ကမ္ဘာပေါ်မှာ ဒုတိယအစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ချန်ရှောင်ထျန်း တောင်မှ ချူရှင်းဟီ ရဲ့ စိတ်ကူးကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။ ဒီလို ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးမျိုးကို ဂိုဏ်းအားလုံး ကိုယ့်ကိုယ်ကိုယ် ထုတ်ပြနိုင်ဖို့အတွက် ချူရှင်းဟီက ဘာတွန့်ဆုတ်မှုမှမရှိဘဲ ပေးကမ်းခဲ့တာလေ။ ဒါက အလွန်ကို စိတ်သဘောထား ကြီးမားနေပြီ ဆိုရမှာပါ။
ချူရှင်းဟီနဲ့ ယှဉ်လိုက်ရင် အရင်က ယွင်ရှောင်ဂိုဏ်း ဆိုတာ တကယ်ကို ဘာမှမဟုတ်တော့ပါဘူး။
ချန်ရှောင်ထျန်းဟာ ဂိုဏ်းအားလုံးကို အစွမ်းပြခွင့်ပေးမယ်ဆိုတဲ့ ချူရှင်းဟီရဲ့စကားကို ပထမဆုံးအကြိမ်ကြားရတုန်းက "ဒီကောင်လေး ရူးနေတာလား" လို့တောင် တွေးမိခဲ့ပါသေးတယ်။ တခြားဂိုဏ်းတွေက ဒီအခွင့်အရေးကို သုံးပြီး ပါရမီရှင်တပည့်တွေ ပိုရသွားမှာကို၊ အင်အားကြီးလာမှာကို ချူရှင်းဟီ မကြောက်ဘူးလား။ နောင်တစ်ချိန်မှာ မဟာမိုးကောင်းကင်ဂိုဏ်းကို ကျော်တက်သွားမှာကိုကော မစိုးရိမ်ဘူးလား။
ဒါပေမဲ့ ချူရှင်းဟီအကြောင်းနဲ့ အခုလက်ရှိ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အခြေအနေကို ပြန်လည် သုံးသပ် စဉ်းစားကြည့်တဲ့အခါမှာတော့ ဒီအတွေးကို ရယ်စရာလို့ပဲ ချန်ရှောင်တျန်း မြင်ပါတော့တယ်။
(မဟာမိုးကောင်းကင်ဂိုဏ်းကို ကျော်တက်ဖို့ ဟုတ်လား။ ငါကိုယ်တိုင် ဘိုးဘေးအင်မော်တယ် မြို့တော်ရဲ့ မြို့တော်ရှင်အနေနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းအကြောင်းကို နားလည်လာလေလေ၊ စိတ်ပျက်အားငယ်လာလေလေပဲ။ ဘယ်လိုလုပ်ပြီး သူတို့ကို ကျော်တက်နိုင်မှာလဲ။)
ဒါတင်မကသေးဘူး၊ အတိတ်ကို ခဏထားလိုက်ဦး။ အခုလက်ရှိ ချူရှင်းဟီတစ်ယောက်တည်းကိုတောင် ဘိုးဘေးအင်မော်တယ် မြို့တော်က ကျော်တက်နိုင်ပါ့မလား။ ကျန်းယု က အရမ်းတော်တာ မှန်ပါတယ်။ အရင်ကတော့ ချန်ရှောင်ထျန်းဟာ ကျန်းယုက ချူရှင်းဟီနဲ့ ယှဉ်နိုင်လိမ့်မယ်လို့ အမြဲထင်ခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့မှာတော့ တိတ်ဆိတ်နေတဲ့ ကျန်းယုကို ကြည့်ပြီး သူ တော်တော်လေး အတွေးတိမ်သွားခဲ့တယ်ဆိုတာကို ချန်ရှောင်ထျန်း သိသွားပါပြီ။
