မိစ္ဆာအရိပ်ဂိုဏ်းသား အများအပြား ချောင်းကြည့်နေကြတာဟာ ချူရှင်းဟီ ကို လုပ်ကြံဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးက စိတ်မထိန်းနိုင်ဘဲ တစ်ဂိုဏ်းလုံးကို သေတွင်းထဲ ဆွဲထည့်သွားမှာကို စိတ်ပူနေကြတာပါ။
တကယ်လို့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးသာ စိတ်မထိန်းနိုင်ရင် တစ်ယောက်ယောက်က သူ့ကို အတင်းတားရမယ် မဟုတ်ပါလား။
ချူရှင်းဟီနဲ့ စတွေ့တဲ့အချိန်မှာ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးဟာ တကယ့်ကို ဒေါသအိုးကြီး ဖြစ်နေခဲ့တာပါ။ စကားအနည်းငယ် ပြောပြီးတဲ့နောက်မှာတော့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာဟာ ဒေါသကြောင့် တကယ့်ကို နီရဲပြောင်လက်နေပါပြီ။ မိစ္ဆာအရိပ်ဂိုဏ်းက အစွမ်းထက်တန်ခိုးရှင်တွေလည်း အခြေအနေမဟန်တော့ဘူးဆိုပြီး ထွက်တားဖို့ ပြင်လိုက်ကြပါတယ်။
ဒါပေမဲ့ သူတို့ ထွက်တားမယ့် အချိန်မှာပဲ ... အစောပိုင်းတုန်းက ဒေါသမီးတွေ တောက်လောင်နေတဲ့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားတာကို တွေ့လိုက်ရပါပြီ။
သူ့ရဲ့ ဒေါသ သုံးပုံတစ်ပုံလောက်ဟာ မျက်တောင်တစ်ခတ်အတွင်းမှာတင် လွင့်စင်သွားတယ်လား။
အဲဒီနောက် ချူရှင်းဟီက မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး ၀ူရှင်းယန် နဲ့ ဆက်လက် စကားပြောနေပါတယ်။ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမိလေလေ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ ဒေါသတွေ သိသိသာသာ လျော့ကျလာလေလေ ဆိုတာကို အားလုံး မြင်နေရပါပြီ။ နောက်ဆုံးမှာတော့... မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာမှာ နားလည်မှုအပြည့်နဲ့ ပြုံးရွှင်မှုတွေ ပေါ်လာပါတော့တယ်။
ဒါ ဘာတွေ ဖြစ်ကုန်တာလဲဟင်။
တန်ထိုင်ကျင်းတောင်မှ မှင်သက်သွားခဲ့ပါပြီ။
(မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးပဲ ချူရှင်းဟီက စော်ကားတယ်လို့ ပြောခဲ့တာလေ။)
(ဂိုဏ်းချုပ်ကြီးပဲ ဒေါသထွက်လွန်းလို့ ချူရှင်းဟီကို သတ်ပြီး အတူတူ အသေခံမယ်လို့ ပြောခဲ့တာလေ။)
(အခု ဂိုဏ်းချုပ်ကြီး မျက်နှာက အပြုံးကြီးကို ကြည့်ပါဦး။ အဲဒါကို အစော်ကားခံရတဲ့ မျက်နှာလို့ ခေါ်တာလား။ ဘာလို့ ကျွန်တော့်အမြင်မှာ ဂိုဏ်းချုပ်ကြီးက အရမ်း သဘောကျနေသလို ဖြစ်နေရတာလဲ။)
ဒါပေမဲ့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေရဲ့ ဆွံ့အမှင်သက်နေတဲ့ အကြည့်အောက်မှာပဲ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ အပြုံးဟာ ပိုပိုပြီး လန်းဆန်းတောက်ပလာခဲ့ပါတယ်။ အခုအချိန်မှာ ၀ူရှင်းယန်ရဲ့ မျက်နှာဟာ ရယ်မောလွန်းလို့ ဂန္ဓမာပန်းပွင့်ကြီး ပွင့်နေသလိုမျိုး လန်းဆန်းနေပါပြီ။
