တစ်ပတ်အကြာတွင်မူ…။
အိမ်တွင်းရေးပဋိပက္ခသည်လည်း အပြီးတိုင် ငြိမ်းအေးသွားခဲ့ပြီဖြစ်၏။
ယဲ့ဖေးရိုနှင့် အခြားသော တာအိုလက်တွဲဖော်များ၏ ရင်ထဲမှ ဒေါသမီးများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ကျိုးစွေ့ကို ခွင့်လွှတ်ပေးလိုက်ကြပြီဟု ဆိုနိုင်ပေသည်။
အမှန်စင်စစ် ကျိုးစွေ့၏ ရိုးသားသော တောင်းပန်မှုများ၊ ချိုသာသော စကားလုံးများနှင့် စိတ်ရင်းမှန်သော ကြိုးစားလုပ်ဆောင်များကြောင့်လည်း သူတို့၏စိတ်နှလုံးများ ကြည်နူးသွားခဲ့ခြင်း ဖြစ်ပေသည်။
ဤအရှက်မရှိသော ယောက်ျားသည် စိတ်ကစားတတ်သည်မှာ အမှန်ပင် ဖြစ်သော်လည်း သူတို့အပေါ်တွင်မူ အလွန်ကောင်းမွန်လှပေသည်။
ထိုမိစ္ဆာဂိုဏ်းမှ အမျိုးသမီးကသာ အလွန်တရာ အရှက်မရှိလွန်းသဖြင့် မိမိတို့၏ယောက်ျားမှာ မတော်တဆ လှည့်စားခြင်း ခံလိုက်ရခြင်းသာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
ဤသင်ခန်းစာကို မှတ်သားထားသရွေ့ နောက်တစ်ကြိမ် ရှိလာတော့မည် မဟုတ်ပေ။
သို့မဟုတ်ပါကလည်း မည်သို့ တတ်နိုင်ပါမည်နည်း။ ကွာရှင်းရန်လည်း မဖြစ်နိုင်သည် မဟုတ်ပါလော။
........
ဂူဗိမ္မာန်တစ်ခုအတွင်း၌…။
ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး မိမိကိုယ်ပေါ်ရှိ 'မိုးကြိုးကပ်ဘေးကူ'၏ စွမ်းအားကို အာရုံခံနေလေသည်။
ချန်ဇီယွင်ထံမှ ရှစ်ဆင့်မြောက် မိုးကြိုးကပ်ဘေးကို ဝါးမြိုလိုက်ခြင်းကြောင့် 'မိုးကြိုးကပ်ဘေးကူ'၏ မူလအနှစ်သာရသည် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ၎င်း၏ကျင့်ကြံမှုသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်၏။
သို့သော် ယခုမူ ဤကြီးမားလှသော မိုးကြိုးစွမ်းအင်များကို ဝါးမြိုပြီးနောက် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။
ဝုန်း…။
ခဏချင်းမှာပင် 'မိုးကြိုးကပ်ဘေးကူ'၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး အတားအဆီးကို ကျော်ဖြတ်သွားလေသည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများ ပေါ်ပေါက်လာပြီး တဖျတ်ဖျတ် မြည်ဟည်းနေ၏။
၎င်း၏ခန္ဓာကိုယ်အတွင်း၌ မိုးကြိုးဟင်းလင်းပြင်တစ်ခု ဖြစ်တည်လာပြီး မရေမတွက်နိုင်သော မိုးကြိုးများကို ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ သိမ်းဆည်းလိုက်သည့်အလား ရှိနေလေသည်။
ခရမ်းရောင် မိုးကြိုးအမှတ်အသားများ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသည်။ ၎င်းသည် မိုးကြိုးများ၏ အရှင်သခင်အလား မိုးကြိုးစွမ်းအားအားလုံးကို ထိန်းချုပ်ထားနိုင်လေသည်။
ပဉ္စမအဆင့် အောက်ခြေအဆင့်…။
ဤအချိန်တွင် ကျိုးစွေ့သည် 'မိုးကြိုးကပ်ဘေးကူ'၏ အဆင့်မှာ ကြီးမားစွာ တိုးတက်သွားပြီး စတုတ္ထအဆင့် အထွတ်အထိပ်အဆင့်မှ ပဉ္စမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားသည်ကို အာရုံခံမိလိုက်သည်။
ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်သွားသည့်အလား ပြောင်းလဲသွားသည်ဟု ဆိုနိုင်ပေသည်။ ၎င်း၏စွမ်းအားနှင့် အရှိန်အဝါသည် အဆပေါင်း ဆယ်ဂဏန်းမက တိုးတက်လာခဲ့ပြီ ဖြစ်၏။ ဝိညာဉ်သန္ဓေသားအဆင့်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားခြင်းနှင့် အလားတူပေသည်။
“ပဉ္စမအဆင့် 'မိုးကြိုးကပ်ဘေးကူ'က မိုးကြိုးနယ်ပယ်ကို ဖန်တီးနိုင်ပြီပဲ...”
