။ ဒါနဲ့ ငါ ဒီနေ့ ဆိုင်ကယ်ပုံစံခွက်တစ်ခု ရခဲ့တယ်။ တကယ် ကံကောင်းတာပဲ။”
“ငါကတော့ ရေနွေးငွေ့တာဘိုင်သင်္ဘော ပုံစံခွက် ရထားတယ်။ လက်ရှိသင်္ဘောတွေထက် ပိုကြီးပြီး ပိုမြန်ပုံပဲ။ ဒါပေမဲ့ ရီရန်ပင်းသူဌေးရဲ့ သံချပ်ကာစစ်သင်္ဘောကိုတော့ မမီပါဘူးလေ။”
“မင်းတို့ရတာတွေကမှ အသုံးဝင်သေးတယ်။ ငါ့ကိုကြည့်ပါဦး။ လျှို့ဝှက်ဆန်းကြယ်တဲ့ စက်မဲဘလေယာဉ်တစ်စီး ရလာခဲြတယ်တဲ့။ ဒါက ဘာလုပ်ဖို့လဲ။ ငါက လေဟုန်စီးရတာကို စိတ်မဝင်စားဘူးကွ။”
“ဟုတ်တယ်...ရဟတ်ယာဉ်ဆိုရင်တောင် တော်သေးတယ်။ စက်မဲ့လေယာဉ်ကတော့ တကယ် အသုံးမဝင်ဘူး။”
“ကျုပ်ကတော့ ဘာမှမလိုချင်တော့ဘူး။ နောက်ထပ် စမ်းသပ်မှုက ဘာလဲဆိုတာပဲ သိချင်တယ်။ စမ်းသပ်မှုတွေ မြန်မြန်ပြီးပြီး ငါတို့ကို အိမ်ပြန်လွှတ်ပေးလိုက်ပါတော့။”
“မင်း တကယ်ပဲ ပြန်လို့ရမယ် ထင်နေတာလား။”
“ပြန်လို့မရတော့ဘူး။ ပြန်လို့ရရင်တောင် ငါတို့ထဲက နည်းနည်းပဲ ကျန်တော့တာ။ ပြန်သွားလည်း ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။”
“ဟုတ်တယ်။ ဒီမှာပဲ နေလိုက်တာ ပိုကောင်းပါတယ်။”
လူတိုင်း၏ စိတ်ထဲတွင် ဝမ်းနည်းမှုများ လှိုင်းထလာခဲ့သည်။ မူလက ရှားနိုင်ငံမှ လူဦးရေ ၁.၅ ဘီလီယံ ရှိခဲ့သော်လည်း ယခုအခါ ၂ သိန်းခန့်သာ ကျန်တော့လေသည်။
အားလုံး ညည်းတွားနေကြစဉ် အချိန်သည် သန်းခေါင်ယံသို့ ဖြည်းဖြည်းချင်း ကူးပြောင်းသွားခဲ့သည်။ မည်သည့်သတိပေးချက်မျှ လာတော့မည်မဟုတ်ဟု လူတိုင်း ထင်မှတ်နေချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ထဲက ဒီလောက်အများကြီး အသက်ရှင်ကျန်နေတာ ငါ့ကို တကယ် အံ့သြစေတယ်။”
“လူနှစ်ယောက်တောင် SSS အဆင့်ကို ရောက်နေပြီလား။ ဒါ တကယ်ကို မရိုးရှင်းဘူးပဲ။”
“တစ်ယောက်ယောက်က SSS အဆင့် ရောက်နေပြီဆိုတော့ မင်းတို့အားလုံး ‘ကမ္ဘာ့စစ်မြေပြင်’ ထဲကို ဝင်ရောက်ဖို့ အချိန်တန်ပြီ။ ကံကောင်းကြပါစေ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံ ပျောက်ကွယ်သွားသော်လည်း လူတိုင်းမှာ မှင်သက်ကာ ရပ်နေမိကြ၏။ ခဏအကြာတွင်မှ ဆွေးနွေးမှုများ အကြီးအကျယ် ဖြစ်ပေါ်လာတော့လေသည်။
“ဒါက ဘာအခြေအနေလဲ။ ခုနက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က စကားပြောလိုက်တာလား။”
“ဟုတ်တယ်။ သူ့လေသံအရဆိုရင် ငါတို့ ဒီလောက်အများကြီး အသက်ရှင်နေတာကို သူက မလိုလားတဲ့ပုံပဲ။”
“လူနှစ်ယောက် SSS အဆင့် ရောက်တယ်ဆိုတာ... အဲဒါ ကမ္ဘာဦး သားရဲကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မဟာမိတ်အဖွဲ့ နှစ်ခုပဲ ဖြစ်ရမယ်။ ကွက်တိပဲ။”
“ကမ္ဘာ့စစ်မြေပြင်ထဲ ဝင်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လူနှစ်ယောက်ပဲ SSS အဆင့်ကို ရောက်သေးတာ။ ကျန်တဲ့သူတွေက အဆင့်တောင် မတက်ရသေးဘူး။ ငါတို့ကို ဘယ်လိုလုပ် စစ်မြေပြင်ထဲ ဆွဲခေါ်သွားရတာလဲ။”
“စစ်မြေပြင်ထဲ ဘယ်လိုဝင်ရမှာလဲ။ ငါတို့ကို တည်နေရာကူးပြောင်းပြီး ခေါ်သွားမှာလား။”
“မလုပ်နဲ့ဦးနောက်။ ငါ အဆင်သင့်မဖြစ်သေးဘူးဟ။ နောက်မှ ခေါ်ကြပါ။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ဆွေးနွေးချက်များကို မျက်မှောင်ကျုံ့ကာကြည့်ရင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
“သတိပေးချက် - မဟာမိတ်ကျွန်းစုအား တည်နေရာကူးပြောင်းနေပါသည်...”
