"ဒီပင်လယ်ပြင်ဒေသက အကျယ်အဝန်း မိုင်သန်းရာချီ၊ သန်းထောင်ချီတောင် ရှိတယ်လို့ ငါ ကြားဖူးတယ်..."
"ဒီလောက် ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ဒေသကို ရွှမ်ဟွမ်ဂိုဏ်းက ဘယ်လို အုပ်ချုပ်တာလဲ..."
ဝဝဖိုင့်ဖိုင့် ကျင့်ကြံသူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သင်္ဘောစီးကာ သူ၏ဇာတိမှ ထွက်ခွာလာပြီး ဤပင်လယ်ပြင်ဒေသသို့ ရောက်ရှိရန်အတွက် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသောကြောင့်ပင်။
ပို၍ ဝေးကွာသော ပင်လယ်ပြင်ဒေသများဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်အောင် ခရီးသွားရနိုင်ပေသည်။
"မေးနေစရာ လိုသေးလို့လား... တည်နေရာရွှေ့ပြောင်းအစီအရင်ကို သုံးတာပေါ့..."
"ငါတို့လို ဆင်းရဲတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကသာ... ကိုယ့်ဆီမှာ ဝိညာဉ်ကျောက်တုံး သိပ်မရှိလို့ သင်္ဘောစီးလာရတာ..."
"နည်းနည်း ချမ်းသာတဲ့ ကျင့်ကြံသူတွေဆိုရင် တည်နေရာရွှေ့ပြောင်းအစီအရင်ကို သုံးပြီး ရွှမ်ဟွမ်ကျွန်းကို တိုက်ရိုက် သွားကြတာချည်းပဲ..."
"ငါတို့လို သင်္ဘောစီးပြီး အချိန်ဖြုန်းနေစရာ ဘယ်လိုလိမ့်မလဲကွာ..."
"အင်း… ဒါကလည်း ဘာမှ မတတ်နိုင်ဘူးလေ... ငါတို့လို ဆင်းရဲသားတွေက အချိန်ကို ဝိညာဉ်ကျောက်တုံးနဲ့ လဲလှယ်ရုံပဲ ရှိတော့တာပေါ့..."
တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာ အလွန်ပင် မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်ကြလေသည်။
"ဟုတ်တယ် မဟုတ်လား... ရွှမ်ဟွမ်ကျွန်းမှာ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင်တစ်ခု ရှိတယ်လို့ ကြားတယ်... အဲ့ဒါရဲ့ နေရာပြောင်းရွှေ့နိုင်တဲ့ အကွာအဝေးက အရမ်းဝေးကွာပြီး ချန်လန်ပင်လယ်ပြင်ဒေသ တစ်ခုလုံးကိုတောင် လွှမ်းခြုံနိုင်တယ်တဲ့... အဲ့ဒီ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင်ကတစ်ဆင့် ချန်လန်ပင်လယ်ပြင်ဒေသရဲ့ ဘယ်နေရာကိုမဆို ရောက်နိုင်တယ်..."
"အခြေခံအားဖြင့် ဒီပင်လယ်ပြင်ဒေသမှာရှိတဲ့ စတုတ္ထအဆင့်ကျွန်းတွေ၊ တတိယအဆင့်ကျွန်းတွေ အားလုံးက ရွှမ်ဟွမ်ကျွန်းဆီကို နေရာပြောင်းရွှေ့လို့ ရတယ်... ရွှမ်ဟွမ်ကျွန်းရဲ့ အလယ်အလတ် တည်နေရာရွှေ့ပြောင်းအစီအရင်ကို သုံးပြီး ပင်လယ်ပြင်ဒေသရဲ့ ဘယ်နေရာကိုမဆို နေရာပြောင်းရွှေ့လို့ ရတယ်..."
"ပိုပြီး အားကျစရာကောင်းတာက ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်ဖြစ်လာရင် နေရာပြောင်းရွှေ့တဲ့အခါတိုင်း ကုန်ကျစရိတ်က ငါတို့ရဲ့ ဆယ်ပုံတစ်ပုံပဲတဲ့... ဒါက ရွှမ်ဟွမ်ဂိုဏ်း တပည့်တွေရဲ့ အကျိုးခံစားခွင့်လို့ ပြောလို့ရတယ်..."
တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးက အားကျမနာလိုစွာဖြင့် ပြောလိုက်ပြန်သည်။
သို့သော် ဤသည်မှာလည်း မတတ်သာချေ။ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင်ကို ရွှမ်ဟွမ်ဂိုဏ်းက ထိန်းချုပ်ထားသည်ဖြစ်ရာ မိမိဂိုဏ်း၏ တပည့်များကို အကျိုးခံစားခွင့် အနည်းငယ်ပေးခြင်းမှာလည်း သဘာဝကျသော ကိစ္စရပ်ပင် ဖြစ်သည် မဟုတ်ပါလော။
အမှန်တကယ်တမ်းတွင် ဤဆယ်နှစ်အတွင်း ကျိုးစွေ့သည် ရွှမ်ဟွမ်ကျွန်း၏ တည်နေရာရွှေ့ပြောင်းအစီအရင်ခွဲများကို အဆက်မပြတ် တိုးချဲ့တည်ဆောက်နေခဲ့သည်။
သူ၏ကိုယ်ပွားက တည်နေရာရွှေ့ပြောင်းအစီအရင်ခွဲများကို တည်ဆောက်ပြီး အခြား အစီအရင်ပညာရှင်များကို အဓိကကျွန်းကြီးများဆီသို့ စေလွှတ်ကာ တပ်ဆင်စေခဲ့သည်။
ယခုအချိန်တွင် ယခင် ကုယုံဂိုဏ်း၏ အထွတ်အထိပ်ကာလကဲ့သို့ မစည်ကားသေးသော်လည်း အနည်းဆုံးတော့ ဤပင်လယ်ပြင်ဒေသရှိ ကျွန်းကြီးများအားလုံးမှ ရွှမ်ဟွမ်ကျွန်းသို့ တိုက်ရိုက် နေရာပြောင်းရွှေ့နိုင်နေပြီ ဖြစ်သည်။
ထို့အပြင် ဈေးနှုန်းမှာလည်း အများကြီး သက်သာသွားခဲ့သည်။
ဤသည်မှာ ကျွန်းကြီးများအသီးသီးရှိ ကျင့်ကြံသူများ၏ ဆက်သွယ်ရေးကို လုံးဝ အဆင်ပြေချောမွေ့စေခဲ့ပေသည်။
မိုင်သန်းရာချီ ဝေးကွာနေလျှင်ပင် တည်နေရာရွှေ့ပြောင်းအစီအရင်မှတစ်ဆင့် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်ပြီး လက်တစ်ကမ်းအကွာတွင် ရှိနေသကဲ့သို့ပင် ဖြစ်၏။
တည်နေရာရွှေ့ပြောင်းအစီအရင်သည် ကျင့်ကြံခြင်းကမ္ဘာ၏ အမြန်ရထားဟု ဆိုနိုင်ပေသည်။
ဤကဲ့သို့သော အခြေခံအဆောက်အအုံများ တပ်ဆင်ပြီးစီးသွားသည်နှင့် ဤပင်လယ်ပြင်ဒေသ၏ တိုးတက်မှုမှာ အလွန် သိသာထင်ရှားလှ၏။
ဤဆယ်နှစ်အတွင်း ပင်လယ်ပြင်ဒေသ တစ်ခုလုံးမှာလည်း ပို၍ စည်ကားလာခဲ့ပေသည်။
မရေမတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များကိုလည်း ရွှမ်ဟွမ်ကျွန်းသို့ ပို့ဆောင်ပေးနေသည်။
ဝုန်း…။
ထိုအခိုက်အတန့်တွင် အဝေးရှိ ပင်လယ်ပြင်မှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ ဤပင်လယ်ပြင်ကို ကျရောက်လာတော့သည်။
ကြီးမားသော လိပ်မိစ္ဆာကြီးတစ်ကောင်က ရုတ်တရက် ပေါ်ထွက်လာပြီး ယင်း၏ ခန္ဓာကိုယ်မှာ ပေတစ်ရာကျော် ကြီးမားပေသည်။ လိပ်ခွံပေါ်တွင် သိပ်သည်းရှုပ်ထွေးသော ပုံစံများ ပေါ်လွင်နေပြီး မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပြည့်နှက်နေရာ ကြောက်မက်ဖွယ် ကောင်းလှချေသည်။
"ဒုက္ခပဲ... ဒါ စတုတ္ထအဆင့် ကျောက်လိပ်မိစ္ဆာပဲ..."
