နောက်ဆုံးတွင်တော့ ကောင်းကင်ခန်၏ ဂူဗိမာန် စုစုပေါင်း ကိုးခုအထိပင် ရှာဖွေတွေ့ရှိခဲ့လေသည်။
ထိုဂူဗိမာန်များသည် အနောက်တောင်ဘက်ဒေသကို ဝန်းရံထားပြီး တောင်ကုန်းတိုင်းလိုလိုတွင် တစ်ခုစီ ရှိနေသကဲ့သို့ပင်။
မဟာလော့ဧကရာဇ်မှာမူ လုံးဝကို ထုံထိုင်းကာ အံ့အားသင့်သွားရတော့သည်။ မိမိနိုင်ငံအတွင်း၌ ကောင်းကင်ခန်၏ ဂူဗိမာန် ကိုးခုတောင် ရှိနေသည်မှာ ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးလွန်းနေခြင်းပေလော။
သူသည် မိမိနိုင်ငံကို ကောင်းကင်ခန်၏ သုသာန်မြေပေါ်၌ တည်ထောင်ထားမိသလိုပင်။ သူတို့သည် သူတစ်ပါး သင်္ချိုင်းပေါ်၌ ကခုန်နေကြခြင်းပင် မဟုတ်ပါလား။ ဂူဗိမာန် ကိုးခုတောင် ရှိနေမှတော့ သူ၏ အင်အားများကို မည်သို့ခွဲ၍ စောင့်ကြပ်နိုင်ပါမည်နည်း။ သူတို့တွင် ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးနှင့် အကန့်အသတ်ဖြင့် ရှိနေသော ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူအချို့သာ ရှိသည်။ အားလုံးကို မည်သို့ ကာကွယ်နိုင်ပါမည်နည်း။
အခြေအနေမှာ ဟာကွက်များဖြင့် ပြည့်နှက်နေလေပြီ ဖြစ်သည်။ သုံးခုကို စောင့်ကြပ်နိုင်လျှင် ကျန်ခြောက်ခုက လွတ်နေမည် ဖြစ်ပြီး၊ အင်အားချင်းခွဲ၍ ခြောက်ခုကို စောင့်ကြပ်ပြန်လျှင်လည်း သုံးခုက အကာအကွယ် မဲ့နေဦးမည်ပင်။ ကောင်းကင်အဆင့် သိုင်းပညာရှင်များ မည်မျှပင် အစွမ်းထက်စေကာမူ တစ်ချိန်တည်းမှာပင် နေရာနှစ်နေရာတွင် ရှိမနေနိုင်ပေ။
ဤအချိန်တွင် ပြင်ပလောကကြီးမှာလည်း ရူးသွပ်ကုန်ကြလေပြီ ဖြစ်သည်။
“ကောင်းကင်ခန်ရဲ့ ဂူဗိမာန် ကိုးခုတောင်လား…။ သူက တကယ်ကို ဂူတူးရတာ ဝါသနာပါတာပဲ”
“ကိုးခုတင် မကဘူးဟေ့… မဟာရှရဲ့ ဝမ်ရှိုးတောင်က တစ်ခုပါ ထည့်ပေါင်းရင် ဆယ်ခုရှိတာ”
“ငါ သိချင်တာက ကောင်းကင်ခန်က ဘာလို့ ဂူဗိမာန်တွေ ဒီလောက်အများကြီး လိုနေရတာလဲ။ သူ့ရဲ့ ၁၈ ဆက်မြောက် ဘိုးဘေးတွေအထိ ထည့်ထားရင်တောင် အေးအေးဆေးဆေး ဆံ့နေဦးမှာပဲ”
“ဒါက လောကကြီးကို ရှုပ်ထွေးအောင်လုပ်ပြီး အစစ်အမှန်ဂူကို ဖျောက်ထားတာပဲ ဖြစ်ရမယ်”
“ဒီကိုးခုထဲမှာ တစ်ခုပဲ အစစ်ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အားလုံးက အတုတွေလည်း ဖြစ်နေနိုင်တာပဲ”
“လောကကြီးတော့ ရူးကုန်ပါပြီကွာ”
အရပ်မျက်နှာအသီးသီးမှ ရောက်လာကြသော အခြား ကောင်းကင်အဆင့် သိုင်းပညာရှင်များကလည်း လှောင်ပြောင်ကြလေသည်။
“မင်းတို့ မဟာလော့က တကယ်ကို မြေကောင်းလှတဲ့ အရပ်ပဲဟေ့၊ နေရာအနှံ့မှာ ဂူဗိမာန်တွေချည်းပဲ။ ငါသေရင်တောင် ဒီမှာပဲ နေရာရွေးပြီး မြှုပ်ရမယ်”
“ဟုတ်ပကွာ… ကောင်းကင်ခန်နဲ့ အိမ်နီးချင်းဖြစ်ရသလိုပဲ။ ဟားဟားဟား…”
ဂူဗိမာန်များလွန်းလှသဖြင့် မဟာလော့တွင် အားလုံးကို စောင့်ကြပ်ရန် အင်အားမရှိတော့ပေ။ ထိုအခါ ရတနာရှာဖွေသူများမှာလည်း သောင်းကျန်းလာကြတော့သည်။