နောက်ဆုံးမှာတော့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးဟာ လက်ဝှေ့ယမ်းလိုက်ပြီး ချူရှင်းဟီရဲ့ ပခုံးကိုတောင် ပုတ်လိုက်ပါသေးတယ်။ သူ့မျက်နှာမှာလည်း "မင်းကို ငါ သဘောကျသွားပြီ" ဆိုတဲ့ ထောက်ခံချက်တွေ အပြည့်ပါပဲ။ အဲဒီနောက် မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးက ချူရှင်းဟီကို အပြင်အထိ ကိုယ်တိုင်လိုက်ပို့ပြီး နှစ်မိုင်လောက်အကွာအထိ ရောက်မှ ပြန်လှည့်လာတာကို အားလုံး မြင်လိုက်ရပါပြီ။
ဒါဟာ ရယ်စရာကောင်းရုံတင်မကတော့ဘဲ တကယ့်ကို ထူးဆန်းလွန်းနေပြီ မဟုတ်ပါလား။
မိစ္ဆာအရိပ်ဂိုဏ်းသားအားလုံးဟာ အပြင်ကနေ ပြုံးဖြီးဖြီးနဲ့ ပြန်ဝင်လာတဲ့ ၀ူရှင်းယန်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါတယ်။
(ဟို... မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ဘာဖြစ်သွားလဲဆိုတာ ရှင်းမပြတော့ဘူးလား။)
(ချူရှင်းဟီမှာ ဒေါသတွေကို ချေဖျက်ပေးနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတာလား။)
( မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးဆိုတာကိုကော ကိုယ့်ကိုကိုယ် မှတ်မိသေးရဲ့လား။ ချူရှင်းဟီက ငါတို့ကို အကြိမ်ကြိမ် လှည့်စားခဲ့တာလေ။ အခုတော့ သူ့ကို နေကြာပန်းလို ပြုံးပြနေတယ်ဆိုတော့... ကျန်တဲ့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေရဲ့ ခံစားချက်ကိုကော ထည့်မတွက်တော့ဘူးလား။)
(ဒါဆို မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးက အခု နောင်တရပြီး မဟာမိုးကောင်းကင်ဂိုဏ်းဘက်ကို ကူးတော့မှာလား။)
မိစ္ဆာအရိပ်ဂိုဏ်းသား အမြောက်အမြားရဲ့ ဇဝေဇဝါ ဖြစ်နေမှုတွေကြားမှာပဲ ၀ူရှင်းယန်က စကားစလိုက်ပါတယ်။
"အဟမ်း... ကဲ... ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ဆိုတာ ဖြောင့်မတ်တဲ့လမ်းစဉ်အတွက်တင် မကပါဘူး။ ငါတို့ အနက်ရောင် မိစ္ဆာလမ်းစဉ်အတွက်လည်း အရေးကြီးတဲ့ ပွဲတော်ကြီးတစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က စစ်ပွဲမှာ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းရဲ့ ဘိုးဘေးတွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြတာပဲလေ။ ဒါကြောင့် အခုလို ပွဲတော်ကြီးမှာ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးသင့်တယ်လို့ ငါ ထင်တယ်။"
မိစ္ဆာအရိပ်ဂိုဏ်းသားအားလုံး : "ဟင်"
(ဟို... မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးက တကယ်ကြီး မဟာမိုးကောင်းကင်ဂိုဏ်းထဲ ဝင်တော့မှာလား။ အခု းပြောနေတာတွေက လူပြောတဲ့ စကားတွေလား။)
(ဂိုဏ်းချုပ်ကြီး ပြောနေတာတွေ ငါတို့ သိပါတယ်၊။ဒါပေမဲ့ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းက အမြဲတမ်း ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့တာ မဟုတ်လား။)
(ပြီးခဲ့တဲ့တစ်ခေါက်တုန်းကပဲ ဂိုဏ်းချုပ်ကြီးပဲ ပြောခဲ့တာလေ။ ဒီပွဲတော်မှာ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းဆီက ဘာအကူအညီမှ မမျှော်လင့်နဲ့၊ ငါတို့ တက်ရောက်ပေးတာတင် ဖြောင့်မတ်တဲ့သူတွေအတွက် အကြီးအကျယ် မျက်နှာရစေတာကြောင့် ဆိုပြီးတော့လေ...)