မျက်စိတစ်မှိတ်အတွင်း သင်္ဘောပေါ်ရှိ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ မျက်နှာသည် အရောင်ပြောင်းသွားရပြီး သေလူတစ်ယောက်ကဲ့သို့ ဖြစ်သွားကာ ဤလိပ်မိစ္ဆာမှာ နာမည်ကြီး ကျောက်လိပ်မိစ္ဆာ ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤကျောက်လိပ်မိစ္ဆာသည် မကြာသေးမီက ဤပင်လယ်ပြင်တွင် သောင်းကျန်းနေပြီး လူသားများ၏ သင်္ဘောများကို သီးသန့် တိုက်ခိုက်နေသောကြောင့်ပင်။
လူသားကျင့်ကြံသူ အမြောက်အများမှာ ၎င်းလက်ချက်ဖြင့် ရက်စက်စွာ သေဆုံးခဲ့ရသည်။ ယင်း၏ တည်ရှိနေမှုက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်ဟု ဆိုနိုင်ပေသည်။
သို့သော် မိမိ၏ ဤခရီးစဉ်သည် ဤမျှကံဆိုးပြီး စတုတ္ထအဆင့် ကျောက်လိပ်မိစ္ဆာနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ဤသည်မှာ ဧကန်မုချ ပျက်စီးခြင်း ဘေးဒုက္ခကြီးပင် ဖြစ်တော့သည်။
"သွားပြီ... ဒီတစ်ခါတော့ လုံးဝကို ကိစ္စပြတ်ပြီ..."
ရှဲ့ဟွာအန်း၏ မျက်နှာမှာ ဖြူရော်သွားပြီး သေလူတစ်ယောက်ကဲ့သို့ ဖြစ်နေရရှာသည်။
သူသည် အဆင့်နိမ့် ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ရာ စတုတ္ထအဆင့် ကျောက်လိပ်မိစ္ဆာကို မည်သို့ တားဆီးနိုင်မည်နည်း။
တစ်ဖက်သူ၏ ရက်စက်ကြမ်းကြုတ်မှုအရဆိုလျှင် တစ်ချက်တွေ့ဆုံရုံဖြင့် သင်္ဘောတစ်စင်းလုံးရှိ လူသားများအားလုံးကို တစ်လုတ်တည်းဖြင့် မျိုချပစ်မည်မှာ သေချာလှပေသည်။
ထွက်ပြေးလျှင်ပင် အချည်းနှီးသာ ဖြစ်လေ၏။
ဤကဲ့သို့သော စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူ၏ စွမ်းအားမှာ ခဏချင်းအတွင်း မိုင်တစ်ထောင်အထိ လွှမ်းခြုံနိုင်ပေသည်။
မည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း။
သို့သော် ထွက်ပြေးရန် နည်းလမ်းပင် မစဉ်းစားရသေးမီ ကောင်းကင်ထက်တွင် စတုတ္ထအဆင့် ဝိညာဉ်သားရဲသုံးကောင်က ရုတ်တရက် ပေါ်လာခဲ့သည်။
၎င်းတို့မှာ အတောင်လေးဖက်ကျား၊ ရွှေမီးတောက်မိစ္ဆာသိမ်းငှက်နှင့် ရေခဲမီးတောက်ကျားသစ်တို့ ဖြစ်ကြသည်။
၎င်းတို့သည် ဤကျောက်လိပ်မိစ္ဆာ၏ အရှိန်အဝါကို ချက်ချင်း အသေပစ်မှတ်ထားလိုက်ကြတော့သည်။
"မင်းတို့လား... ရွှမ်ဟွမ်ဂိုဏ်းက မိစ္ဆာသားရဲသစ္စာဖောက်တွေလား…"
"လူသားတွေကို အညံ့ခံပြီး လက်အောက်ခံနေတာ... မင်းတို့က ငါတို့မိစ္ဆာသားရဲတွေရဲ့ အရှက်ရစရာတွေပဲ..."
