ရှောင်းယီသည် အတွင်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားလိုက်၏။ သူ ရေသူမျိုးနွယ်စု၏ ရေအောက်နယ်မြေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့စဉ်က ဤနေရာသည် ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုသာ ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က သူတို့သည် အရှေ့ပင်လယ်နဂါးနန်းတော်၏ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသော ပုစွန်စစ်သည်များနှင့် ဂဏန်းစစ်သူကြီးများ၏ နှိပ်စက်မှုကို ခံခဲ့ရပြီး မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရပေသည်။
အကယ်၍ ထိုစဉ်က လင်းရှားသာ ရှောင်းယီကို ရှာမတွေ့ခဲ့ဘဲ အကူအညီမတောင်းခဲ့ပါက သူတို့၏ ဘိုးဘေးနယ်မြေသည် ထိုပုစွန်နှင့် ဂဏန်းစစ်သည်များ၏ လက်အောက်သို့ ကျရောက်သွားလောက်ပြီ ဖြစ်သည်။
အရှေ့ပင်လယ်နဂါးနန်းတော်၏ အလယ်ဗဟိုသည် အမှန်တကယ်တွင် အာကာသယာဉ်တစ်စင်း ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့သလို ထိုအပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေလိမ့်မည်ဟုလည်း ပို၍ပင် မထင်မှတ်ထားခဲ့ကြပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေခြင်းကြောင့် ကျွန်းပေါ်တွင်ကဲ့သို့ပင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော သတ္တဝါဆန်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာနေခြင်း ဖြစ်သည်။
ယခုမူ ဤနေရာမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တောက်ပသော ပုလဲလုံးများနှင့် မီးအိမ်ငါးများသည် နေရာအနှံ့တွင် ရှိနေပြီး မှောင်မည်းနေသော ပင်လယ်ကြမ်းပြင်ကို အလင်းရောင် အပြည့်အဝ ပေးနေခဲ့လေသည်။
သန္တာကျောက်များဖြင့် ပြုလုပ်ထားသော အဆောက်အဦးများစွာသည်လည်း စီစီရီရီ ရှိနေပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေခဲ့သည်။
ရှောင်းယီသည် အစောင့်ညွှန်ပြသော အမြင့်ဆုံး အဆောက်အဦးဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။
ဝင်ပေါက်ရှိ အစောင့်သည် ရှောင်းယီကို မြင်သည်နှင့် တပြိုင်နက် လက်အုပ်ချီကာ နှုတ်ဆက်ကာ “ကျွန်းပိုင်ရှင်” ဟု ခေါ်ဆိုလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့ မျိုးနွယ်စုခေါင်းဆောင် ရှိလား။”
“ရှိပါတယ်။ တည့်တည့်ပဲ ဝင်သွားလိုက်ပါ။”
ယခုအခါ ရေသူမျိုးနွယ်စု တစ်ခုလုံးသည် ရှောင်းယီကို အလွန်အမင်း ရိုသေနေကြ၏။ ရှောင်းယီသာ ကူညီခြင်း မပြုခဲ့ပါက သူတို့၏ မျိုးနွယ်စုမှာ အမှန်တကယ်ပင် ကွယ်ပျောက်သွားတော့မည် ဖြစ်ကြောင်း သူတို့ သိကြပေသည်။
ထို့အပြင် ရှောင်းယီသည် သူတို့၏ မျိုးတုံးမည့် အန္တရာယ်ကို ကူညီဖြေရှင်းပေးခဲ့ရုံသာမက လုံလောက်သော အဆင့်မြင့် အစားအစာများကိုလည်း ထောက်ပံ့ပေးခဲ့သည်။
ယခုအခါ ရေသူမျိုးနွယ်စု၏ လူငယ်များသည် အဆင့်များမှာ လျင်မြန်စွာ တိုးတက်လာနေပြီး ယခင်ကကဲ့သို့ အားနည်းခြင်း မရှိတော့ပေ။
