ဝမ်ရှီမြို့ထဲမှာတော့ အစွမ်းထက်တဲ့ တန်ခိုးရှင် အများအပြားဟာ ထူးဆန်းလှတဲ့ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်တွေကြောင့် အံ့ဩမှင်သက်နေကြပါပြီ။
ဒါပေမဲ့လည်း ထောင်စုနှစ် ပွဲတော်ကြီးကို ဆက်လက်ကျင်းပရမှာ ဖြစ်တာကြောင့် အားလုံးဟာ ကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်ကြပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာပဲ ဂိုဏ်းအသီးသီးရဲ့ သတင်းထုတ်ပြန်ရေး ဌာနတွေကတော့ ခေါင်းစီးနာမည်အတွက် စဉ်းစားနေခဲ့ကြပါတယ်။
သတင်းခေါင်းစဉ်။ တုန်လှုပ်ဖွယ်ကောင်းသော ချူရှင်းဟီရဲ့ သတ္တိ။
ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီးဟာ မျက်တောင်တစ်ခတ်အတွင်း ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ အဖြစ် ပြောင်းလဲသွားခြင်း။
“မဟုတ်သေးဘူး... ဒီခေါင်းစဉ်က သိပ်ပြီး ဆွဲဆောင်မှု မရှိသေးဘူး”
“ဒီထက်ပိုပြီး လူပြောများမယ့် ခေါင်းစဉ်မျိုးကို စဉ်းစားရမယ်”
(ချူရှင်းဟီ။ မင်းကတော့ တကယ်ကို သေမှာ မကြောက်ဘူးပဲ။ ထောင်စုနှစ်ပွဲတော်လို အရေးကြီးတဲ့ ပွဲတော်ကြီးကို ဒီလို လျှောက်လုပ်ရဲတယ်ပေါ့။ လောကရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ နံပါတ် (၁) လို့ ဘွဲ့အမည် တွင်ခဲ့ပေမယ့်လည်း မနက်ဖြန်ကျရင်တော့ တံတွေးပင်လယ်မှာ ပက်လက်မျောရတော့မှာပဲ။)
ရည်မှန်းချက်ကြီးမားသူ အများအပြားရဲ့ တွက်ချက်နေမှုတွေ အကြားမှာ မဟာမိုးကောင်းကင် ကြေးမုံကြီးဟာ ကောင်းကင်ယံထက်ကို ပျံတက်သွားပါပြီ။ မဟာမိုးကောင်းကင် ကြေးမုံရဲ့ စွမ်းအားတွေက ဝမ်ရှီမြို့တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့အခါမှာတော့ ကြေးမုံကြီးထဲကနေ အလင်းတန်းပေါင်းများစွာ ဖြာထွက်လာခဲ့ပါတယ်။
အဲဒီအလင်းတန်းတွေဟာ မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဖောက်ထွင်းသွားပြီး တဒင်္ဂအတွင်း ကုန်းမြေတိုက်ကြီးပေါ်က မြို့တိုင်းရဲ့ ကောင်းကင်ယံမှာ မဟာမိုးကောင်းကင် ကြေးမုံချပ်ကြီးတွေ ပေါ်လာပါတော့တယ်။
မဟာမိုးကောင်းကင် ကြေးမုံဟာ ကောင်းကင်ယံမှာ အလင်းတန်းပေါင်းများစွာကို စုစည်းလိုက်ပြီး အလင်းတန်းတွေ လှုပ်ရှားလည်ပတ်လာခဲ့ပါပြီ။ ဒီအခါမှာတော့ တိုက်ရိုက်ထုတ်လွှင့်မှု ပုံရိပ်တွေ ပေါ်ထွက်လာပါတယ်။
"လာပြီဟေ့။ မဟာမိုးကောင်းကင် ကြေးမုံကြီး ပေါ်လာပြီ။"
"ထောင်စုနှစ်ပွဲတော်ရဲ့ ပုံရိပ်တွေ မြင်ရပြီ။"
"ရတနာတစ်ပါးဖြစ်တဲ့ မဟာမိုးကောင်းကင် ကြေးမုံဆိုတာ တကယ့်ကို အစွမ်းထက်တာပဲ..."
