“ဒါပေမဲ့ ဒီလောက်များတဲ့ သိုင်းပညာရှင်တွေကို ကျွန်တော်မျိုးတို့ တကယ်ရော ထိန်းနိုင်ပါ့မလား” ဟု ဝန်ကြီးချုပ်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ရတနာလာရှာဝံ့သူဟူသည်မှာ အတတ်ပညာ တစ်ခုခုတော့ ရှိကြသူများသာ ဖြစ်သည်။ အားနည်းသည်ဆိုသည့် သူများပင် တတိယတန်းစားအဆင့် သိုင်းသမားများဖြစ်ကြပြီး ဒုတိယတန်းစားနှင့် ပထမတန်းစား သိုင်းပညာရှင်များလည်း အမြောက်အမြား ပါလာမည်မှာ သေချာသည်။ ထို့ထက် ပိုအစွမ်းထက်သည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များလည်း ရှားမည်မဟုတ်ပေ။ ဤသူများမှာ စည်းကမ်းမဲ့သူများ ဖြစ်ကြရာ အကယ်၍ ပြဿနာရှာလာကြလျှင်...
“ငါတို့အင်အားနဲ့တင် မထိန်းနိုင်တာ မှန်ပေမဲ့ တာအိုဂိုဏ်းနဲ့ ပူးပေါင်းပြီး ထိန်းလို့ရတာပဲ။ ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှေ့မှာတော့ တာအိုဂိုဏ်းကလည်း ငြိမ်နေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်” ဟု မဟာလော့ဧကရာဇ်မှာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
တာအိုဂိုဏ်းသားများမှာ တရားဓမ္မ ရှာဖွေသူများ ဖြစ်ကြသော်လည်း သူတို့သည်လည်း သိုင်းပညာကို လေ့ကျင့်ကြသူများပင် ဖြစ်သည်။ သိုင်းပညာ လေ့ကျင့်ရာတွင် အရင်းအမြစ်များစွာ လိုအပ်ပြီး ငွေကြေးသည်လည်း အကြီးမားဆုံး အရင်းအမြစ်ပင် ဖြစ်သည်။ ထို့ကြောင့် အလိုလို ရောက်လာသည့် ဤအခွင့်ရေးကြီးကို သူတို့ လက်လွှတ်မည် မဟုတ်ပေ။
“ဒါဆို... ကောင်းကင်ခန်ရဲ့ ရတနာတွေကျတော့ကော...”
မဟာလော့ဧကရာဇ်က ခေါင်းခါပြလိုက်ရင်း - “ဒါကိုတော့ မေ့လိုက်စမ်းပါ။ အဲဒါက ငါတို့ မက်မောလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ ငါတို့က အပြင်ကနေ ပိုက်ဆံရအောင် ရှာနိုင်ရင်ကို လုံလောက်ပြီ။ ဝန်ကြီးချုပ်... ဒါက အရေးကြီးတဲ့ ကိစ္စမို့ မောင်မင်းပဲ တာဝန်ယူ ကိုင်တွယ်လိုက်တော့”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
မဟာလော့ ဝန်ကြီးချုပ်သည် နန်းတော်မှ ပြန်ထွက်လာပြီးနောက် ချက်ချင်းပင် စစ်တပ်ကို စုစည်းကာ ယွီဟွမ်တောင်ကို ဝိုင်းရံစေပြီး အတွင်းရှိ လူအားလုံးကို နှင်ထုတ်လိုက်သည်။ ထို့နောက် ယွီဟွမ်တောင်အတွင်းသို့ ရတနာရှာရန် ဝင်ရောက်လိုသူတိုင်း တစ်ဦးလျှင် ငွေတေး ၂၀၀ စီ ပေးဆောင်ရမည်ဟု အမိန့်ထုတ်ပြန်လိုက်လေသည်။
အရပ်ရပ်မှ ရတနာရှာဖွေသူများမှာ ဒေါသထွက်သွားကြတော့သည်။
“မဟာရှက ငါတို့ကို နှိပ်စက်တာ တစ်မျိုး၊ အခု မဟာလော့ကပါ ငါတို့ကို မလွှတ်ပေးတော့ဘူးလား”
