ထို့နောက်တွင် ဓားအဖိုးအိုသည် တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး အနီးနားရှိ ငွေဂိုဏ်းသား အားလုံးကို သုတ်သင်ရှင်းလင်းပစ်လိုက်သည်။
ပြီးနောက် သူသည် နဂါးနိုင်လက်ဝါး ၁၈ ကွက်၏ တိုက်ကွက်အချို့ကို ထုတ်ဖော်ကာ ယခင်ခြေရာလက်ရာ အချို့ကို ဖျက်ဆီးပစ်သလို ခြေရာလက်ရာ အသစ်များကိုလည်း ချန်ထားခဲ့လေသည်။ သူသည် အခြေအနေကို စိတ်တိုင်းကျပြီဆိုမှ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
"ဓားအဖိုးအို... အခြေအနေ ဘယ်လိုလဲဗျ" သူဖုန်းစားဂိုဏ်း အကြီးအကဲများက သူ့အနားသို့ ဝိုင်းအုံလာပြီး မေးမြန်းကြသည်။
ဓားအဖိုးအိုက ပြုံးလိုက်ပြီး - "ရှန်ကွမ်းဟုန်ရဲ့ ခေါင်းက ဒီမှာပဲ၊ အားလုံး အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီ" ဟု ဆိုလိုက်သည်။
"ကောင်းလိုက်တာ... ငွေဂိုဏ်းချုပ် သေပြီဆိုတော့ ငါတို့ သူဖုန်းစားဂိုဏ်းအတွက် စိုးရိမ်စရာ မရှိတော့ဘူး" အားလုံးက အလွန်ပင် စိတ်လှုပ်ရှားကာ ဝမ်းသာနေကြသည်။
ဓားအဖိုးအိုက ပြုံးလျက် - "တောင်ကြားထဲမှာ ငွေတေး ငါးသန်း၊ ခြောက်သန်းလောက် တန်ဖိုးရှိတဲ့ ရတနာတွေ အများကြီး ကျန်ခဲ့သေးတယ်။ အဲဒါတွေကို သူဖုန်းစားဂိုဏ်း ဖွံ့ဖြိုးရေးအတွက် ပြန်သယ်ခိုင်းလိုက်ကြဦး။ ကျုပ်ကတော့ အရှင်မင်းကြီးဆီ ပြန်ပြီး သတင်းပို့ရဦးမယ်"
"ကောင်းပါပြီ ဓားအဖိုးအို" သူဖုန်းစားဂိုဏ်း အကြီးအကဲများက တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။
ဓားအဖိုးအိုသည် မဟာရှသို့ ပြန်ရောက်သောအခါ ရှန်ကွမ်းဟုန်၏ ဦးခေါင်းကို လင်းပိုင်ဖန် ထံ ဆက်သလိုက်သည်။ ထို့နောက်တွင် သူသည် လင်းပိုင်ဖန်၏ အနား၌ပင် အေးအေးလူလူ နေထိုင်ရင်း သိုင်းပညာများကို ဆက်လက် လေ့လာဆည်းပူးနေခဲ့လေသည်။
သို့သော်လည်း ပြင်ပလောကတွင်မူ ထိုသတင်းကြောင့် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
"မင်း ကြားပြီးပြီလား... တစ်ညနေမှာ ငွေဂိုဏ်းဌာနချုပ်ရှိတဲ့ တောင်ကြားထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲကြီး ဖြစ်ခဲ့တယ်တဲ့။ အသံက ဘယ်လောက်တောင် ကျယ်လဲဆိုရင် မိုင်ပေါင်း ရာချီတဲ့အထိ ကြားရတယ်လို့ ပြောကြတယ်"
