မကြာမီအချိန်အတွင်းမှာပင် ချန်ဇီယွင်တစ်ယောက် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် သတင်းမှာ လေပြင်းမုန်တိုင်းသဖွယ် ပျံ့နှံ့သွားလေတော့၏။
ဤသည်ကို ဖုံးကွယ်ထားရန်လည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ချန်ဇီယွင်သည် ကောင်းကင်မိစ္ဆာကျွန်းတွင် ကပ်ဘေးကို ရင်ဆိုင်ခဲ့ခြင်းဖြစ်ရာ နတ်ဘုရားအသွင်ပြောင်း မိုးကြိုးကပ်ဘေးမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှသဖြင့် အာရုံစိုက်သူတိုင်း သိရှိနိုင်ပေ၏။
အမှန်စင်စစ် သူမသည်လည်း ဖုံးကွယ်ထားရန် အစီအစဉ်မရှိဘဲ တစ်လောကလုံး သိစေရန် ကြေညာလိုပြီး နာမည်ကျော်ကြားလိုခြင်းဖြစ်လေသည်။ ထိုမိန်းမထက် သူမသည် မနိမ့်ကျကြောင်း လောကသားတို့ကို သိစေလိုခြင်းပင် ဖြစ်ပေ၏။
“မဖြစ်နိုင်တာ… ဂိုဏ်းချုပ်ကြီးက တကယ်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်သွားတာလား...”
ကောင်းကင်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူအများအပြားမှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားကြလေသည်။ ချန်ဇီယွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် အကျိုးအမြတ် အများဆုံးရမည့်သူမှာ ကောင်းကင်မိစ္ဆာဂိုဏ်းပင် မဟုတ်ပါလော။
ဤသည်မှာ ကောင်းကင်မိစ္ဆာဂိုဏ်းသည် နတ်ဘုရားအသွင်ပြောင်းဂိုဏ်းတစ်ခု ဖြစ်လာပြီဟု ဆိုလိုခြင်းပင်။
ယခင်က ရွှမ်ဟွမ်ဂိုဏ်းတစ်ခုတည်းသာ နတ်ဘုရားအသွင်ပြောင်းဂိုဏ်း ဖြစ်ခဲ့သော်လည်း ယခုအခါ ချန်လန်ပင်လယ်ဒေသတွင် ဒုတိယမြောက် နတ်ဘုရားအသွင်ပြောင်းပုဂ္ဂိုလ် ပေါ်ထွက်လာပြီဖြစ်၏။
တစ်နည်းအားဖြင့် ဒုတိယမြောက် နတ်ဘုရားအသွင်ပြောင်းဂိုဏ်းလည်း ပေါ်ပေါက်လာခဲ့ချေပြီ။
ယနေ့မှစ၍ ကောင်းကင်မိစ္ဆာဂိုဏ်း၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်တက်လာပေတော့မည်။
“ဟုတ်တယ်… ဒီသတင်းက အစစ်အမှန်ပဲ… ခုနတင် ဂိုဏ်းချုပ်ကြီးဆီက သတင်းစကား ရောက်လာတာ… ဒီကိစ္စကို အတည်ပြုလိုက်ပြီ...”
“မထူးဆန်းတော့ဘူးပဲ… ခုနက တစ်ကျွန်းလုံးကို မိုးကြိုးကပ်ဘေးတွေ ဖုံးလွှမ်းနေတာ ဂိုဏ်းချုပ်ကြီး ကပ်ဘေးရင်ဆိုင်နေတာကိုး...”
“ဒါပေမဲ့ ဘာလို့ အရင်က ဘာသတင်းမှ မထွက်ခဲ့တာလဲ...”
“မင်းကတော့ နုံလိုက်တာကွာ… ဘယ်နှစ်ယောက်လောက်က ဂိုဏ်းချုပ်ကြီးကို စောင့်ကြည့်နေကြလဲ မင်းမသိဘူးလား… သတင်းပေါက်ကြားသွားရင် ဂိုဏ်းချုပ်ကြီးအတွက် အန္တရာယ်ရှိနိုင်လို့ပေါ့...”
