လင်းပိုင်ဖန်သည် ယောင်ယောင်ကို မည်သို့သိမ်းသွင်းရမလဲဟု စဉ်းစားနေစဉ်မှာပင် ချိုင်ယွီရှင်း ရောက်ရှိလာခဲ့သည်။
"အရှင်မင်းကြီး... ကျွန်မ ခွင့်တောင်းချင်လို့ပါ။ တစ်လခွဲလောက် ခွင့်ရက်ပေးပါဦး" ချိုင်ယွီရှင်းက ဦးညွှတ်ရင်း ဆိုလိုက်သည်။
"ဘာကိစ္စရှိလို့လဲ" လင်းပိုင်ဖန်မှာ စိုးရိမ်တကြီး မေးလိုက်သည်။
"အခုချက်ချင်း ပြန်မသွားရင် ကျွန်မရဲ့ ဆရာသခင်ကို နောက်နောင် တွေ့ရတော့မှာ မဟုတ်တော့ဘူး" ချိုင်ယွီရှင်း၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်နေလေသည်။
လင်းပိုင်ဖန်၏ မျက်နှာမှာလည်း တည်ကြည်သွားကာ - "စိတ်မကောင်းပါဘူး... အရမ်းလည်း ဝမ်းနည်းမနေပါနဲ့ဦး။ မင်းရဲ့ဆရာက ကောင်းကင်ဘုံကနေ မင်းကို အခုလို စိတ်ဆင်းရဲနေတာမျိုး မြင်ချင်မှာ မဟုတ်ဘူး"
"ဘာတွေ လျှောက်ပြောနေတာလဲ... ကျွန်မဆရာက မသေသေးဘူး" ချိုင်ယွီရှင်းက စိတ်တိုတိုဖြင့် ပြန်အော်လိုက်သည်။
လင်းပိုင်ဖန်မှာ အံ့အားသင့်သွားပြီး - "ဒါပေမဲ့ မင်းပဲ ခုနက ပြောတော့..."
"ကျွန်မဆရာက အသက် ၉၀ ပြည့်တော့မှာမို့ မွေးနေ့ပွဲကို သွားကျင်းပပေးမလို့ပါ"
"မွေးနေ့ပွဲ သွားတာကိုပဲ... သေရေးရှင်ရေးကိစ္စ ဖြစ်နေသလိုမျိုး ပြောနေလိုက်တာ" လင်းပိုင်ဖန်က ငေါ့တော့တော့ဖြင့် ဆိုလိုက်သည်။
"အဲဒီမွေးနေ့ပွဲ ပြီးတာနဲ့ ဆရာက ကောင်းကင်အဆင့်ကို ရောက်ဖို့အတွက် တံခါးပိတ် ကျင့်ကြံတော့မှာ။ မအောင်မြင်မချင်း ပြန်ထွက်လာမှာ မဟုတ်ဘူး။ အဲဒီအဆင့်ကို တက်လှမ်းဖို့က အရမ်းခက်ခဲတယ်လို့ ပြောကြတယ်လေ။ ဒါကြောင့် နောင်တစ်ချိန်မှာ ဆရာ့ကို ထပ်တွေ့ရပါဦးမလားဆိုတာ မသေချာလို့ပါ" ချိုင်ယွီရှင်း၏ မျက်နှာမှာ မှိုင်းညှို့သွားပြန်သည်။
"သဘောပေါက်ပြီ" လင်းပိုင်ဖန်က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် ချိုင်ယွီရှင်း၏ ဆရာအကြောင်းကို အနည်းငယ် သိထားသည်။ ထိုသူ၏ အမည်မှာ 'ဇူဝူဒီ' ဖြစ်ပြီး လှံသိုင်းပညာတွင် နတ်ဘုရားအလား ကျွမ်းကျင်သောကြောင့် 'လှံနတ်ဘုရား' ဟုပင် ကျော်ကြားသူဖြစ်သည်။ ချိုင်ယွီရှင်းသည်လည်း ထိုသူ့ထံ၌ပင် လှံသိုင်းပညာကို သင်ယူခဲ့ခြင်း ဖြစ်သည်။
သူ၏ ကျင့်ကြံမှုမှာ ကောင်းကင်တစ်ဝက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုနေရာမှာပင် ရပ်တန့်နေခဲ့သည်။ ဤလောကရှိ ကောင်းကင်အဆင့် သိုင်းပညာရှင် အများစုမှာ ဓားသိုင်း၊ ဓားမော့သိုင်း သို့မဟုတ် လက်ဝါးသိုင်းများဖြင့်သာ အောင်မြင်ခဲ့ကြသူများဖြစ်ပြီး လှံသိုင်းဖြင့် အောင်မြင်သူမှာ အလွန်ပင် ရှားပါးလှသည်။
ထို့ကြောင့် ဇူဝူဒီအနေဖြင့် မိမိဘာသာ လမ်းစရှာဖွေကာ အဆင့်တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲနေခြင်း ဖြစ်သည်။ ထို့ပြင် ငယ်စဉ်က တိုက်ပွဲတစ်ခုတွင် ရရှိခဲ့သော ဒဏ်ရာမှာလည်း အသက်ကြီးလာသည်နှင့်အမျှ သူ့ကို ဒုက္ခပေးလာခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ထူးခြားသော လှံသိုင်းပညာကို လက်ဆင့်ကမ်းရန် တပည့်များစွာကို လက်ခံသင်ကြားပေးခဲ့လေသည်။
"မွေးနေ့ပွဲ သွားမှာဆိုတော့လည်း ခွင့်ပြုပါတယ်။ လက်ဆောင်ကော ပြင်ပြီးပြီလား။ ဥပမာ - ဒဏ်ရာတွေ ကုသဖို့ ဆေးစွမ်းကောင်းတွေလိုမျိုးပေါ့။ မင်းမှာ မရှိရင် ပြင်ပေးမယ်လေ" ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။
"မလိုပါဘူး အရှင်မင်းကြီး။ ကျွန်မ ဝမ်ချင်းကို ဆေးလုံးတစ်လုံး ဖော်စပ်ခိုင်းထားပြီးပါပြီ။ ဒီဆေးလုံးနဲ့ဆိုရင် ဆရာ့ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီး ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုများလာမှာပါ" ချိုင်ယွီရှင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ..."