"ငါလည်း ကြားတယ်၊ မိုးကြိုးပစ်သလိုမျိုး တဝုန်းဝုန်းနဲ့ မရပ်မနား အသံတွေ ထွက်နေတာတဲ့"
"နောက်တော့ သိုင်းပညာရှင် တော်တော်များများ သွားကြည့်ကြတာ တောင်ကြားတစ်ခုလုံး ပျက်စီးနေတာကို တွေ့ရတယ်တဲ့လေ။ ကောင်းကင်အဆင့် သိုင်းပညာရှင်ချင်း တိုက်ပွဲမျိုးမှသာ ဒီလောက်အထိ ပျက်စီးနိုင်တာ။ ဘယ်သူတွေ တိုက်ကြတာလို့ မင်းထင်လဲ"
"တစ်ယောက်ကတော့ ငွေဂိုဏ်းချုပ် ရှန်ကွမ်းဟုန် ဖြစ်မှာ သေချာတယ်။ နောက်တစ်ယောက်က ဘယ်သူလဲ မသေချာပေမဲ့ အခင်းဖြစ်တဲ့နေရာမှာ နဂါးနိုင်လက်ဝါး ၁၈ ကွက်ရဲ့ ခြေရာလက်ရာတွေကို တွေ့ရတယ်လို့ ဆိုကြတယ်"
"အဲဒီနားမှာ သူဖုန်းစားဂိုဏ်း အကြီးအကဲတွေနဲ့ တပည့်တွေကိုလည်း တွေ့လိုက်ရသလို သူဖုန်းစားဂိုဏ်းချုပ်ရဲ့ ပုံရိပ်ကိုလည်း မြင်လိုက်ရတယ်လို့ ပြောနေကြတာပဲ"
"ဒါဆို သူဖုန်းစားဂိုဏ်းက ငွေဂိုဏ်းကို တိုက်လိုက်တာပေါ့"
"ဖြစ်နိုင်တာပေါ့... နောက်ပိုင်းမှာ ငွေဂိုဏ်းက အရမ်းကို ရဲတင်းလာတာကိုး"
ကောင်းကင်အဆင့် သိုင်းပညာရှင်များနှင့် အင်အားကြီး ဂိုဏ်းနှစ်ခုကြားမှ ကိစ္စမှာ သေးငယ်လှသည်မဟုတ်ပေ။ သိုင်းလောကတစ်ခုလုံး ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေကြသည်။
ထိုအချိန်တွင် သူဖုန်းစားဂိုဏ်းက ရှေ့ထွက်လာပြီး အခြေအနေကို ရှင်းပြကာ တာဝန်ယူလိုက်သည်။ ငွေဂိုဏ်းက အလွန်အကျွံ လုပ်ရပ်များကို လုပ်ဆောင်လာသောကြောင့် ဂိုဏ်းချုပ် ဟုန်ချီဟိုင်က မခံမရပ်နိုင်ဖြစ်ကာ သူဖုန်းစားဂိုဏ်းဝင်များကို ဦးဆောင်၍ ငွေဂိုဏ်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ငွေဂိုဏ်းချုပ် ရှန်ကွမ်းဟုန်ကိုမူ သူတို့၏ ဂိုဏ်းချုပ်ကိုယ်တိုင် သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်းလည်း ကြေငြာလိုက်သည်။
ဤသတင်းကြောင့် သိုင်းလောကတစ်ခုလုံး ထပ်မံ၍ မီးဟုန်းဟုန်းတောက်သကဲ့သို့ ဖြစ်သွားခဲ့ပြန်သည်။
ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကို အနိုင်ယူရန် လွယ်ကူသော်လည်း သတ်ဖြတ်နိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည် မဟုတ်ပါလား။ ကောင်းကင်အဆင့် အချင်းချင်း တိုက်ခိုက်ရာတွင်ပင် ထိုအတိုင်းပင် ဖြစ်သည်။
ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကို မြန်မြန်ဆန်ဆန် သတ်ဖြတ်နိုင်သူဆိုသည်မှာ ပြိုင်ဘက်ထက် အဆပေါင်းများစွာ သာလွန်သူ ဖြစ်ရပေမည်။ ထို့ကြောင့် ဟုန်ချီဟိုင်သည် ကောင်းကင်အဆင့် သိုင်းပညာရှင်များထဲတွင် ထိပ်သီး ၁၀ ယောက် စာရင်းဝင်လောက်အောင် အစွမ်းထက်နေပြီလားဟု လူအများက တွေးတောကုန်ကြသည်။
ယခင်က သူသည် ဤမျှအထိ မသန်မာခဲ့ပေ။
‘ဘုရားရေ... တစ်နှစ်အတွင်းမှာ ဒီလောက်အထိ တိုးတက်လာခဲ့တာလားဟ။ သူက ဒဏ်ရာကုနေတာ မဟုတ်ဘဲ တံခါးပိတ်ကျင့်ကြံနေတာပဲ ဖြစ်ရမယ်၊ ဒါမှမဟုတ်လည်း ရှားပါးတဲ့ အခွင့်အရေး တစ်ခုခုနဲ့ ကြုံခဲ့တာလား’
လူအများက ထိုသတင်း မှန်မမှန်ကို သိရှိရန် ငွေဂိုဏ်းဘက်သို့ စုံစမ်းကြသော်လည်း ငွေဂိုဏ်းဘက်ကမူ တိတ်တဆိတ်သာ နေတော့သည်။ အကြောင်းမှာ သူတို့၏ ဂိုဏ်းချုပ် တကယ်ပင် သေဆုံးသွားခဲ့ပြီး ခေါင်းဖြတ်ယူခံရကာ ရုပ်အလောင်းမှာပင် မပြည့်စုံတော့သောကြောင့် ဖြစ်သည်။
နှုတ်ဆိတ်နေခြင်းကပင် အကောင်းဆုံး အဖြေဖြစ်သွားပြီး လူအများက သူဖုန်းစားဂိုဏ်း၏ စကားကို ယုံကြည်ကာ သက်ပြင်းချမိကြတော့သည်။
"ရှန်ကွမ်းဟုန်က ကောင်းကင်အဆင့် ဖြစ်ကာစပဲ ရှိသေးတယ်၊ အခုတော့ အသက်ပျောက်သွားရပြီ။ နှမြောစရာပဲ"
"လူဆိုတာ အရမ်းကို ဝင့်ကြွားပြီး ရဲတင်းမနေသင့်ဘူး၊ မဟုတ်ရင် ဘေးဒုက္ခက လိုက်လာတတ်တာပဲ"
"သူသာ သူဖုန်းစားဂိုဏ်းကို အသေအလဲ မစော်ကားခဲ့ရင် သူတို့ဂိုဏ်းချုပ်က ဘာလို့ ဒီလောက်အထိ လက်စားချေပါ့မလဲ"
"ရှန်ကွမ်းဟုန် သေပြီဆိုတော့ ငွေဂိုဏ်းလည်း သွားပြီပေါ့"
လူအများ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာသည်။ ထို့နောက်တွင် သူဖုန်းစားဂိုဏ်းက ဦးဆောင်ကာ ငွေဂိုဏ်း၏ နယ်မြေများကို သိမ်းပိုက်တော့သည်။ ငွေဂိုဏ်းဝင်များမှာ နောက်ဆုတ်ပေးနေရပြီး ပြန်လည် မတုံ့ပြန်ရဲကြတော့ပေ။
သူဖုန်းစားဂိုဏ်းက တစ်ဆင့်ပြီးတစ်ဆင့် အင်အားကြီးမားလာကာ ယခင်ကထက်ပင် ပိုမို တန်ခိုးထွားလာခဲ့သည်။ အခြားဂိုဏ်းများမှာ သူဖုန်းစားဂိုဏ်းဝင်များနှင့် တွေ့လျှင်ပင် အပြုံးဖြင့် လမ်းဖယ်ပေးကာ ရိုသေစွာ ဆက်ဆံကြတော့သည်။ ငွေဂိုဏ်းမှာမူ တဖြည်းဖြည်းနှင့် တတိယတန်းစား အင်အားစုအဖြစ်သို့ ရောက်ရှိကာ ပြိုကွဲပျက်စီးသွားလေတော့သည်။
မဟာရှ နန်းတော်အတွင်း၌.....