‘ငါတို့ကို သတ်ချင်သေးတာလား။ မင်းတို့ကို အခွင့်အရေး ပေးမပေး ကြည့်ကြတာပေါ့။ ဒီဂူက ငါ့ကို လက်မခံရင် တခြားဂူတွေ ရှိသေးတာပဲ။ ငါ တခြားဂူမှာ သွားကစားမယ်။ တတ်နိုင်ရင် အားလုံးကို ပိတ်ထားလိုက်လေ’
ရတနာရှာဖွေသူ အများအပြားသည် မဟာလော့၏ မြို့ရွာများအတွင်းသို့ ရောနှောဝင်ရောက်ကာ ရိက္ခာများကို လုယူပြီး မဟာလော့ကို ပြန်လည် တိုက်ခိုက်ကြတော့သည်။ သို့သော် မဟာလော့မှာ ဂူဗိမာန်ကြီးများတွင် စစ်သည်များ လွှတ်ထားရသဖြင့် ထိုဆူပူသူများကို မနှိမ်နင်းနိုင်တော့ဘဲ ဖရိုဖရဲ ဖြစ်ကုန်ကာ အထိအခိုက် အကျဆုံး များပြားလာခဲ့သည်။
ရတနာရှာဖွေသူများထံမှ ရရှိသော ငွေကြေးမှာ ဆုံးရှုံးမှုများကိုပင် ကာမိခြင်း မရှိတော့ပေ။ မဟာလော့ဧကရာဇ်မှာ အလွန်ပင် စိတ်သောက ရောက်လာကာ - “နတ်မိမယ် ယွီဖေး… ကျုပ် ဘာလုပ်သင့်တယ်လို့ ထင်သလဲ”
“ဟူး…” စုန့်ယွီဖေးမှာလည်း ယခင်က ဤသို့သော အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသဖြင့် အတော်လေး အခက်တွေ့နေရသည်။
သူမ၏ စိတ်ထဲတွင် လူငယ်တစ်ဦး၏ ပုံရိပ်ကို အမှတ်မထင် မြင်ယောင်လာမိသည်။ အကယ်၍သာ သူသာဆိုလျှင် ဤအခြေအနေကို ပြောင်းပြန်လှန်ပြီး ကောင်းမွန်စွာ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလား။
“အရှင်မင်းကြီး… ဂူဗိမာန်တွေကို စောင့်နေတဲ့ စစ်သည်တွေကို ပြန်ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့ တာအိုဂိုဏ်းရဲ့ အကူအညီနဲ့ဆိုရင် အခြေအနေကို နည်းနည်းတော့ ထိန်းထားနိုင်ပါလိမ့်မယ်” ဟု စုန့်ယွီဖေးက အကြံပေးလိုက်သည်။
“ဒါပေမဲ့ အကျိုးအမြတ်တွေကော…” ဟု မဟာလော့ဧကရာဇ်က မေးလိုက်သည်။ သူသည် ရရှိလာသော အကျိုးအမြတ်များကို မြည်းစမ်းကြည့်ပြီးပြီဖြစ်ရာ အလွယ်တကူ လက်မလွှတ်ချင်ပေ။
“အခုတော့ လက်လွှတ်ဖို့ပဲ ရှိပါတော့တယ်” စုန့်ယွီဖေးက စိတ်မသက်မသာ ပြုံးရင်း ဆိုလိုက်သည်။
“ပြင်ပလောကမှာ ပရမ်းပတာဖြစ်နေပြီး ရတနာရှာဖွေသူတွေကလည်း လူစုကွဲကုန်ပြီဆိုတော့ အဲဒီပိုက်ဆံကို ထပ်ရှာလို့ မရနိုင်တော့ဘူးဆိုတာ အရှင် သတိပြုရပါမယ်။ စစ်တပ်တွေကို ပြန်ခေါ်ပြီး ရှိတာကိုပဲ ကာကွယ်တာ ပိုကောင်းပါတယ်။ တိုင်းသူပြည်သားတွေကသာ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ပါ”
မဟာလော့ဧကရာဇ်မှာ မတတ်သာဘဲ ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။ ထို့ကြောင့် စစ်သည်အများစုကို ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးလိုက်သည်။ အတော်လေး အားထုတ်လိုက်ရပြီးနောက်တွင် မြို့များအတွင်းမှ သိုင်းသမားများကို မောင်းထုတ်နိုင်ခဲ့ပြီး ဆူပူမှုများကို နှိမ်နင်းနိုင်ခဲ့လေသည်။
သို့သော် ဤဖြစ်ရပ်ကြောင့် မဟာလော့၏ မြို့များမှာ ယခင်ကထက် ပို၍ ဆုတ်ယုတ်သွားခဲ့ရသည်။
