ယွင်ရှောင်ဂိုဏ်း ကလူတွေက အစပိုင်းမှာတော့ ချူရှင်းဟီ တစ်ယောက် အလုပ်တွေအရမ်းများနေလို့ သူတို့ဆီ မလာနိုင်သေးတာလို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ စောင့်ရင်း စောင့်ရင်းနဲ့... ချူရှင်းဟီက တကယ်ပဲ အလုပ်များလွန်းနေတာလား။ များလွန်းလို့ ငါတို့ကိုပါ မေ့သွားတာလား။
ဒါပေမဲ့ ချူရှင်းဟီက မေ့ချင်မေ့မယ်၊ ယွင်ရှောင်ဂိုဏ်းကတော့ မေ့လို့မရပါဘူး။ ဒါကြောင့် ယွင်ရှောင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုး လင်စု ကိုယ်တိုင် ချူရှင်းဟီကို သွားရှာပါတော့တယ်။
"ရှင်းဟီ... ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်နဲ့ ပတ်သက်ပြီး တစ်ခုခုကို မေ့နေသလားလို့။" လင်စုက ပြုံးပြုံးလေးနဲ့ ချူရှင်းဟီကို မေးမြန်းလိုက်ပါပြီ။
"အာ... မင်္ဂလာပါ ဆရာဘိုးဘိုးလင်... မြင်တဲ့အတိုင်းပါပဲ၊ ကျွန်တော့်ဦးနှောက်က တကယ်ကို မေ့သွားတာဗျ၊ မေ့သွားပြီ..."
"ဟားဟား... ရှင်းဟီရာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ ငါလည်း အရင်က ဒီပွဲတော်ကို ကိုင်တွယ်ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက ငါလည်း မင်းလိုပဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့တာပေါ့။ မင်းလို လူငယ်လေးတစ်ယောက်က ဒီလောက်အထိ စီစဉ်နိုင်တာကိုက တကယ်ကို တော်လှနေပါပြီ။"
"ဟုတ်ကဲ့... ဟုတ်ကဲ့... နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုးလင်။ ကဲ... ဆရာဘိုးဘိုး ကိုယ်တိုင်လာမှတော့ ဒီကိစ္စကို ပြောရတော့မှာပေါ့။ ဆရာဘိုးဘိုးလင်ရေ။ ဒီပွဲတော်ကို တက်ရောက်မယ့် ယွင်ရှောင်ဂိုဏ်းသားတွေကို 'ဝတ်စုံအပြည့်အစုံ'ဝတ်လာဖို့ သေသေချာချာ မှာပေးပါဦးနော်။"
လင်စုက ခေါင်းငြိမ့်ပြလိုက်ပါတယ်။ ချူရှင်းဟီကတော့ တကယ်ကို အလုပ်များလို့ မေ့နေတာပဲလို့ သူ ထင်သွားတာပေါ့။ အခု ဝတ်စုံအကြောင်း ပြောပြီးပြီဆိုတော့ နောက်တစ်ဆင့်က ယွင်ရှောင်ဂိုဏ်းကို ဘယ်လို ကြော်ငြာပေးမလဲဆိုတဲ့ အကြောင်း ဖြစ်ရမှာ မဟုတ်လား။
ဒါပေမဲ့ လင်စုက အကြာကြီး စောင့်နေတယ်... ချူရှင်းဟီကတော့ နောက်ထပ် တစ်ခွန်းမှ ထပ်မပြောတော့ပါဘူး။
"ဟို... ရှင်းဟီ... ဒါပဲလား။"
"ဟုတ်ကဲ့... ဒါပါပဲ..."
"အဟမ်း... အဟမ်း... ရှင်းဟီ... ငါကြားတာတော့ မင်း ဂိုဏ်းပေါင်းစုံဆီ သွားတယ်ဆို၊ မိစ္ဆာအရိပ်ဂိုဏ်းဆီတောင် သွားသေးတယ်ဆိုတော့... အဲဒီကိစ္စက..."
