ဤအချိန်တွင် နက်ရှိုင်းသော တောင်တန်းတောအုပ်ကြီး အတွင်းရှိ ကြည်လင်အေးမြသော မြစိမ်းရောင် ရေကန်ကြီးတစ်ခုအနား၌...
ရေကန်၏ အထက်တွင် ခန့်ညားထည်ဝါလှသော နန်းတော်တမျှ အဆောက်အဦးများစွာ ရှိနေသည်။ ထိုအဆောက်အဦးများ၏ အပေါ်ယံ ကောင်းကင်ယံတွင်မူ ဧရာမ ကြေးဒင်္ဂါးကြီးတစ်စေ့က လေထဲတွင် ဝဲပျံနေသကဲ့သို့ ရှိနေသည်။
ဤနေရာသို့ ရောက်လာသူတိုင်းသည် ထိုကြေးပြားကို ရိုသေစွာဖြင့် ဦးညွှတ်ကြရစမြဲ ဖြစ်သည်။ ဤနေရာကား ငွေဂိုဏ်း၏ ဌာနချုပ်ဖြစ်သလို ဂိုဏ်းချုပ် ရှန်ကွမ်းဟုန် နေထိုင်ရာ နေရာလည်း ဖြစ်ပေသည်။
ယခုအခါ ရှန်ကွမ်းဟုန်သည် အောက်ခြေမှ တင်ပြလာသော သတင်းများကို ကြည့်ရင်း - "သူဖုန်းစားဂိုဏ်းက သူတို့နယ်မြေတွေကို တကယ်ပဲ အလွယ်တကူ စွန့်လွှတ်လိုက်တာလား... သူတို့က ပြန်တောင် မတိုက်ဘူးပေါ့လေ" ဟု တီးတိုး ရေရွတ်လိုက်သည်။
ရှန်ကွမ်းဟုန်၏ ဘေးတွင် ရပ်နေသော မျက်နှာသေနှင့် ဓားသမားက - "ဂိုဏ်းချုပ်... သူဖုန်းစားဂိုဏ်းရဲ့ လုပ်ရပ်မှာ လှည့်ကွက်တစ်ခုခု ရှိနိုင်ပါတယ်။ ကျွန်တော်တို့ သတိထားသင့်တယ်လို့ ထင်ပါတယ်" ဟု ဆိုလိုက်သည်။
"လှည့်ကွက်လည်း ဖြစ်နိုင်သလို... သူတို့မှာ တခြားရွေးချယ်စရာ မရှိတော့တာလည်း ဖြစ်နိုင်တာပဲ"
ရှန်ကွမ်းဟုန်သည် နေရာမှ ထရပ်လိုက်ပြီး ရေကန်၏ ကြည်လင်သော ရေပြင်ကို ကြည့်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် - "လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူဖုန်းစားဂိုဏ်းချုပ် ဟုန်းချီဟိုင်ဟာ မဟာရှနန်းတော်ကို သွားရောက် စိန်ခေါ်ခဲ့တုန်းက ဓားအဖိုးနဲ့ တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း သူ ထွက်ပြေးသွားပြီး ပျောက်ချက်သား ကောင်းနေခဲ့တာပဲ"
"မကြာခင်မှာပဲ သူဖုန်းစားဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နဲ့ အကြီးအကဲ အတော်များများပါ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြတယ်။ သိုင်းလောကထဲက ကောလာဟလတွေအရတော့ ဟုန်းချီဟိုင်ဟာ ဓားအဖိုးရဲ့ လက်ချက်နဲ့ ဒဏ်ရာရသွားလို့ တစ်နေရာမှာ ပုန်းအောင်းပြီး ကုသနေတယ်လို့ ပြောကြတာပဲ။ ကျန်တဲ့ အကြီးအကဲတွေကလည်း သူ့ကို စောင့်ရှောက်နေကြတယ်ပေါ့"
"ဒါပေမဲ့ အခုဆိုရင် တစ်နှစ်နီးပါး ရှိနေပြီ။ သူတို့ တစ်ယောက်မှ ပေါ်မလာကြသေးဘူး။ ဟုန်းချီဟိုင် ဒဏ်ရာကုနေတာက ထားပါတော့၊ ကျန်တဲ့ အကြီးအကဲတွေကပါ ဘာလို့ အရိပ်အယောင်တောင် မတွေ့ရတာလဲ။ ဒါက တကယ်ပဲ ထူးဆန်းနေတယ်လို့ မင်း မထင်ဘူးလား"