"မဟာမိုးကောင်းကင်ဂိုဏ်းက တကယ်ကို အသုံးအစွဲကြမ်းတာပဲ။ ဒီကြေးမုံကြီးကို ခဏလောက် အသုံးပြုနိုင်ဖို့အတွက် စွမ်းအင်တွေအများကြီး လိုအပ်တယ်လို့ ငါကြားဖူးတယ်။"
မြို့အသီးသီးမှာ စုဝေးနေကြတဲ့ လူပေါင်းများစွာဟာ မိုးကောင်းကင်က ပုံရိပ်တွေကို မော့ကြည့်နေကြပါပြီ။ ဒါပေမဲ့ ခဏအကြာမှာတော့ လူတိုင်း ဒေါသပေါက်ကွဲကုန်ကြပါတော့တယ်။
"ဒါ မှားနေပြီလေ။ ထောင်စုနှစ် အောက်မေ့ဖွယ်ပွဲတော်ဆိုပြီး ဘာလို့ 'ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ' ဖြစ်နေတာလဲ။"
"ဘာဖြစ်လို့ အောက်မေ့ဖွယ်ပွဲတော်က အနီရောင်တွေချည်းပဲ ဖြစ်နေရတာလဲ။"
"ဟာ... မဟာမိုးကောင်းကင်ဂိုဏ်းက ရူးသွားပြီလား။ ထောင်စုနှစ်ပွဲတော်မှာ အနီရဲရဲကြီးတွေကို အဓိကအရောင်အဖြစ် သုံးရတယ်လို့ကွာ"
ဝမ်ရှီမြို့ရဲ့ ပုံရိပ်တွေကို မြင်လိုက်ရတဲ့ မြို့တိုင်းက လူတွေဟာ မှင်သက်တုန်လှုပ်ကုန်ကြပါပြီ။
(မဟာမိုးကောင်းကင်ဂိုဏ်းမှာ အကြံကြီးကြီး ရှိတယ်ဆိုတာ သိပေမဲ့ ဒီလောက်အထိ ကြီးကျယ်မယ်လို့တော့ မထင်ထားခဲ့ဘူးကွာ။)
(ထောင်စုနှစ်ပွဲတော်မှာ အနီရောင် သုံးရဲတယ်။ ဟုတ်လား။ အောက်မေ့ဖွယ်ပွဲကို ပျော်ပွဲရွှင်ပွဲအဖြစ် ပြောင်းပစ်ရဲတယ်။ ဟုတ်လား။ ဒါကတော့ တကယ်ကို မမျှော်လင့်ထားတဲ့ အဖြစ်ပဲ။)
"ဒါလား... ဒဏ္ဍာရီလာ ချူရှင်းဟီဆိုတာ။ ဒါကတော့ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။"
"ဟုတ်တယ်... သာမန်လူဖြစ်တဲ့ ငါတောင် သိသေးတယ်၊ အောက်မေ့ဖွယ်ပွဲဆိုတာ တည်ငြိမ်လေးနက်ဖို့ အဖြူရောင် သုံးရတယ်ဆိုတာ။"
"ထောင်စုနှစ်ပွဲတော်ကို ဝမ်းသာစရာပွဲလို့ သဘောထားတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းကတော့ တကယ် ရူးသွားပြီ ထင်တယ်။"
ဒီအချိန်မှာတော့ မြို့ကြီးတိုင်းမှာ ဆူညံပွက်လောရိုက်နေပါပြီ။ လူအများစုဟာ ထောင်စုနှစ်ပွဲတော်က ဘာလဲဆိုတာကိုတောင် သေသေချာချာ မသိကြပေမဲ့ အောက်မေ့ဖွယ်ပွဲမှာ အနီရောင် သုံးတာကိုတော့ ဘယ်သူမှ မမြင်ဖူးကြဘူးလေ။
(နတ်ဆိုးတစ်ကောင်လို ဉာဏ်ကေင်းတယ်ဆိုတဲ့ ချူရှင်းဟီကော ဘယ်မှာလဲ။)