အကယ်၍ လက်ရှိ ရေသူမျိုးနွယ်စုသာ ထိုပုစွန်စစ်သည်များနှင့် ဂဏန်းစစ်သူကြီးများကို ထပ်မံရင်ဆိုင်ရပါက ဘိုးဘေးနယ်မြေထဲသို့ ဆုတ်ခွာစရာမလိုဘဲ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
ရှောင်းယီ တည့်တည့်မတ်မတ် ဝင်သွားလိုက်ရာ လင်းနီကျိသည် အပြင်ဘက်မှ အသံကို ကြားထားပြီးဖြစ်၍ သူ့ကို ကြိုဆိုရန် ထွက်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင်...ဒီနေ့ ဘာလို့ ရောက်လာတာလဲ။”
လင်းနီကျိက ပြုံးကာ မေးလိုက်သည်။
“ခင်ဗျားဆီကနေ နားလည်ထားဖို့ လိုအပ်တဲ့ ကိစ္စအချို့ ရှိလို့ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်၏။ လင်းနီကျိသည် အနည်းငယ် ကြောင်အသွားခဲ့သည်။
“ဟုတ်ကဲ့ပါ။ ကျွန်းပိုင်ရှင် သိချင်တာ ဘာမဆို ကျုက် အကုန်ပြောပြပေးပါ့မယ်။”
ထိုအခါ ရှောင်းယီက ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။
“အရင်းအမြစ်ပင်လယ်ထဲမှာ စစ်ပွဲတွေ ခဏခဏ ဖြစ်လေ့ရှိတဲ့ နေရာမျိုးကို ခင်ဗျားသိလား။”
“စစ်ပွဲတွေ ခဏခဏ ဖြစ်လေ့ရှိတဲ့ နေရာလား။”
လင်းနီကျိက မျက်မှောင်ကျုံ့ကာ စဉ်းစားကြည့်လိုက်၏။ အတန်ကြာသော် သူက မော့ကြည့်ကာ ပြောလာခဲ့သည်။
“ကျုပ်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ မရှိဘူး။ ဒါပေမဲ့ တိုက်ပွဲတွေ အရမ်းပြင်းထန်ခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့ဖူးတယ်လို့တော့ ဝေဝေဝါးဝါး ကြားဖူးတယ်။”
“ဘယ်အချိန်တုန်းကလဲ။”
ရှောင်းယီက အလောတကြီး မေးလိုက်၏။
“ဘာပဲဖြစ်ဖြစ်...အဲဒါက ဟိုးရှေးရှေးတုန်းကပါ။ ဒီကိစ္စကို မျိုးနွယ်စုထဲက အကြီးအကဲတွေကို မေးကြည့်ဖို့ လိုလိမ့်မယ်။”
လင်းနီကျိက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ...အတူတူသွားမေးကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
လင်းနီကျိသည် ရှောင်းယီကို တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ရေသူမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေသို့ ကူးပြောင်းလိုက်ကြသည်။
ရေသူအိုကြီးအချို့သည် ဘိုးဘေးနယ်မြေတွင်သာ နေထိုင်ကြပြီး အပြင်သို့ မထွက်ကြပေ။
လင်းနီကျိသည် ရှောင်းယီကို ဘိုးဘေးနယ်မြေ၏ အတွင်းပိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် ဆံပင်ဖြူများနှင့် အဘွားအိုတစ်ဦးသည် ကြီးမားသော ခရုခွံကြီးတစ်ခုထဲတွင် စောင်းလျက် လဲလျောင်းနေပြီး မျက်လုံးများကို မှေးစင်းထားကာ အိပ်ပျော်နေပုံရသည်။
“ထိုက်ယွီ...။”
လင်းနီကျိက တိုးတိုးလေး ခေါ်လိုက်သည်။
“နီကျိ ဘာကိစ္စရှိလို့လဲ။”
အဘွားအိုသည် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်ကာ လင်းနီကျိကို တစ်ချက်ကြည့်ပြီး အက်ရှရှအသံဖြင့် မေးလိုက်၏။
“ထိုက်ယွီ ကျုပ်တို့ အရင်းအမြစ်ပင်လယ်ထဲမှာ စစ်ပွဲတွေ ခဏခဏ ဖြစ်တတ်တဲ့ နေရာမျိုး ရှိလားဆိုတာကို ကျွန်းပိုင်ရှင်က သိချင်လို့ပါ။”
လင်းနီကျိက ရိုသေစွာ လျှောက်တင်လိုက်သည်။
“ခဏခဏ ဖြစ်တတ်တဲ့ စစ်ပွဲတွေလား။”