“တစ်နည်းပြောရရင်… ဒါက မိုးကြိုးစက်ကွင်းပေါ့...”
ကျိုးစွေ့၏ မျက်လုံးများတွင် အရောင်များ တောက်ပသွားသည်။ သူသည် 'မိုးကြိုးကပ်ဘေးကူ'၏ စွမ်းအားကို အသုံးပြုလိုက်သည်နှင့် မိုးကြိုးစက်ကွင်းတစ်ခုမှာ ချက်ချင်း ထွက်ပေါ်လာပြီး ကီလိုမီတာသောင်းနှင့်ချီသော ဧရိယာကို ကြန့်ကြာခြင်းမရှိ ဖုံးလွှမ်းသွားသည်ကို တွေ့ရှိလိုက်ရသည်။
ဤစက်ကွင်းအတွင်းရှိ ရန်သူမှန်သမျှ မိုးကြိုးများ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်၏။ ထို့အပြင် ရန်သူ၏ အရှိန်အဝါကိုလည်း ပစ်မှတ်ထားနိုင်ပြီး မလွဲမသွေ ထိမှန်စေမည် ဖြစ်သည်။
ထိုမျှပင်မက၊ ၎င်းသည် မိုးကြိုးကပ်ဘေး၏ စွမ်းအားဖြစ်သောကြောင့် ရန်သူအနေဖြင့် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ မိုးကြိုးတစ်ချက်တည်းနှင့်ပင် ချက်ချင်း သေဆုံးသွားနိုင်ပေသည်။ အရိုးပင် မကျန်အောင် ပြာကျပျက်စီးသွားမည် ဖြစ်၏။
“'မိုးကြိုးကပ်ဘေးကူ'ရဲ့ ခန္ဓာကိုယ်ထဲမှာ မိုးကြိုးဟင်းလင်းပြင်တစ်ခု ပွင့်သွားပုံရတယ်...”
