ဘေးနားရှိ တောအုပ်ထဲမှ သွေးပျက်ဖွယ်ရာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံကြောင့် နတ်သူငယ်မျိုးနွယ်စုနှင့် သမန်းဝံပုလွေမျိုးနွယ်စုဝင်များပင် တုန်လှုပ်သွားကြသည်။
ဘင်နီက ရှောင်းယီအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်၏။
“ကျွန်းပိုင်ရှင်... နည်းပြက ဘာလုပ်နေတာလဲ။”
“ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးနေတာလေ။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“မင်း ဒါကို မသင်ရသေးဘူးပဲ။ ပြန်ရောက်လို့ မင်းစိတ်ဝင်စားတယ်ဆိုရင် အစ်ကိုကျန်းကို သင်ပေးခိုင်းလိုက်မယ်။”
ဘင်နီ ပုခုံးလေးတွန့်သွား၏။
“ဒါကို မဖြစ်မနေ သင်ရမှာလား။”
“ဒါပေါ့။ တကယ်လို့ တစ်ယောက်ယောက်က မင်းဆီကနေ အတင်းအဓမ္မ ဝန်ခံချက်တောင်းဖို့ ကြိုးစားလာရင် ဘယ်လိုမျိုး ကြံ့ကြံ့ခံရမလဲဆိုတာ မင်းသိသွားတာပေါ့။”
ရှောင်းယီက ပျော်ပျော်ပါးပါး ပြောလိုက်သည်။
ဘင်နီသည် တစ်ကိုယ်လုံး ကျုံ့ဝင်သွားကာ ဘေးသို့ ခပ်ကွာကွာ ဖယ်လိုက်တော့လေသည်။
ဆာရာက ထိုအခြင်းအရာကို သတိပြုမိသွားပြီး အနားသို့ တိုးလာခဲ့၏။
“နည်းပြ ဘာလုပ်နေလဲဆိုတာ သိပြီသွားလား။”
“အင်း။ ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးနေတာတဲ့။”
ဘင်နီက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က ကျုပ်တို့ကိုလည်း သင်ပေးမယ်လို့ပြောတယ်။”
ဆာရာက နောက်သို့ တွန့်သွားခဲ့၏။
“အရမ်းရက်စက်လွန်းတာပဲ။ ဒါကို သမန်းဝံပုလွေမျိုးနွယ်စုကိုပဲ လွှဲထားလိုက်ပါ။ ကျွန်မတို့ နတ်သူငယ်တွေက ဒါကို မကြည့်ရက်ဘူး။”
“ကျွန်တော်တို့လည်း မကြည့်ရက်ဘူးလေ။”
ဘီနီက တုန်တုန်ရီရီဖြင့် ပြောလိုက်၏။
သူတို့ စကားပြောနေစဉ်မှာပင် ကျန်းယွင်ထျန်းက ချုံပုတ်ထဲမှ ထွက်လာခဲ့သည်။
“ရပြီ။ သွားကြစို့။”
“ထွက်ခွာမယ်။”
ရှောင်းယီက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
“ဟိုလူတွေကိုရော ဘယ်လိုလုပ်မှာလဲ။”
ဘင်နီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ထားခဲ့လိုက်တော့။ သူတို့က ပျက်စီးသွားပြီ။ ခေါ်သွားလို့လည်း ဘာမှ အသုံးမဝင်တော့ဘူး။”
ကျန်းယွင်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်။ ဘင်နီတစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရလေသည်။
‘ပျက်စီးသွားပြီ’ ဆိုတာက ဘာကို ဆိုလိုတာလဲ။
သူ ကြည့်ချင်စိတ် ပြင်းပြနေသော်လည်း အောင့်ထားလိုက်ပြီး ရှောင်ယီ၏ ယာဉ်တန်းနောက်မှနေ၍ ချာလီ၏ တည်နေရာကူးပြောင်းခြင်းအမှတ်ရှိရာသို့ လိုက်ပါသွားခဲ့သည်။
“ရှေ့တင်ပဲ။”
ကျန်းယွင်ထျန်းက သူတို့ကို ရပ်ရန် အချက်ပြလိုက်၏။ ထို့နောက် လူတိုင်း ယာဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။
“အဓိက ဦးစားပေးက သူတို့ သတင်းပြန်ပို့လို့ မရစေနဲ့။ မဟုတ်ရင် ချာလီက ဒီကို တည်နေရာကူးပြီး ရောက်လာမှာ မဟုတ်ဘူး။”
