မဟာလော့ဧကရာဇ်သည် မိမိနားကိုပင် မိမိမယုံနိုင်အောင် ဖြစ်သွားရသည်။
“မောင်မင်း အခု ဘာပြောလိုက်တာလဲ... နောက်တစ်ခေါက် ပြန်ပြောစမ်း”
ထို့ကြောင့် အမတ်များက နောက်တစ်ကြိမ် ထပ်မံ တင်ပြကြသည် - “အရှင်မင်းကြီး... အပြင်မှာ ကောလာဟလတွေ အကြီးအကျယ် ပျံ့နှံ့နေတာကတော့ ကောင်းကင်ခန်ရဲ့ ဂူဗိမာန်ဟာ မဟာလော့ နယ်မြေထဲမှာ ရှိနေတာပါတဲ့။ မဟာရှမှာ တွေ့ခဲ့တာက လူတွေကို လှည့်စားဖို့ လုပ်ထားတဲ့ အတုအယောင် သက်သက်ပဲလို့ ဆိုကြပါတယ်”
“မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်တာ”
မဟာလော့ဧကရာဇ်က ဒေါသတကြီးဖြင့် - “ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ငါတို့ မဟာလော့ နယ်မြေထဲမှာ ဘယ်လိုလုပ် ရှိနေမှာလဲ။ ဒါက သေချာပေါက် ကောလာဟလပဲ။ တစ်ယောက်ယောက်က ငါတို့ မဟာလော့ကို ဒုက္ခပေးဖို့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ သတင်းလွှင့်နေတာပဲ ဖြစ်ရမယ်”
ဘေးနားရှိ စုန့်ယွီဖေးကလည်း ခေါင်းညိတ်လိုက်သည်။ သူမလည်း ထိုအတိုင်းပင် တွေးမိသည်။
“ပြီးတော့ ဒါကို လုပ်တဲ့သူက မဟာရှက ခွေးဧကရာဇ်ပဲ ဖြစ်ရမယ်” ဟု မဟာလော့ဧကရာဇ်က ဒေါသတကြီး ဆက်ပြောလိုက်သည်။
သေချာ စဉ်းစားပြီးနောက်တွင် လင်းပိုင်ဖန်သည်သာ အဖြစ်နိုင်ဆုံး သံသယရှိသူဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်လူကို တစ်ကြိမ် အဟန့်အတား လုပ်ခဲ့ဖူးသဖြင့် ကလဲ့စားပြန်ချေရန် ကြိုးစားခြင်းမှာ သဘာဝကျပြီး အချိန်အခါမှာလည်း ကွက်တိဖြစ်နေသောကြောင့်ပင်။
စုန့်ယွီဖေးက ဝင်ပြောလိုက်သည် - “အရှင်မင်းကြီး... ဒါကို ဘယ်သူပဲလုပ်လုပ်၊ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် ဒါက ကျွန်မတို့အတွက် ပြဿနာတွေ အများကြီး သယ်ဆောင်လာမှာ အသေအချာပါပဲ။ ဒါကို သေချာ မကိုင်တွယ်နိုင်ရင် တိုင်းပြည်က ပရမ်းပတာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ ကြိုတင်ပြင်ဆင်ထားရပါမယ်”
မဟာလော့ဧကရာဇ်သည် မဟာရှ၏ အခြေအနေကို ပြန်တွေးမိပြီး ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။ ကောင်းကင်ခန် ဂူဗိမာန်သတင်း ပျံ့နှံ့စဉ်က သိုင်းပညာရှင် သိန်းနှင့်ချီ၍ မဟာရှသို့ တိုးဝင်လာခဲ့ကြသည်ကို သူ မှတ်မိနေသည်။ အကယ်၍ ထိုသိုင်းပညာရှင်အားလုံးကို ဆွဲဆောင်ထားသည့် ဂူဗိမာန်အတုသာ မပေါ်ပေါက်ခဲ့လျှင် မဟာရှမှာ အဲ့ဒီကတည်းက ပျက်စီးနေလောက်ပြီ ဖြစ်သည်။