(ဒါက နတ်ဆိုးတစ်ကောင်လို ဉာဏ်ကောင်းတာလား။ သေချင်လို့ လျှောက်လုပ်နေတာနဲ့ ပိုတူနေတယ် မဟုတ်ဘူးလား။)
(ယွင်ရှောင်ဂိုဏ်းက ထုံးစံအတိုင်း ကျင်းပတုန်းကတောင် ဝေဖန်မှုတွေ အများကြီး ခံခဲ့ရတာ။ အခု ချူရှင်းဟီက ပွဲတော်ကြီးကို ပျော်ပွဲရွှင်ပွဲအဖြစ် ပြောင်းလိုက်တယ်ဆိုတော့... ဒီပွဲအပြီးမှာ သူ အသက်ဆက်ရှင်နိုင်ပါဦးမလား။)
"ဒါက ထောင်စုနှစ်ပွဲတော် မဟုတ်တော့ပါဘူး၊ ချူရှင်းဟီ ဘဝပျက်မယ့်နေ့ ဖြစ်တော့မှာပါ။"
"ချူရှင်းဟီက မိစ္ဆာဂိုဏ်းက လွှတ်လိုက်တဲ့ သူလျှိုများလား။ မဟုတ်ရင် သူ ဘာလို့ ဒါတွေ လုပ်နေမှာလဲ။"
"အစ်ကိုရာ... မိစ္ဆာဂိုဏ်းကလူတွေလည်း ဒီပွဲမှာ ပါနေတာပဲလေ။ ဟိုမှာ ဝူရှင်းယွင်ကို မမြင်ဘူးလား။ မိစ္ဆာဂိုဏ်းတောင် ဒီလောက်အထိ သတ္တိမကောင်းဘူးဟ"
"ဟုတ်တယ်... မဟာအခမ်းအနား ပွဲတော်ကြီးတွေ ကျင်းပနေချိန် အတွင်းမှာ မိစ္ဆာဂိုဏ်းတောင် ပြဿနာမရှာရဲဘူး။ ချူရှင်းဟီက ဘာတွေ ကြံစည်နေတာလဲ။"
လူတွေ အမျိုးမျိုး ဆွေးနွေးနေကြတုန်းမှာပဲ မဟာမိုးကောင်းကင် ကြေးမုံကြီးက ရုတ်တရက် လင်းလက်လာပြီး ဒီထူးဆန်းလှတဲ့ "ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲကြီး" ကို တရားဝင် စတင်လိုက်ပါတော့တယ်။
အားလုံး မျှော်လင့်ထားတဲ့ ဝမ်းနည်းပူဆွေးဖွယ် အောက်မေ့ဖွယ် မြင်ကွင်းတွေလည်း ပေါ်မလာခဲ့ပါဘူး။ အဲဒီအစား ကြေးမုံကြီး ကနေ မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ ပုံရိပ် ပေါ်လာပါတယ်။
အဲဒီတပည့် ရောက်နေတဲ့နေရာကတော့ "ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ" ကျင်းပနေတာကြောင့် ဆူညံနေတဲ့ ကျုံးကျိုးမြို့ ထဲမှာပါ။ မဟာမိုးကောင်းကင်ဂိုဏ်း တပည့်ဟာ ဆူညံနေတဲ့ လူအုပ်ကြားထဲမှာ သာမန်လူတစ်ဦးကို ရှာဖွေလိုက်ပါတယ်။
"ရောင်းရင်း။ မင်္ဂလာပါ။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ ဆိုတာ ဘာလဲဆိုတာ သိသလား။"