အဘွားအိုက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေသကဲ့သို့ ရေရွတ်လိုက်သည်။
“ငါ အရမ်းငယ်ရွယ်တဲ့အချိန်တုန်းက သွေးချောင်းစီးတဲ့ တိုက်ပွဲပေါင်းစုံကို မြင်ခဲ့ဖူးတယ်။ ငါတို့ရဲ့ ပြိုင်ဘက်တွေကတော့ မသေနိုင်တဲ့ အရိုးစုတွေပဲ။ အဲဒီတိုက်ပွဲတုန်းကလည်း အခုတိုက်ပွဲလိုမျိုးပဲ။ ငါတို့ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ စစ်ပွဲက ရုတ်တရက် ရပ်မသွားခင်အထိ ငါတို့ ကြံ့ကြံ့ခံနိုင်ခဲ့တယ်လေ။”
သူမ ဤသို့ပြောလိုက်ချိန်တွင် အဘွားအို၏ အသံမှာ တဖြည်းဖြည်း သေးငယ်သွားပြီး ခြင်သံကဲ့သို့ တိုးညင်းသွားကာ မကြားရတော့ပေ။ ထို့နောက် သူမ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
လင်းနီကျိက လက်ဝေ့ယမ်းကာ ရှောင်းယီကို အပြင်သို့ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။
သူတို့နှစ်ဦးစလုံး အသံမထွက်စေဘဲ ဂရုတစိုက် ထွက်လာခဲ့ကြ၏။
“ထိုက်ယွီက အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်တော့ဘူး။”
လင်းနီကျိက ရှင်းပြလိုက်သည်။
“ယွီ ဆိုတာက သူ့နာမည်ပဲ။ ထိုက်ဆိုတာကတော့ ကျုပ်တို့ ရိုသေလေးစားတဲ့ အနေနဲ့ ခေါ်ကြတဲ့ ဘွဲ့ထူးပါပဲ။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ...။ သူက နောက်ဆုံးတိုက်ပွဲအကြောင်း သိနေတယ်ဆိုတော့ အရင်းအမြစ်ပင်လယ်ဘက်မှာ စစ်ပွဲတစ်ခု တကယ်ဖြစ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ခင်ဗျားမသိဘူးဆိုတာက အဲဒါက အတော်လေး ကြာခဲ့ပြီဖြစ်သလို အချိန်အတော်ကြာအောင် ငြိမ်းချမ်းနေခဲ့တယ်လို့လည်း ဆိုလိုတယ်။”
“ဖြစ်နိုင်ပါတယ်။ ကျုပ် ရေသူမျိုးနွယ်စုကို တာဝန်ယူကတည်းက ဘာတိုက်ပွဲမှ မရှိခဲ့ဘူး။ အရှေ့ပင်လယ်နဂါးနန်းတော် ဖြစ်ရပ်က ကျုပ်တို့ ပထမဆုံးအကြိမ် ရင်ဆိုင်ရတဲ့ ပြင်းထန်တဲ့ တိုက်ပွဲပဲ။ အဲဒီမှာတင် ကျုပ်တို့ မျိုးတုံးမတတ် ဖြစ်သွားခဲ့တာ။”
“ထိုက်ယွီကလည်း ခင်ဗျားတို့ရဲ့ ပြိုင်ဘက်တွေက အရိုးစုတွေလို့ ပြောသွားခဲ့သေးတယ်။”
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ယီထျန်းဂရုထဲမှ တစ်စုံတစ်ယောက်သည်လည်း အလားတူ မသေမျိုး သတ္တဝါများနှင့် တွေ့ကြုံခဲ့ရဖူးပုံပင်။
လင်းနီကျိက ပြုံးလိုက်သည်။
“ထိုက်ယွီက အချိန်အတော်ကြာသွားလို့ အမှတ်မှားနေတာများလား။”
ရှောင်းယီက ခေါင်းခါလိုက်၏။ သူလည်း မသိချေ။ သို့သော် အသက်ရှင်ကျန်ရစ်သူများ တွေ့ကြုံခဲ့ရဖူးသည်ဆိုလျှင် ၎င်းတို့ အမှန်တကယ် တည်ရှိနေနိုင်သည်။
အမှန်တကယ်တွင် ထိုက်ယွီ၏ နောက်ဆုံးစကားကလည်း အလွန်ထူးဆန်းနေခဲ့သည်။ စစ်ပွဲက ‘ရုတ်တရက် ရပ်သွားသည်’ ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။
ရန်သူက ရုတ်တရက် ဆုတ်ခွာသွားတာလား။ ဒါမှမဟုတ် ကမ္ဘာ့စည်းမျဉ်းတွေက နှစ်ဖက်စလုံးကို တိုက်ရိုက် ခွဲထုတ်လိုက်တာလား။ ဒါမှမဟုတ် တစ်ဖက်ဖက်က အပြတ်အသတ် အောင်ပွဲရသွားတာလား။
မည်သည့်အခြေအနေမျိုးဖြစ်စေကာမူ စစ်ပွဲ၏ အဆုံးသတ်သည် အသက်ရှင်ကျန်ရစ်သူများ ဤကမ္ဘာမှ ထွက်ခွာသွားချိန် ဖြစ်လိမ့်မည်ဟု ရှောင်းယီ ခန့်မှန်းမိလိုက်၏။