"ဘယ်ကိစ္စလဲဗျ။ ဆရာဘိုးဘိုးလင်... ဒီနှစ်ရက်အတွင်း ကျွန်တော် အရမ်းအလုပ်များလို့ ဦးနှောက်တွေ ထုံနေပြီ။ ကျေးဇူးပြုပြီး ဆရာဘိုးဘိုးပဲ သတိပေးပါဦး။"
ချူရှင်းဟီက လင်စုကို နားမလည်နိုင်တဲ့ မျက်နှာပေးနဲ့ ကြည့်နေပါတယ်။ လင်စုဟာလည်း အဲဒီအကြည့်ကြောင့် ဆွံ့အသွားရပါပြီ။
(ချူရှင်းဟီ... မင်းပြောနေတာတွေက လူပြောတဲ့ စကားတွေလား။ မင်း ဂိုဏ်းတိုင်းဆီ သွားပြီး မိစ္ဆာအရိပ်ဂိုဏ်းဆီတောင် ရောက်သေးတယ်။ ဒါပေမဲ့ ယွင်ရှောင်ဂိုဏ်းတစ်ခုတည်းကိုပဲ မေ့သွားတယ်ပေါ့။ ဟုတ်လား။)
(မင်း ငါတို့ကို တမင် ချန်ထားတယ်ဆိုတာ မင်းမျက်နှာမှာ အထင်သားပေါ်နေတာ သိရဲ့လား။ မင်း ငါတို့ကို ပစ်မှတ်ထားတာ နည်းနည်းတော့ လွန်မနေဘူးလား။)
လင်စုဟာ ဒေါသကို မျိုသိပ်ပြီး ပြောလိုက်ပါတယ်။ "ဖျော်ဖြေရေးကိစ္စကို ပြောတာပါ..."
"ဖျော်ဖြေရေး။ ဘာဖျော်ဖြေရေးလဲ။ ဆရာဘိုးဘိုးလင်... ကျွန်တော် တော်တော် အလုပ်များနေလို့ပါ။ တိုက်ရိုက်ပဲ ပြောပေးလို့ ရမလား။"
"ရှင်းဟီ... မင်းက တခြားဂိုဏ်းတွေကို ဒီဖျော်ဖြေရေးမှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တယ်၊ မိစ္ဆာအရိပ်ဂိုဏ်းတောင် ပါသေးတယ်။ ဒါပေမဲ့ ယွင်ရှောင်ဂိုဏ်းကိုကျတော့ မေ့နေတယ်... ဒီကိစ္စက..."
"အာ... အဲဒါကို ပြောတာလား ဆရာဘိုးဘိုးလင်။ လူတွေက အပြည့် ဖြစ်သွားပြီလေ။"
လူတွေက။ အပြည့် ဖြစ်သွားပြီ။
လူတွေ အပြည့်၊ မပြည့်တော့ လင်စု မသိဘူး၊ သူ သိတာကတော့ သူ့ဦးနှောက်ကြီး ချာချာလည်သွားပြီဆိုတာပါပဲ။
(ချူရှင်းဟီ... မင်း ယွင်ရှောင်ဂိုဏ်းကို ပစ်မှတ်ထားတာ တကယ်ကို သိသာလွန်းတယ် သိလား။ လူအပြည့်ဖြစ်သွားပြီဆိုတာ ဘာကို ဆိုလိုတာလဲ။)
(ယွင်ရှောင်ဂိုဏ်းက မဟာ ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှာ နံပါတ် (၃) ချိတ်တာလေ။ တကယ်လို့ လူပြည့်တယ်ဆိုရင်တောင် အောက်ခြေဂိုဏ်းတွေက လူကို လျှော့ရမှာပေါ့။ မင်း ဘာလို့ ဘိုးဘေးအင်မော်တယ် မြို့တော်ကိုသွားပြီး လူပြည့်ပြီလို့ မပြောရဲတာလဲ။)
လင်စုဟာ ဒေါသထွက်လွန်းလို့ မုတ်ဆိတ်မွေးတွေတောင် တုန်နေပါပြီ။ သူဟာ ဂိုဏ်းချုပ် ရှင်းယွီရှန်း ကို ဆွဲခေါ်ပြီး ဂူမင်ချောင် ဆီမှာ ရှင်းပြချက်တောင်းဖို့ သွားပါတော့တယ်။
ဒါပေမဲ့ သွားမေးကြည့်တော့... ဂူမင်ချောင်က တံခါးပိတ် တရားကျင့်နေတယ်တဲ့လား။
ဒါနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုး ကို သွားရှာပြန်တယ်...။