“မင်းတို့က အရမ်းလောဘကြီးတာပဲ။ မဟာရှတောင် ငွေတေး ၁၀၀ ပဲ ယူတာကို မင်းတို့က ၂၀၀ တောင် ယူရသလား။ ငါတို့ကို ငွေထုတ်စက်လို့များ ထင်နေကြတာလား”
“ယောက်ျားကောင်းဆိုတာ အသတ်ခံရင်သာ ခံလိုက်မယ်၊ အစော်ကားတော့ မခံနိုင်ဘူး။ ဒီတစ်ခါတော့ လုံးဝ ပေးမှာမဟုတ်ဘူး”
“ငါတို့ကို သူတို့ လုပ်ချင်တိုင်း လုပ်နေတာကို ခံမနေကြနဲ့။ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ၊ အတင်းဝင်တိုက်မယ်”
“သိက္ခာမဲ့စွာနဲ့ နှစ်ပေါင်းများစွာ အသက်ရှည်နေရတာထက် မြင့်မြတ်စွာ သေဆုံးလိုက်တာက ပိုကောင်းတယ်ဟေ့”
ထိုသို့ ဆူပူနေကြစဉ်မှာပင် တာအိုဂိုဏ်းမှ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးသည် မျက်နှာသေဖြင့် ထွက်လာကာ ပြင်းထန်သော သိုင်းဖိအားများကို ထုတ်ဖော်ရင်း လမ်းကို ပိတ်ဆို့လိုက်သည်။ ထိုအခါမှသာ အားလုံးမှာ ငြိမ်ကျသွားပြီး ငွေပေးရန်အတွက် စနစ်တကျ တန်းစီလိုက်ကြတော့သည်။
ဆက်လက်၍ မဟာလော့က စားသောက်ဖွယ်ရာများကို ရောင်းချရာ တစ်နပ်လျှင် ငွေတေး ၁၀ ကျပ်နှုန်း သတ်မှတ်လိုက်ပြန်သည်။
ရတနာရှာဖွေသူများမှာ တစ်ကျော့ပြန် ဒေါသထွက်လာကြပြန်သည်။
“ထမင်းတစ်နပ်ကို ၁၀ တေး ဟုတ်လား။ ဒါ ဓားပြတိုက်နေတာပဲ မဟုတ်လား”
“မဟာရှမှာတောင် ငါးတေးပဲ ပေးရတာကို”
“ပြီးတော့ မင်းတို့ ကျွေးတဲ့ထမင်းကိုလည်း ကြည့်ဦး။ ထမင်းဖြူရယ်၊ ဟင်း အနည်းအကျဉ်းရယ်၊ ပြီးတော့ တောဟင်းသီးဟင်းရွက်တွေပဲ ပါတာကို ၁၀ တေးတောင် တောင်းဝံ့တယ်ပေါ့လေ”
“ငါ စိတ်ထား ယုတ်ညံ့တဲ့လူတွေ အများကြီး မြင်ဖူးပေမဲ့ မင်းတို့လောက်တော့ မဆိုးဘူး”
မဟာလော့ ဝန်ကြီးချုပ်က ပြုံးလျက် - “ခင်ဗျားတို့ မစားချင်ရင် မစားဘဲ နေနိုင်တယ်။ ဒါပေမဲ့ ငါတို့ကိုတော့ လာမစွပ်စွဲပါနဲ့။ တစ်ခု သတိပေးဖို့ မေ့သွားလို့၊ ဒီနယ်မြေအတွင်းမှာရှိတဲ့ ရိက္ခာအားလုံးကို ငါတို့ ထိန်းချုပ်ထားတယ်။ မဟာလော့ထဲမှာ ထမင်းစားချင်ရင် ငါတို့ဆီကပဲ ဝယ်ရမယ်”
ထိုအချိန်တွင် တာအိုဂိုဏ်းမှ သိုင်းပညာရှင်ကြီးက သိုင်းဖိအားကို ထပ်မံ ထုတ်ဖော်လိုက်ပြန်ရာ ရတနာရှာဖွေသူများမှာ ထပ်မံ ငြိမ်ကုပ်သွားကြပြန်သည်။
ထို့နောက် မဟာလော့သည် ရတနာရှာဖွေရာတွင် အသုံးပြုသည့် မုန့်ခြောက်များ၊ ရေဘူးများ၊ မီးရှူးတိုင်များ၊ ကြိုးများ၊ တူးရွင်းများ စသည့် ပစ္စည်းများကို ထပ်မံရောင်းချပြန်သည်။ သို့သော် ထိုပစ္စည်းအားလုံးမှာ မဟာရှရှိ ဈေးထက် နှစ်ဆကျော် ပို၍ ဈေးကြီးနေသည်။ ၎င်းမှာ ရတနာရှာဖွေသူများကို အကုန်အစင် ချွတ်ယူပစ်ရန် ကြံရွယ်ထားသည့်နှယ် ဖြစ်နေတော့သည်။
“တောက်... သူတို့က တကယ်ကို ယုတ်ညံ့တာပဲ” ဟု ရတနာရှာဖွေသူများက မကျေမနပ် ရေရွတ်နေကြသည်။