(ငါတို့ ကျန်းယုနဲ့ ချူရှင်းဟီအကြား ကွာဟချက်က ကျင့်စဉ်အဆင့် တစ်ဆင့် နှစ်ဆင့်မကတော့ဘူး။ အများကြီးကို ကွာခြားနေပြီပဲ။)
(ငါတို့ ကျန်းယုက မထူးချွန်တာ မဟုတ်ဘူး။ ချူရှင်းဟီကပဲ လူမဆန်နေတာလေ။ အရမ်းကို ကြောက်စရာကောင်းအောင်ပါရမီ ထူးနေခဲ့တာ မဟုတ်လား။)
အဲဒီနောက်မှာတော့ ပြောစရာတွေ သိပ်မရှိတော့ပါဘူး။ ချူရှင်းဟီဟာ ချန်ရှောင်ထျန်းနဲ့အတူ ဘိုးဘေးအင်မော်တယ် မြို့တော်အနေနဲ့ ဒီပွဲတော်မှာ ဘာတွေလုပ်ရမလဲဆိုတာကို အသေးစိတ် ဆွေးနွေးပါတယ်။ ပြီးတော့ ဘိုးဘေးအင်မော်တယ် မြို့တော်ကို "ဝန်ဆောင်ခ" ပေးမယ့်အကြောင်းကို စပြောပါတယ်။
အမှန်အတိုင်းပြောရရင် "ဝန်ဆောင်ခ" ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အခါ ချန်ရှောင်ထျန်း အံ့အားသင့်သွားခဲ့ပါပြီ။
"ရှင်းဟီလေး... ငါ့အမြင်တော့ ဒီဝန်ဆောင်ခက မလိုပါဘူးကွာ။"
"ဒီတစ်ခါ ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်ကို ထုတ်ပြခွင့်ရတာတင်ပဲ အမြတ်ထွက်နေပါပြီ။ မဟာမိုးကောင်းကင်ဂိုဏ်းဆီက အကျိုးအမြတ်တွေ ထပ်ယူရမယ်ဆိုတာ နည်းနည်းတော့ လွန်မနေဘူးလား။"
"ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်ကလည်း ဟိုဂီတသမားတွေလိုပဲ မဟာမိုးကောင်းကင်ဂိုဏ်းကို ဝန်ဆောင်ခ ပြန်ပေးရင်ကော မကောင်းဘူးလား။"
ချန်ရှောင်ထျန်းက ပိုက်ဆံပြန်ပေးမယ်လို့ ပြောလိုက်တာနဲ့ ချူရှင်းဟီဟာ ဒေါသထွက်ပြီး ခုန်ပေါက်တော့မလိုတောင် ဖြစ်သွားပါတယ်။
(မြို့တော်ရှင်ချန်... ကျွန်တော် ချူရှင်းဟီက ဆရာကြီးဆီ တစ်ညလုံး အချိန်ကုန်ခံပြီး စကား လာပြောနေတာက ပိုက်ဆံတောင်းဖို့လို့ ထင်နေတာလား။)
(ပြီးတော့ မြို့တော်ရှင်ကသာ တကယ်ကြီး ပိုက်ဆံပေးလိုက်ရင် ဟိုဂီတသမားတွေနဲ့ ဘာကွာတော့မှာလဲ။)
"ဒါကြောင့် ဘိုးဘေးအင်မော်တယ် မြို့တော်က ဒီဝန်ဆောင်ခကို မဖြစ်မနေ ယူရပါမယ်။"
"တကယ်လို့ ဘိုးဘေးအင်မော်တယ် မြို့တော်က ဒီဝန်ဆောင်ခကို လက်မခံဘူးဆိုရင်တော့ ကျွန်တော် ချူရှင်းဟီ ဒီကနေပဲ နှုတ်ဆက်လိုက်ပါတော့မယ်။ စောစောက ပြောခဲ့သမျှ အားလုံးဟာလည်း အတည်မဖြစ်တော့ဘူးလို့ မှတ်လိုက်ပါ။"
ချူရှင်းဟီက ဝန်ဆောင်ခတွေ ပေးဖို့ ဇွတ်အတင်း ပြောနေတာကြောင့် နောက်ဆုံးမှာတော့ ချန်ရှောင်ထျန်း တစ်ယောက် ခေါင်းငြိမ့်ပြီး သဘောတူလိုက်ရပါတော့တယ်။