“ကျွန်းပိုင်ရှင် ကျုပ်တို့လည်း အဲ့ဒီရန်သူတွေကို ရင်ဆိုင်ရတော့မှာမို့လို့ အခုလို မေးနေတာလား။”
လင်းနီကျိက အကဲခတ်ကာ မေးလိုက်သည်။
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ပြန်၍ခေါင်းခါပြကာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
“ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ အများကြီးပဲ။”
“နားလည်ပါပြီ။ ကျုပ်တို့ ရေသူမျိုးနွယ်စုရဲ့ စစ်သည်တွေလည်း လေ့ကျင့်မှုတွေကို ပိုပြီးတိုးမြှင့်ဖို့ လိုအပ်လာပြီထင်တယ်။”
လင်းနီကျိက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“အင်း ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာခဲ့ပြီးနောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားကာ မြို့ပြန်ကျောက်ကို အသုံးပြု၍ မဟာမိတ်အဖွဲ့၏ မြောက်ဘက်ကျွန်းကမ်းခြေသို့ ကူးပြောင်းလိုက်၏။
သူသည် အဝေးမှ အဆုံးမရှိသော ပင်လယ်ပြင်ကို ကြည့်ကာ သဲလွန်စအချို့ကို ရှာဖွေရန် ကြိုးစားနေသော်လည်း အလကားသာ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် စွန်းကုထောင်တစ်ယောက် အပြေးအလွှား ရောက်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင ဘယ်တုန်းက ရောက်တာလဲ။ ဘာလို့ ကျွန်တော့်ကို အကြောင်းမကြားတာလဲ။”
“မင်းကို အကြောင်းကြားရအောင် မင်းက ကြိုဆိုပွဲ အခမ်းအနားတွေ ဘာတွေ လုပ်ပေးချင်လို့လား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“မဟုတ်ပါဘူး။ အရှင်က အခုလို ရုတ်တရက်ကြီး ပေါ်လာတော့ ကျုပ် နည်းနည်း ပျာယာခတ်သွားလို့ပါ။”
စွန်းကုထောင်က နောက်ပြောင်သလို ပြန်ဖြေလိုက်၏။
“မင်းက ပျာယာခတ်သွသေးတာလား။ ဟိုးတုန်းက တားမြစ်ချက်မှာ အပေါက်ကြီးတစ်ပေါက် ဖောက်တုန်းကတောင် မင်း မထိတ်လန့်ခဲ့ဘူးပဲ။ အခုမှ ငါလာတာကို ဘာလို့ ပျာယာခတ်နေတာလဲ။”
ရှောင်းယီက စွန်းကုထောင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“အဲဒီတုန်းက ကျုပ် ငယ်သေးလို့ပါ။”
စွန်းကုထောင်က ပြန်ဖြေသည်။
“အခုမှ ရက်ပေါင်း ကိုးဆယ်ပဲ ရှိသေးတာလေ။ မင်းက ကြီးသွားပြီပေါ့။”
ရှောင်းယီက မေးလိုက်၏။
“ဒီရက်ပေါင်း ကိုးဆယ်က နှစ်ပေါင်းများစွာနဲ့ ညီမျှပါတယ်။ ကျုပ်ရဲ့ နှလုံးသားက အတွေ့အကြုံတွေနဲ့ ရင့်ကျက်နေပါပြီ။ အကယ်၍ ကျုပ်တို့ကို ဝိုင်းပတ်ထားတဲ့ အဲဒီလို တားမြစ်ချက်မျိုးနဲ့ ထပ်တွေ့ခဲ့ရင်တောင် အရင်လို လွယ်လွယ်နဲ့ ဖြိုဖျက်မှာ မဟုတ်တော့ဘူး။”
စွန်းကုထောင်က လူကြီးလူကောင်းဆန်ဆန် ပြောလိုက်၏။
ရှောင်ယီ၏ အပြုံးသည် ရုတ်တရက် မျက်နှာပေါ်တွင် အေးခဲသွားပြီး သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါတို့ကို ဝိုင်စပတ်ထားတဲ့ တားမြစ်ချက်တစ်ခုလား။”
“ဘာဖြစ်လို့လဲ။”
စွန်းကုထောင်မှာ သရုပ်ဆောင်ကောင်းနေဆဲဖြစ်ပြီး ကျွန်းပိုင်ရှင်က ဘာကြောင့် ခေါင်းစဉ်ပြောင်းသွားသည်ကို မသိဖြစ်သွားခဲ့လေသည်။
***