အကယ်၍ မဟာလော့သာ ထိုဒုက္ခမျိုးနှင့် ကြုံရမည်ဆိုလျှင်... သူ ဆက်၍ပင် မတွေးရဲတော့ပေ။
“နတ်မိမယ် ပြောတာ မှန်ပါတယ်။ ကျုပ် တပ်သားအင်အား အမြောက်အမြား သုံးပြီးတော့ အဲဒီနေရာကို စောင့်ကြပ်ခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့ အဲဒီသိုင်းပညာရှင်တွေက ဥပဒေမဲ့ပြီး ထိန်းရခက်တာမို့ တာအိုဂိုဏ်းကသာ ကူညီပေးမယ်ဆိုရင် ကျုပ် အလွန်ပဲ ကျေးဇူးတင်မိမှာပါ” ဟု မဟာလော့ဧကရာဇ်က တောင်းဆိုလိုက်သည်။
“အရှင်မင်းကြီး... အရှင်မင်းကြီး မပြောခင်ကတည်းက ကျွန်မ အစီအစဉ်တွေ လုပ်ထားပြီးသားပါ”
ထို့နောက် သူတို့နှစ်ဦး လမ်းခွဲကာ အခြေအနေကို ရင်ဆိုင်ရန် အသီးသီး ပြင်ဆင်ကြတော့သည်။
ထိုအချိန်တွင် ရတနာရှာဖွေပွဲကြီး ပြီးဆုံးခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ပင် မပြည့်သေးသဖြင့် ကောင်းကင်ခန် ဂူဗိမာန်အပေါ် စိတ်ဝင်စားမှုများက လုံးဝ ငြိမ်သက်မသွားသေးပေ။ ယခု သတင်းအသစ်ကြောင့် ရတနာရှာလိုသည့် စိတ်အားထက်သန်မှုများမှာ တစ်ကျော့ပြန် တောက်လောင်လာပြန်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က တူးခဲ့တာက အတုကြီးလား၊ အစစ်က မဟာလော့ထဲမှာ ရှိတာလား”
“ဒါက အမှန်ပဲလား။ အချိန်ကိုက်ကြီး ဖြစ်နေတာဆိုတော့ တစ်ယောက်ယောက်က သက်သက် သတင်းလွှင့်နေတာများလား”
“ငါကတော့ မဟာရှရဲ့ လက်ချက်လို့ သံသယရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က မဟာလော့က သတင်းလွှင့်ခဲ့တာဆိုတော့ အခု မဟာရှက ပြန်ကလဲ့စားချေတာ ဖြစ်ရမယ်”
“ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်၊ ဒါပေမဲ့ အစစ်လား၊ အတုလားဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ။ ကိုယ်တိုင်သွားကြည့်တာ အကောင်းဆုံးပဲ မဟုတ်လား”
“မင်းပြောတာ ဟုတ်တယ်၊ တကယ်ကြီး တွေ့သွားနိုင်တာပဲလေ”
ထို့ကြောင့် စူးစမ်းလိုစိတ် ပြင်းပြနေသော သိုင်းပညာရှင် အချို့မှာ ရတနာရှာရန် မဟာလော့သို့ ရောက်ရှိလာကြသည်။ အရေအတွက်မှာ အလွန်အမင်း မများသေးသော်လည်း မဟာလော့အတွက် ပြဿနာများစွာ ပေးနေပြီ ဖြစ်သည်။
ဥပမာအားဖြင့် အချို့မှာ စားသောက်ပြီးနောက် ပိုက်ဆံမပေးဘဲ ပြန်သွားကြသည်။ အချို့ကမူ အနိုင်ကျင့်နေသည်ကို တွေ့လျှင် ချက်ချင်း ဓားဆွဲကာ ဝင်ရောက်ကူညီကြသည်။ အချို့က အကျင့်ပျက် ခြစားသော အမတ်များကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ကြသည်။ အချို့ကမူ ပျင်းရိနေသောကြောင့် မဟာလော့စစ်တပ်ကို စနောက်ကျီစယ်ကြသည်။