ချန်ရှောင်ထျန်းဆီက အတည်ပြုချက် ရပြီးတဲ့နောက်မှာတော့ ချူရှင်းဟီဟာ သက်ပြင်းချနိုင်သွားပါပြီ။ နောက်ဆုံးမှာ ချန်ရှောင်ထျန်းက ချူရှင်းဟီကို အခန်း၀ အထိ လိုက်ပို့ပေးခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်လုံးက တွေ့ဆုံမှုက ကျေနပ်ဖို့ ကောင်းခဲ့တယ် ဆိုရမှာပါ။
ချူရှင်းဟီ ထွက်သွားပြီးနောက်မှာတော့ အကြာကြီး တိတ်ဆိတ်နေတဲ့ ကျန်းယုက စကားစလိုက်ပါတယ်။
"အစ်ကိုကြီး ရှင်းဟီကတော့ တကယ့်ကို ထင်ထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် သူနဲ့ယှဉ်ရင် အများကြီး လိုနေသေးတာပါလား။" ကျန်းယုရဲ့ စကားကြောင့် ချန်ရှောင်ထျန်းက ခေါင်းငြိမ့်ပြလိုက်ပါတယ်။
"ဒါပေမဲ့ ဆရာ... ကျွန်တော် မသိတာက ဒီလောက်ကောင်းတဲ့ ကိစ္စမျိုးကို အစ်ကိုကြီး ရှင်းဟီက ဘာလို့ ကျွန်တော်တို့ကို ဝန်ဆောင်ခ ဇွတ်ပေးနေရတာလဲ။ ကျွန်တော်တို့ဆီက ရတနာတွေ တောင်းမယ်ဆိုရင်တောင် ဆရာ ငြင်းမှာမဟုတ်ဘူး မဟုတ်လား။"
ဒါပေမဲ့ ကျန်းယုရဲ့ စကားကို ကြားတဲ့အခါ ချန်ရှောင်ထျန်းက သက်ပြင်းချရင်း ခေါင်းခါပြလိုက်ပါပြီ။
(ကျန်းယု... ကျန်းယု... မင်းကတော့ ရှင်းဟီနဲ့ အတော်ကို ကွာနေသေးတာပဲ။ ဒါပေမဲ့ မင်း ဒါကို မြင်နိုင်တာကလည်း မင်း တော်တယ်ဆိုတာကို ပြနေတာပါပဲလေ။)
(မင်း သိလား... ဒါကပဲ ရှင်းဟီရဲ့ အပါးနပ်ဆုံး အကွက်ရွှေ့မှုပဲ။)
(စဉ်းစားကြည့်စမ်း။ မဟာမိုးကောင်းကင်ဂိုဏ်းက ဒီတစ်ခါ ဂီတသမားတွေ အများကြီး ဖိတ်တယ်။ ဂီတသမားတွေက ဂိုဏ်းကို ပိုက်ဆံပေးရတယ်။ အစတုန်းကတော့ တစ်ကမ္ဘာလုံးက ဒါကို နားမလည်နိုင်ခဲ့ကြဘူး မဟုတ်လား။ တခြားသူတွေ မပြောနဲ့၊ ငါကိုယ်တိုင်တောင် ဒါဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့တာ။)
(ဒါပေမဲ့ အကြောင်းရင်းကို သိသွားတဲ့အခါမှာတော့ အဲဒါက အဓိပ္ပာယ်ရှိသွားပြီ မဟုတ်လား။ နာမည်ကြီးဖို့အတွက် ပိုက်ဆံပေးရတယ်ဆိုတဲ့ အခွင့်အရေးက နေ့တိုင်းရှိတာ မဟုတ်ဘူး။ အဲဒီဂီတသမားတွေ ပိုက်ဆံပေးရတာ မှန်ပေမဲ့ ဒီပွဲတော်မှာ ဖျော်ဖြေပြီးရင် သူတို့ရဲ့ နာမည်က ဟိုးဟိုးကျော်သွားမှာပဲလေ။ ဒီနေ့ သူတို့ပေးလိုက်ရတာထက် အဆပေါင်းများစွာ သူတို့ ပြန်ရမှာပဲ မဟုတ်လား။)
(ဒါပေမဲ့ အဲဒီဂီတသမားတွေနဲ့ လုပ်သလိုမျိုး ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်နဲ့ လုပ်လို့မရဘူး။ အဲဒီဂီတသမားတွေက ဘာလဲ။ တစ်ကမ္ဘာလုံးမှာ နံပါတ် (၁) ဂီတသမားဖြစ်တဲ့ ကွမ်ကျုံးမင် တောင်မှ မင်းနဲ့တွေ့ဖို့ အရည်အချင်း မရှိသေးဘူး။)