ဟာ... ဆရာဘိုးဘိုးလည်း တံခါးပိတ် တရားကျင့်နေပြန်ပြီတဲ့။
ဒါဆို မင်းတို့ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ကော။
သူလည်း တံခါးပိတ် တရားကျင့်နေတုန်းပဲတဲ့။
(မဟာမိုးကောင်းကင်ဂိုဏ်းက ငါတို့နဲ့ တူတူပုန်းတမ်း ကစားနေကြတာလား။)
နောက်ဆုံးမှာတော့ စုံစမ်းကြည့်လိုက်တော့ အခု လောလောဆယ် မာလင်း တစ်ယောက်ပဲ အားတယ်လို့ သိလိုက်ရပါတယ်။ ယွင်ရှောင်ဂိုဏ်းက မာလင်းနဲ့ စကားပြောချင်လို့လား။
ဘာပြောရမှာလဲ။ မာလင်းနဲ့သာ စကားပြောရင် အဲဒီနေရာတင် သတ်ပွဲဖြစ်မှာ သေချာနေပါပြီ။
ယွင်ရှောင်ဂိုဏ်းသားတွေ ဘာမှမတတ်နိုင်ဘူး ဖြစ်နေတုန်းမှာပဲ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်နေ့ကို ရောက်လာပါတော့တယ်။
….
မနက်စောစောမှာပဲ ပွဲတက်ရောက်မယ့် ဧည့်သည်တွေအားလုံးဟာ မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တွေဆီက သတင်းစကား ရရှိကြပြီး အဓိက ဇော်ရာနေရာဆီကို ချက်ချင်း ထွက်ခွာလာကြပါပြီ။
ချူရှင်းဟီဟာ မူလ ဝမ်ရှီမြို့နဲ့ တူတဲ့ မြို့တစ်မြို့ကို ဒီပွဲတော်အတွက် ကိုယ်တိုင် ပြန်လည် တည်ဆောက်ခဲ့တယ်လို့ အားလုံး ကြားဖူးထားကြပေမဲ့ ဘယ်သူမှ ကိုယ်တိုင် မမြင်ဖူးကြသေးပါဘူး။
နှစ်ပေါင်းတစ်ထောင်အကြာမှာ ပြန်လည် ပေါ်ပေါက်လာတဲ့ ဒီ ဝမ်ရှီမြို့ထဲကို အားလုံး ရောက်ရှိလာတဲ့အခါ... ကြိုတင် ပြင်ဆင်ထားကြပေမဲ့လည်း မြို့ကို မြင်လိုက်ရတာနဲ့တင် အားလုံး မှင်သက်ဆွံ့အသွားကြပါတော့တယ်။
အဲဒါက ဝမ်ရှီမြို့ကြီး ခမ်းနားထည်ဝါလွန်းလို့ မဟုတ်ပါဘူး။
မြို့ကြီးရဲ့ အရောင်အသွေးတွေကြောင့်ပါပဲ။
တကယ့်ကိုပဲ... အောက်မေ့ဖွယ် အခမ်းအနားတစ်ခုမှာ အဓိကအရောင်ကို အနီရဲရဲကြီး သုံးတဲ့သူ ရှိဖူးလို့လား။
ဘယ်လိုပြောရမလဲဆိုရင်... ဒီနေ့ ဘာပွဲရှိမှန်းမသိဘဲ ဝမ်ရှီမြို့ (Wanxie City) ထဲ ရောက်လာတဲ့သူ ဘယ်သူမဆို မကြာခင် မင်္ဂလာဆောင်ပွဲကြီး ကျင်းပတော့မယ်လို့ပဲ ထင်သွားကြမှာပါ။
ဒါက ထောင်စုနှစ် မဟာအခမ်းအနားပွဲတော် လေ။
မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးအတွက် အထိမ်းအမှတ် အခမ်းအနားပွဲကြီးပါ။ ဒီလို ခမ်းနားလှတဲ့ အောက်မေ့ဖွယ်ပွဲမှာ အနီရောင်ကြီး သုံးလိုက်တာက နည်းနည်းတော့ လွန်မနေဘူးလား။
ဝမ်ရှီမြို့ကြီး နီရဲနေတာတင် မကသေးဘူး... မြို့ထဲကို ဝင်တဲ့ လမ်းတစ်လျှောက်လုံးမှာတောင် အနီရောင် ကော်ဇောကြီးတွေ ခင်းထားပါသေးတယ်။