ထိုသို့သော ဖြစ်ရပ်များမှာ အမြောက်အမြားပင် ဖြစ်နေသည်။ သိုင်းပညာရှင် အများစုမှာ စည်းကမ်းရှိကြသော်လည်း ပြဿနာရှာသည့် အနည်းစုကြောင့် မဟာလော့မှာ များစွာ အခက်တွေ့နေရသည်။
မဟာလော့ဧကရာဇ်မှာလည်း အလွန်ပင် စိတ်ညစ်နေရသည်။ နှိမ်နင်းရန် စစ်တပ်စေလွှတ်ပြန်လျှင်လည်း စစ်သားများ မရောက်မီမှာပင် သိုင်းပညာရှင်များက လူစုခွဲသွားကြသည်။ စစ်တပ်မလွှတ်ပြန်လျှင်လည်း သိုင်းပညာရှင်များမှာ ပို၍ မောက်မာလာကာ ပြည်သူ့ ယုံကြည်မှုကို ဆုံးရှုံးရမည် ဖြစ်သည်။ မည်သို့မျှ မတတ်သာသော အခြေအနေကြောင့် သူသည် ထမင်းပင် ကောင်းကောင်း မစားနိုင်တော့ပေ။
ထိုအချိန်တွင် ရတနာရှာဖွေရေး အဖွဲ့တစ်ခုမှာ မဟာလော့နယ်မြေအတွင်းရှိ ‘ယွီဟွမ်တောင်’ သို့ ရောက်ရှိလာသည်။ ခေါင်းဆောင်ဖြစ်သူမှာ အနည်းငယ် အားနည်းပုံပေါက်ပြီး မျက်လုံးများမှာလည်း ကလိန်ကကျစ်ပုံစံ ရှိနေပြီး၊ ဂူဗိမာန်တူးခြင်းနှင့် ရတနာရှာဖွေခြင်းတွင် ကျွမ်းကျင်သူအဖြစ် ကျော်ကြားပြီး ‘ကြွက်မင်း’ ဟု အမည်ရထားသူ ဖြစ်သည်။ ဂိုဏ်းတစ်ခုက သူ့ကို ရတနာရှာရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
“အပြင်က ကောလာဟလတွေသာ အမှန်ဆိုရင် ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ဒီနေရာမှာ ရှိဖို့ အလားအလာ အများဆုံးပဲ”
“ကြွက်မင်း... ဘာလို့ အဲဒီလို ပြောရတာလဲ”
“ဒါကို ကြည့်လိုက်”
ကြွက်မင်းက ဆေးတံကို တစ်ချက်ဖွာလိုက်ပြီး တောင်တန်းကြီးကို လက်ညှိုးထိုးကာ ဂုဏ်ယူစွာ ပြောလိုက်သည် - “ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က တောင်တွေ၊ ရေတွေနဲ့ သာယာလှပနေပြီး နဂါးက ပတ်ခွေနေတဲ့ ဖုန်းရွှေ ပုံစံမျိုးပဲ”
“ဒါက ရှားပါးတဲ့ ဖုန်းရွှေကောင်းတဲ့ နေရာပဲ။ အထက်တန်းလွှာတွေက သူတို့ကိုယ်သူတို့ ဒီလိုနေရာမျိုးမှာ မြှုပ်နှံရတာကို သဘောကျကြတယ်။ အဲဒီလိုလုပ်မှ သူတို့က အေးအေးချမ်းချမ်း အနားယူနိုင်သလို သူတို့ရဲ့ သားစဉ်မြေးဆက်တွေကိုလည်း ကောင်းချီးပေးနိုင်တာ။ ကောင်းကင်ခန်သာ သူ့အတွက် ဂူဗိမာန်ပြင်ဆင်မယ်ဆိုရင် သေချာပေါက် ဒီလိုနေရာကောင်းကိုပဲ ရွေးမှာပေါ့”
“ကြွက်မင်း ပြောတာ တကယ် အဓိပ္ပာယ်ရှိတာပဲ” ဟု အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။