(ဒါပေမဲ့ ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်က ဘယ်လို အဆင့်အတန်းလဲ။ တကယ်လို့ ချူရှင်းဟီက ဒီနေ့ ငါတို့ကို ပိုက်ဆံပေးခိုင်းခဲ့ရင် ငါတို့ ပေးမှာပဲ၊ ဒါပေမဲ့ ဒီကိစ္စက "အရောင်းအဝယ်" တစ်ခု ဖြစ်သွားလိမ့်မယ်။)
အရောင်းအဝယ် ကိစ္စပြီးသွားရင်တော့ ဟိုဂီတသမားတွေလိုပဲ နှစ်ဦးနှစ်ဖက် အကြွေးမတင်နေပဲ ကျေအေးသွားကြမှာပေါ့။
ဒါပေမဲ့ အခုတော့ ချူရှင်းဟီ က ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော် ကို ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဖို့ အခွင့်အရေးပေးရုံတင်မကဘဲ တစ်ပြားတစ်ချပ်မှလည်း မတောင်းဘူး။ အကျိုးအမြတ်တွေတောင် ငါတို့ကို ပြန်ပေးသေးတယ်။ ဒါက ကြည့်ရတာ အရမ်းအူကြောင်ကြောင်နိုင်နေတယ် မဟုတ်လား။
ဒါပေမဲ့ ချူရှင်းဟီက အူကြောင်ကြောင်နိုင်တာ မဟုတ်ပါဘူး။ သူက တကယ့်ကို ပါးနပ်လွန်းတာပါ။
ဘာလို့လဲဆိုတော့ ငါတို့ဘက်က ပိုက်ဆံပေးလိုက်ရင် ဒါက "အရောင်းအဝယ်" ဖြစ်သွားမယ်။ အရောင်းအဝယ်ပြီးရင် ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်က မင်းတို့ မဟာမိုးကောင်းကင်ဂိုဏ်း ကို ဘာကျေးဇူးမှ တင်စရာမလိုတော့ဘူး။
ဒါပေမဲ့ အခုလို ပိုက်ဆံမယူတဲ့အပြင် ငါတို့ကိုပါ ပိုက်ဆံပြန်ပေးလိုက်တဲ့အခါ ဒါက "ကျေးဇူးတရား" ဖြစ်သွားပြီ။ ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်အနေနဲ့ မဖြစ်မနေ လက်ခံလိုက်ရတဲ့ ကျေးဇူးတရားပေါ့။
နောင်တစ်ချိန်မှာ ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်မှာ ကိစ္စကောင်းတွေ ရှိလာရင် ချူရှင်းဟီကို ဘယ်လိုလုပ် မေ့ထားလို့ ရပါ့မလဲ။ မဟာမိုးကောင်းကင်ဂိုဏ်းကို ဘယ်လိုလုပ် လျစ်လျူရှုလို့ ရပါ့မလဲ။ တကယ်လို့ ငါတို့သာ အဲဒီလို လုပ်ခဲ့ရင် တစ်ကမ္ဘာလုံးက ငါတို့ ဘိုးဘေးအင်မော်တယ် မြို့တော်ကို ဘယ်လို သုံးသပ်ကြမလဲ။
ဒါကြောင့် ချူရှင်းဟီက ဒီနေ့ ပိုက်ဆံပေးတယ်ဆိုတာ ငါတို့ကို ကျေးဇူးတင်အောင်၊ ငါတို့ဆီက ကျေးဇူးကြွေးကို သိမ်းထားလိုက်တာပဲ။