ကျိုးစွေ့ အံ့အားသင့်သွားမိသည်။ 'မိုးကြိုးကပ်ဘေးကူ'၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော မိုးကြိုးဟင်းလင်းပြင်တစ်ခု ပေါ်ပေါက်လာပြီး၊ ထိုနေရာတွင် ကောင်းကင်နှင့် မြေကြီးကြားမှ မိုးကြိုးများ ကိန်းအောင်းနေသည်ကို သူ အာရုံခံမိလိုက်သည်။
သေချာသည်မှာ 'မိုးကြိုးကပ်ဘေးကူ' ဝါးမြိုလိုက်သော မိုးကြိုးများသည် ဤထူးခြားသော ဟင်းလင်းပြင်အတွင်း၌ သိုလှောင်ထားခြင်း ဖြစ်ပေသည်။ လိုအပ်လာပါက ၎င်းတို့ကို ထုတ်လွှတ်ပြီး ရန်သူကို သုတ်သင်နိုင်မည် ဖြစ်၏။
မှန်ပေသည်၊ ၎င်းသည် အချိန်မရွေး ကောင်းကင်နှင့် မြေကြီး၏ နက်ရှိုင်းသောနေရာများမှ မိုးကြိုးများကိုလည်း ဝါးမြိုနိုင်လေသည်။ သို့သော် ဝါးမြိုသည့်အရှိန်မှာ အလွန်နှေးကွေးသဖြင့် ကျင့်ကြံသူများ၏ကပ်ဘေးမှ မိုးကြိုးများကို တိုက်ရိုက်ဝါးမြိုခြင်းကိုမူ မမီပေ။
သို့သော်ငြား နှစ်ရှည်လများ စုဆောင်းလာခဲ့ပါက ရရှိလာမည့် မိုးကြိုးစွမ်းအင်မှာ အလွန်ပင် ကြီးမားပေလိမ့်မည်။ ကပ်ဘေးကျရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေရန် မလိုတော့ပေ။
နောက်တစ်စက္ကန့်တွင် ကြီးမားသော သတင်းအချက်အလက်များက သူ၏ သိစိတ်ပင်လယ်အတွင်းသို့ ချက်ချင်း စီးဝင်လာတော့သည်။ ဤသည်မှာ 'မိုးကြိုးကပ်ဘေးကူ'၏ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည် သတင်းအချက်အလက်များ ဖြစ်၏။
ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီးနောက် 'မိုးကြိုးကပ်ဘေးကူ'သည်လည်း သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။
“သွေးမျိုးဆက် နတ်ဘုရားစွမ်းရည် - 'ကောင်းကင်အမျက်တော် မိုးကြိုးသံ'...”
ခဏချင်းမှာပင် ကျိုးစွေ့သည် ဤသွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ကို တတ်မြောက်သွားလေသည်။ အသက်ရှူရသကဲ့သို့ပင် မွေးရာပါ တတ်မြောက်သွားခြင်း ဖြစ်၏။
ဤသည်မှာ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်၏အစွမ်းထက်ပုံပင် ဖြစ်သည်။ ခြေလက်များကဲ့သို့ပင် မွေးရာပါ အသုံးပြုတတ်နေခြင်း ဖြစ်ပေသည်။ အခြားသော နတ်ဘုရားစွမ်းရည်များကဲ့သို့ လေ့လာသင်ယူရန်၊ ကြိုးစားအားထုတ်နေရန် မလိုတော့ပေ။
“ဒီသွေးမျိုးဆက် နတ်ဘုရားစွမ်းရည်က 'မိုးကြိုးကပ်ဘေးကူ'ကနေ ဆင်းသက်လာတာပဲ...”
“ဒါကို အသုံးပြုလိုက်တာနဲ့ ကောင်းကင်ဘုံက အမျက်ထွက်ပြီး ဟိန်းဟောက်လိုက်သလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ အသံလှိုင်းစွမ်းအားတွေ ထွက်ပေါ်လာလိမ့်မယ်...”
“ဒီစွမ်းအားက သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲက အနက်ရှိုင်းဆုံးသော ဆဲလ်တွေကို တုန်ခါစေနိုင်ပြီး သက်ရှိတွေရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ပေးနိုင်စွမ်းရှိတယ်...”
“တစ်ချိန်တည်းမှာပဲ သက်ရှိတွေရဲ့ အသက်ဝိညာဉ်ကို နှောင့်ယှက်နိုင်ပြီး ဝိညာဉ်ကိုပါ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေနိုင်တယ်...”
“ဒါကို အတုမဲ့မိုးကြိုးဥပဒေသနဲ့ အသံလှိုင်းဆိုင်ရာ နတ်ဘုရားစွမ်းရည်လို့တောင် ခေါ်ဆိုနိုင်တယ်...”