ချူရှင်းဟီ က သူလုပ်ချင်ရာလုပ်တတ်မှန်း ပုဂ္ဂိုလ်ကြီးတွေ သိထားကြပေမဲ့ အခုလို အမြင်မတော်လောက်အောင် နီရဲနေတဲ့ ဝမ်ရှီမြို့ကြီးကို မြင်တော့ အားလုံး မျက်လုံးပြူးကုန်ကြပါပြီ။
တခြားသူတွေက ထားပါတော့။ ယွင်ရှောင်ဂိုဏ်းကတော့ ပျော်ပွဲရွှင်ပွဲတစ်ခုနဲ့ တူနေတဲ့ ဝမ်ရှီမြို့ကြီးကို မြင်တာနဲ့ ချက်ချင်းပဲ စတင် ဝေဖန်ကန့်ကွက်ပါတော့တယ်။
"မဟာမိုးကောင်းကင်ဂိုဏ်းက ဘာလုပ်ချင်နေတာလဲ။ ထောင်စုနှစ်ပွဲတော်ဆိုတာ အောက်မေ့ဖွယ်ပွဲလေ။ အခုတော့ ပျော်ပွဲရွှင်ပွဲလို အနီရောင်တွေ သုံးထားတယ်ဆိုတော့... မဟာမိုးကောင်းကင်ဂိုဏ်းက အောက်မေ့ဖွယ်ပွဲကို မင်္ဂလာပွဲလို့ ထင်နေတာလား။"
"ဟုတ်တယ်။ မဟာမိုးကောင်းကင်ဂိုဏ်းက ဘာကို ဆိုလိုတာလဲ။ ဒီပွဲတော်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က စစ်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဖို့၊ ဝမ်းနည်းကြောင်း ဖော်ပြဖို့ ကျင်းပတာလေ။ ဒီလောက်ထိ နီနီရဲရဲကြီး လုပ်ထားတယ်ဆိုတော့... အဲဒီတုန်းက သေသွားတဲ့သူတွေက အရမ်းပျော်ပြီး သေသွားတာလို့ ပြောချင်တာလား။"
ယွင်ရှောင်ဂိုဏ်းတင် မကပါဘူး၊ ဒီလောက်အထိ အမြင်ဆန်းနေတဲ့ ဝမ်ရှီမြို့နီကြီးကို မြင်တော့ ချန်ရှောင်ထျန်း တို့တောင်မှ မျက်လုံးပြူးသွားကြပါတယ်။
(ဟို... ရှင်းဟီရာ... မင်း အခုလုပ်ထားတဲ့ "ပျော်ပွဲရွှင်ပွဲဗားရှင်း" ဝမ်ရှီမြို့ကြီးက နည်းနည်းတော့ လွန်မနေဘူးလား။)
ကမ္ဘာအနှံ့က ရောက်လာကြတဲ့ အစွမ်းထက် ပညာရှင်တွေနဲ့ ဧည့်သည်တော်တွေဟာ အခု ဝမ်ရှီမြို့ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပါပြီ။ ထောင်စုနှစ်ပွဲတော်ကို ချူရှင်းဟီ လက်ထဲ အပ်လိုက်ကတည်းက လူတွေက ချူရှင်းဟီ ဘာတွေလုပ်ဦးမလဲဆိုပြီး အမျိုးမျိုး ခန့်မှန်းခဲ့ကြတာပါ။
ဘာပဲဖြစ်ဖြစ် ချူရှင်းဟီရဲ့ နာမည်က ကျော်ကြားပြီးသားလေ။ သူ တစ်ခုခုလုပ်ပြီဆိုရင် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမယ့် အရာမျိုးပဲ မဟုတ်လား။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ထင်ရာစိုင်းတတ်ပါစေဦး... ဒီပွဲတော်ကြီးရဲ့ အဓိကနေရာကို ဒီလောက်အထိ နီရဲနေအောင် လုပ်တာကတော့ တကယ်ကို အံ့ဩစရာပါပဲ။
ဘက်ပေါင်းစုံက ဝေဖန်ဆွေးနွေးနေကြတာကို မြင်တော့ လင်စုတစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ သေးတောင် ထွက်မတတ် ဖြစ်လာခဲ့ပါတယ်။