ကျန်းယု ဟာ သူ့ဆရာရဲ့ စကားကို ကြားပြီးနောက် လုံးဝကို အံ့အားသင့်သွားရပါပြီ။ အမှန်အတိုင်းပြောရရင် ကျန်းယုဟာ ဒီလောက်အထိ မတွေးမိခဲ့ပါဘူး။ အစကတော့ အစ်ကိုကြီးရှင်းဟီဟာ သူတို့ကို အစွမ်းပြခွင့်ပေးရုံတင်မက ပိုက်ဆံပါ ပေးတယ်ဆိုတော့ အရမ်းအူကြောင်ကြောင်နိုင်တယ်လို့ပဲ ထင်ခဲ့တာပါ။ သူတို့ဆီက ပိုက်ဆံတောင်းလို့ ရနေတာပဲလေ။
ဒါပေမဲ့ အခုတော့ ကျန်းယု သိသွားပါပြီ... ဒီလောကမှာ "ကျေးဇူးကြွေး" ထက် ဆပ်ရခက်တာ ဘာရှိဦးမှာလဲ။
ဘယ်အချိန်ပဲဖြစ်ဖြစ် မဟာမိုးကောင်းကင်ဂိုဏ်းက ဒီနေ့ကိစ္စကို ထုတ်ပြောလိုက်တာနဲ့ ဘိုးဘေးအင်မော်တယ် မြို့တော်ဟာ အဲဒီကျေးဇူးကို ပြန်ဆပ်ရတော့မှာပါ။
ကျန်းယုဟာ သူ့နဲ့ အစ်ကိုကြီးရှင်းဟီကြားက "အဆင့်အတန်း" ကွာဟချက်က တဖြည်းဖြည်း ပိုကျယ်လာတာကို သတိထားမိလိုက်ပါတယ်။ အရင်တုန်းကတော့ သူဟာ အစ်ကိုကြီးရှင်းဟီရဲ့ အရှိန်နောက်ကို လိုက်ပြီး အကြွင်းအကျန်လေးတွေ ကောက်စားလို့ ရသေးတယ်၊ ဒါပေမဲ့ အခုတော့... အစ်ကိုကြီးရှင်းဟီဟာ သူ့ဆရာလို ပုဂ္ဂိုလ်ကြီးတွေနဲ့ အတူထိုင်ပြီး လောကအရေး (တာအို) တွေကို ဆွေးနွေးနိုင်တဲ့အဆင့် ရောက်နေပါပြီ။
သူကတော့ အစအဆုံး နားထောင်နေတာတောင် အစ်ကိုကြီးရှင်းဟီရဲ့ အဓိပ္ပာယ်ကို နားမလည်သေးဘူး...။ တကယ်လို့ သူ့ဆရာကသာ မပြောပြရင် သူက အစ်ကိုကြီးရှင်းဟီကို အူကြောင်ကြောင်နိုင်တယ်လို့ ဆက်ထင်နေဦးမှာပါ။ ဒါပေမဲ့ မှန်ထဲကို ပြန်ကြည့်လိုက်တဲ့အခါမှ... မှန်ထဲက သူကိုယ်တိုင်ကသာ တကယ့် "အူကြောင်ကြောင်ကောင်" ဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။
…
မိစ္ဆာဂိုဏ်းရဲ့ တည်းခိုဆောင်မှာတော့ ဝူရှင်းယန် တစ်ယောက် အကြီးအကျယ် ဒေါသထွက်နေပါပြီ။ ဒီနေ့ ထမင်းစားပွဲမှာ ချူရှင်းဟီက သူ့ကို စင်ပေါ်တက်ပြီး ကပြခိုင်းဖို့ ပြောခဲ့တယ်လေ။ ဝူရှင်းယန် ခံစားရတာကတော့ ချူရှင်းဟီဟာ တကယ့်ကို သတ္တိတွေ ကောင်းနေတယ် ဆိုတာပါပဲ။
ငါက ဘယ်သူလဲ။ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး လေ။
ငါက မိစ္ဆာဂိုဏ်းကြီးကို ဦးဆောင်နေတာ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နှိပ်ကွပ်မှုကို ခံခဲ့ရတယ်ဆိုပေမဲ့ ငါတို့မိစ္ဆာဂိုဏ်းရဲ့ အင်အားကို လျှော့တွက်လို့ ရမလား။ ငါ ဝူရှင်းယန်ကို စင်ပေါ်တက်ခိုင်းဖို့… ဟုတ်လား။ ချူရှင်းဟီဆိုတဲ့ ကောင်စုတ်လေးက တကယ်ကို သေတွင်းတူးနေတာပဲ။