စတုတ္ထအဆင့် ကျောက်လိပ်မိစ္ဆာက အံ့အားသင့်ကာ ဒေါသထွက်သွားရသည်။
၎င်းသည် မူလက ဤအားနည်းသော လူသားများကို စားသောက်ကာ ပါးစပ်အရသာခံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ရွှမ်ဟွမ်ဂိုဏ်းမှ ဝိညာဉ်သားရဲများနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
မိစ္ဆာကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ဤဝိညာဉ်သားရဲများဆိုသည်မှာ မိစ္ဆာသားရဲမျိုးနွယ်စုကို သစ္စာဖောက်သူများ ဖြစ်ပြီး မိစ္ဆာသားရဲတိုင်းက သတ်ဖြတ်ချင်ကြမည့် အမျိုးအစားများ ဖြစ်ပေသည်။
တွေ့ဆုံသည်နှင့် ရက်စက်စွာ သတ်ဖြတ်ပစ်ကြမည် ဖြစ်သည်။ သို့သော် ယခုအခါ ၎င်းသည် အဆုံးအစမဲ့သော ကြောက်ရွံ့မှုကို ခံစားနေရ၏။
အဘယ်ကြောင့်ဆိုသော် ဤစတုတ္ထအဆင့် ဝိညာဉ်သားရဲများ၏ ဝန်းရံခြင်းကို ခံလိုက်ရသဖြင့် ယခုအခါ ၎င်းအတွက် အန္တရာယ်များနေခြင်းကြောင့်ပင်။
"သခင် ပြောတဲ့အတိုင်းပဲ... ဒီကောင်က ရူးနေပြီ..."
"ခေါင်းထဲမှာ သတ်ဖြတ်ဖို့ချည်းပဲ ပြည့်နေသလို… ရင်ထဲမှာလည်း သတ်ဖြတ်လိုစိတ်တွေချည်းပဲ..."
"ဒါပေမဲ့ မင်း စိတ်ချပါ... မကြာခင်မှာ မင်းခန္ဓာကိုယ်ပေါ်က မိစ္ဆာအငွေ့အသက်တွေကို ငါ ဖယ်ရှားပေးပြီး မင်းကို ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲပေးမယ်..."
အတောင်လေးဖက်ကျားက ကြင်နာသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် သတ်ဖြတ်လိုစိတ်မျှ မရှိဘဲ ကိုယ်တော်ကြီးတစ်ပါးကဲ့သို့ မေတ္တာကရုဏာ ကြီးမားလှပြီး သတ္တဝါများကို သနားကြင်နာသော မျက်နှာအမူအရာမှာ ပေါ်လွင်နေချေသည်။
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စတုတ္ထအဆင့် ကျောက်လိပ်မိစ္ဆာမှာ ကြက်သီးထသွားရတော့သည်။
၎င်း၏ မျက်လုံးထဲတွင် ဤဝိညာဉ်သားရဲများမှာ ထိုရွှမ်ဟွမ်ဂိုဏ်းချုပ်၏ ဦးနှောက်ဆေးခြင်းကို ခံထားရပြီး အထူးနည်းလမ်းများဖြင့် ကယ်တင်ခြင်း ခံထားရသူများ ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ဤကဲ့သို့သော ကယ်တင်ခြင်းမှာ စိတ်နေသဘောထားကိုပင် ပြောင်းလဲသွားစေနိုင်သည်။ ကျွန်ဖြစ်ရသည်ထက်ပင် ပို၍ သနားစရာ ကောင်းသေး၏။
ကိုယ်တိုင်က မိစ္ဆာသားရဲအဖြစ် မွေးဖွားလာခဲ့ပြီးမှ လူသားများ၏ ကျွန်အဖြစ် မည်ကဲ့သို့ ခံယူနိုင်မည်နည်း။
"ထွက်သွားစမ်း..."
“မင်းမေကြီးကို မိစ္ဆာအငွေ့အသက်ကို ရှင်းပါ့လား…”
"ငါက မိစ္ဆာသားရဲကွ... ဘာဝိညာဉ်သားရဲမှ မဟုတ်ဘူး..."
စတုတ္ထအဆင့် ကျောက်လိပ်မိစ္ဆာက ဟိန်းဟောက်လိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဤပင်လယ်ပြင်ဒေသမှ ထွက်ပြေးရန် ချက်ချင်းပင် ကြိုးပမ်းလိုက်တော့သည်။
ဘန်း… ဘန်း… ဘန်း…။
သို့သော် ထိုအခိုက်အတန့်တွင် အတောင်လေးဖက်ကျား၊ ရွှေမီးတောက်မိစ္ဆာသိမ်းငှက်နှင့် ရေခဲမီးတောက်ကျားသစ် စသည့် စတုတ္ထအဆင့် ဝိညာဉ်သားရဲသုံးကောင်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကြောက်မက်ဖွယ်ဖိအားများမှာ ပြိုဆင်းလာပြီး ကျောက်လိပ်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေတော့သည်။
ချက်ချင်းပင် ထိုကျောက်လိပ်မိစ္ဆာမှာ ရုန်းကန်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာအပြင်းအထန် ရသွားကာ သွေးများ အန်ထုတ်လိုက်ရသည်။
သို့သော် ဘာမှ မတတ်နိုင်ချေ။ နှစ်ဖက်စလုံး၏ စွမ်းအားကွာဟချက်မှာ ကြီးမားလွန်းလှပေသည်။
"မင်းတို့..."