(ချူရှင်းဟီ... အေးလေ... ချူရှင်းဟီ၊ မင်းက ဒီလို အောက်တန်းကျတဲ့ ပုံစံနဲ့ ယွင်ရှောင်ဂိုဏ်းကို ပစ်မှတ်ထားချင်သေးတာလား။ မင်း ထောင်စုနှစ်ပွဲတော်က ဘယ်လောက်အထိ ကြောက်ဖို့ကောင်းလဲဆိုတာ မသိသေးဘူးပဲ။)
(မင်း အရာရာကို အပြစ်ပြောစရာမရှိအောင် လုပ်ရင်တောင်မှ မနာလိုတဲ့သူတွေက အမှားရှာပြီး ပွဲအပြီးမှာ မင်းကို ဝိုင်းဆဲကြဦးမှာ။ အခုတော့ မင်းက တကယ်ကို သေရမှာ မကြောက်ဘူးပဲ။ ပွဲတော်ရဲ့ အဓိကအရောင်ကို အနီရောင်ကြီး လုပ်ထားတယ် ဟုတ်လား။)
(မင်း တစ်ခါမှ အဆဲမခံဖူးသေးဘူး ထင်တယ်။ ငါ လင်စုဆိုတာ မိုးကောင်းကင် တာအိုရဲ့ အဆင့်သတ်မှတ်ချက် မှာ နာမည်ကြီးတဲ့သူပါ၊ အဲဒါတောင် လူတွေရဲ့ အဆဲဒဏ်ကြောင့် စိတ်ဓာတ်တွေ ကျခဲ့ရတယ်။ အဲဒါ ငါဘာမှ မမှားခဲ့တာတောင်မှနော်။ အခု မင်းလုပ်ထားတဲ့ အရောင်နဲ့ဆိုရင်တော့ တခြားသူတွေ မပြောနဲ့ဦး... ငါ လင်စုကိုယ်တိုင်ပဲ ဦးဆောင်ပြီး မင်းကို ဝိုင်းဆဲပစ်မယ်။)
တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ ဂူမင်ချောင် နဲ့ ဆရာဘိုးဘိုး တို့ဟာ လူတွေရဲ့ ဝိုင်းဝန်းမေးမြန်းခြင်းကို ခံနေရပါတယ်။ လူတိုင်းက မဟာမိုးကောင်းကင်ဂိုဏ်းဟာ ဘာကြောင့် ဒီလောက်အထိ တောက်ပတဲ့ အရောင်ကို သုံးရတာလဲလို့ မေးနေကြတာပါ။
(မင်းတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က သူရဲကောင်းတွေ သေဆုံးတာကို ဝမ်းသာစရာလို့ သတ်မှတ်နေတာလား။)
လူပေါင်းများစွာရဲ့ မေးခွန်းတွေကြောင့် ဂူမင်ချောင်နဲ့ ဆရာဘိုးဘိုးတို့လည်း ချွေးစေးတွေ ပြန်နေပါပြီ။ ဂူမင်ချောင်ကတော့ လူတွေကို မလောကြဖို့၊ ရှင်းဟီရဲ့ နည်းလမ်းတွေကို မင်းတို့ နားမလည်သေးတာမို့ စောင့်ကြည့်ပေးကြဖို့ပဲ အတင်း ဖျောင်းဖျနေရပါတယ်။
လူတွေကလည်း စောင့်ကြည့်ချင်ကြတာပါပဲ၊ ဒါပေမဲ့ အောက်မေ့ဖွယ်ပွဲမှာ ပြင်ဆင်ထားတဲ့ ဝမ်ရှီမြို့ကြီးကို ကြည့်ပြီးတော့ ဘယ်သူကမှ စိတ်အေးအေး မထားနိုင်ကြပါဘူး။
ဘုရားရေ... အရောင်စုံ အလံတွေက နေရာတိုင်းမှာ လွင့်ထူနေတယ်။ အနီရောင် မီးအိမ်ကြီးတွေဆိုတာလည်း နှစ်သစ်ကူးတုန်းကထက်တောင် ပိုများနေသေးတယ်။ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်ကတော့ အထွတ်အထိပ် ရောက်နေပါပြီ။
ပြီးတော့... ဟိုးအဝေးက ဆိုင်းဘုတ်ကြီးမှာ ရေးထားတဲ့ "ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကြီး" ဆိုတာကကော ဘာအဓိပ္ပာယ်လဲ။