“မဟာမိတ်အဖွဲ့တစ်ခုလုံးကို စစ်မြေပြင်ဆီ ရွှေ့ပြောင်းနေတာလား။”
ရှောင်းယီ၏ မျက်လုံးများ ပြူးသွားခဲ့သည်။
ဤအချိန်တွင် ဂရုချတ်ထဲရှိ လူများသည်လည်း သူတို့၏ ကျွန်းစုများ၌ ထူးဆန်းမှုများကို သတိပြုမိလာခဲ့ကြသည်။
“မြန်မြန်... အပြင်ထွက်ကြည့်ကြ။ ငါတို့ကျွန်းကို အမည်းရောင် မြူခိုးတွေ ဖုံးလွှမ်းနေပြီ။”
“မဖြစ်ဘူး။ ငါတို့ကျွန်းပေါ်ကို ရန်သူတွေ ချပေးတော့မှာလား။”
“ဒါ တကယ် ကြောက်စရာကောင်းလွန်းတယ်။”
ထိုအခါ ရှောင်းယီက ချက်ချင်းပင် ဝင်ပြောလိုက်သည်။
“အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ ကျုပ်တို့ကျွန်းတွေကို တည်နေရာကူးပြောင်းနေတာပါ။ ကျုပ်တို့ မဟာမိတ်အဖွဲ့တစ်ခုလုံးကို စစ်မြေပြင်လို့ ခေါ်တဲ့နေရာဆီ ရွှေ့နေတာဖြစ်ဖို့ များတယ်။ အဲ့ဒါကြောင့် လူတိုင်းပဲ မိမိကျွန်းပေါ်က အဖွဲ့တွေကို အချိန်မရွေး တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားခိုင်းပါ။”
“မဟာမိတ်ကျွန်းစု တစ်ခုလုံးကို တည်နေရာကူးပြောင်းနေတာလား။ ဒါ တကယ်ကို ကြီးကျယ်တဲ့ လုပ်ရပ်ပဲ။”
“ငါတို့ သန်းပေါင်းများစွာကို ဒီကမ္ဘာထဲ ခေါ်လာတာမျိုးတောင် လုပ်နိုင်သေးတာပဲ။ ငါတို့ရဲ့ အေးချမ်းတဲ့ ဘဝလေးတော့ ပြီးဆုံးသွားပြီ ထင်တယ်။”
“မင်းက အေးချမ်းတဲ့ဘဝကို လိုချင်နေသေးတာလား။ အသက်ရှင်နေရတာကိုပဲ ကျေးဇူးတင်ရဦးမယ်။”
“ဒီတစ်ခါ ရင်ဆိုင်ရမယ့် ရန်သူတွေက ဘယ်အဆင့်တွေ ဖြစ်မလဲဆိုတာပဲ မသိတာ။”
“သူတို့အဆင့်တွေ သိပ်မမြင့်ဖို့ပဲ မျှော်လင့်ရတာပဲ။”
“ကျုပ်ကတော့ သူဌေးက ကျုပ်တို့ကို ပိုပြီး အဆင့်မြင့်လက်နက်တွေ ရောင်းပေးဖို့ပဲ မျှော်လင့်တယ်။”
“ကျုပ်ဆီမှာရှိတဲ့ အဆင့်မြင့်လက်နက် အားလုံးကို ထုတ်ပေးထားပြီးပြီ။ ဒါကြောင့် လူတိုင်း ရှိတဲ့လက်နက်တွေနဲ့ပဲ အသက်ရှင်အောင် ကြိုးစားကြရမယ်။”
ရှောင်းယီက အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။
ဂရုချက်ထဲတွင် ပြောပြီးနောက် ရှောင်းယီသည် ဤသတင်းစကားကို ဖုန်းထဲရှိ ဂရုအားလုံးသို့ ပို့လိုက်၏။ ဖုန်းရှိသူတိုင်း ဤသတင်းကို ရရှိသွားခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ။ အေးအေးဆေးဆေး နေရတာ ခဏလေးပဲရှိသေးတယ်လေ။ အခု စစ်မြေပြင်ကို ထပ်သွားရပြန်ပြီလား။”
ဒူခန်းက ဂရုထဲတွင် ညည်းတွားလိုက်လေသည်။
ကျန်းယွင်ထျန်းကမူ လက်တွေ့သမားပီပီ တိုက်ရိုက်ပြန်ဖြေလာခဲ့သည်။
“ငါ အခုချက်ချင်း မဟာမိတ်အဖွဲ့ရဲ့ ခံစစ်အလုပ်တွေကို အားဖြည့်လိုက်မယ်။”
“အားလုံး သိပ်ပြီး စိုးရိမ်မနေကြပါနဲ့။ ဒါက အထက်ကလူတွေ ပေးတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်တဲ့အတွက် အောင်မြင်နိုင်တဲ့ နည်းလမ်းတော့ ရှိမှာပါ။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် အိပ်ရာထဲတွင် လှဲကာ အနားယူလိုက်သည်။