မဟာမိုးကောင်းကင်ဂိုဏ်း တပည့်က ကျုံးကျိုးမြို့က လမ်းသွားလမ်းလာတစ်ယောက်ကို ရုတ်တရက် ဖမ်းမေးလိုက်တာပါ။ ပွဲတော်ကြီးက ပျော်ပွဲရွှင်ပွဲကြီး ဖြစ်သွားတာကို ခုနတင်ကပဲ ဝေဖန်နေတဲ့ အဲဒီလမ်းသွားလမ်းလာဟာ အံ့ဩသွားခဲ့ပါတယ်။ မဟာမိုးကောင်းကင် ကြေးမုံကြီးမှာ ကိုယ့်ပုံရိပ် အထင်းသား ပေါ်နေတာကို တွေ့လိုက်ရတဲ့ အခါ တုန်လှုပ်သွားရပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်း တပည့်က ဒုတိယအကြိမ် ထပ်မံမေးမြန်းလိုက်မှသာ အဲဒီလူ သတိဝင်လာပါတယ်။
"ဟင်။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ။ အဲဒါ ဘာစစ်ပွဲလဲ။ ဒါက ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီး မဟုတ်ဘူးလား။ ရောင်းရင်းတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ဘာလို့ အောက်မေ့ဖွယ်ပွဲကို ပျော်ပွဲရွှင်ပွဲကြီး အဖြစ် ပြော်ငးလဲလိုက်တာလဲ။ ဘာတွေ လုပ်နေကြတာလဲဟင်။"
အဲဒီလူရဲ့ အဖြေကို မဟာမိုးကောင်းကင် ကြေးမုံ ကနေတစ်ဆင့် မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးက လူတွေ တိုက်ရိုက်မြင်တွေ့နေရပါတယ်။ အမှတ်မထင် ရွေးချယ်ခံရသူရဲ့ အဲဒီအဖြေကြောင့် လူပေါင်းများစွာဟာ ရယ်မောလိုက်ကြပါပြီ။ ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲကြီး အကြောင်း သိချင်စိတ်တွေ ပိုပြီး ပြင်းပြလာခဲ့ကြပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်း တပည့်က ပြန်မဖြေခဲ့ပါဘူး။ ကြေးမုံချပ်ကြီးထဲက ပုံရိပ်တွေဟာ တစ်ချက် ပြောင်းလဲသွားခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ ယွီမြို့ကို ရောက်သွားပါတယ်။ အဲဒီမှာလည်း ဂိုဏ်းတပည့်တစ်ယောက်က ပွဲကြည့်နေတဲ့သူတစ်ယောက်ကို ရှာဖွေ မေးမြန်းလိုက်ပါပြီ။
ဒုတိယမြောက် ရွေးချယ်ခံရသူကတော့ ကြေးမုံကြီးထဲမှာ ကိုယ့်ကိုကိုယ် မြင်နေရလို့ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ သူက အရင်ဆုံး လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပါပြီ။ ဘေးပတ်ဝန်းကျင်ကလူတွေကပါ သူ့ကို ဝိုင်းဝန်းအားပေးကြပါတယ်။ သူဖြေလိုက်ပါပြီ။
"မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲလား... ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော့်နာမည်က ဖန်းဒါနီပါ၊ ဒီနှစ်ထဲမှာ အသက် ၂၀ ပြည့်ပြီ၊ အခုထိ အိမ်ထောင်မရှိသေးပါဘူး..."