ဘာတွေလဲဟ... "ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်" ကနေ ဘာစကားမှ မဆိုဘဲ "ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ" ဖြစ်သွားတာလား။
(မဟာမိုးကောင်းကင်ဂိုဏ်းသားတွေ တကယ်ပဲ သေရမှာ မကြောက်ကြဘူးလား... ဒီပွဲပြီးရင် မဟာမိုးကောင်းကင်ဂိုဏ်းသားတွေ တစ်ကမ္ဘာလုံးရဲ့ အဆဲကို ဝက်ဝက်ကွဲ ခံရတော့မှာပဲ။)
(ချူရှင်းဟီ... မင်း တကယ်ကို မသိနားမလည်တာပဲ။ ဒီပွဲကို လူဘယ်လောက်များများ စောင့်ကြည့်နေလဲ မင်းသိလား။ မင်း အရာရာကို ပုံမှန်အတိုင်း လုပ်ရင်တောင်မှ အဆဲခံရနိုင်သေးတာ။ အခုလို ပုံစံမျိုးနဲ့ဆိုရင်တော့... ဒီ 'ပျော်ပွဲရွှင်ပွဲ' က တကယ် ပျော်စရာကောင်းမကောင်းတော့ မသိဘူး၊ ပွဲအပြီးမှာတော့ တစ်ကမ္ဘာလုံးရဲ့ ဝိုင်းတိုက်ခိုက်တာကို မင်း ခံရတော့မှာ မကြောက်ဘူးလား။)
ဘက်ပေါင်းစုံက သံသယတွေကြောင့် ဝမ်ရှီမြို့ကြီး တစ်မြို့လုံး ရှုပ်ယှက်ခတ်နေပါတယ်။ အထူးသဖြင့် ဒီမြို့ကို တည်ဆောက်ခဲ့ကြတဲ့ ဆောက်လုပ်ရေးဌာနက အစ်ကိုကြီးတွေဆိုရင် ကြောက်လွန်းလို့ တုန်နေကြပါပြီ။
ဒါပေမဲ့ ပြုံးစိစိနဲ့ရှိနေတဲ့ ညီလေး ရှင်းဟီ ကို လှမ်းတွေ့လိုက်ရချိန်မှာတော့ သက်ပြင်းပဲ ချလိုက်မိကြပါတယ်။
(ညီလေး ရှင်းဟီရာ... မင်းရဲ့ နှလုံးသားကတော့ တကယ်ကို ကြီးမားလွန်းပါတယ်။ ကြည့်စမ်း... အခြေအနေက ပေါက်ကွဲတော့မလို ဖြစ်နေတာတောင် မင်းက နည်းနည်းလေးမှ မတုန်လှုပ်ဘူးလား။)
တကယ်လို့သာ ဒီ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော် ကြီးသာ တကယ် ပျက်စီးသွားခဲ့မယ်ဆိုရင် မဟာမိုးကောင်းကင်ဂိုဏ်း အပေါ် ဘယ်လောက်အထိ ထိခိုက်မလဲဆိုတာ မပြောနဲ့တော့... ညီလေး ရှင်းဟီရာ။ မင်းရဲ့ နာမည်ဂုဏ်သတင်းလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားလိမ့်မယ်။
အခုအချိန်မှာ အဘက်ဘက်ကနေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပေမဲ့လည်း မိုးကောင်းကင် တာအိုအဆင့်သတ်မှတ်ချက် မှာ နံပါတ် (၁) ဖြစ်တဲ့ ဂူမင်ချောင် ကတော့ အလကား နာမည်ကြီးနေတာ မဟုတ်ပါဘူး။
နောက်ဆုံးမှာတော့ ဂူမင်ချောင်ဟာ သူ့ကို ဝိုင်းအုံနေတဲ့ ပုဂ္ဂိုလ်ကြီးတွေကို လက်ပြပြီး ဟိန်းဟောက်လိုက်ပါတယ်။ "မင်းတို့အားလုံး ရှင်းဟီရဲ့ နည်းလမ်းတွေကို တစ်ခါမှ မမြင်ဖူးကြဘူးလား။"