လင်းပိုင်ဖန်က ခဏမျှ စဉ်းစားပြီးမှ - "သူက မင်းရဲ့ လူကြီးသူမဆိုတော့ ငါကိုယ်တော်ကလည်း ဂါရဝပြုတဲ့အနေနဲ့ လက်ဆောင်တစ်ခု ပေးလိုက်ဦးမယ်"
"အရှင်မင်းကြီးက ဘာလက်ဆောင် ပေးမလို့လဲ" ချိုင်ယွီရှင်းက စပ်စုလိုက်သည်။
"စာလုံးတစ်လုံးပဲ ပေးလိုက်မယ်"
လင်းပိုင်ဖန်သည် စက္ကူကို ဖြန့်ခိုင်းလိုက်ပြီး လက်ရေးဖြင့် "အသက်ရှည်ခြင်း" ဟူသော စာလုံးကို ရေးလိုက်သည်။
"ဒါက ငါ့ရဲ့ လက်ဆောင်ပဲ၊ သေချာ ဂရုစိုက်ပြီး သယ်သွားဦး"
"စာလုံးတစ်လုံးတည်း ပေးတာလား။ နည်းနည်းတော့ မနှမြောလွန်းဘူးလား။ ကျွန်မတော့ ဒါကို လက်ဆောင်အဖြစ် ပေးဖို့ ရှက်တောင်ရှက်မိတယ်" ချိုင်ယွီရှင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလျက် ပြုံးလိုက်ပြီး - "ငါကိုယ်တော်ရဲ့ ဒီစာလုံးတစ်လုံးက ရွှေတေး သန်းပေါင်းများစွာ တန်ဖိုးရှိတယ်ဆိုတာ မင်းမသိဘူးလား"
"မဖြစ်နိုင်တာ။ ဘယ်လိုလုပ် စာလုံးတစ်လုံးတည်းက အဲလောက် တန်ဖိုးရှိမှာလဲ"
"အလောင်းအစား လုပ်မလား" လင်းပိုင်ဖန်က အပြုံးဖြင့် မေးလိုက်သည်။
"ဘာကြေးလဲ"
"အကယ်၍ မင်းရဲ့ဆရာက ဒီစာလုံးကို ရတနာတစ်ခုလို တန်ဖိုးထားမယ်ဆိုရင် ငါနိုင်တယ်၊ အဲဒီအခါကျရင် မင်းက ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကို လိုက်လျောရမယ်။ မဟုတ်ရင်တော့ မင်းရဲ့ တောင်းဆိုချက်ကို ငါလိုက်လျောမယ်... ဘယ်လိုလဲ"
"ကောင်းပြီလေ... ဒါပေမဲ့ ကျွန်မ မတတ်နိုင်တာမျိုးတော့ မတောင်းဆိုရဘူးနော်"
"ဒါပေါ့..."