“ဟုတ်တာပေါ့… ဂိုဏ်းချုပ်ကြီး အောင်မြင်သွားမှာကို မလိုလားတဲ့သူတွေ အများကြီးပဲ… လမ်းမှန်ဂိုဏ်းတွေတင်မကဘူး တခြားမိစ္ဆာဂိုဏ်းတွေက ကျင့်ကြံသူတွေတောင် မမြင်ချင်ကြဘူးလေ...”
“ဟုတ်လို့လားကွာ… ဘာလို့ မမြင်ချင်ရမှာလဲ…. အားလုံးက မိစ္ဆာလမ်းစဉ်ဝင်တွေပဲလေ… ဂိုဏ်းချုပ်ကြီး နတ်ဘုရားအသွင်ပြောင်းတာ အောင်မြင်သွားတာက ငါတို့ မိစ္ဆာလမ်းစဉ်အင်အားစုတွေအတွက် အကြီးအကျယ် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား...”
“အဟတ်… ငါတို့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက လမ်းမှန်ဂိုဏ်းတွေလို စည်းလုံးညီညွတ်မှုတွေ၊ မေတ္တာတရားတွေကို အရေးစိုက်တာ မဟုတ်ဘူး… ငါတို့က အင်အားကိုပဲ ကြည့်တာ… အားကြီးသူက အားနည်းသူကို အုပ်ချုပ်ရမယ်… ဂိုဏ်းချုပ်ကြီး နတ်ဘုရားအသွင်ပြောင်း ဖြစ်သွားပြီဆိုရင် ပထမဆုံးခြေလှမ်းက မိစ္ဆာလမ်းစဉ်တစ်ခုလုံးကို စုစည်းဖို့ပဲ…
လမ်းမှန်ဂိုဏ်းတွေဆိုရင်တော့ ကိုယ်ကျင့်တရားတွေ ဘာတွေ ငဲ့နေဦးမယ်… တခြားဂိုဏ်းတွေကို လက်ဖျားနဲ့တောင် တို့မှာမဟုတ်ဘူး… ဒါပေမဲ့ ငါတို့ မိစ္ဆာလမ်းစဉ်က အဲဒါတွေကို ဂရုမစိုက်ဘူး… လုပ်မယ်ဆိုရင် ချက်ချင်းပဲ...”
ကောင်းကင်မိစ္ဆာဂိုဏ်းကျင့်ကြံသူများမှာ ပျော်ရွှင်လွန်း၍ ရူးသွပ်မတတ် ဖြစ်နေကြလေသည်။ ၎င်းတို့သည် ငတုံးများ မဟုတ်ကြသဖြင့် ချန်ဇီယွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခြင်းကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်းအတွက် မည်မျှ အကျိုးရှိမည်ကို ကောင်းစွာ သိကြပေသည်။
ယနေ့မှစ၍ ၎င်းတို့သည် မိစ္ဆာလမ်းစဉ်၏ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်လာပြီး မည်သူမျှ ယှဉ်နိုင်မည် မဟုတ်တော့ချေ။ မိစ္ဆာလမ်းစဉ်တစ်ခုလုံးကိုပင် အလွယ်တကူ စည်းလုံးသိမ်းသွင်းနိုင်မည် ဖြစ်၏။ နောက်ပိုင်းတွင် ဟေးရှားနန်းတော်၊ ရွှမ်ယင်ဂိုဏ်းတို့ ဟူ၍ ရှိတော့မည်မဟုတ်ဘဲ ကောင်းကင်မိစ္ဆာဂိုဏ်းတစ်ခုတည်းသာ ရှိပေတော့မည်။
“ဂိုဏ်းချုပ်ကြီးက တကယ်ပဲ မိစ္ဆာဂိုဏ်းကြီးနှစ်ခုကို နှိမ်နင်းတော့မှာလား...”
ကောင်းကင်မိစ္ဆာဂိုဏ်းကျင့်ကြံသူ အများအပြားမှာ မျက်လုံးများ အရောင်တောက်နေကြပြီး အလွန်ပင် စိတ်လှုပ်ရှားနေကြတော့သည်။
“မေးနေဖို့ လိုသေးလို့လား… ဘယ်ခြင်္သေ့က အနီးနားမှာ ဝံပုလွေကို အိပ်စက်ခွင့်ပေးလို့လဲ…”
“တစ်တောင်ထဲမှာ ကျားနှစ်ကောင် မအောင်းနိုင်ဘူးလေ...”