မျက်နှာသေနှင့် ဓားသမားက ခေါင်းညိတ်ပြကာ - "ဂိုဏ်းချုပ်... ဒီကိစ္စက တကယ်ကို ထူးဆန်းပါတယ်။ ကျွန်တော်တို့ လူအင်အား အလုံးအရင်းနဲ့ စုံစမ်းပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။ သူဖုန်းစားဂိုဏ်းက လူတွေကလည်း ပါးစပ် အတော်လုံကြတယ်၊ ဘာသတင်းမှ ပေါက်ကြားမလာဘူး"
ငွေဂိုဏ်းချုပ်က တစ်ဖက်သို့ လှည့်ကြည့်ကာ - "ဝူမင်... ဟုန်းချီဟိုင် သေသွားပြီလို့ မင်း ထင်သလား" ဟု မေးလိုက်သည်။
ဝူမင်ဟု ခေါ်သော ဓားသမားမှာ အံ့အားသင့်သွားပြီး - "ဟုန်းချီဟိုင် သေပြီ ဟုတ်လား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ကမ္ဘာပေါ်မှာ ထိပ်တန်းစာရင်းဝင်တဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပဲလေ။ သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ"
"ဒါက ငါ့ရဲ့ တွေးဆချက်သက်သက်ပါပဲ။ ကောင်းကင်အဆင့် ပညာရှင်တွေက သန်မာတယ်ဆိုပေမဲ့ မသေနိုင်တဲ့ နတ်ဘုရားတွေမှ မဟုတ်တာ"
ငွေဂိုဏ်းချုပ်က ခေါင်းကို ခါယမ်းရင်း - "ကြည့်လေ... မဟာရွှယ်ရဲ့ ဧကရာဇ်တောင် ကောင်းကင်အဆင့်ကို ရောက်ခါစမှာတင် အသတ်ခံလိုက်ရတာပဲ မဟုတ်လား။ အဲဒါလည်း သိုင်းပညာ လုံးဝ မရှိတဲ့သူရဲ့ လက်ချက်နဲ့လေ။ အဲဒီတော့ ဟုန်းချီဟိုင်က ဘာလို့ မသေနိုင်ရမှာလဲ"
"ဒါကတော့..." ဝူမင်မှာ ပြန်ပြောစရာ စကားမရှိတော့ပေ။
"ဟုန်းချီဟိုင် သေသွားပြီလို့ ခေတ္တယူဆကြည့်ရအောင်။ သူသာ သေသွားပြီဆိုရင်တော့ ပေါ်မလာနိုင်တာ သဘာဝပဲလေ။ ဂိုဏ်းချုပ်သာ မရှိတော့ရင် သူဖုန်းစားဂိုဏ်းရဲ့ အင်အားကလည်း တဖြည်းဖြည်း လျော့နည်းလာမှာပဲ။ အဲဒီတော့ သူတို့က နစ်နာမှုတွေကို လျှော့ချဖို့အတွက် ဒီလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပြီး ငါတို့ ငွေဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ရင်တောင်မှ အောက်ကျနောက်ကျ ခံနေကြတာပေါ့"
ငွေဂိုဏ်းချုပ်က လက်နှစ်ဖက်ကို ဖြန့်ပြကာ - "တွေ့လား... ဒါဆိုရင် အရာအားလုံးက ကွက်တိပဲ မဟုတ်လား"
"ဂိုဏ်းချုပ်ရဲ့ တွေးဆချက်က တကယ်ကို ယုတ္တိရှိပါတယ်" ဟု ဝူမင်က ထောက်ခံလိုက်သည်။