“ဒါတင်မကသေးဘူး… ဒီနတ်ဘုရားစွမ်းရည်က ခန္ဓာကိုယ်ကို တုန်ခါစေနိုင်ပြီး သန့်စင်ပေးနိုင်လို့… ရုပ်ခန္ဓာကို အဆက်မပြတ် အဆင့်တိုးစေနိုင်တယ်...”
“ရန်သူကို သတ်ဖြတ်ရာမှာပဲဖြစ်ဖြစ်… ခန္ဓာကိုယ်ကို သန့်စင်ရာမှာပဲဖြစ်ဖြစ်… ကျင့်ကြံခြင်းကို အထောက်အကူပြုရာမှာပဲဖြစ်ဖြစ်… အများကြီးကို အသုံးဝင်တယ်…”
ကျိုးစွေ့မှာ အံ့အားသင့်၍ မဆုံးနိုင်ဖြစ်နေရသည်။
ပဥ္စမအဆင့် 'မိုးကြိုးကပ်ဘေးကူ'မှ ရရှိသည့် သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်သည် မည်မျှပင် အစွမ်းထက်ကြောင်း သူ ခံစားသိရှိနေပေသည်။ ဤနတ်ဘုရားစွမ်းရည်သည် သူ့အတွက် ကြီးမားသော တိုက်ပွဲစွမ်းရည်ကို ဆောင်ကြဉ်းပေးလိုက်ခြင်းပင် ဖြစ်၏။
ထိုအချိန်ကျလျှင် သူသည် လက်ဖြင့် တိုက်ခိုက်နေရန်ပင် မလိုတော့ဘဲ ပြင်းထန်သော ဟိန်းဟောက်သံတစ်ချက်ဖြင့်ပင် ရန်သူအပေါင်းကို တုန်ခါသေဆုံးသွားစေနိုင်မည် ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့သော အသံလှိုင်းနတ်ဘုရားစွမ်းရည်သည် မိစ္ဆာများ၊ နတ်ဆိုးများနှင့် ဝိညာဉ်ခန္ဓာများအပေါ်တွင်လည်း အလွန်ပြင်းထန်သော နှိမ်နင်းနိုင်စွမ်းရှိပေသည်။
အကယ်၍ ဝိညာဉ်စွမ်းအား အားနည်းသော မိစ္ဆာဝိညာဉ်ဖြစ်ပါက ဟိန်းဟောက်သံတစ်ချက်ကြားရုံဖြင့် ဝိညာဉ်လွင့်စင်ကာ ဖုန်မှုန့်ဘဝသို့ ပြောင်းလဲသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဤသည်မှာ ဧရိယာအကျယ်အဝန်းလိုက် တိုက်ခိုက်နိုင်သော စွမ်းရည်လည်း ဖြစ်ပေသည်။
ဟိန်းဟောက်သံ တစ်ချက်တည်းဖြင့် မိုင်ပေါင်းထောင်ချီအတွင်းရှိသော နတ်ဆိုးမိစ္ဆာနှင့် တစ္ဆေသရဲအပေါင်းတို့မှာ ရှင်းလင်းဖယ်ရှားခံရမည် ဖြစ်၏။
အားလုံးမှာလည်း အမှုန့်အဖြစ်သို့ တုန်ခါပျက်စီးသွားကြပေလိမ့်မည်။
“ကူပိုးကောင်တွေ အဆင့်တက်လာတာနဲ့အမျှ ကျင့်ကြံသူအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေက တကယ်ကို အံ့မခန်းပဲ...”
“'မိုးကြိုးကပ်ဘေးကူ'ကလည်း ထိုနည်းတူပါပဲ...”
“ပဥ္စမအဆင့်ကို ရောက်ရှိသွားတဲ့အခါ ကျင့်ကြံသူကို ပြန်လည်အကျိုးပြုပြီး သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ကို မွေးဖွားပေးတာပဲ...”