“ငါတို့ မိစ္ဆာလမ်းစဉ်အင်အားစုမှာ ဂိုဏ်းတွေ အများကြီး မလိုဘူး… ကောင်းကင်မိစ္ဆာဂိုဏ်း တစ်ခုတည်းရှိရင် လုံလောက်ပြီ...”
“မှန်တယ်… မိစ္ဆာလမ်းစဉ်ကို စည်းလုံးဖို့ဆိုတာ ငါတို့ဂိုဏ်းရဲ့ ခေတ်အဆက်ဆက် ဂိုဏ်းချုပ်ကြီးတွေရဲ့ ဆန္ဒပဲ… အခုတော့ အောင်မြင်နိုင်တော့မယ်...”
“အခုချိန်မှာ ငါတို့က မိစ္ဆာလမ်းစဉ်ကို မသိမ်းသွင်းချင်ပါဘူးလို့ ပြောရင်တောင် ဟေးရှားနန်းတော်နဲ့ ရွှမ်ယင်ဂိုဏ်းက ယုံမှာ မဟုတ်ဘူး...”
“ဂရုစိုက်နေစရာ မလိုပါဘူးကွာ… ငါတို့ဘက်က အသာစီးရနေတာကို… ဘယ်အချိန် သိမ်းမလဲဆိုတာ ဂိုဏ်းချုပ်ကြီးရဲ့ စကားတစ်ခွန်းပဲ လိုတယ်...”
“တကယ်လို့ အဲဒီလိုဆိုရင် ဟေးရှားနန်းတော်နဲ့ ရွှမ်ယင်ဂိုဏ်းက လူတွေ ထွက်ပြေးကုန်ကြမှာ မဟုတ်လား...”
“ဟားဟား… ရဟန်းက ပြေးလို့ရပေမယ့် ကျောင်းက ပြေးလို့ရမလားကွ… သူတို့ ကျင့်ကြံသူတွေက ပြေးလို့ရပေမယ့် ကျွန်းပေါ်က ဝိညာဉ်ကြောတွေကိုတော့ သယ်သွားလို့ မရဘူးလေ… စတုတ္ထအဆင့် ဝိညာဉ်ကြောတွေ မရှိရင် သူတို့လည်း သွားပြီပေါ့...”
“ဒါလည်း ဟုတ်တာပဲ… စတုတ္ထအဆင့် ဝိညာဉ်ကြောတွေ၊ ကျွန်းတွေနဲ့ အရင်းအမြစ်တွေ မရှိရင် သူတို့က အလကားလူတွေပဲ...”
ကောင်းကင်မိစ္ဆာဂိုဏ်းကျင့်ကြံသူများမှာ မောက်မာဝင့်ကြွားနေကြလေသည်။ ၎င်းတို့အားလုံးမှာ ယခုမှပင် ရင်ကော့နိုင်ပြီဟု ခံစားနေရ၏။ သံသယဖြစ်ဖွယ်မရှိ၊ ယခုမှစ၍ ကောင်းကင်မိစ္ဆာဂိုဏ်းသည် မိစ္ဆာလမ်းစဉ်၏ တစ်ခုတည်းသောဂိုဏ်း ဖြစ်လာပေတော့မည်။
----
ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် မတူသည်မှာ ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်းတို့အတွက်မူ ဤသတင်းမှာ သေမင်းတမန် သတင်းစကားကဲ့သို့ ဖြစ်နေခြင်းပင်။
“တောက်… ဘယ်လိုဖြစ်ပြီး ချန်ဇီယွင်က နတ်ဘုရားအသွင်ပြောင်း အရှင်သခင် ဖြစ်သွားရတာလဲ...”
“ချန်ဇီယွင်က ပါရမီရှိတာ မှန်ပေမဲ့ ဒီလောက်မြန်မြန်ကြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်သွားဖို့ မဖြစ်နိုင်ဘူး...”
“ငါတို့တွေ ဒီအဆင့်မှာ နှစ်ပေါင်းရာနဲ့ချီ ပိတ်မိနေပြီး နောက်ဆုံးခြေလှမ်းကို မလှမ်းရဲခဲ့ကြဘူး...”
“အခုတော့ အဲဒီမိန်းမက ငါတို့ထက် အရင်ဦးသွားပြီ...”