ထိုသို့ အပေးအယူ လုပ်ပြီးနောက် ချိုင်ယွီရှင်းသည် ထိုစာလုံးကို ယူဆောင်ကာ ထွက်ခွာသွားတော့သည်။
ငါးရက်ခန့် ကြာပြီးနောက်တွင် ချိုင်ယွီရှင်းသည် တိမ်မြူများ ဝန်းရံနေသည့် တောင်မြင့်ကြီးတစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာကား လှံနတ်ဘုရား၏ တိတ်ဆိတ်အေးချမ်းသော နေအိမ်ပင် ဖြစ်သည်။ ယခုအခါ မွေးနေ့ပွဲအတွက် အလှဆင်ထားပြီး အနီရောင် ဝတ်စုံဝတ်ထားသည့် ကလေးငယ်နှစ်ဦးက အဝင်ဝမှာ ဧည့်သည်များကို ကြိုဆိုနေကြသည်။
"စီနီယာ အစ်မကြီး... ပြန်လာပြီပဲ၊ ကျွန်တော်တို့ အစ်မကြီးကို အရမ်းလွမ်းနေတာ"
ချိုင်ယွီရှင်းကလည်း ပြုံးလျက် - "ဆရာတူမောင်လေး လုနဲ့ ဆရာတူမောင်လေး ကျောက်... နှစ်နှစ်အတွင်းမှာ တော်တော်ကြီးလာကြတာပဲ"
"အစ်မကြီးက ပိုပြောင်းလဲသွားတာပါ။ ပိုလှလာရုံတင်မကဘူး၊ အခုဆိုရင် ဗိုလ်ချုပ် ဖြစ်နေပြီလို့ ကြားတယ်၊ စစ်သည်တစ်သန်းကိုတောင် အုပ်ချုပ်နေရတာဆိုတော့ ကျွန်တော်တို့တောင် ဂုဏ်ယူမိတယ်"
"မှန်တာပေါ့" ချိုင်ယွီရှင်းက အလွန်ပင် ဂုဏ်ယူနေမိသည်။ သူမ၏ ရည်မှန်းချက်ဖြစ်သော ဗိုလ်ချုပ် အဖြစ်ကို ဤမျှမြန်မြန် ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဆရာကော... ငါ အခုချက်ချင်း တွေ့ချင်လို့"
"ဆရာက အခု အရေးကြီးတဲ့ ဧည့်သည်တွေနဲ့ တွေ့နေတာမို့ မအားသေးဘူး။ ခဏနေ မွေးနေ့ပွဲ စတော့မှပဲ တွေ့လိုက်ပါလား"
"ကောင်းပြီလေ"
ချိုင်ယွီရှင်း အတွင်းသို့ ဝင်လာစဉ် လမ်းတစ်လျှောက်တွင်လည်း အခြား ညီငယ်၊ ညီမငယ်များက ဝိုင်းအုံနှုတ်ဆက်ကြသည်။ ချိုင်ယွီရှင်းသည် ဤနေရာတွင် အလွန်ပင် လေးစားခြင်း ခံရသူဖြစ်သည်။ ထိုစဉ် ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
"စီနီယာအစ်မ... တကယ်ပဲ ရောက်လာတာကိုး"
ထိုသူကား မဟာလီအင်ပါယာ၏ ကိုးယောက်မြောက် မင်းသား လီထျန်ချုံး ပင် ဖြစ်သည်။ ချိုင်ယွီရှင်းကို မြင်သောအခါ သူသည် အလွန်ပင် ဝမ်းသာသွားသည်။
"ဆရာ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ကို ငါ ဘယ်လိုလုပ် မလာဘဲ နေမလဲ"
"ဟုတ်ပါတယ်၊ ဆရာကလည်း အစ်မအကြောင်းကို ခဏခဏ ပြောနေတာ"
သူတို့နှစ်ဦး ပျော်ပျော်ပါးပါး စကားပြောကြပြီးနောက် မင်းသားက - "အစ်မ... ဆရာ့မွေးနေ့ ပြီးရင် ကျွန်တော် အစ်မနဲ့အတူ မဟာရှကို လိုက်ခဲ့မယ်"
"ဘာလို့လဲ" ချိုင်ယွီရှင်းက မေးလိုက်သည်။
ကိုးယောက်မြောက် မင်းသားက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် - "အဲဒီ လင်းပိုင်ဖန် ဆိုတဲ့ လူယုတ်မာကြောင့်ပေါ့၊ သူက ကျွန်တော့်ရဲ့ သတို့သမီးကို ဒုတိယအကြိမ် ထပ်ပြီး လုယူသွားပြန်ပြီ။ ဒါကြောင့် သူ့ကို စာရင်းသွားရှင်းရမယ်"
ချိုင်ယွီရှင်း ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ သူမ၏ ညီငယ်မှာ ကောင်းကင်အဆင့် သိုင်းပညာရှင်၏ သမီးဖြစ်သူ ဟန်ချူးချူးနှင့် စေ့စပ်ထားသော်လည်း အရှင်မင်းကြီးက လုယူသွားခဲ့ခြင်း ဖြစ်သည်။
စီနီယာအစ်မ တစ်ယောက်အနေဖြင့် သူမ ညီငယ်ကို သနားမိသော်လည်း မဟာရှ၏ စစ်ဗိုလ်ချုပ် တစ်ယောက်အနေဖြင့်မူ "အရှင်မင်းကြီးက တော်တော်ကို တော်တာပဲ" ဟုသာ မှတ်ချက်ချမိသည်။ အကြောင်းမှာ မဟာရှအတွက် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် အရေးတကြီး လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။
လင်းပိုင်ဖန်၏ အဆိုပါ လုပ်ရပ်ကြောင့် နိုင်ငံတော်အင်အား ပိုမိုတောင့်တင်းလာသည်ဖြစ်ရာ သူမအနေဖြင့် လက်မထောင်၍ပင် ထောက်ခံချင်နေတော့သည်။
***