"ဒါတွေက ငါ့ရဲ့ ခန့်မှန်းချက်တွေပါပဲ။ သူ တကယ် သေလား ရှင်လားဆိုတာ ငါလည်း အသေအချာ မသိဘူး။ ဒါပေမဲ့ ငါတို့ ထပ်ပြီး စမ်းသပ်ကြည့်လို့ ရတာပဲ။ သူ့ကို အတင်းအကျပ် ထွက်လာအောင် လုပ်မယ်၊ သူ ထွက်လာရင် ငါနဲ့ ထိပ်တိုက်တွေ့ကြတာပေါ့။ အကယ်၍ သူသာ တကယ်သေသွားလို့ ထွက်မလာနိုင်ဘူးဆိုရင်တော့ ငါတို့ ဒီအခွင့်အရေးကို သုံးပြီး သူဖုန်းစားဂိုဏ်းရဲ့ နယ်မြေအားလုံးကို ဝါးမျိုပစ်လိုက်မယ်"
"ဂိုဏ်းချုပ်ရဲ့ အမြော်အမြင်က တကယ်ကို ပြိုင်ဘက်ကင်းလှပါတယ်။ ဒီကိစ္စကို ကျွန်တော် သွားရောက် စီစဉ်လိုက်ပါ့မယ်။ ခွင့်ပြုပါဦး"
ဝူမင်သည် အရိုအသေပေးကာ ငွေဂိုဏ်းဌာနချုပ်မှ ထွက်ခွာသွားခဲ့သည်။ မကြာမီမှာပင် ငွေဂိုဏ်းသည် သူဖုန်းစားဂိုဏ်းအပေါ် အလုံးအရင်းဖြင့် စစ်ဆင်နွှဲကာ နယ်မြေများကို အတင်းအဓမ္မ လုယူလေတော့သည်။ သူဖုန်းစားဂိုဏ်းသားများမှာမူ အောက်ကျနောက်ကျ ခံကာ နယ်မြေများကို တစ်ခုပြီးတစ်ခု ဖယ်ပေးခဲ့ကြသည်။
ငွေဂိုဏ်းက ပို၍ ရဲတင်းလာသလို၊ သူဖုန်းစားဂိုဏ်းကလည်း ထပ်ခါထပ်ခါ နောက်ဆုတ်ပေးခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး သိုင်းလောကသားများမှာ ဆက်၍ ကြည့်မနေနိုင်တော့ပေ။
"သူဖုန်းစားဂိုဏ်းက တကယ်ကို သူရဲဘောကြောင်တာပဲ။ ကမ္ဘာ့နံပါတ်တစ် ဂိုဏ်းကြီးဖြစ်ပြီးတော့ သူများ အနိုင်ကျင့်တာကို ငြိမ်ခံနေတယ်"
"သူတို့ ငွေဂိုဏ်းချုပ်ကို ကြောက်နေကြတာလား"
"မဖြစ်နိုင်တာ။ သူဖုန်းစားဂိုဏ်းမှာလည်း ကောင်းကင်အဆင့် သိုင်းပညာရှင် ရှိတာပဲလေ၊ ဘာလို့ ကြောက်ရမှာလဲ"
"ဟုန်းချီဟိုင်ရဲ့ ဒဏ်ရာက အခုထိ မသက်သာသေးလို့လား"
"ဒါမှမဟုတ် ဟုန်းချီဟိုင်က ရှန်ကွမ်းဟုန်ကို ကြောက်နေတာများလား"
မဟာရှတွင်မူ သူဖုန်းစားဂိုဏ်း အကြီးအကဲများသည် အခြေအနေကို တင်ပြရန် တစ်ဖက်တွင် ပြန်လည် စုရုံးလာကြသည်။ အကြီးအကဲ ချန်က ဒေါသတကြီးဖြင့် - "အရှင်မင်းကြီး... ငွေဂိုဏ်းကတော့ လွန်လွန်းလှပါတယ်။ ကျွန်တော်မျိုးတို့ နယ်မြေတွေ အများကြီး ဖယ်ပေးထားပါလျက်နဲ့ သူတို့က အတင်းအကျပ် အနိုင်ကျင့်နေကြပါတယ်"
အကြီးအကဲ လိုင်ကလည်း အလွန်ပင် စိတ်ဆိုးနေကာ - "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ဒီထက်ပိုပြီး နောက်ဆုတ်နေမယ်ဆိုရင်တော့ သိုင်းလောကရဲ့ လှောင်ပြောင်စရာ ဖြစ်လာပါလိမ့်မယ်"
အကြီးအကဲ ကျိုးကမူ ပို၍ စိုးရိမ်နေသည် - "ဂိုဏ်းချုပ်ဟောင်းရဲ့ ကိစ္စသာ လူသိသွားရင် အကျိုးဆက်တွေက ထိန်းချုပ်လို့ မရနိုင်တော့မှာကို စိုးရိမ်မိပါတယ်"
"ကျပ်တည်းလိုက်တဲ့ အခြေအနေပဲ..."