ပုံရိပ်တွေက ပီနန်းနေရာကို ထပ်မံပြောင်းလဲသွားပြန်ပါတယ်။ အဲဒီမှာလည်း လမ်းသွားလမ်းလာတစ်ယောက်ကို ထပ်မံမေးမြန်းပါတယ်။
(စာကြွင်။ မြို့နေရာတွေ ပြောင်းပြီး အင်တာဗျူးနေတယ်လို့ စာရေးသူ ထင်မိပါတယ်။ မူရင်းထဲမှာလည်း မြို့နာမည်တွေ ရေးထားတာကြောင့်ပါ။)
ဒီတစ်ခါ မေးမြန်းခံရသူကတော့ လေလွင့် တန်ခိုးရှင် တစ်ယောက်ပါ။ ရှေ့က နှစ်ယောက်ထက်စာရင် သူက ပိုပြီး တည်ငြိမ်ပါတယ်။ သူ့ကိုတစ်ကမ္ဘာလုံး မြင်နေရပြီဆိုတာ သိတာနဲ့ ချက်ချင်းပဲ အခွင့်ကောင်းယူပြီး ပြောလိုက်ပါပြီ။
"မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ ဘာလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော်က ရှုတာ့ပြောင်ပါ၊ အဆင့် (၁) ကျင့်ကြံသူတစ်ယောက်ပါ။ ကျွန်တော့်မှာ ပါရမီ သိပ်မရှိပေမဲ့ အရမ်းကြိုးစားပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ရွှေဝူဂိုဏ်းထဲ ဝင်ဖို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးလေး ပေးကြပါဦး..."
ရှုတာ့ပြောင်ရဲ့ စကားတွေကြောင့် တစ်ကမ္ဘာလုံး ထပ်မံရယ်မောခဲ့ကြပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းက ကြေးမုံကြီးကိုသုံးပြီး ဒီလိုမျိုးတွေ လုပ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားကြဘူးလေ။
ဒါပေမဲ့ သာမန်လူတွေ ရယ်မောနေနိုင်ကြပေမဲ့ ဝမ်ရှီမြို့ထဲက ပုဂ္ဂိုလ်ကြီးတွေကတော့ မရယ်နိုင်ကြတော့ပါဘူး။
ပထမဆုံးလူက ပွဲတော်ကြီးကို ဝေဖန်တုန်းကတော့ ပုဂ္ဂိုလ်ကြီးအတော်များများ ဝိုင်းရယ်ခဲ့ကြပါတယ်။ "သာမန်လူတွေတောင် ဝေဖန်နေပြီပဲ၊ ဒီပွဲအပြီးမှာ ချူရှင်းဟီတော့ အသက်ရှင်ပါဦးမလား" ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဒုတိယလူ... တတိယလူ... စတုတ္ထနဲ့ ပဉ္စမလူတွေပါ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် အင်တာဗျူး ဖြစ်လာတဲ့အခါမှာတော့...
ပုဂ္ဂိုလ်ကြီးတွေ ဘယ်သူမှ မရယ်နိုင်ကြတော့ပါဘူး။
အစပိုင်းမှာ သူတို့ရယ်ခဲ့တာက သာမန်လူတွေက ကမ္ဘာ့နံပါတ် (၁) ဂိုဏ်းကို ဝေဖန်နေကြလို့ပါ။ ဒါပေမဲ့ "မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ" ဆိုတာ ဘာလဲဆိုတာ မသိဘူးလို့ ဖြေတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် များလာတဲ့အခါ အားလုံးဟာ နှုတ်ဆိတ်သွားခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက မရေမတွက်နိုင်တဲ့ ဘိုးဘေးတွေဟာ တစ်လောကလုံး ငြိမ်းချမ်းဖို့အတွက် သူတို့ရဲ့ အသက်သွေးချွေးတွေကို ရင်းနှီးပေးဆပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ အသက်တွေနဲ့ လဲလှယ်ပြီး ကမ္ဘာကြီးကို နှစ်ပေါင်းတစ်ထောင်ကျော် ငြိမ်းချမ်းမှု ယူဆောင်ပေးခဲ့တာပါ။