ယောင်ယောင်သည် သစ်သီးများကို စားရင်း ထိုအကြောင်းကို ပြောပြကာ သက်ပြင်းချလိုက်သည်။
"ရှန်ကွမ်းဟုန်က ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်ကာစ၊ သူ့ဘဝရဲ့ အကောင်းဆုံး အချိန်မှာပဲ ဒီလို ရုတ်တရက် သေသွားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ တကယ် နှမြောဖို့ ကောင်းတယ်"
လင်းပိုင်ဖန်ကလည်း သက်ပြင်းချလျက် - "ဟုတ်တယ်... သူသာ သူဖုန်းစားဂိုဏ်းကို သွားမရှုပ်ခဲ့ရင် နှစ်ပေါင်းရာချီအောင် ချမ်းချမ်းသာသာနဲ့ လူအများရဲ့ လေးစားမှုကို ခံယူပြီး နေသွားလို့ရတာကို၊ အခုတော့ သူက အရမ်းမောက်မာဝင့်ကြွားပြီး မစော်ကားသင့်တဲ့ ရန်သူကို သွားစော်ကားမိတာပဲ။ နှမြောစရာလည်း ကောင်းသလို စက်ဆုပ်ဖို့လည်း ကောင်းတယ်။ ဒါကြောင့် လူဆိုတာ ဘယ်တော့မှ မာန်မတက်ရဘူး၊ မဟုတ်ရင် ကိုယ့်ကို နှိမ်နင်းမယ့်သူက အမြဲ ပေါ်လာစမြဲပဲ"
"လင်းပိုင်ဖန်... ရှင် သတိထားမိလား။ ဒီလောကကြီးက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ လှိုင်းထန်လာသလိုပဲ၊ ဘာတွေ ဖြစ်လာမလဲဆိုတာလည်း ခန့်မှန်းရ ခက်လာတယ်"
"ဘာဖြစ်လို့လဲ" လင်းပိုင်ဖန်က မျက်တောင်ခတ်ရင်း မေးလိုက်သည်။
ယောင်ယောင်က အသံတိုးတိုးဖြင့် - "ကြည့်လေ... ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ယောက်တောင် သေသွားပြီ။ မဟာရွှယ်နိုင်ငံရဲ့ ဧကရာဇ်ရယ်၊ ငွေဂိုဏ်းချုပ်ရယ်... နှစ်ယောက်လုံးက ကောင်းကင်အဆင့် ဖြစ်ပြီးတာနဲ့ သေကုန်ကြတာပဲ"
"နှစ်ယောက်ပဲ သေတာကို...၊ အများကြီးလို့ ပြောနေတာလား" လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။ (သူဖုန်းစားဂိုဏ်းချုပ် အစစ်အပါအဝင်ဆိုလျှင် သုံးယောက်ပင် ရှိပြီ ဖြစ်သည်)
"အများကြီးပေါ့"
ယောင်ယောင်က စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန်ပြကာ- "ကောင်းကင်အဆင့် သိုင်းပညာရှင်တွေက အရမ်းသန်မာတာ။ ပုံမှန်ဆိုရင် ဆယ်စုနှစ် တော်တော်ကြာမှ တစ်ယောက် သေဖို့တောင် ခက်တာ။ အခုက တစ်နှစ်ကျော်ကျော်အတွင်းမှာတင် နှစ်ယောက်တောင် ရှိနေပြီ။ ဒါက ထူးဆန်းတယ်လို့ ရှင် မထင်ဘူးလား"
"ဖြစ်နိုင်တယ်... ထူးတော့ ထူးဆန်းသားပဲ" လင်းပိုင်ဖန်က ထောက်ခံလိုက်သည်။
"ပြီးတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သိုင်းလောကထဲမှာ ထူးဆန်းတာတွေ အများကြီး ဖြစ်လာတယ်။ ဥပမာ - သူဖုန်းစားဂိုဏ်းရဲ့ လုပ်ရပ်တွေက ပိုပြီး နားလည်ရ ခက်လာတာမျိုး၊ ပြီးတော့ ကောင်းကင်ခန် ဂူသင်္ချိုင်းကိစ္စမှာ လူတွေအများကြီး အလိမ်ခံလိုက်ရတာမျိုး..."