နောက်ဆုံးတွင် အားလုံးက တညီတညွတ်တည်း - "အရှင်မင်းကြီး... တရားမျှတမှုကို ဖော်ဆောင်ပေးပါဦး။ ကျွန်တော်မျိုးတို့ တကယ်ပဲ ထပ်ပြီး နောက်မဆုတ်နိုင်တော့ပါဘူး" ဟု လျှောက်တင်လိုက်ကြသည်။
လင်းပိုင်ဖန်က စားပွဲကို အားဖြင့် ရိုက်ချလိုက်ပြီး မတ်တပ်ထရပ်ကာ - "သူက သေချင်နေမှတော့ ငါကိုယ်တော် ဖြည့်ဆည်းပေးရတာပေါ့"
ဓားအဖိုးက ရှေ့သို့ တစ်လှမ်းတိုးလာကာ - "ဆရာ... ဒီအလုပ်ကို ကျွန်တော် လုပ်ပါရစေ"
လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညိတ်ရင်း - "ကောင်းပြီ... မင်း ငါ့ကိုယ်စားသွားပြီး ရှန်ကွမ်းဟုန်ကို သတ်လိုက်။ ဒါပေမဲ့ မသွားခင်မှာ ငါ မင်းကို အသွင်ပြောင်းပေးရဦးမယ်"
"အသွင်ပြောင်းမယ်၊ ဘာလို့လဲ ဆရာ " ဓားအဖိုးမှာ ဝေခွဲမရ ဖြစ်သွားသည်။
လင်းပိုင်ဖန်က ပြုံးကာ - "ဒါပေါ့... မင်းက သူဖုန်းစားဂိုဏ်းချုပ် ဟုန်းချီဟိုင်အဖြစ် အသွင်ပြောင်းရမှာလေ။ ဒါဆိုရင် ရှန်ကွမ်းဟုန်ကို သတ်လိုက်တဲ့အခါ ပြဿနာအားလုံး ပြေလည်သွားရုံတင် မကဘူး၊ သူဖုန်းစားဂိုဏ်းကို မျက်စိကျနေတဲ့ ငကြောက်တွေအားလုံးကိုလည်း ခြောက်လှန့်ပြီးသား ဖြစ်သွားမှာပေါ့"
"ဆရာ ပြောတာ တကယ်ကို မှန်ကန်ပါတယ်"
ထို့နောက် လင်းပိုင်ဖန်ကိုယ်တိုင် ဓားအဖိုးကို အသွင်ပြောင်းပေးခဲ့သည်။ ၎င်းသည် အပြည့်အဝ မတူညီသော်လည်း ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် တူညီသဖြင့် လူအတော်များများကို လှည့်စားရန် လုံလောက်လှသည်။ တစ်ချိန်တည်းမှာပင် ပို၍ စိတ်ချရစေရန် ဓားအဖိုးသည် "နဂါးနိုင်လက်ဝါး (၁၈) ကွက်" ထဲမှ အချို့ကိုလည်း လေ့လာခဲ့သည်။
ပြင်ဆင်မှုများ ပြီးဆုံးသောအခါ သူတို့ စတင် ထွက်ခွာခဲ့ကြလေသည်။
***