“ဒါပေမဲ့ ငါတို့ တိုက်ခိုက်လိုက်တာနဲ့ သူတို့ သတိထားမိသွားမှာပဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့လိုက်သည်။
“ငါ့ကို ကြည့်နေ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူသည် ဗြောင်ကျကျပင် လျှောက်ထွက်သွားလိုက်သည်။
သင်္ဘောပေါ်မှ ကင်းစောင့်များကို လှမ်းကြည့်ရာ သူတို့သည် ဒေသခံစစ်သည် နှစ်ဦးဖြစ်သည်ကို တွေ့လိုက်ရပြီး အသက်ရှင်ကျန်ရစ်သူများ မဟုတ်ပေ။
ထို့ကြောင့် သူတို့ သူ့ကို မှတ်မိလိမ့်မည်မဟုတ်ဟု ရှောင်းယီ လောင်းကြေးထပ်လိုက်သည်။
အသက်ရှင်ကျန်ရစ်သူများကြားတွင် သူသည် လူသိများသော်လည်း ဒေသခံစစ်သည်များမှာမူ အနည်းငယ်သာလျှင် ရှောင်းယီ၏ မျက်နှာကို မြင်ဖူးကြပေသည်။
သူ ငါးမီတာအကွာအထိ ရောက်လာသည့်တိုင်အောင် တည်နေရာကူးပြောင်းခြင်းအမှတ်ရှိရာ သင်္ဘောပေါ်မှ ကင်းစောင့်များက သတိမထားမိကြသေးပေ။
“ရပ်လိုက်စမ်း။ ဘယ်သူလဲ။”
ကင်းစောင့်က အော်ဟစ်လိုက်သည်။ ရှောင်းယီ၏ လောင်းကြေး အောင်မြင်သွားပြီဖြစ်သည်။
ထိုအခါ ရှောင်းယီက သူ၏လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်၏။
“ကျုပ် မြို့စားကြီးနဲ့ တွေ့စရာ ရှိလို့ပါ။”
သူက ချာလီကို ‘မြို့စားကြီး’ ဟု ခေါ်လိုက်ခြင်းက ကင်းစောင့်များ၏ သံသယကို လျော့ကျသွားစေခဲ့လေသည်။
သွေးစုပ်ဖုတ်ကောင်များကို ရန်လိုသူ မည်သူမဆို ထိုဘွဲ့နာမည်ကို သုံးမည်မဟုတ်ဘဲ ‘သွေးစုပ်ဖုတ်ကောင်’ ဟုသာ ခေါ်ကြမည် မဟုတ်ပါလော။
“ဘာကိစ္စလဲ။”
ကင်းစောင့်က ဆက်မေးလိုက်သည်။
“အရမ်း အရေးကြီးတဲ့ ကိစ္စကြီးတစ်ခုပါ။”
ရှောင်းယီက ပြုံးပြလိုက်သည်။
“မင်းတို့က သူ့ကိုယ်စား ဆုံးဖြတ်ပေးနိုင်လို့လား။”
ကင်းစောင့်များက ခေါင်းခါလိုက်သည်။
“မင်းကို တာဝန်ခံဆီ ခေါ်သွားပေးမယ်။”
“ကောင်းပြီ။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ကင်းစောင့်သည် သူ၏ ရိုင်ဖယ်ဖြင့် ရှောင်းယီကို ချိန်ထားပြီး သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
အကာအကွယ်နောက်မှ စောင့်ကြည့်နေသော ကျန်းယွင်ထျန်း၏ အဖွဲ့က “အောင်မြင်သွားပြီ” ဟု တိုးတိုးလေး ပြောလိုက်ကြ၏။ ထိုအခါ ဆာရာက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ လူတော်တော်များများက ကျွန်းပိုင်ရှင်ကို သိကြတယ်လေ။ ဘာလို့ သူတို့က သူ့ကို သင်္ဘောပေါ်အထိ ခေါ်သွားတာလဲ။”
“ဟီးဟီး ဒီကင်းစောင့်တွေက ဒေသခွလူမျိုးတွေလေ။”
ကျန်းယွင်ထျန်းက ရယ်မောကာ ပြောလိုက်သည်။
“အသက်ရှင်ကျန်ရစ်သူတွေဆိုရင်ဆော့ သူ့ကို မှတ်မိလိမ့်မယ်။ ဒါပေမဲ့ ဒေသခံတွေကတော့... ကျွန်းပိုင်ရှင် ခန့်မှန်းတာ မှန်သွားတာပဲ။”
သင်္ဘောအောက်ထပ်သို့ ခေါ်ဆောင်သွားသောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
“မင်းက ဒီဂိတ်ရဲ့ အကြီးအကဲလား။”
“ဟုတ်တယ်”
ထိုအခါ ထိုလူက မသိစိတ်ဖြင့် ပြန်ဖြေလိုက်သည်။
“မင်းက ဘယ်သူ...”