မဟာရှက ဈေးကြီးသည်ဆိုသော်လည်း မဟာလော့က ပို၍ ဆိုးနေသည်။ လောကတွင် ကျီးကန်းတိုင်း မည်းသည်ဆိုသော်လည်း ဤကျီးကန်းကတော့ ပို၍ မည်းနေပေသည်။
သို့သော် မကျေနပ်လျှင်လည်း ဘာတတ်နိုင်မည်နည်း။ ဤနေရာတွင် ရတနာရှာလိုပါက ဤအမြတ်ထုတ်မှုများကို ခါးစည်းခံရုံသာ ရှိတော့သည်။ သို့သော် သူတို့၏ ရင်ထဲတွင်မူ မဟာလော့အပေါ် အငြိုးအတေးများ ထားရှိသွားကြပြီ ဖြစ်သည်။
ထိုအချိန်တွင် မဟာလော့ နန်းတော်အတွင်း၌မူ မဟာလော့ဧကရာဇ်သည် အသစ်ရရှိထားသော ငွေတေး ၃ သန်းကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောနေလေသည်။
နှစ်ရက်အတွင်းမှာပင် ရတနာရှာဖွေသူ ၂ သိန်း မပြည့်တပြည့်သာ ရောက်ရှိလာသေးသဖြင့် ရှာနိုင်သည့် အခွင့်အလမ်းများက အများကြီး ကျန်ရှိနေသေးသည်။ အကယ်၍ သူတို့ကို တစ်လ၊ နှစ်လခန့် ညှစ်ထုတ်နိုင်လျှင် ငွေသန်းပေါင်း ၃၀၀အထိ ရရန်မှာ ပြဿနာ မဟုတ်တော့ပေ။
တစ်ဝက်ကို တာအိုဂိုဏ်းသို့ ခွဲပေးရမည် ဖြစ်သော်လည်း ဤပမာဏမှာ အလွန်ကြီးမားသည့် အကျိုးအမြတ် ဖြစ်နေဆဲပင် ဖြစ်သည်။
“မဟာရှ... မင်းတို့ကို တကယ်ပဲ ကျေးဇူးတင်ရမယ်။ ဒီလို ပိုက်ဆံရပေါက်ကြီးကို ငါ့ကို ပေးတဲ့အတွက်... ဟားဟား” ဟု သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
မဟာရှနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသမျှတွင် ယနေ့သည် သူ အပျော်ဆုံးနှင့် ခေါင်းအမော့နိုင်ဆုံး နေ့ပင် ဖြစ်သည်။ ထိုသို့တွေးရင်း သူသည် လင်းပိုင်ဖန်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန်အတွက် ကျေးဇူးတင်လွှာတစ်စောင် ရေးသားပြီး မဟာရှသို့ ပို့ခိုင်းလိုက်လေသည်။
စာကို ဖတ်ပြီးနောက် လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်သည်။
“ခဏလောက်တော့ ပျော်နေပါဦး၊ နောက်မှ ငိုရလိမ့်မယ်”
ထိုအချိန်တွင် ဆရာဟူ၊ဝူရှဲ့နှင့် အခြားသူများ ဝင်လာကြသည်။
“အရှင်မင်းကြီး... ကောင်းကင်ခန်ရဲ့ အစစ်အမှန် ဂူဗိမာန်က မဟာလော့ရဲ့ ယွီဟွမ်တောင်မှာ ပေါ်လာပြီလို့ ကြားပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ အဲဒီကိုသွားပြီး အရှင်မင်းကြီးအတွက် ရတနာတွေ ရှာဖွေပေးချင်ပါတယ်”
လင်းပိုင်ဖန်က ဂရုတစိုက်ဖြင့် “မောင်မင်းတို့ ကျန်းမာရေးကကော ဘယ်လိုလဲ” ဟု မေးလိုက်သည်။
“အရှင်မင်းကြီး ပေးသနားတဲ့ နတ်ဆေးကို သောက်ပြီး နှစ်ပတ်ကျော် အနားယူလိုက်တာကြောင့် အခုဆိုရင် အားလုံး ပုံမှန် ပြန်ဖြစ်နေပါပြီ။ ရတနာသွားရှာဖို့ ပြဿနာမရှိပါဘူး” ဟု ဆရာဟူက ဆိုလိုက်သည်။