ယောင်ယောင်က လင်းပိုင်ဖန်အနားသို့ တိုးကပ်လာပြီး ဘေးဘီကို ဝေ့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒီလောကကြီးရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ လက်မည်းကြီးတစ်ခုက အရာအားလုံးကို ကြိုးကိုင်နေသလိုမျိုး ကျွန်မ ခံစားနေရတယ်"
လင်းပိုင်ဖန်ကလည်း ချက်ချင်းပင် စိတ်ဝင်စားသွားကာ တိုးတိုးလေး ပြန်မေးလိုက်သည်။ "ငါလည်း အဲဒီအတိုင်း ခံစားရတယ်၊ အဲဒီလက်မည်းကြီးက ဘယ်သူဖြစ်မလဲ၊ သူတို့ ဘာလုပ်ချင်နေတာလဲ"
ယောင်ယောင်က ခေါင်းခါပြကာ - "အဲဒါတော့ ကျွန်မ မသိဘူး။ တစ်ဖက်လူက အရမ်းကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာ။ ကျွန်မ ဘယ်လောက်ပဲ စုံစမ်းစုံစမ်း ဘာမှ ရှာမတွေ့ဘူး။ သူတို့နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တစ်ခု ရှိရမယ်၊ ဖြစ်နိုင်ရင် လောကကြီးရဲ့ အခြေအနေကိုတောင် ပြောင်းလဲပစ်ချင်နေတာလည်း ဖြစ်နိုင်တယ်"
"ကြောက်စရာကြီးပါလား" လင်းပိုင်ဖန်က ကြောက်လန့်ကာ တုန်ရင်နေသည့်ဟန် ပြုလုပ်ပြလိုက်သည်။
ယောင်ယောင်က သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး - "စိတ်မပူပါနဲ့၊ အဲဒီနောက်ကွယ်က ကြိုးကိုင်သူက သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမား ရှိလိမ့်မယ်။ ရှင့်လို သာမန်လူတစ်ယောက်ကိုတော့ လာပြီး ဒုက္ခပေးမှာ မဟုတ်ပါဘူး"
"အကယ်၍ သူတို့က အမြင်မှားပြီး ငါ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကို မက်မောသွားရင် ဘယ်လိုလုပ်မလဲ" လင်းပိုင်ဖန်က နဖူးမှ ချွေးစကို သုတ်ရင်း ပြောလိုက်သည်။
"ရှင်ကတော့လေ... တကယ်ကို အရှက်မရှိတဲ့သူပဲ" ယောင်ယောင်က ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်မောတော့သည်။
ရယ်မောပြီးနောက် ယောင်ယောင်သည် မိစ္ဆာဂိုဏ်းသို့ ပြန်သွားကာ သူမ၏ လက်အောက်ငယ်သားများကို ထိုနောက်ကွယ်မှ ကြိုးကိုင်သူကို စုံစမ်းရန် အမိန့်ပေးလိုက်သည်။
လင်းပိုင်ဖန်သည် ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
‘ဒီကောင်မလေးက တဖြည်းဖြည်း ပိုပြီး ထက်မြက်လာတာပဲ’
‘သူမက နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေတာကိုတောင် သတိထားမိပြီး စုံစမ်းဖို့ လုပ်နေပြီ။ ငါ သူမကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်တော့ဘူး’
‘ငါ ကြင်နာပြနေလို့ မဖြစ်တော့ဘူး၊ အရင်ဦးအောင် လက်ဦးမှု ယူမှရမယ်’
‘အခွင့်အရေး ရရင် သူမကို ငါ့လူဖြစ်အောင် သိမ်းသွင်းမှ ရတော့မယ်’
‘အင်း... ဒါကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ’
***