ဟေးရှားနန်းတော်၏ ပင်လယ်ခွင်းမိစ္ဆာဘုရင်မှာ အလွန်ပင် မကျေမနပ် ဖြစ်နေလေသည်။ သူသည် မိမိကိုယ်ကိုယ် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် အလားအလာအရှိဆုံးဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်၏။
သို့သော် မည်သူက ထင်ထားမည်နည်း၊ ချန်ဇီယွင်မှာ မသိမသာဖြင့် နတ်ဘုရားအသွင်ပြောင်းအရှင်သခင် ဖြစ်သွားခဲ့ချေပြီ။
ဤသည်မှာ မမျှော်လင့်ထားသော ကိစ္စပင် ဖြစ်၏။ အစပိုင်းတွင် သူသည် ဤသတင်းမှာ သတင်းမှား ဖြစ်လိမ့်မည်ဟုပင် ထင်မှတ်ခဲ့သေးသည်။
“ချန်ဇီယွင်ဆိုတဲ့ မိန်းမအကြောင်း ငါကောင်းကောင်းသိတယ်… သူက အတ္တကြီးတဲ့သူမျိုးပဲ...”
“အခု သူက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ ဖြစ်သွားပြီဆိုတော့ ငါတို့ကို လွှတ်ထားမှာ မဟုတ်ဘူး...”
“မိစ္ဆာလမ်းစဉ်ကို မုချ သိမ်းသွင်းတော့မှာ...”
“အဲဒီအချိန်ကျရင် ငါတို့က သူ့အတွက် မျက်စိစပါးမွှေးစူးစရာတွေ ဖြစ်လာတော့မှာပဲ...”
ရွှမ်ယင်ဂိုဏ်း၏ စိတ်ခံစားမှုခုနစ်ပါးမိစ္ဆာဘုရင်က သက်ပြင်းချလျက် ပြောလိုက်သည်။ သူသည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အေးအေးဆေးဆေး ကျင့်ကြံသွားနိုင်မည်ဟု ထင်ထားခဲ့သော်လည်း၊ ရုတ်တရက် ချန်ဇီယွင်တစ်ယောက် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်သွားခြင်းက သူ၏ အစီအစဉ်အားလုံးကို ဖျက်ဆီးလိုက်လေသည်။
“ဟဟ… ငါ့ဟေးရှားနန်းတော်ရဲ့ အမွေအနှစ်တွေကို လာလုမယ်ဆိုရင်တော့ အိပ်မက်ပဲ မက်နေလိုက်...”
“ငါ့ဟေးရှားနန်းတော်က လွယ်လွယ်အနိုင်ကျင့်လို့ ရတဲ့အရာ မဟုတ်ဘူး...”
“ချန်ဇီယွင်က နတ်ဘုရားအသွင်ပြောင်းအရှင်သခင် ဖြစ်နေရင်တောင် ငါတို့ ဟေးရှားနန်းတော်ရဲ့ အစီအရင်တွေကို ချိုးဖျက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး...”
ပင်လယ်ခွင်းမိစ္ဆာဘုရင်မှာ အံကြိတ်၍ ပြောလိုက်လေသည်။
“အိပ်မက် မက်မနေစမ်းနဲ့… နတ်ဘုရားအသွင်ပြောင်း အရှင်သခင်ရဲ့ စွမ်းအားက မင်းထင်တာထက် အများကြီး ပိုကြီးတယ်...”
“ငါတို့မှာ အစီအရင်တွေ ရှိနေရင်တောင် နတ်ဘုရားအသွင်ပြောင်း အရှင်သခင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”
“ပြီးတော့ မင်းဂိုဏ်းက တပည့်တွေအားလုံး မင်းအပေါ် သစ္စာရှိကြမယ်လို့ ထင်နေတာလား...”
“ချန်ဇီယွင်က မြှောက်ပင့်ပြီး စကားနည်းနည်း ပြောလိုက်တာနဲ့ အများကြီး လက်နက်ချသွားကြလိမ့်မယ်...”
“ဘယ်သူက မင်းနဲ့အတူ အသေခံမှာလဲ...”