"ဒါကြောင့် အားလုံးပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး စောင့်ကြည့်ကြစမ်း။"
ဒီအမြင်မတော်လောက်အောင် ထူးဆန်းနေတဲ့ ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ ကြောင့် လူတိုင်း ကြောင်အမ်းနေကြပေမဲ့ ဝေဖန်တိုက်ခိုက်မယ်ဆိုရင်တောင် အခုအချိန်က မဟုတ်သေးဘူးဆိုတာ အားလုံး နားလည်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီပွဲတော်ကြီးက ပျော်ပွဲရွှင်ပွဲပဲဖြစ်ဖြစ်၊ ဘာပွဲပဲဖြစ်ဖြစ်... အရင်ဆုံး ပြီးမြောက်အောင် ကျင်းပဖို့က အဓိကလေ၊ အဲဒီနောက်မှပဲ ပြောစရာရှိတာ ပြောရမှာပေါ့။
ယွင်ရှောင်ဂိုဏ်း ကလူတွေကတော့ ရယ်နေရလွန်းလို့ သေးတောင် ထွက်ကျနေကြပါပြီ။
(ဟမ့်။ ဒီလိုအခြေအနေမျိုးနဲ့တောင် ချူရှင်းဟီက ယွင်ရှောင်ဂိုဏ်းကို ပစ်မှတ်ထားချင်သေးတာလား။)
(စောင့်ကြည့်နေလိုက်... ဒီ 'ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ' ပြီးတာနဲ့ ယွင်ရှောင်ဂိုဏ်းကပဲ ရှေ့ဆုံးကနေ ဦးဆောင်ပြီး ဝိုင်းဆဲပစ်မယ်။)
(ချူရှင်းဟီ... မင်းကိုယ်တိုင် သေတွင်းတူးတာဆိုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့။)
ချူရှင်းဟီကတော့ သေတွင်းတူးတယ်ဆိုတာ ဘာလဲဆိုတာကိုတောင် မသိပါဘူး။ သူ သိတာကတော့ လူတိုင်းရဲ့ တုံ့ပြန်မှုတွေကို ကြည့်ခြင်းအားဖြင့် သူဟာ "မရှုံးနိုင်တော့တဲ့ အနေအထား" ကို ရောက်နေပြီဆိုတာပါပဲ။
(ကဲ... ပြောစမ်းပါဦး၊ ဒီတစ်ခါ ငါ ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ။)
(အပြင်လောကက ငါ့ကို ဝေဖန်တာ ဂရုစိုက်ရမှာလား။ ငါ ချူရှင်းဟီက အဲဒါတွေကို ကြောက်နေမယ် ထင်လို့လား။ မင်းတို့က ဝေဖန်ဖို့ပဲ တာဝန်ယူ. ငါ ချူရှင်းဟီ နည်းနည်းလေး မျက်မှောင်ကြုတ်မိရင်တောင် ငါ ရှုံးတယ်လို့ သတ်မှတ်လိုက်တော့။ ဟုတ်ပြီလား။)
(နာမည်ပျက်တယ်ဆိုတာလည်း 'ဆုံးရှုံးမှု' တစ်မျိုးပဲ မဟုတ်လား။ မင်းတို့က ငါ့ကို ဆဲနေကြတာလား။)
(မင်းတို့ ပြောလိုက်တဲ့ စကားလုံးတိုင်းဟာ ငါ့ရဲ့ ကျင့်စဉ်အဆင့် တက်လှမ်းဖို့ အတွက် အားကောင်းတဲ့ တွန်းအားတွေပဲ ဖြစ်လာလိမ့်မယ်။)
(ငါ ချူရှင်းဟီကတော့ မိတ်ဆွေဟောင်းကြီးအားလုံးရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မင်းတို့က ဝေဖန်ဆဲဆိုဖို့ပဲ တာဝန်ယူပါ၊ ငါကတော့ မင်းတို့ရဲ့ အဆဲတွေကြားမှာပဲ ကျင့်စဉ်အဆင့်တွေ ဆက်တိုက် တက်လှမ်းပြဖို့ တာဝန်ယူပါ့မယ်လေ။)
***