(ဒါပေမဲ့ အခုမှ ဘာဖြစ်လို့ ပါဝင်ကူညီရမှာလဲ။ ပြီးတော့ ငါတို့က ဘာနဲ့ ကူညီရမှာလဲ။)
(ငါတို့မှာ ကူညီဖို့ ငွေလည်း မရှိဘူး။ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းက အခု ဘယ်လောက် ဆင်းရဲနေသလဲဆိုတာ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး မသိဘူးလား။)
"အဟမ်း... ငါ ဆုံးဖြတ်လိုက်ပြီ။ ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်မှာ ငါကိုယ်တိုင် ဦးဆောင်ပြီး အားလုံး စင်ပေါ်တက် ဖျော်ဖြေကြမယ်။"
တစ်လောကလုံး : "..."
တန်ထိုင်ကျင်းတစ်ယောက် လုံးဝကို ဆွံ့အသွားပါတော့တယ်။
(ဘုရားရေ... မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးက လူမဟုတ်တာ ငါသိပါတယ်။ ဒါပေမဲ့ အခုတော့ ဂိုဏ်းချုပ်ကြီးက မိစ္ဆာလမ်းစဉ်လျှောက်သူတောင် ဟုတ်သေးရဲ့လား...။)
(ဘာတွေ လျှောက်ပြောနေတာလဲ။)
(ဘယ်သူကများ စောစောလေးတင် မိုးကောင်းကင်ကို တိုင်တည်ပြီး 'စင်ပေါ်တော့ လုံးဝ မတက်ဘူး' လို့ ကျိန်ဆိုခဲ့တာလဲ။ ဘယ်သူကများ 'မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ သိက္ခာကို အစော်ကားမခံနိုင်ဘူး' လို့ ပြောခဲ့တာလဲ။)
(ချူရှင်းဟီနဲ့ အတူတူ အသေခံမယ်ဆိုတာကော။)
(ချူရှင်းဟီနဲ့ ခဏလေး စကားပြောလိုက်တာနဲ့ အခုတော့ ချက်ချင်းကြီး စင်ပေါ်တက်တော့မယ် ဟုတ်လား။ ဒါဆို ဂိုဏ်းချုပ်ကြီးရဲ့ သစ္စာတရားတွေ ဘယ်ရောက်ကုန်ပြီလဲ။ သိက္ခာတွေကော။ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးရဲ့ ဂုဏ်ဒြပ်ကော ဘယ်မှာလဲ။)
(ဒါဆို မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးအနေနဲ့ ချူရှင်းဟီရဲ့ ယုတ်မာတဲ့ နည်းလမ်းတစ်ခုခုနဲ့ ထိန်းချုပ်ခံလိုက်ရတာလား။ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီးကို အရင်ဆုံး ဖမ်းချုပ်ပြီး ဘာဖြစ်လဲဆိုတာ စစ်ဆေးသင့်တယ် မဟုတ်လား။)
မိစ္ဆာအရိပ်ဂိုဏ်းသားတွေရဲ့ ပါးစပ်အဟောင်းသား ဖြစ်နေတဲ့ မျက်နှာတွေကို ကြည့်ပြီး ၀ူရှင်းယန်က သက်ပြင်းတစ်ချက်ချလိုက်ပါပြီ။ ပြီးတော့ သူ ဘာကြောင့် ဒီလောက်အထိ ရုတ်တရက်ကြီး ပြောင်းလဲသွားရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။
အကြောင်းရင်းကတော့ တကယ့်ကို ရိုးရှင်းပါတယ်ကွာ...