စိတ်ခံစားမှုခုနစ်ပါးမိစ္ဆာဘုရင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။ သူသည် မိစ္ဆာလမ်းစဉ်တစ်ဦးဖြစ်သဖြင့် မိစ္ဆာကျင့်ကြံသူတို့၏ စရိုက်ကို ကောင်းစွာ သိပေသည်။
ဂိုဏ်းနှင့်အတူ အသေခံမည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။
ချန်ဇီယွင်ကသာ လက်နက်ချသူများကို ခွင့်လွှတ်မည်ဟု ကတိပေးလိုက်လျှင် ကျင့်ကြံသူ မည်မျှ လက်နက်ချသွားမည်ကို မည်သူမျှ မသိနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးမှာ မြေခွေးကဲ့သို့ ပါးနပ်သူများ ဖြစ်ကြသည်။ ဤအဆင့်အထိ ခက်ခက်ခဲခဲ ကျင့်ကြံလာရသည်ဖြစ်ရာ မည်သူကမှ နတ်ဘုရားအသွင်ပြောင်း အရှင်သခင်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး အသေခံလိုမည် မဟုတ်ချေ။
အရှင်သခင် ပြောင်းသွားရုံသာ ဖြစ်သဖြင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတို့ကမူ ဂရုစိုက်နေမည် မဟုတ်ပေ။ အကျိုးအမြတ်သာ များမည်ဆိုပါက သူစိမ်းကို အဖေခေါ်ရန်ပင် ဝန်လေးကြမည် မဟုတ်ချေ။
“ဒါဆို အခု ဘာလုပ်ကြမလဲ...”
ပင်လယ်ခွင်းမိစ္ဆာဘုရင်မှာ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်တော့သည်။
“ပြေးကြတာပေါ့ကွာ… ချန်ဇီယွင်နဲ့ ထိပ်တိုက်ရင်ဆိုင်မနေနဲ့… ဘာမှအကျိုးမရှိဘူး...”
“သူက ဒီအမွေအနှစ်တွေကို လိုချင်တယ်ဆိုရင်လည်း ပေးလိုက်တာပေါ့...”
“ကမ္ဘာချင်းပေါင်းစည်းတဲ့ ဖြစ်စဉ်က ကြီးမားတဲ့ ဘေးဒုက္ခတွေကို သယ်ဆောင်လာတာ မှန်ပေမဲ့ တစ်ဖက်မှာလည်း အခွင့်အရေးတွေ ရှိနေတယ်...”
“အခု ချန်လန်ပင်လယ်ဒေသ အနှံ့အပြားမှာ ဝိညာဉ်ကြောတွေ ပြန်နိုးထလာနေပြီ...”
“ပဉ္စမအဆင့် ဝိညာဉ်ကြောတွေတောင် ပြန်ပေါ်လာနေပြီ...”
“ငါလည်း လျှို့ဝှက်တဲ့ ပဉ္စမအဆင့် ဝိညာဉ်ကြောတစ်ခုကို ရှာတွေ့ထားတယ်… အဲဒီ ဝိညာဉ်ကြောကို အသုံးချပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားရမယ်...”
“ငါသာ အောင်မြင်သွားမယ်ဆိုရင် ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်တွေကို ပြန်ယူနိုင်မှာပဲ...”
စိတ်ခံစားမှုခုနစ်ပါးမိစ္ဆာဘုရင်၏ မျက်လုံးများမှာ အေးစက်စက် အလင်းရောင်များ ထွက်ပေါ်လာလေသည်။
မိစ္ဆာလမ်းစဉ်၏ အရှင်သခင်တစ်ဦးအနေဖြင့် သူသည် ရက်စက်ပြတ်သားသူဖြစ်၏။ မဖြစ်နိုင်သည်ကို ဇွတ်တိုးလုပ်ခြင်းမှာ ဖြောင့်မတ်လမ်းစဉ်မှ လူများ၏ အလုပ်သာ ဖြစ်ပေသည်။ သူသည် လတ်တလောတွင် ယာယီအလျှော့ပေးပြီး နောင်မှ ပြန်တိုက်ရန်သာ ရွေးချယ်လိုက်တော့သည်။
ဤအမွေအနှစ်များကို ဆုံးရှုံးရသည်မှာ နှမြောစရာ မဟုတ်ချေ။ နောင်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာလျှင် ပြန်လည်လုယူနိုင်သည် မဟုတ်ပါလော။
***