“ဒါကြောင့် ဒီတစ်ဝိုက်မှာပဲ ဆက်ရှာကြရအောင်” ကြွက်မင်းသည် ဖုန်းရွှေကြည့်ရန် အိမ်မြှောင်ကို ထုတ်ယူလိုက်ပြီး ခဏအကြာတွင် လမ်းညွှန်လိုက်သည် - “ဒီဘက်ကို သွားကြစို့”
နှစ်နာရီခန့်အကြာတွင် သူတို့သည် လျှိုမြောင်တစ်ခုသို့ ရောက်ရှိလာကြသည်။
“ဒါက မြှုပ်နှံဖို့ အကောင်းဆုံးနေရာပဲ။ ငါသာ ကောင်းကင်ခန်ဆိုရင် ဒီနေရာမှာပဲ မြှုပ်နှံမှာ။ ဒီတစ်ဝိုက်မှာ ဂူဗိမာန် ဒါမှမဟုတ် လူလုပ်ထားတဲ့ တူးဖော်မှု အရိပ်အယောင်တွေ ရှိမရှိ ရှာကြည့်ကြစမ်း”
“ကောင်းပါပြီ ကြွက်မင်း” သူတို့ ရှာဖွေကြတော့သည်။
မကြာမီမှာပင် ကျောက်ပုံတစ်ခုအတွင်း၌ လူတို့ ပြုပြင်ထားသည့် အရိပ်အယောင်များကို တွေ့ရှိလိုက်ရသည်။ အားလုံး ဝိုင်းဝန်းတူးဖော်ကြပြီးနောက် မကြာမီမှာပင် ဟိန်းခနဲ အသံကြီးနှင့်အတူ ကြီးမားသော ဂူပေါက်ကြီးတစ်ခု သူတို့ရှေ့တွင် ပွင့်ထွက်သွားတော့သည်။
ရင်းနှီးနေသော ထိုဂူပေါက်ကို ကြည့်ရင်း ကြွက်မင်းမှာ စကားပင် ထစ်သွားတော့သည် - “ဒါ... ဒါ... ဒါက ဝမ်ရှိုးတောင်က ဂူဗိမာန်နဲ့ အတူတူပဲ။ ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က တကယ်ပဲ ဒီမှာ ရှိနေတာလား”
ကျန်ရှိနေသော သူများကလည်း အသက်ပင် မရှူရဲတော့ဘဲ - “ကောင်းကင်ခန်ရဲ့ အစစ်အမှန် ဂူဗိမာန်ကြီး ပေါ်လာပြီ…!!!”
သူတို့သည် ထိုတွေ့ရှိမှုကို လျှို့ဝှက်ထားပြီး ရတနာများကို တိတ်တဆိတ် တူးဖော်ကာ ချမ်းသာကြွယ်ဝရန် ကြံရွယ်ခဲ့ကြသည်။ သို့သော်လည်း သူတို့ကဲ့သို့ပင် အခြားသော ရတနာရှာဖွေသူများလည်း ရောက်ရှိလာကြသည်။ လူဦးရေ များလာသည်နှင့်အမျှ လျှို့ဝှက်ချက်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
နောက်ဆုံးတွင် ဂူဗိမာန်အကြောင်းမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားတော့သည်။
“ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က တကယ်ပဲ မဟာလော့ထဲမှာ ရှိနေတာ။ ယွီဟွမ်တောင်မှာတဲ့”
“ဒီတစ်ခါတော့ တကယ်အစစ် ဖြစ်နိုင်တယ်”
“ကောင်းကင်ခန်ရဲ့ အစစ်အမှန် ဂူဗိမာန်ကြီး ပေါ်လာပြီဟေ့”
လောကအသီးသီးမှ သိုင်းပညာရှင်များမှာ တစ်ကျော့ပြန် စိတ်လှုပ်ရှားလာကြပြီး ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ မဟာလော့သို့ တိုးဝင်လာကြသည်။ တစ်ရက်မပြည့်မီမှာပင် ရတနာရှာဖွေသူ အရေအတွက်မှာ တစ်သိန်းကျော်သွားခဲ့သည်။
မဟာလော့ နန်းတော်အတွင်း၌...