"သူ ပေးတဲ့ ပမာဏက အရမ်းများလွန်းလို့ကွာ။"
…
ချူရှင်းဟီ နဲ့ စတွေ့တွေ့ချင်းမှာပဲ ၀ူရှင်းယန် က ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။
"ချူရှင်းဟီ... မင်း ခွေးသူခိုး။ ငါ ၀ူရှင်းယန်ကို ဘာမှတ်နေတာလဲ။ ငါ့ကို ဒီလိုမျိုး စော်ကားရဲတယ်ပေါ့လေ။ မင်း ငါ့ကို တကယ် သတ်ပစ်မှာ မကြောက်ဘူးလား။"
ဒေါသထွက်နေတဲ့ ၀ူရှင်းယန်ကို ကြည့်ပြီး ချူရှင်းဟီကတော့ စိတ်ဓာတ်ရေးရာအရ နားချတာမျိုး၊ အကျိုးအကြောင်း ပြောပြတာမျိုး လုံးဝမလုပ်ပါဘူး။ အဲဒီအစား ကိန်းဂဏန်းတစ်ခုကို တိုက်ရိုက် ရွတ်ပြလိုက်ပါတယ်။
အဲဒီဂဏန်းကို ကြားလိုက်ရတဲ့အခါ ၀ူရှင်းယန်က လေသံနည်းနည်းပြောင်းသွားပေမဲ့ ထပ်ပြောပြန်ပါတယ်။
"ချူရှင်းဟီ။ မင်း ငါ့ကို ဘာမှတ်နေလို့လဲ။ ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့။ မင်းကို ငါ ဒီနေ့ အကြီးအကျယ် ဒုက္ခိတ ဖြစ်အောင် လုပ်ပစ်မှာ မကြောက်ဘူးလား။"
၀ူရှင်းယန်က ဒေါသထွက်နေတုန်းဆိုတော့ ချူရှင်းဟီက စကားအရှည်ကြီး မပြောတော့ဘဲ စောစောက ပမာဏကို "နှစ်ဆ" တိုးပေးလိုက်မယ်လို့ ပြောလိုက်ပါတယ်။
နှစ်ဆဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ၀ူရှင်းယန်က...
"ရှင်းဟီရာ... မင်း ငါ့ကို ဘယ်လိုလူအောက်မေ့လို့ ဒီလောက်တောင် စော်ကား။ ရှင်းဟီ၊ မင်းအကြောင်း ဂူမင်ချောင် ဆီမှာ တိုင်ပြောမှာ မကြောက်ဘူးလား။"
"နောက်ထပ် နှစ်ဆ ထပ်တိုးပေးမယ်။"
"ရှင်းဟီရာ... မင်း ငါ့ကို ဘာမှတ်လို့... ဟာ။ ရှင်းဟီ။ နေပါကွာ။... ငါတို့ ဆွေးနွေးလို့ရပါတယ်... အေးအေးဆေးဆေး ပြောကြတာပေါ့..."