ဤအချိန်တွင် ရတနာရှာဖွေသူ အများစုမှာ ကောင်းကင်ခန်၏ ဂူဗိမာန်များသို့ စုပြုံရောက်ရှိနေကြပြီ ဖြစ်သည်။ ဂူတိုင်းတွင် လူပေါင်း သိန်းနှင့်ချီ၍ ရတနာရှာနေကြသည်။ စည်ကားလှသော ဈေးကြီးတစ်ခုကဲ့သို့ပင် လူများမှာ နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာနေကြသည်။ ဂူလမ်းကြောင်းများမှာ ယခင်အတိုင်း ကွေ့ကောက်နေဆဲ ဖြစ်သော်လည်း အရင်ကလောက် အသက်အန္တရာယ် မများတော့သလို လမ်းပျောက်ဖို့လည်း မလွယ်ကူတော့ပေ။
သို့သော် ထောင်ချောက်အသစ်များစွာလည်း ထပ်တိုးလာခဲ့သည်။ အများစုမှာ မစင်များ ပြည့်နေသော ကျင်းများပင် ဖြစ်ကြသည်။ ခြေထောက်အောက်မှာတင်မကပဲ ဦးခေါင်းအထက်တွင်ပါ ရှိနေနိုင်သေးသည်။ တစ်ပတ်ကြာသွားသော်လည်း မည်သူမျှ အစစ်အမှန်ဂူကို မတွေ့ရဘဲ အားလုံးမှာ ဒုက္ခများစွာ ကြုံနေကြရသည်။ သူတို့သည် သန့်သန့်ပြန့်ပြန့် ဝင်သွားကြသော်လည်း ပြန်ထွက်လာချိန်တွင်မူ နံစော်နေကြတော့သည်။
“တောက်… ဆီးတွေနဲ့ ထပ်စိုပြန်ပြီ”
“ငါ့ဘဝတစ်လျှောက်လုံးမှာ ဒီလောက်များတဲ့ မစင်တွေ ဆီးတွေနဲ့ မထိတွေ့ဖူးဘူး”
“ကောင်းကင်ခန်ကတော့ တကယ်ကို လူကို ရွံရှာအောင် လုပ်တတ်တာပဲ။ ဒီလိုထောင်ချောက်မျိုးကို ဘယ်လိုများ စိတ်ကူးရတာလဲ။ သူသာ မသေသေးရင် ငါ သူ့ကို အသေအလဲ တိုက်ခိုက်ပစ်ဦးမယ်”
“စကားကြီးစကားကျယ် ပြောမနေနဲ့… သူသာ အသက်ရှင်နေရင် မင်း သူ့ရှေ့မှာတောင် ရပ်ရဲမှာ မဟုတ်ဘူး”
“ဟူး… အဲဒီလို ပြောလိုက်ရတာက မစင်စားရတာထက်တော့ ပိုကောင်းပါသေးတယ်”
နောက်ထပ် တစ်ပတ်ကုန်လွန်သွားသော်လည်း ဘာမှ ရှာမတွေ့ပြန်ပေ။ အဲ့ဒီနေရာ၌ ရှိနေကြသော အင်အားစု အသီးသီးနှင့် ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာလည်း စိတ်မရှည်နိုင်ကြတော့ချေ။
“မိတ်ဆွေတို့… အရင်အတိုင်းပဲ တောင်ကို ဖြိုချလိုက်ကြရအောင်။ အထဲမှာ ဂူဗိမာန် ရှိမရှိ သိရတာပေါ့”
“ဒီကိုးခုလုံးဆိုတော့ အလုပ်အတော်များမှာနော်”
“ခင်ဗျားမှာ တခြား အကြံကောင်း ရှိလို့လား”
“အဲ… မရှိပါဘူး”
“ဒါဆိုရင်တော့ နည်းဟောင်းအတိုင်း တစ်ခုချင်းစီ လုပ်ကြတာပေါ့။ အနှေးနဲ့အမြန်တော့ အစစ်ကို ရှာတွေ့မှာပဲ”
“အကယ်၍ တစ်ခုမှ အစစ်မဟုတ်ရင်ကော”
“ဒါဆိုရင်တော့ ကံဆိုးတယ်လို့ပဲ မှတ်ရမှာပေါ့”
နောက်ဆုံးတွင် သူတို့သည် တောင်များကို အင်အားသုံး၍ ဖြိုချကာ ဂူဗိမာန်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် ၃၀ ကျော် စုပေါင်း၍ ယွီဟွမ်တောင်မှ စတင်ခဲ့သည်။ အစွမ်းထက်သော ပညာရှင်များစွာကြောင့် လေးရက်အတွင်း တောင်တစ်ခုလုံးကို ဖြိုချနိုင်ခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