ထိုစဉ် သန်းခေါင်ကျော်သွားပြီဖြစ်ကြောင်း သတိရသဖြင့် ရှောင်းယီလက်မှတ်ထိုးဝင်လိုက်၏။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - SS အဆင့် ခြောက်လုံးပြူးသေနတ် ပုံစံခွက် ၁။”
“မဆိုးပါဘူး။ နောက်ထပ် လက်နက်တစ်ခု ရလာပြန်ပြီ။ စနစ်ကလည်း ငါတို့ စစ်မြေပြင်သွားရတော့မယ်ဆိုတာ သိနေတဲ့ပုံပဲ။”
ရှောင်းယီက ထိုသို့တွေးရင်း မျက်လုံးမှိတ်လိုက်တော့လေသည်။
နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရှောင်းယီ နိုးလာခဲ့သည်။ သူသည် ဝရံတာသို့ထွက်ကာ နှစ်နာရီခန့် ငေးငိုင်နေပြီးနောက် အောက်ထပ်သို့ဆင်းကာ မနက်စာ စားလိုက်သည်။
“ကျွန်းပိုင်ရှင် ကျွန်မတို့ရဲ့ အခု လက်ရှိတည်နေရာက ရေသူမျိုးနွယ်စုနဲ့ တော်တော်နီးနေတဲ့ ပုံပဲ။”
ဆုဝမ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ မြေပုံကို လေ့လာရင်း ပြောလိုက်သည်။
မဟာမိတ်အဖွဲ့တစ်ခုလုံးကို ရွှေ့ပြောင်းလိုက်သောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ မြေပုံမှာလည်း ပြောင်းလဲသွားခဲ့သည်။
ရှောင်းယီ လျှောက်သွားကြည့်ရာ ယခင်က မြေပုံပေါ်တွင် မြင်နေရသော တိုက်သစ်ကြီးမှာ ယခုအခါ မြေပုံ၏ ထောင့်တစ်နေရာသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရ၏။ သူတို့သည် လက်ရှိတွင် ရေသူမျိုးနွယ်စုနှင့် ကီလိုမီတာ ၆၀၀၀ ခန့်အကွာတွင် တည်ရှိနေခဲ့သည်။
သူတို့ပတ်ဝန်းကျင်ရှိ မစူးစမ်းရသေးသော နေရာများအားလုံးမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အခြားအချက်အလက်များကို လုံးဝ မမြင်ရပေ။
“ဒါက ငါတို့ မဟာမိတ်အဖွဲ့ကို အရင်းမြစ်ပင်လယ်ထဲ ရွှေ့လိုက်တာပဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
ရေသူမမင်းသမီး လင်းရှားသည် သူတို့ရှိနေသော ပင်လယ်ကို အရင်းမြစ်ပင်လယ်ဟု ခေါ်ခဲ့ဖူး၏။ ဤနေရာသာ ဖြစ်ရပေမည်။
ဆုဝမ်သည် မျက်နှာပြင်ကို ယီထျန်းဂရုချတ်သို့ ပြောင်းလိုက်ရာ ထိုနေရာတွင် ဆွေးနွေးမှုများ အကြီးအကျယ် ဖြစ်ပွားနေခဲ့သည်။
“သေစမ်း... ငါတို့ ဘယ်လိုလုပ် ဒီလောက်ဝေးတဲ့နေရာကို ရောက်လာရတာလဲ။”
“ဟုတ်တယ်။ အရင်နေရာနဲ့ ကီလိုမီတာ တစ်သိန်းကျော်လောက် ဝေးသွားသလိုပဲ။”
“ဒီကမ္ဘာဂြိုဟ်က ဘယ်လောက်တောင် ကြီးတာလဲ။”
“ဘယ်လောက်ပဲ ကြီးကြီး အဲ့ဒါက ငါတို့ စိုးရိမ်ရမယ့်ကိစ္စ မဟုတ်ဘူး။ အခု ပြဿနာက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပြောတဲ့ စစ်မြေပြင်က ဘယ်မှာလဲ။ ရန်သူတွေကော ဘယ်မှာလဲ။”
“ကျုပ်ဘက်မှာတော့ တော်တော်လေးအေးဆေးပဲပါ။ ဘာရန်သူမှ မမြင်ရဘူး။”
“ငါလည်း အတူတူပဲ။”
“ကမ္ဘာ့စည်းမျဉ်းတွေ အမှားလုပ်မိသွားတာလားတော့ မဟုတ်ဘူးမလား။”
***