နောက်ဆုံးမှာတော့ ဈေးတည့်သွားကြပြီး ၀ူရှင်းယန်ဟာ ပျော်ရွှင်မြူးတူသွားပါပြီ။ ချူရှင်းဟီကို အခန်းတံခါး၀ကနေ နှစ်မိုင်လောက်အထိ လိုက်ပို့ပြီးမှ ပြန်လာခဲ့ပါတော့တယ်။
ဒီနေ့ ဖြစ်ပျက်ခဲ့သမျှနဲ့ ပတ်သက်ပြီး မိစ္ဆာအရိပ်ဂိုဏ်းချုပ်ကြီး ၀ူရှင်းယန်ကတော့ ဂုဏ်သိက္ခာရှိရှိပဲ အခုလို ပြောလိုက်ပါပြီ။
"ချူရှင်းဟီ လာတာက ငါ့ကို စော်ကားဖို့ မဟုတ်ဘူး၊ သူက ခေါင်းငုံ့ပြီး အမှားဝန်ခံဖို့ လာတာ။ အရင်က မိစ္ဆာအရိပ်ဂိုဏ်းအပေါ် သူ လုပ်ခဲ့တဲ့ အမှားတွေအတွက် နောင်တရတယ်လို့ ပြောတယ်။ သူက ငါတို့ကို တစ်လက်မလောက် ရိုသေပြလာမှတော့ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းကလည်း တစ်ပေလောက် ပြန်ပြီး သဘောထားကြီးပြရမှာပေါ့။ ဒါကြောင့် ဂိုဏ်းချုပ်အနေနဲ့ ငါက အားလုံးကိုယ်စား သူ့တောင်းပန်မှုကို လက်ခံလိုက်တာ။"
မိစ္ဆာအရိပ်ဂိုဏ်းသားတွေရဲ့ ကြောင်အမ်းနေတဲ့ မျက်နှာတွေကို ကြည့်ပြီး ၀ူရှင်းယန်တစ်ယောက် အံကြိတ်၊ ခြေစောင့်လိုက်ပါတော့တယ်။ ဆင်ခြေတွေ ဆက်မပေးတော့ပါဘူး။
"မင်းတို့ကော မသိဘူးလား။ ငါတို့ မိစ္ဆာအရိပ်ဂိုဏ်းက ဘယ်လောက်တောင် ဆင်းရဲနေလဲဆိုတာ။ အခုတော့ ငါတို့အတွက် 'နစ်နာကြေး' ရပြီလေ... အဲဒီ နစ်နာကြေးကလည်း တကယ့်ကို တကယ့်ကို များတာ။ မင်းတို့ကော စိတ်မလှုပ်ရှားဘူးလား ပြောစမ်း။"
မိစ္ဆာအရိပ်ဂိုဏ်းသားတွေကတော့ "တစ်လက်မရိုသေရင် တစ်ပေပြန်ပေးမယ်" ဆိုတာကို ဂရုမစိုက်ကြပေမဲ့ ချူရှင်းဟီ ပေးမယ့် အရင်းအမြစ် ပမာဏကို ကြားလိုက်ရတဲ့အခါမှာတော့ စိတ်မလှုပ်ရှားဘူးလို့ ပြောရင် လူလိမ်တွေပဲ ဖြစ်ကုန်ပါလိမ့်မယ်။ အဲဒီလောက် များပြားတဲ့ ပမာဏကို ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။
တစ်ညတည်းမှာတင် ချူရှင်းဟီဟာ ဂိုဏ်းအားလုံးနီးပါးဆီ သွားခဲ့ပြီး မိစ္ဆာအရိပ်ဂိုဏ်းအပါအဝင် အားလုံးက သဘောတူခဲ့ကြပါတယ်။ ချူရှင်းဟီတစ်ယောက် ပင်ပန်းသွားပေမဲ့ တကယ့်ကို ကျေနပ်နေပါပြီ။
(ဘာ မာလင်းလဲ။ ဘာ လူချန်ချင်းလဲ။ အဲကောင်တွေ အားလုံးက သစ္စာဖောက်တွေချည်းပဲ။ နောက်ဆုံးတော့ ငါ ချူရှင်းဟီ ကိုယ်တိုင် ဆင်းလုပ်မှပဲ ဖြစ်တော့မယ်။ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ စင်တင်ခက ဟိုဂီတသမားတွေထက် အများကြီး ပိုဈေးကြီးတာပဲ။ ဒီလောက် ပိုက်ဆံတွေ အများကြီး ကုန်သွားပြီဆိုတော့ ငါ့ရဲ့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင် ကတော့ အဆက်မပြတ် လည်ပြီး အောင်မြင်လာတော့မှာ မဟုတ်လား။)