ထိုအချိန်တွင် မဟာလော့ဧကရာဇ်မှာ အလွန်ပင် ထိတ်လန့်နေသည် - “ဘာ... တွေ့သွားပြီဟုတ်လား။ ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ယွီဟွမ်တောင်မှာလား”
ဝန်ကြီးချုပ်မှာ ချွေးပြန်နေသော မျက်နှာဖြင့် ပြောလိုက်သည် - “မှန်ပါတယ် အရှင်မင်းကြီး၊ တစ်ယောက်ယောက်က တွေ့ခဲ့တာပါ။ အဲဒီဂူက မဟာရှက ဝမ်ရှိုးတောင်မှာ ရှိတဲ့ဂူနဲ့ တစ်ပုံစံတည်းပဲလို့ ဆိုပါတယ်။ ပြီးတော့ ဂူထဲမှာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က လူအရိုးစုတွေနဲ့ ကောင်းကင်ခန်ခေတ်က ရှေးဟောင်းပစ္စည်းတွေကိုလည်း တွေ့ရှိရတာမို့ ဒါက ကောင်းကင်ခန်ရဲ့ ဂူဗိမာန်ဖြစ်ဖို့ အလားအလာ အများကြီး ရှိပါတယ်”
“အရှင်မင်းကြီး... အခု မဟာလော့ထဲကို လူပေါင်း တစ်သိန်းကျော် တိုးဝင်လာပါပြီ။ နောင်ဆိုရင် ရှစ်သိန်း ဒါမှမဟုတ် သန်းချီပြီး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်မျိုးတို့ ဘယ်လိုလုပ်ကြမလဲ”
“ဘယ်လိုလုပ်ရမှာလဲ... ဒါက ငါတို့အတွက် သတင်းကောင်းပဲ မဟုတ်လား” ဟု မဟာလော့ဧကရာဇ်က အားရပါးရ ရယ်မောလိုက်သည်။
“သတင်းကောင်း ဟုတ်လား” ဝန်ကြီးချုပ်မှာ မှင်တက်သွားတော့သည်။
အရင်က သောင်းဂဏန်းလောက်သော သိုင်းပညာရှင်များကပင် မဟာလော့ကို ပရမ်းပတာ ဖြစ်စေခဲ့သည်။ ယခု သန်းနှင့်ချီလာမည်ဆိုလျှင်... တိုင်းပြည်အတွက် မစိုးရိမ်ရတော့ဘူးလား။
“ဝန်ကြီး... အမြင်ကို ကျယ်ကျယ် ထားစမ်းပါ”
မဟာလော့ဧကရာဇ်က ရယ်မောရင်း ပြောလိုက်သည် - “သန်းနဲ့ချီတဲ့ သိုင်းပညာရှင်တွေ ရောက်လာတာက ငါတို့အတွက် ပြဿနာတွေ ရှိနိုင်ပေမဲ့ သေချာကိုင်တွယ်တတ်ရင် အကျိုးအမြတ်တွေ အမြောက်အမြား ရနိုင်တယ်”
“မဟာရှကို ကြည့်လိုက်စမ်း။ ဝမ်ရှိုးတောင်က ဂူဗိမာန်ကို အသုံးချပြီး နှစ်လအတွင်းမှာ သန်းပေါင်း နှစ်ရာကျော် ရခဲ့တာလေ။ အဲဒီလို အတုတောင်မှ အဲဒီလောက်ရတာ။ အခု ငါတို့ဆီကဟာက အစစ်ဖြစ်နိုင်တာမို့ အဲဒီထက်မက ပိုရမှာပေါ့”
မဟာလော့ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည် - “အဲဒီငွေတွေနဲ့ဆိုရင် မဟာလော့က အမြင့်ဆုံးကို ရောက်ဖို့က သေချာနေပြီ။ ဟားဟား….”
***