လင်းပိုင်ဖန်က ပြတ်သားစွာပင် - “မောင်မင်းတို့ကို သွားခွင့် မပြုနိုင်ဘူး”
“ခင်ဗျာ... ဘာဖြစ်လို့ပါလဲ အရှင်မင်းကြီး”
လင်းပိုင်ဖန်က - “ဘာလို့လဲဆိုတော့ အဲဒီနေရာက အရမ်း အန္တရာယ်များလွန်းလို့ပဲ။ ပြီးခဲ့တဲ့တစ်ခေါက် ဂူအတု ဖြစ်စဥ်တုန်းကတောင် မောင်မင်းတို့ ပြန်မလာနိုင်တော့မလို ဖြစ်ခဲ့တာ။ အခု အစစ်သာဆိုရင် မောင်မင်းတို့ ပြန်မလာနိုင်တော့ရင် ငါကိုယ်တော် ဘယ်လိုလုပ်မလဲ။ မောင်မင်းတို့ အသက်ကို ငါကိုယ်တော်က အလကား သက်သက် ကယ်ခဲ့တာ ဖြစ်သွားမှာပေါ့”
“ဒါပေမဲ့ ရတနာတွေက...” ဝူရှဲ့က စကားစလိုက်သော်လည်း...
လင်းပိုင်ဖန်က လေးလေးနက်နက် ပြောလိုက်သည် - “ရတနာတွေက အရေးကြီးတာ မှန်ပေမဲ့ မောင်မင်းတို့ရဲ့ အသက်က ပိုအရေးကြီးတယ်။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်လာတဲ့အထိ စောင့်ကြဦး၊ အဲဒီကျမှ ရတနာရှာဖို့ကို ပြောကြတာပေါ့။ အခုတော့ ဒီမှာပဲနေပြီး သိုင်းကိုပဲ လေ့ကျင့်ကြ၊ ဘယ်မှ သွားခွင့်မရှိဘူး”
“အရှင်မင်းကြီး...” ဆရာဟူနှင့် အခြားသူများမှာ အလွန်ပင် စိတ်လှုပ်ရှား တုန်လှုပ်သွားကြသည်။
အခြားသူများက ရတနာကိုသာ ဂရုစိုက်ကြသော်လည်း ဤဧကရာဇ်ကမူ သူတို့၏ ဘေးကင်းရေးကိုသာ ဂရုစိုက်နေသည်။ ဤသူသည်သာ သူတို့ သစ္စာခံသင့်သော မင်းကောင်းမင်းမြတ်ပင် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ အသက်ထက်ဆုံး အရှင်မင်းကြီးအတွက် အမှုထမ်းပါ့မယ်” ဟု သူတို့က မျက်ရည်များဖြင့် ကျေးဇူးတင် စကားဆိုလိုက်ကြသည်။
သူတို့ ငါးဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်သည်။
“ဒါမှ ဟုတ်တာပေါ့။ မင်းတို့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်လာမှ နန်းတော်အတွက် တကယ် အမှုထမ်းနိုင်မှာ။ အဲဒီ ဂူဗိမာန်အတုထဲ သွားပြီး လူအုပ်ကြားထဲ အချိန်ဖြုန်းနေစရာ ဘာအကြောင်းမှ မရှိဘူး”
ထိုအချိန်တွင် မဟာလော့ဧကရာဇ်သည် ချမ်းသာကြွယ်ဝရန် အိပ်မက်မက်နေစဉ်မှာပင် သတင်းဆိုးတစ်ခုက ရောက်ရှိလာခဲ့သည်။
မဟာလော့ နယ်မြေအတွင်းရှိ ‘ပိုင်ကျင်းတောင်’ တွင်လည်း အောက်ခြေမမြင်ရသည့် ဂူပေါက်ကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ထိုဂူ၏ အနေအထားမှာ ဝမ်ရှိုးတောင်နှင့် ယွီဟွမ်တောင်ရှိ ဂူများနှင့် တစ်ပုံစံတည်း ဖြစ်နေလေသည်။
မဟာလော့ဧကရာဇ်မှာ အလွန်ပင် ထိတ်လန့်ကာ အံ့အားသင့်သွားခဲ့ပြီး - “ဘာ... ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ဘယ်လိုလုပ် နှစ်ခု ဖြစ်နေရတာလဲ။ ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲ”
***