ဒါပေမဲ့ ချူရှင်းဟီရဲ့ ပျော်ရွှင်မှုက နာရီဝက်တောင် မခံပါဘူး။ ဆရာဘိုးဘိုး ရောက်လာပါတယ်။ ရှင်းဟီ တစ်ညလုံး ဂိုဏ်းကြီးတွေနဲ့ ဆက်သွယ်နေတာကို ဆရာဘိုးဘိုး မသိဘဲ မနေပါဘူး။ တခြားဂိုဏ်းတွေကို အစွမ်းပြခွင့်ပေးတဲ့ကိစ္စကိုတော့ ဆရာဘိုးဘိုး ဘာမှမပြောပါဘူး။
“ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ ယွင်ရှောင်ဂိုဏ်းလို ကိုယ့်အတ္တကိုယ်ကြည့်ပြီး သူများနေရာလုမှာ ကြောက်နေတဲ့ ဂိုဏ်းမဟုတ်ဘူးလေ။ တစ်ကမ္ဘာလုံးမှာ နံပါတ် (၁) ဖြစ်တဲ့အတွက် ဒီလောက် သဘောထားကြီးပါတယ်။”
“ဒါပေမဲ့ ရှင်းဟီ... တခြားဂိုဏ်းတွေက ထားပါဦး။ မိစ္ဆာအရိပ်ဂိုဏ်းကို ပေးမယ်လို့ ကတိပေးခဲ့တာက နည်းနည်းတော့ လွန်မနေဘူးလား။ အဲဒါ မိစ္ဆာအရိပ်ဂိုဏ်းလေ... အခု သူတို့ ငြိမ်နေတာက ပွဲတော်ဖြစ်နေလို့။ ပွဲတော်ပြီးလို့ မင်းပေးတဲ့ ရတနာတွေသာ သူတို့လက်ထဲ ရောက်သွားရင် သူတို့ တဟုန်ထိုး ပြန်တိုးတက်လာမှာ မဟုတ်ဘူးလား။ ဒါဟာ ရန်သူကို လက်နက်တပ်ဆင်ပေးနေတာနဲ့ တူတူပဲ မဟုတ်လား။”
ဆရာဘိုးဘိုးရဲ့ စကားကို ကြားလိုက်ရတော့ ချူရှင်းဟီက ပြုံးလိုက်ပါပြီ။
"ဆရာဘိုးဘိုး... အများကြီး တွေးပူနေမိတာပါ။ ဒီပွဲတော်ကြီး ပြီးသွားတဲ့အခါ ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာ ဌာနအသီးသီးကနေ ပုဂ္ဂိုလ်ကြီးတွေဆီ ဝေပေးမှာပါ။ မိစ္ဆာအရိပ်ဂိုဏ်းအတွက် ပေးရမယ့် ပိုက်ဆံကိုတော့ မှော်ရတနာ သွန်းလောင်းရေး နန်းတော်က အိုးရန်မိသားစု ကနေတစ်ဆင့် ပေးအပ်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဆရာဘိုးဘိုးဟာ တစ်မိနစ်လောက် ဆွံ့အသွားပြီးတော့မှ ကျေနပ်တဲ့ မျက်နှာပေးနဲ့ ထွက်သွားပါတော့တယ်။
(ဘာ။ ရှင်းဟီက ရန်သူကို ကူညီတယ် ဟုတ်လား။ အိုးရန်မိသားစုက ပိုက်ဆံပေးမှာလို့ ပြောနေတာကို မကြားလိုက်ဘူးလား။ အိုးရန်မိသားစုဆိုတာ ဘယ်လိုလူတွေလဲ။ သူတို့လက်ထဲ ရောက်သွားတဲ့ ပိုက်ဆံက ဘယ်တုန်းကများ ပြန်ထွက်လာဖူးလို့လဲ။)
(မိစ္ဆာအရိပ်ဂိုဏ်းကို ပေးမယ် ဟုတ်လား။ ငါတောင် အိုးရန်မိသားစုဆီက တစ်ပြားမှ ရအောင် မတောင်းနိုင်ဘူး။ မိစ္ဆာအရိပ်ဂိုဏ်းက အရှက်မရှိဘူး ဆိုပေမဲ့ အိုးရန်မိသားစုလောက်တော့ အရှက်မရှိတာမျိုး မဖြစ်နိုင်ပါဘူး။ မိစ္ဆာအရိပ်ဂိုဏ်းသားတွေ အိုးရန်မိသားစုဆီမှာ ပိုက်ဆံသွားတောင်းခိုင်းလိုက်... ဘာမှရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။)