နောက်တစ်ခုမှာ ပိုင်ကျင်းတောင်ဖြစ်ပြီး ၎င်းမှာလည်း လေးရက်ကြာကာ ဘာမှ မထူးခြားခဲ့ပေ။ ဤနည်းဖြင့် တောင် တစ်ခုပြီးတစ်ခုကို ဖြိုချခဲ့ကြသည်။ တစ်လကြာပြီးနောက်တွင် ကောင်းကင်ခန်၏ ဂူဗိမာန်ရှိသည်ဟု ယူဆရသော တောင်ကိုးလုံးစလုံးကို ဖြိုချပြီးစီးခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။
ကောင်းကင်ဘုံက သူတို့ကို ပြက်လုံးကြီးတစ်ခုဖြင့် နောက်ပြောင်လိုက်သကဲ့သို့ပင်။ ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ ဒေါသတကြီးဖြင့် ဆဲဆိုကြလေတော့သည်။
“ကံဆိုးလိုက်တာကွာ… တောင်ကိုးလုံးတောင် ဖြိုချလိုက်တာ အတုတွေပဲ တွေ့နေရတယ်”
“ငါ့ရဲ့ အချိန်တွေနဲ့ အင်အားတွေ အလကား ကုန်သွားတာပဲ”
“နောက်တစ်ခါ ဒီလိုဂူဗိမာန်ကိစ္စမျိုး ရှိရင် ငါ့ကို လာမခေါ်နဲ့တော့”
“သွားကြစို့… ပြန်ပြီး ကျင့်ကြံတာကမှ ပိုအကျိုးရှိဦးမယ်”
သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြပြီး သိန်းနှင့်ချီသော ရတနာရှာဖွေသူများမှာလည်း ပျက်စီးသွားသော မဟာလော့မြေကို ချန်ရစ်ကာ စိတ်မချမ်းမြေ့စွာဖြင့် ထွက်ခွာသွားကြတော့သည်။
အခြားတစ်ဖက်တွင်မူ လင်းပိုင်ဖန်ကတော့ ရလဒ်ကောင်းများစွာ ရရှိနေခဲ့သည်။
တစ်လကျော်ကြာ အားထုတ်ပြီးနောက်တွင် သူခေါ်ယူထားသော ဆရာဟူ၊ နိပုတ နှင့် အခြားနှစ်ဦးတို့သည် ချီဖွဲ့တည်ခြင်းအဆင့်သို့ ချိုးဖျက် ရောက်ရှိသွားကြပြီ ဖြစ်သည်။ ထို့အပြင် လျိုဝမ်ချင်းသည်လည်း သူမ၏ မိခင်ဖြစ်သူ၏ လမ်းညွှန်မှုအောက်တွင် ချီဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
မဟာရှသည် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ငါးဦးကို ထပ်မံရရှိခဲ့လေပြီ ဖြစ်သည်။
“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသဖြင့် သင်၏ ခွန်အားမှာလည်း တစ်ပြိုင်တည်း တိုးမြင့်လာခဲ့သည်။ ‘မြင့်မြတ်သော အဆုံးစွန်အေးခဲခြင်း’ ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သည်”
‘မြင့်မြတ်သော အဆုံးစွန်အေးခဲခြင်း’ သည် ထိပ်တန်း ဓားမော့သိုင်းပညာတစ်ခုဖြစ်ပြီး ကြီးမားလှသော ရေခဲဓားချီများအဖြစ် ပြောင်းလဲကာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို အေးခဲသွားစေနိုင်သည်။ ၎င်းကို အစွမ်းကုန် အသုံးချနိုင်ရန် ‘နှင်းသောက်ရူးသွပ်ဓား’ နှင့် တွဲဖက်သုံးရန် လိုအပ်သော်လည်း ကစားသမား၏ နက်ရှိုင်းလှသော ခွန်အားကြောင့် ထိုကန့်သတ်ချက်များမှာ မရှိတော့ပေ”
လင်းပိုင်ဖန်သည် ထိုဓားမော့သိုင်းကို လေ့လာလိုက်သည်။ သူ၏ အင်အားမှာ နောက်ထပ် ခြေလှမ်းငယ်တစ်ခု တိုးတက်သွားခဲ့လေပြီ ဖြစ်သည်။
“ငါ့ရဲ့ ခွန်အားက တခြား မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တွေနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲဆိုတာ သိချင်မိတယ်” ဟု လင်းပိုင်ဖန်က နက်နက်နဲနဲ စဉ်းစားမိလိုက်သည်။
***