ဒီနှစ်ပေါင်းတစ်ထောင်အတွင်းမှာ နှစ်တစ်ရာတစ်ကြိမ်ကျင်းပတဲ့ မဟာအခမ်းအနားပွဲတော်တွေဟာ အမြဲတမ်း ခမ်းနားထည်ဝါခဲ့ပါတယ်။ ဂိုဏ်းတိုင်းက သူတို့ကျင်းပတဲ့ပွဲက ဘိုးဘေးတွေကို အရှက်ရစေမှာ စိုးရိမ်ခဲ့ကြသလို "ဘိုးဘေးတွေနဲ့အတူ ငါတို့လည်း အသေခံဖို့ အသင့်ပဲ" ဆိုတဲ့ စိတ်ဓာတ်မျိုး ပြသခဲ့ကြပါတယ်။
မဟာဂိုဏ်းကြီး (၁၀) ဂိုဏ်းပဲဖြစ်ဖြစ်၊ တခြားဂိုဏ်းတွေပဲဖြစ်ဖြစ် ပွဲတော်တိုင်းမှာ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့... ကြေးမုံကြီးထဲမှာ မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တွေရဲ့ ကျပန်းမေးမြန်းမှုကို ခံရတဲ့ သာမန်လူတွေနဲ့ ကျင့်ကြံသူတွေရဲ့ အဖြေစကားတွေကြောင့် လူတိုင်းဟာ စကားမပြောနိုင်ဘဲ မှင်သက်နေကြရပါပြီ။
"မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ" ဆိုတာ ဘာလဲ။
နှစ်ပေါင်းတစ်ထောင် ဆိုတဲ့ အချိန်ကာလက တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး... တကယ်တမ်းတော့ ဒီလောကမှာ အဲဒီစစ်ပွဲကြီးအကြောင်းကို မှတ်မိနေတဲ့သူ သိပ်မရှိတော့ပါဘူး။
တကယ်လို့ သူတို့က အဲဒီစစ်ပွဲကြီးအကြောင်းတောင် မသိကြဘူးဆိုရင်... ဒီ "ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်" က ဘာများ အဓိပ္ပာယ်ရှိတော့မှာလဲ။
မေးမြန်းမှုတွေက ဆက်လက် လုပ်ဆောင်နေဆဲပါ။ မြို့ပေါင်းစုံက သာမန်လူတွေ၊ တန်ခိုးရှင်တွေနဲ့ မိစ္ဆာဂိုဏ်းဝင်အချို့ကိုပါ မေးမြန်းပါတယ်။ ဒါပေမဲ့ လူတစ်ဆယ်မှာ တစ်ယောက်တောင်မှ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲအကြောင်းကို ရေရေရာရာ မပြောနိုင်ကြပါဘူး။
တစ်ယောက်စ၊ နှစ်ယောက်စ မသိတာက တိုက်ဆိုင်မှု ဖြစ်နိုင်ပေမဲ့... ဆယ်ယောက်လုံးက မသိဘူးဆိုတာကတော့ တိုက်ဆိုင်မှု မဟုတ်တော့ပါဘူး။
ဝမ်ရှီမြို့ထဲမှာတော့ ဖြောင့်မတ်သူတွေရော၊ မိစ္ဆာလမ်းစဉ်လျှောက်သူတွေပါ အလေးအနက် တွေးတောနေကြပါပြီ။ အစောပိုင်းမှာ လူတိုင်းက "ချူရှင်းဟီဟာ အောက်မေ့ဖွယ်ပွဲကို ပျော်ပွဲရွှင်ပွဲ လုပ်ပစ်ပြီး ဘိုးဘေးတွေကို စော်ကားနေတာလား" လို့ ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ အခု လူဆယ်ယောက်ရဲ့ အဖြေတွေကတော့ အဲဒီမှာရှိနေတဲ့ ပုဂ္ဂိုလ်ကြီးတိုင်းရဲ့ ပါးကို ရိုက်လိုက်သလိုပါပဲ။