ထိုအခိုက်တွင် ထထိုလူသည် ရှောင်းယှကို မှတ်မိသွားပြီး “မင်းက ရှောင်းယီပဲ။” ဟု အော်ဟစ်ကာ ကျောက်တိုင်မှတစ်ဆင့် သတိပေးချက်ပို့ရန် ကြိုးစားလိုက်တော့သည်။
သို့သော် ဤမျှ အလွန်အမင်း နီးကပ်နေသော အကွာအဝေးတွင် သူ အခွင့်အရေး မရလိုက်ပေ။
ကင်းစောင့်များသည် အရိပ်တစ်ခု လှုပ်ရှားသွားခြင်းကိုသာ မြင်လိုက်ကြရ၏။ ရှောင်းယီသည် နေရာမှပျောက်ကွယ်သွားပြီးနောက် ခန္ဓာကိုယ်တစ်ခုက သူတို့ဆီသို့ လွင့်စင်ပျံလာခဲ့တော့လေသည်။
သူတို့ တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် ထိုပုံရိပ်သည် သူတို့ကို ဝင်တိုက်ပစ်လိုက်ပြီး လဲကျသွားစေခဲ့လေသည်။
ထို့နောက် ရှောင်းယီသည် ကျောက်တိုင်ရှေ့တွင် ပြန်လည် ပေါ်လာခဲ့ပြီး ပြောလိုက်သည်။
“ငါက တော်တော် နာမည်ကြီးနေပုံပဲ။ မင်းတောင် ငါ့ကို သိနေတယ်။”
သူ့ကန်ချက်ကြောင့် သွေးအန်နေသော ထိုလူက သူ့ကို စိုက်ကြည့်လာခဲ့သည်။
“ဟမ့်... မြို့စားကြီးက မင်းကို အပူတပြင်း ရှာနေတာ။ ကြည့်စမ်း မင်းကတော့ ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းလျှောက်ဝင်လာခဲ့တာပဲ။”
“တကယ်တော့ ငါလည်း သူ့ကို ရှာနေတာပါ။”
ရှောင်းယီက ပုခုံးတွန့်ပြလိုက်သည်။
ထိုတာဝန်ခံသည် သူ၏အရှိန်ကြောင့် မှင်တက်နေသော ကင်းစောင့်များကြားမှ ရုန်းထွက်လာကာ မေးလိုက်သည်။
“မြို့စားကြီးကို ဒီကိုလာဖို့ ငါ အကြောင်းကြားပေးရမလား။”
“မလိုပါဘူး။ ငါ ဒီမှာပဲ သူ့ကို စောင့်နေလိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုအချိန်မှာပင် ကျန်းယွင်ထျန်း၏ အဖွဲ့သည် အကာအကွယ်များနောက်မှ ထွက်လာခဲ့ကြပြီး အပြင်ကင်းစောင့်များကို ရှင်းလင်းပစ်လိုက်ကြတော့သည်။
“ကျွန်းပိုင်ရှင် အားလုံးကို ထိန်းချုပ်ပြီးပါပြီ။ အခု စောင့်နေရုံပဲလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ဘုရင်မ ဆာရာနဲ့ ဘင်နီတို့ ဒီမှာနေခဲ့လိုက်။ ကျန်တဲ့လူတွေကတော့ ဒီတိုက်ကြီးကို ပတ်ပြီး ရှာဖွေကြချည်။ ချာလီရဲ့ အဖွဲ့တွေကို တွေ့ရင် အကုန်လုံးကို ရှင်းပစ်လိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ထို့နောက် ကျန်းယွင်ထျန်းက ကျန်သူများကို ခေါ်ပြီး ထွက်ခွာသွားတော့သည်။
တာဝန်ခံက လှောင်ပြုံးပြုံးလိုက်၏။
“မင်းက မြို့စားကြီးရဲ့ လူတွေကို သတ်ရဲတယ်ပေါ့။ မင်းတော့ သေပြီပဲ။”