(၀ူရှင်းယန် တစ်ယောက်တော့ ဒီဘဝမှာ အဲဒီပိုက်ဆံကို မြင်ရတော့မှာ မဟုတ်ဘူး။ ဘာလဲ။ ရှင်းဟီက ကတိမတည်ဘူး ပြောချင်တာလား။ ရှင်းဟီက ကတိတည်ပါတယ်။ သူက အိုးရန်မိသားစုဆီကို ပိုက်ဆံ ချက်ချင်း လွှဲပေးလိုက်တာပဲလေ။ အိုးရန်မိသားစုကမှ သူတို့ကို ပြန်မပေးတာ၊ ငါတို့နဲ့ ဘာဆိုင်လဲ။)
(ပြီးတော့ မိစ္ဆာအရိပ်ဂိုဏ်းက ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကို အရှက်မရှိဘူး၊ ကတိမတည်ဘူးလို့ပဲ ဆဲဆဲ... ငါတို့က ဂရုစိုက်နေဦးမှာလား။)
တကယ်တော့ မိစ္ဆာအရိပ်ဂိုဏ်းက ငါတို့ကို အမြဲတမ်း အဲဒီလိုမျိုးပဲ ဆဲနေကြတာ မဟုတ်လား။
ဆရာဘိုးဘိုး ကတော့ ကျေနပ်အားရစွာ ပြန်သွားပါပြီ။
(မိစ္ဆာအရိပ်ဂိုဏ်းကလူတွေ အရှက်မရှိ လုပ်ခဲ့တာတွေ၊ ဗြောင်ကျကျ ခြိမ်းခြောက်ငွေညှစ်ခဲ့တာတွေ... မင်းတို့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေမှာလည်း အခုလိုနေ့မျိုး ကြုံရလိမ့်မယ်လို့ အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး မဟုတ်လား။)
(ကဲ... ပြောစမ်းပါဦး၊ အိုးရန်မိသားစု နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းတို့ မိစ္ဆာအရိပ်ဂိုဏ်းက ဘာလုပ်နိုင်မှာလဲ။)
(စိတ်ချပါ... မင်းတို့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေ ပိုက်ဆံလာတောင်းသရွေ့ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်း က တံခါးအကျယ်ကြီး ဖွင့်ပေးထားမှာပါ။ အိုးရန်မိသားစုဆီမှာပဲ သွားတောင်းကြပေါ့။ အကြမ်းမဖက်သရွေ့ ကြိုက်သလောက် သွားတောင်းလို့ရတယ်။)
(တကယ်လို့သာ အိုးရန်မိသားစုဆီကနေ တစ်ပြားတစ်ချပ်လောက် ရအောင် တောင်းနိုင်မယ်ဆိုရင် ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက နောက်ထပ်တစ်ဆတောင် အပိုထပ်ပေးဦးမယ်။)
(မင်းတို့က အိုးရန်မိသားစုရဲ့ "အကြွေးမဆပ်တဲ့ ဘုရင် (လာအိုလိုင်ဘုရင်)" ဆိုတဲ့ နာမည်က အလကားရလာတယ် ထင်နေတာလား။)
(ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက တိရစ္ဆာန်တွေ စားတဲ့ အစာခွက်တွေကိုတောင် အိုးရန်မိသားစုက ငှားသွားတာ ကြာလှပြီ။ အခုထိ ပြန်မပေးသေးဘူး။ တိရစ္ဆာန် အစာခွက်တောင် ပြန်မပေးတဲ့လူတွေဆီကမှ မင်းတို့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေက စင်တင်ခ လိုချင်နေသေးတယ်ပေါ့။ တကယ့်ကို စိတ်ကူးယဉ် အိမ်မက်ပါပဲ။)