ကျောက်လိပ်မိစ္ဆာမှာ ရုန်းကန်ချင်သေးသော်လည်း အတောင်လေးဖက်ကျားက ၎င်း၏ဘေးသို့ ချက်ချင်းပင် ရောက်လာတော့သည်။
"စိတ်ချပါ... မင်းခန္ဓာကိုယ်ပေါ်က မိစ္ဆာအငွေ့အသက်တွေ မကြာခင် ရှင်းလင်းသွားမှာပါ..."
"အဲ့ဒီအချိန်ကျရင် မင်းလည်း ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲသွားပြီး ငါတို့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်..."
အတောင်လေးဖက်ကျား၏ ကျားလက်သည်းက အသာအယာ လှုပ်ရှားသွားပြီး ခန္ဓာကိုယ်ပေါ်မှ လက်မအရွယ်အစားရှိ အနက်ရောင် အလင်းလုံးလေး တစ်လုံးကို ထုတ်ယူလိုက်ရာ ယင်းအပေါ်တွင် သိပ်သည်းရှုပ်ထွေးသော အိပ်မက်ဆိုးသင်္ကေတများ စီးဆင်းနေလေသည်။ ဤသည်မှာ အိပ်မက်ဆိုးမျိုးစေ့ပင် ဖြစ်ပေ၏။
‘အိပ်မက်ဝိညာဉ်ကူ’ထံမှ လာသော သွေးမျိုးဆက် စွမ်းရည်တစ်ခုပင် ဖြစ်သည်။
၎င်းသည် အိပ်မက်ဆိုးမျိုးစေ့များကို ဖန်တီးနိုင်ပြီး ဤစတုတ္ထအဆင့် ဝိညာဉ်သားရဲများထံသို့ ပေးအပ်ထားနိုင်ပေသည်။
အခြား စတုတ္ထအဆင့် မိစ္ဆာသားရဲများနှင့် တွေ့ဆုံသည်နှင့် အိပ်မက်ဆိုးမျိုးစေ့၏ စွမ်းအားကို အသုံးပြုကာ တစ်ဖက်လူကို ကျွန်ပြုပြီး ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။
ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုခြင်းဖြင့် ကျိုးစွေ့ကိုယ်တိုင် ဝင်ရောက်လုပ်ဆောင်ရန် လုံးဝ မလိုအပ်တော့ဘဲ ချန်လန်ပင်လယ်ပြင်ဒေသရှိ စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြားမှာ အလစ်တိုက်ခိုက်ခံရပြီး အိပ်မက်ဆိုးမျိုးစေ့များဖြင့် ပေါင်းစပ်ခံရကာ ဝိညာဉ်သားရဲများအဖြစ် ပြောင်းလဲသွားခဲ့ကြခြင်း ဖြစ်ချေသည်။
နောက်တစ်စက္ကန့်တွင် ထိုအိပ်မက်ဆိုးမျိုးစေ့သည် ကျောက်လိပ်မိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားလေ၏။
"အား…”
ချက်ချင်းပင် ကျောက်လိပ်မိစ္ဆာသည် သနားစရာကောင်းအောင် အော်ဟစ်လိုက်ရပြီး၊ ၎င်း၏ ဝိညာဉ်မှာ နှိပ်စက်ခံနေရကြောင်း ခံစားလိုက်ရကာ ထူးဆန်းသော စွမ်းအားတစ်ခုက ဝိညာဉ်ထဲမှ မှတ်ဉာဏ်များကို ပြင်ဆင်နေပြီး လျှို့ဝှက်ဆန်းကြယ်သော မှတ်ဉာဏ်တံမြက်စည်း တစ်ချောင်းက အဆက်မပြတ် ဖျက်ပစ်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။
မူလမှတ်ဉာဏ်များကို ဖျက်ပစ်ပြီး မှတ်ဉာဏ်သစ်များကို ပြန်လည်ရေးသားနေခြင်းပင် ဖြစ်လေ၏။
ဤသည်မှာ ‘အိပ်မက်ဝိညာဉ်ကူ’၏ နတ်ဘုရားစွမ်းရည်ဖြစ်သော ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲခြင်းပင် ဖြစ်ပေသည်။
***