“နားငြီးတယ်။”
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်သည်။ ထိုအခါ ဘင်နီသည် ရှေ့သို့တိုးကာ ထိုလူကို လက်သီးဖြင့်ထိုးပြီး သတိမေ့သွားအောင် လုပ်လိုက်တော့လေသည်။
“ကျွန်းပိုင်ရှင် ချာလီ လာပါ့မလားလို့ ကျွန်မ သံသယဖြစ်မိတယ်။”
ဆာရာက ရုတ်တရက် ပြောလိုက်သည်။
“ဘာလို့လဲ။” ရှေ
“ကျွန်မတို့ သိထားသလောက် သွေးစုပ်ဖုတ်ကောင်တိုင်းက အရမ်း ပါးနပ်ကြတယ်။ သူတို့က ဘာမှမသေချာဘဲ ဒီကို ဇွတ်ကြီး ကူးပြောင်းလာမှာ မဟုတ်ဘူး။”
“ငါ သိပါတယ်။ အဲ့ဒါကြောင့်လည်း ငါ လောင်းကြေးထပ်နေတာပေါ့။ သူ ပေါ့လျော့သွားဖို့ မျှော်လင့်တယ်။ မနေ့ကမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သတိပေးချက်တက်ထားတာမဟုတ်လား။ ငါတို့က မဟာမိတ်အဖွဲ့ထဲကနေ ချက်ချင်းထွက်ပြီး ဒီတိုက်ကြီးအသစ်မှာ သူ့ကို လာစောင့်နေလိမ့်မယ်လို့ သူ လုံးဝထင်မှာမဟုတ်ဘူး။”
ရှောင်းယီက ပြုံးလိုက်သည်။ ဆာရာသည် သူမ၏မျက်လုံးလေးများဖြင့် မျက်တောင်ခတ်လျက် ခေါင်းငြိမ့်လိုက်လေသည်။
သူမသည်လည်း ထိုသတိပေးချက်ကို မြင်ခဲ့ရ၏။ သူမတွင်လည်း လက်ကိုင်ဖုန်း ရှိသည်မဟုတ်ပါလား။
မဟာမိတ်အဖွဲ့ တစ်ခုလုံးကို သက်ရောက်မည့် ကိစ္စမျိုးရှိနေချိန်တွင် ခေါင်းဆောင်ဖြစ်သူက အိမ်မှာသာ ရှိနေသင့်ပေသည်။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ရှောင်းယီက တိုက်သစ်ကြီးသို့ လာရောက် တိုက်ခိုက်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
“အချိန်အခါကောင်း၊ နေရာကောင်းမှာ လူအင်အားလည်း ကောင်းကောင်းရှိတယ်။ အခု ချာလီ ငါးစာဟပ်၊မဟပ်ပဲ စောင်ြကြည့်ရတော့မယ်။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်ရင်း ကျောက်တိုင်ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။
မဟာမိတ်အဖွဲ့သို့ ပြန်ရောက်သောအခါ ချာလီသည် စစ်မြေပြင်ကို မတွေ့ရဘဲ ကျွန်းကြီး ရွှေ့ပြောင်းသွားသည်ကိုသာ တွေ့လိုက်ရလေသည်။
“ထူးခြားတာတစ်ခုခု ဖြစ်လာခဲ့ရင် တိုက်သစ်ကြီးကို လာပြီး ငါ့ကို အကြောင်းကြားလိုက်။”
သူက အမိန့်ပေးလိုက်သည်။
“အခုချိန်က ယီရန်ပင်းရဲ့ တည်နေရာကူးပြောင်းခြင်းအမှတ်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။”
သူက တိုးတိုးလေးရေရွတ်ရင်း သူ၏ မြို့ပြန်ကျောက်ကို အသုံးပြုလိုက်တော့သည်။
***