ဒါက ထောင်စုနှစ်ပွဲတော်အတွင်း ဖြစ်နေလို့သာပေါ့၊ တခြားအချိန်သာဆိုရင် ငါ ချူရှင်းဟီကို ပါးရိုက်သတ်လိုက်တာ ကြာလှပြီ။ ငါ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး ဝူရှင်းယန်က ဘယ်တုန်းက ဒီလောက်အထိ အစော်ကားခံခဲ့ရဖူးလို့လဲ။
"မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ချူရှင်းဟီက တကယ်ကို ယုတ်မာလွန်းတာပါ။ ပွဲတော်ပြီးတာနဲ့ သူ့ကို သတ်ပစ်ဖို့ အခွင့်အရေး ရှာရပါမယ်။" တန်ထိုင်ကျင်း က ဘေးကနေ တိုက်တွန်းလိုက်ပါပြီ။
ဒါပေမဲ့ တန်ထိုင်ကျင်းက ဝင်မပြောရင် ပိုကောင်းပါဦးမယ်။၊ သူပြောလိုက်မှ ဝူရှင်းယန်က ပိုစိတ်တိုသွားပါပြီ။
(တန်ထိုင်ကျင်း... မင်း ပါးစပ်ပိတ်ထားစမ်း... ချူရှင်းဟီကို သတ်မယ် ဟုတ်လား။ မင်း သူ့ကို သတ်မယ်လို့ ပြောတိုင်း ငါတို့ မိစ္ဆာဂိုဏ်းကပဲ အထိနာနေတာ မဟုတ်ဘူးလား။)
(မင်းက ချူရှင်းဟီကို သတ်ချင်တာလား၊ ဒါမှမဟုတ် မိစ္ဆာဂိုဏ်းရဲ့ သတ်ဖြတ်ရမယ့်စာရင်းမှာ မင်းကိုယ်မင်း နာမည်ကြီးအောင် လုပ်နေတာလား။)
ဒါပေမဲ့ ဝူရှင်းယန် ဒေါသတွေ ပေါက်ကွဲတော့မယ့်အချိန်မှာပဲ တပည့်တစ်ယောက်က သတင်းပို့လာပါတယ်။
"မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ချူရှင်းဟီက တွေ့ခွင့်တောင်းနေပါတယ်။"
"ဘယ်သူလဲ။"
"ချူ... ချူရှင်းဟီ ပါ... သူက ဂိုဏ်းချုပ်ကြီး စင်ပေါ်တက်ဖို့ကိစ္စကို လာဆွေးနွေးတာတဲ့။"
အဲဒီတပည့်လည်း ကြောက်လွန်းလို့ တုန်နေပါပြီ။
"မင်း... ချူရှင်းဟီ။ ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့။ ငါ ဝူရှင်းယန်ကို အနိုင်ကျင့်ရလွယ်တယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။"
ဝူရှင်းယန်ဟာ ဒေါသထွက်လွန်းလို့ သွေးတောင် အန်ထွက်မတတ် ဖြစ်သွားရပါတယ်။
(ဒီ ချူရှင်းဟီကတော့ ထောင်စုနှစ်ပွဲတော်ကို အားကိုးပြီး မီးကို ကစားရဲနေပြီပေါ့။ ငါ ဝူရှင်းယန်က မင်းကို တကယ် မသတ်ရဲဘူး ထင်နေလား။)
"မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... စိတ်ကို ထိန်းပါဦး။ ဒါက မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နယ်မြေလေ... ။ ဂိုဏ်းချုပ်ကြီးသာ တစ်ခုခုလုပ်လိုက်ရင် ကျွန်တော်တို့ အားလုံး ဒီနေ့ အကုန်သေမှာ..." တန်ထိုင်ကျင်းက ဘေးကနေ တိုးတိုးလေး သတိပေးလိုက်ပါတယ်။
(မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ကျေးဇူးပြုပြီး စိတ်ကို ထိန်းပါ။ သေချင်ရင်လည်း တစ်ယောက်တည်း သေဖို့ အခွင့်အရေးရှာပါ။ ငါတို့ မိစ္ဆာဂိုဏ်းသား အများကြီးကိုပါ ဆွဲမထည့်ပါနဲ့ဦး။)
ဘုရားရေ... မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နယ်မြေထဲမှာသာ ချူရှင်းဟီကို ရိုက်သတ်လိုက်ရင် ဖြောင့်မတ်တဲ့ ဂိုဏ်းအားလုံးက ဝိုင်းတိုက်ခိုက်ကြမှာဆိုတော့ သူတို့အားလုံး ဒီနေရာတင် ပြာဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါကြောင့် မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးကြီး။ ကျေးဇူးပြုပြီး စိတ်လျှော့ပါ၊ အရာရာကို ဖျက်ဆီးပစ်မယ့် လမ်းကြိတ်စက်တစ်စီး မဖြစ်ပါစေနဲ့။
ဝူရှင်းယန်ဟာ ဒေါသထွက်လွန်းလို့ တုန်နေပေမဲ့ လက်ပါလို့ မဖြစ်ဘူးဆိုတာ နားလည်ပါတယ်။
"သွားပြောလိုက်... ငါ ဝူရှင်းယန်က ဒီနေ့ အစော်ကားခံရတာကို မှတ်ထားမယ်၊ တစ်နေ့ကျရင် သူ့ခေါင်းကို ငါ ဖြတ်ယူပြမယ်လို့။"
ဝူရှင်းယန် ရဲ့ ဒေါသတကြီး ဟိန်းဟောက်သံကြီးအပြီးမှာတော့ တပည့်ဖြစ်သူဟာ အပြင်ကို အပြေးအလွှား ပြန်ထွက်သွားပါပြီ။ ဒါပေမဲ့ ခဏအကြာမှာပဲ အဲဒီတပည့်ဟာ တစ်ကိုယ်လုံး တုန်ရင်နေရင်းနဲ့ ပြန်ဝင်လာပြန်ပါတယ်။
"ချူရှင်းဟီ ထွက်သွားပြီလား။"
"ဟို... မသွားသေးပါဘူး မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး။ ချူရှင်းဟီက အပြင်မှာပဲ ရှိနေတုန်းပါ၊ တွေ့ခွင့်ပေးဖို့လည်း အတင်းတောင်းဆိုနေပါတယ်။ သူက... ဂိုဏ်းချုပ်ကြီးကို စင်ပေါ်တက်ဖို့ကိစ္စ မဖြစ်မနေ လာပြောတာပါတဲ့..."
"သေချင်းဆိုးကောင်။ ချူရှင်းဟီကတော့ တကယ်ကို သေတွင်းတူးနေတာပဲ။ မင်း... ချူရှင်းဟီ။ ဒီနေ့တော့ ငါ မင်းနဲ့အတူ အသေခံမယ်ကွာ။"
"မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... စိတ်လျှော့ပါဦး၊ စိတ်ကို ထိန်းပါဦး..." ဒီတစ်ခါမှာတော့ တန်ထိုင်ကျင်း တင်မကဘဲ တခြား မိစ္ဆာဂိုဏ်းဝင်တွေပါ ဝိုင်းဝန်းပြီး ဝူရှင်းယန်ကို ဆွဲထားလိုက်ကြရပါပြီ။
(မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ။ဂိုဏ်းချုပ်ကြီးဖာသာ ချူရှင်းဟီနဲ့အတူ အသေခံချင်တယ်ဆိုရင် တစ်ယောက်တည်း သွားသေစမ်းပါ။ ငါတို့ မိစ္ဆာဂိုဏ်း တစ်ဂိုဏ်းလုံးကိုပါ ချူရှင်းဟီနဲ့အတူ လိုက်အသေမခံခိုင်းပါနဲ့ဦး။ ငါတို့က မသေချင်သေးဘူး...)