ကျိုးစွေ့မှာ အလွန်ဝမ်းမြောက်နေလေသည်။
အမှန်အတိုင်းဆိုရလျှင် ဤသွေးမျိုးဆက် နတ်ဘုရားစွမ်းရည်သည် သူ့အတွက် များစွာအထောက်အကူဖြစ်ပြီး သူ၏တိုက်ပွဲဝင်စွမ်းရည်ကို သိသိသာသာ မြင့်တက်စေပေသည်။
အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့် သူသည် အနီးကပ်တိုက်ပွဲများကို မနှစ်သက်သောကြောင့် ဖြစ်၏။
အဝေးမှ တိုက်ခိုက်နိုင်ပါက ရန်သူနှင့် အဘယ်ကြောင့် အနီးကပ် တိုက်ခိုက်နေတော့မည်နည်း။
မိုင်ပေါင်းထောင်ချီဝေးကွာသော နေရာမှနေ၍ လက်သီးတစ်ချက်ဖြင့် ရန်သူကို အသေအလဲ ရိုက်နှက်နိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။
ဤကဲ့သို့သော အသံလှိုင်းနတ်ဘုရားစွမ်းရည်မှာ အဝေးမှ တိုက်ခိုက်နိုင်သလို၊ ဧရိယာအကျယ်အဝန်းလိုက်လည်း တိုက်ခိုက်နိုင်သဖြင့် သူအနှစ်သက်ဆုံးသော နတ်ဘုရားစွမ်းရည်များထဲမှ တစ်ခုပင် ဖြစ်လာတော့သည်။
ဝုန်း… ဝုန်း… ဝုန်း…။
ကျိုးစွေ့သည် ဤသွေးမျိုးဆက်နတ်ဘုရားစွမ်းရည်ကို လေ့လာနေစဉ်မှာပင် ရုတ်တရက်ဆိုသလို ကောင်းကင်နှင့်မြေကြီးမှာ ပြင်းထန်စွာတုန်ခါသွား၏။ အဝေးတစ်နေရာမှ အားကောင်းသော တုန်ခါမှုတစ်ခု လွင့်ပျံ့လာသည်ကို သူချက်ချင်းခံစားလိုက်ရသည်။
၎င်းကြောင့် ရွှမ်ဟွမ်ကျွန်းတစ်ခုလုံးမှာ ပြင်းထန်သောငလျင်လှုပ်သကဲ့သို့ တုန်ခါနေပြီး ဟိန်းသံများ ထွက်ပေါ်နေ၏။ မရေမတွက်နိုင်သော သဘာဝဝိညာဉ်ချီများမှာလည်း လှိုင်းလုံးကြီးများသဖွယ် ဝေ့ဝဲလာကြသည်။
“ဘာဖြစ်တာလဲ…”
ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် တစ်စုံတစ်ခုမူမမှန်ကြောင်း ပင်ကိုအသိစိတ်ဖြင့် ခံစားမိလိုက်သည်။ ဤမျှအံ့ဩဖွယ်ကောင်းသော ကောင်းကင်နှင့်မြေကြီး၏ ထူးခြားဖြစ်စဉ်မှာ လုံးဝသာမန်မဟုတ်ပေ။
ဝုန်း… ဝုန်း…။
ထိုအခိုက်အတန့်တွင် သူသည် မိမိကိုယ်ပေါ်ရှိ 'ကံကြမ္မာကူ'ကို ချက်ချင်းပင် ကြည့်လိုက်မိ၏။ သူ၏ကိုယ်ပေါ်မှ ရွှေရောင်ကံကြမ္မာအလင်းများမှာ ပြင်းထန်စွာတုန်ခါနေပြီး တစ်ချိန်တည်းမှာပင် အနက်ရောင် ကပ်ဘေးငွေ့အသက်များမှာလည်း အလျှံအပယ် မြင့်တက်လာလေသည်။
မှုန်ဝါးဝါးပုံရိပ်ထဲတွင် ထိုအနက်ရောင် ကပ်ဘေးငွေ့အသက်များမှာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများအဖြစ် ပြောင်းလဲကာ ဟိန်းဟောက်နေကြသကဲ့သို့ ရှိချေတော့သည်။
***