ဘိုးဘေးတွေကို စော်ကားတာလား။ ချူရှင်းဟီက တကယ်ပဲ ဘိုးဘေးတွေကို စော်ကားနေတာလား။
သူက ဘိုးဘေးတွေကို စော်ကားနေတာ မဟုတ်တော့ပါဘူး။ သူက ဒီမှာရှိနေတဲ့ ငါတို့အားလုံး အပါအဝင် 'မဟာနေမင်း ကုန်းမြေတိုက်ကြီး' တစ်ခုလုံးကို စော်ကားနေတာပါပဲ။
ဒါပေမဲ့ ဒီစော်ကားမှုကို ရင်ဆိုင်တဲ့အခါမှာတော့ ပုဂ္ဂိုလ်ကြီးအားလုံး ငြိမ်ငြိမ်လေး နေလိုက်ကြရပါပြီ။
သူတို့တွေက "မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ" ဆိုတာ တစ်လောကလုံး ငြိမ်းချမ်းဖို့အတွက် တိုက်ပွဲကြီးဖြစ်တယ်။ အခမ်းအနားပွဲတော်ကြီးက ဘိုးဘေးတွေကို ဂုဏ်ပြုတာဖြစ်တယ်လို့ အမြဲပြောနေကြပေမဲ့... တကယ်တမ်းမှာတော့ လောကကြီးက လူတွေဟာ အဲဒီစစ်ပွဲအကြောင်းတောင် မသိကြတော့ဘူး။ သူတို့ ဂုဏ်ပြုနေတဲ့ ဘိုးဘေးတွေက ဘယ်သူတွေလဲဆိုတာတောင် မသိကြတော့ဘူး။ ဒီလိုဖြစ်နေတဲ့ ပွဲတော်ကြီးကို "ပျော်ပွဲရွှင်ပွဲ" လို့ ခေါ်လိုက်တာ ဘာမှားလို့လဲ။
ဒါက ပျော်စရာမကောင်းဘူးလား။ ဒါက လုံလောက်တဲ့ ဝေဖန်လိုက်မှုပဲ မဟုတ်ဘူးလား။
တခြားပုဂ္ဂိုလ်ကြီးတွေ ခဏထားလိုက်ပါဦး။ ဂိုဏ်းချုပ်ကြီး ဂူမင်ချောင် တောင်မှ တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်တော့ပါဘူး။ အစကတော့ ရှင်းဟီဟာ အရောင်တွေကို လျှောက်သုံးပြီး အခြေအမြစ်မရှိတာတွေ လုပ်နေတယ်လို့ သူထင်မိခဲ့ပါသေးတယ်။
တကယ်လို့သာ ဒီနေရာမှာ ချူရှင်းဟီ မဟုတ်ဘဲ တခြားတစ်ယောက်ယောက်သာ ဖြစ်နေမယ်ဆိုရင် ဒီပွဲတော်ရဲ့ အဓိကစီစဉ်သူ နေရာကနေ အစောကြီးကတည်းက အဖယ်ခံလိုက်ရပြီးပါပြီ။
ဒါပေမဲ့ အခုအချိန်မှာတော့ ဂူမင်ချောင် တစ်ယောက် သဘောပေါက်သွားပါတယ်။ ရှင်းဟီဟာ အဓိပ္ပာယ်မရှိတာတွေကို လျှောက်လုပ်နေတာ မဟုတ်ပါဘူး။ တမင်တကာကို လုပ်နေတာပါ။ အခုမြင်နေရတဲ့ "ပျော်ပွဲရွှင်ပွဲ" ဆိုတာက တကယ့်ဝမ်းသာမှုကို ဖော်ပြဖို့ မဟုတ်ဘဲ၊ ဒီအငွေ့အသက်ကိုတွေသုံးပြီး သူတို့ကို ဝေဖန်နေတယ် ဆိုတာပါ။
နှစ်ပေါင်းတစ်ထောင် ကုန်လွန်သွားခဲ့ပြီ... လောကမှာရှိတဲ့ ဂိုဏ်းကြီးတွေကလွဲရင် သာမန်လူတွေဟာ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ ဆိုတာ ဘာလဲဆိုတာကိုတောင် မေ့နေကြပါပြီ။
လူတိုင်းက အစဉ်အလာ အမွေအနှစ်ဆိုပြီး ဟစ်ကြွေးနေကြပေမဲ့... ဒီနေ့အထိ ကျန်ရှိနေတဲ့ အမွေအနှစ်ဆိုတာကတော့ လောကကြီးကလူတွေ 'မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ' အကြောင်းတောင် မသိကြတော့တာပါပဲ။ ဒါဟာ ဘယ်လောက်တောင် ရယ်ဖို့ ကောင်းနေလိုက်သလဲ။
(ခုနတင်ကပဲ လူတိုင်းက ငါတို့ရဲ့ ရှင်းဟီလေးကို ဝိုင်းရယ်နေကြတာလေ။ အခုကျတော့ ဘာလို့ အားလုံး တိတ်ဆိတ်သွားကြတာလဲ။)