နောက်ဆုံးမှာတော့ လူအများရဲ့ ဝိုင်းဝန်းဖျောင်းဖျမှုကြောင့် ဝူရှင်းယန်ဟာ ဒေါသကို ကြိတ်မှိတ် မျိုသိပ်လိုက်ရပါတယ်။ ဒါပေမဲ့ သူ့တပည့်တွေက ဘယ်လိုပဲ ပြောပြော ချူရှင်းဟီကတော့ လုံးဝ ထွက်မသွားပါဘူး။ ဝူရှင်းယန်ရဲ့ ဒေါသ အထွတ်အထိပ်ကို ရောက်သွားပါပြီ။ သူ့ လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။
(ချူရှင်းဟီက ငါ့ကို တွေ့ချင်တယ် ဟုတ်လား။)
(ဒါဆိုရင်လည်း ငါကိုယ်တိုင် ထွက်တွေ့ပေးမယ်။ သူ ဘယ်လို ပရိယာယ်တွေ သုံးဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။)
(သူက ငါ့ကို စင်ပေါ်တက်ခိုင်းပြီး ငါ့ကို လက်ပါလာအောင် ဆွပေးချင်နေတာလား။ ဟမ့်... ချူရှင်းဟီ၊ မင်း ငါ့ကို အရမ်းအထင်သေးတာပဲ။ ငါ ဝူရှင်းယန်ဆိုတဲ့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးက ဒီနေ့ မင်းနဲ့အတူ အသေခံရင် ခံလိုက်မယ်။ စင်ပေါ်တက်ပြီး ကပြဖို့ကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။)
မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး ဝူရှင်းယန်ဟာ ချူရှင်းဟီကို တွေ့ဖို့ တစ်ယောက်တည်း ထွက်လာပါတယ်။ မိစ္ဆာဂိုဏ်းသား အမြောက်အမြားကတော့ ဝူရှင်းယန် စိတ်မထိန်းနိုင်ဘဲ တစ်ခုခု လုပ်မိမှာကို ကြောက်လန့်တကြားနဲ့ ချောင်းကြည့်နေကြပါပြီ။ တကယ်လို့ ဝူရှင်းယန်ကသာ တကယ်ကြီး ဒေါသပေါက်ကွဲပြီး တိုက်ခိုက်တော့မယ်ဆိုရင် အနည်းဆုံးတော့ သူတို့ ဝင်တားလို့ ရအောင်လို့ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ အကုန်လုံး အသတ်မခံချင်ကြပါဘူး။
မိစ္ဆာဂိုဏ်းသားတွေ မြင်နေရတာကတော့... မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးဟာ ချူရှင်းဟီနဲ့ စတွေ့တွေ့ချင်းမှာပဲ မျက်နှာကြီး နီမြန်းပြီး ဒေါသကြောင့် ဆံပင်တွေတောင် ထောင်နေတဲ့ ပုံစံပါ။ စကားအနည်းငယ် အပြန်အလှန် ပြောပြီးတဲ့နောက်မှာတော့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ ဒေါသက ပိုပြီးတော့တောင် ပြင်းထန်လာပုံ ရပါတယ်။ မျက်နှာက ပိုြီ့း နီလာခဲ့ပါပြီ။
ဒါပေမဲ့ မိစ္ဆာဂိုဏ်းသားတွေက မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး လက်မပါအောင် ဝင်တားသင့်၊ မတားသင့် ဆွေးနွေးနေကြတုန်းမှာပဲ... ရုတ်တရက် ဆိုသလို အခြေအနေက ထင်မှတ်မထားသလို ပြောင်းလဲသွားပါတော့တယ်။
***