ကျေနပ်သွားတဲ့ ဆရာဘိုးဘိုးကို လိုက်ပို့ပြီးနောက် ချူရှင်းဟီ ဟာ ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီး ရဲ့ စီမံကိန်းတွေကို ဆက်လက် ရေးဆွဲနေပါပြီ။
ဘက်ပေါင်းစုံကလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပါတယ်။ ဒါက ထောင်စုနှစ်မှာ တစ်ကြိမ်သာရှိတဲ့ ပွဲတော်ကြီးဖြစ်ပြီး မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပြသမှာလေ။ ဂီတသမားတွေနဲ့ ဖျော်ဖြေရေးသမားတွေတင် မကပါဘူး၊ ဂိုဏ်းအသီးသီးက ပုဂ္ဂိုလ်ကြီးတွေတောင် စိတ်လှုပ်ရှားနေကြပါတယ်။
ဒါက တကယ့် အခွင့်အရေးကြီး မဟုတ်ပါလား။ ဒီလို ခမ်းနားတဲ့ ပွဲကြီးမှာ ကိုယ့်ဂိုဏ်းအကြောင်း ထုတ်ကြွားနိုင်ရင် နောက်နှစ်မှာ တပည့်ကောင်းတွေ အများကြီး ရလာမှာ သေချာနေပါတယ်။
ဒီလို ပုဂ္ဂိုလ်ကြီးတွေကြားထဲမှာ ယွင်ရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှင်းယွီရှန်း ကတော့ မေးခွန်းတွေ အပြည့်ဖြစ်နေပါပြီ။
(ဟင်။ ဂိုဏ်းအားလုံးက ထောင်စုနှစ်ပွဲတော်မှာ သူတို့ဂိုဏ်းအကြောင်း ထုတ်ကြွားဖို့ ဖိတ်စာတွေ ရကြတယ်တဲ့။ ငါတို့ ယွင်ရှောင်ဂိုဏ်းကျမှ ဘာလို့ ဖိတ်စာမလာတာလဲ။)
(ဒါဆို ချူရှင်းဟီက ငါတို့ဂိုဏ်းဆီ လာဖို့ အချိန်မရသေးတာလား။)
(အရင်က ချူရှင်းဟီနဲ့ ငါတို့ ယွင်ရှောင်ဂိုဏ်းကြားမှာ အဖုအထစ်တွေ ရှိခဲ့တာ မှန်ပေမဲ့၊ ငါ ရှင်းယွီရှန်းကတော့ မင်းလို လူငယ်တစ်ယောက်ရဲ့ အမှားကို စိတ်ထဲမထားပါဘူး။ မင်းသာ လာဖိတ်မယ်ဆိုရင် ငါတို့ သဘောတူမှာပါ။ ငါတို့ ယွင်ရှောင်ဂိုဏ်းက သဘောထားကြီးပါတယ်လေ။)
ဒါနဲ့ပဲ သဘောထားကြီးလှတဲ့ ယွင်ရှောင်ဂိုဏ်းသားတွေဟာ ချူရှင်းဟီ သူတို့ဆီ ရောက်လာမယ့်ရက်ကို တိတ်တဆိတ် စောင့်နေကြပါတယ်။
ရလဒ်ကတော့... စောင့်ရင်း စောင့်ရင်းနဲ့ ထောင်စုနှစ်ပွဲတော် ကျင်းပမယ့်နေ့ကိုသာ ရောက်သွားတယ်၊ ချူရှင်းဟီကိုတော့ မြင်တောင် မမြင်ခဲ့ကြရှာပါဘူး။
ယွင်ရှောင်ဂိုဏ်းသားတွေ အကုန် အံ့ဩတုန်လှုပ်နေကြပါပြီ။
(ချူရှင်းဟီက အဲဒီလောက်တောင် အလုပ်များနေတာလား။ များလွန်းလို့ ငါတို့ ယွင်ရှောင်ဂိုဏ်းကိုတောင် မေ့သွားရတာလား။)
ယွင်ရှောင်ဂိုဏ်းသားတွေ ဝေခွဲမရဖြစ်နေတုန်းမှာပဲ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီး စတင်လာပါတော့တယ်။
***