(ဒီ "ထောင်စုနှစ် ပျော်ပွဲရွှင်ပွဲ" ဆိုတာ ရှင်းဟီကို လှောင်ပြောင်ဖို့ မင်းတို့ကို အခွင့်အရေး ပေးလိုက်တာ မဟုတ်ပါဘူး။ ရှင်းဟီက တစ်ကမ္ဘာလုံးကို ပြန်ပြီး ဝေဖန်ပစ်လိုက်တာပဲ။)
များပြားလှတဲ့ ပုဂ္ဂိုလ်ကြီးတွေ တိတ်ဆိတ်ငြိမ်သက်နေစဉ်မှာပဲ မဟာမိုးကောင်းကင် ကြေးမုံရဲ့ ပုံရိပ်တွေဟာ ဝမ်ရှီမြို့ဆီကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ ချူရှင်းဟီ ဟာ ကြေးမုံချပ်ကြီးထဲမှာ ပေါ်ထွက်လာခဲ့ပါပြီ။
ချူရှင်းဟီဟာ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကောင်းကင်ယံကို မော့ကြည့်လိုက်ပါတယ်။ လူပေါင်းများစွာရဲ့ အကြည့်တွေအောက်မှာပဲ ခပ်တိုးတိုးလေး ပြောလိုက်ပါပြီ။
"ရောင်းရင်းတို့။ မင်္ဂလာပါ။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ ဆိုတာ ဘာလဲ သိသလား။"
ချူရှင်းဟီရဲ့ အသံဟာ သိပ်မကျယ်လှပါဘူး။ ဒါပေမဲ့ မဟာမိုးကောင်းကင် ကြေးမုံကြီးကနေတစ်ဆင့် မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားတဲ့အခါ မြို့အသီးသီးမှာ ရှိနေတဲ့ ရယ်မောသံတွေနဲ့ စကားပြောသံတွေဟာ ရုတ်ခြည်း ရပ်တန့်သွားပါတယ်။
စက္ကန့်ပိုင်းအလိုကတင် လူအများအပြားဟာ ကြေးမုံကြီးထဲမှာ ပါချင်ဇောနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေခဲ့ကြတာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ချူရှင်းဟီရဲ့ မေးခွန်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။
"ရောင်းရင်းတို့။ မင်္ဂလာပါ။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ ဆိုတာ ဘာလဲဆိုတာ သိသလား။"
အရမ်းကို ရိုးရှင်းတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ သန်းပေါင်းများစွာသော လူတွေထဲမှာ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲအကြောင်းကို တိတိကျကျ ပြောနိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိပါ့မလဲ။
လူပေါင်းများစွာက မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ ဘာလဲဆိုတာကို စဉ်းစားနေကြစဉ်မှာပဲ ကြေးမုံကြီးထဲကနေ ချူရှင်းဟီက ထပ်မံပြောလိုက်ပါပြီ။
"ဒီနေ့မှာတော့... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်ဆီ ရောင်းရင်းတို့ကို ခေါ်သွားပေးမယ်။ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲဆိုတာ ဘာလဲဆိုတာကို ရောင်းရင်းတို့ ကိုယ်တိုင် ခံစားမြင်တွေ့စေရမယ်..."
***