ကောင်းကင်ယံကနေ သန့်စင်သော ဝိညာဉ်တော် အမွေအနှစ်တွေ ဆက်တိုက် ကျဆင်းလာခဲ့ပါပြီ။ ဂိုဏ်းပေါင်းစုံက လူတွေဟာလည်း သက်ဆိုင်ရာ အမွေအနှစ် အလင်းတန်းတွေ အကြား နစ်မြုပ်နေခဲ့ပါတယ်။
ရွှေရောင်အလင်းတန်းတွေ ကျဆင်းလာတာကို ကြည့်ပြီး ချူရှင်းဟီ တစ်ယောက် အံ့ဩမှင်သက်နေမိပါပြီ။ သူစီစဉ်တဲ့ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်က ဒီလောက်အထိ ကြီးမားတဲ့ အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။
(ငါက လူတိုင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်ဆီ ခေါ်သွားပြီး အတိတ်ကို ပြသမယ်လို့ ပြောခဲ့တာက တင်စားပြီး ပြောတာလေ၊ ဟုတ်တယ်မလား။)
(ဒါပေမဲ့ ရလဒ်ကတော့ စကားတစ်ခွန်းမှ မပြောရသေးခင်မှာတင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ဝိညာဉ်တော်တွေကို တိုက်ရိုက်ကြီး ဆင့်ခေါ်လိုက်သလို ဖြစ်သွားခဲ့တယ်။ ဒါက နည်းနည်းတော့ လွန်လွန်းမနေဘူးလား။)
တခြားဂိုဏ်းတွေက အမွေအနှစ်တွေ တစ်ခုပြီးတစ်ခု ရနေကြပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကတော့ ဘာအမွေအနှစ်မှ မရခဲ့ပါဘူး။ ဒါကို တွေ့တော့ မဟာမိုးကောင်းကင်ဂိုဏ်းသားတွေလည်း အံဩမှင်သက်နေခဲ့ကြပါတယ်။
ဆရာဘိုးဘိုးကတော့ ဒီမြင်ကွင်းကိုကြည့်ပြီး ဘာမှမပြောနိုင်အောင် ဆွံ့အနေပါပြီ။ ဒါပေမဲ့ သူလည်း ဘာမှမတတ်နိုင်ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က မဟာမိုးကောင်းကင်ဂိုဏ်းဟာလည်း မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲမှာ ပါဝင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်တုန်းက မဟာမိုးကောင်းကင်ဂိုဏ်းဟာ အခုလောက်အထိ အင်အားမကြီးသေးတာကြောင့် စစ်ပွဲမှာ ပါဝင်ခဲ့သူတွေဟာလည်း သိပ်ပြီး အစွမ်းမထက်ခဲ့ကြပါဘူး။ ဒါကြောင့် တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ဘိုးဘေးတွေဟာ ဝိညာဉ်တော်တွေ ဖြစ်လာလောက်တဲ့အထိ အခွင့်အရေး မရခဲ့ကြတာပါ။
ဒါကြောင့် အခုအချိန်မှာ ပတ်ဝန်းကျင်က ဂိုဏ်းတွေ အမွေအနှစ်တွေ တဖွဲဖွဲရနေချိန်မှာ ကိုယ့်ဂိုဏ်းက ဘာမှမရတာကို မြင်တော့ ဆရာဘိုးဘိုးခမျာ တကယ်ကို စိတ်မကောင်းဖြစ်ရသလို မနာလိုလည်း ဖြစ်နေရပါပြီ။
ချူရှင်းဟီကတော့ ဆရာဘိုးဘိုးရဲ့ မျက်နှာပျက်နေတာကို ကြည့်ပြီး အေးအေးဆေးဆေးပဲ စဉ်းစားနေပါတယ်။
(ဆရာဘိုးဘိုးရာ... စိတ်မကောင်း မဖြစ်ပါနဲ့ဦး။)
(ဒီနေ့မှာ တခြားဂိုဏ်းတွေ အမွေအနှစ်တွေ ရနေတာကိုပဲ ဆရာဘိုးဘိုး တွေ့နေတာပါ။ ဆရာဘိုးဘိုး နားမလည်ပါဘူးလေ။ သူတို့တွေ အမွေအနှစ်တွေ ရသွားပေမဲ့ ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းကလည်း အကျိုးအမြတ်တွေ ရလိုက်ပါတယ်။)
(ဒီနေ့မှာ အဖွဲ့အစည်းအားလုံးက အမွေအနှစ်တွေ တစ်ခုပြီးတစ်ခု ရသွားပြီး အစွမ်းပိုထက်လာခဲ့ကြတယ်။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကတော့ ဘာမှမရသလောက်ပဲ မဟုတ်လား။)
( ဆရာဘိုးဘိုး မသိတာက... ငါတို့ဂိုဏ်းက အကျိုးအမြတ် ရရှိမှု နည်းလေလေ၊ ငါတို့ဂိုဏ်းအတွက် အမှန်တကယ် ရရှိလာတဲ့ အကျိုးအအမြတ် ပိုများလေလေဆိုတာပဲ။)
(တခြားဂိုဏ်းတွေက အကျိုးအမြတ်တွေ ရသွားပြီး ငါတို့ဂိုဏ်းက ဘာမှမရဘူးဆိုတော့ ... ငါတို့ဂိုဏ်းက ဆုံးရှုံးမှုတွေ ကြုံနေရတာ မဟုတ်လား။ ဒါဆို ဒီလိုတွက်ကြည့်ရင် ငါတို့ ဒီနေ့မှာ အကြီးအကျယ် အမြတ်ထွက်သွားတာပေါ့။ ငါ့ရဲ့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင် ကတော့ ဒီနေ့ တရစပ်ကို လည်လာတော့မှာပဲ။)
ချူရှင်းဟီက ဒီနေ့ အလွန်ကို ခမ်းနားတဲ့ ပွဲတော်ကြီးကြောင့် ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ ချားရဟတ်လို တဝီဝီ လည်တော့မယ်လို့ တွေးနေတုန်းမှာပဲ... ရွှေရောင်အလင်းတန်းကြီးတစ်ခု ကောင်းကင်ကနေ ရုတ်တရက် ကျဆင်းလာပါတော့တယ်။
ဒီရွှေရောင်အလင်းတန်းကတော့ သာမန်အမွေအနှစ် အလင်းတန်းတွေနဲ့ မတူပါဘူး။ အလွန်ကို သိပ်သည်းထူထဲလှတယ် ဆိုရမှာပါ။
ချူရှင်းဟီ စိတ်ကူးယဉ်နေတုန်းမှာ အဲဒီအလင်းတန်းကြီးက သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။
ရုတ်တရက် ရွှေရောင်အလင်းတန်းကြီး ကျရောက်လာမှုကြောင့် ချူရှင်းဟီလည်း မျက်လုံးပြူးကျယ်သွားခဲ့ပါပြီ။
(ဒီအလင်းတန်းကြီးက ဘာဖြစ်တာလဲဟင်။)
ချူရှင်းဟီ အံ့ဩနေချိန်မှာပဲ ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်တော် အမွေအနှစ်တွေ လက်ဆင့်ကမ်း ပေးအပ်မှုလည်း ပြီးဆုံးသွားပါတော့တယ်။
ပုဂ္ဂိုလ်ကြီးများစွာဟာ ဝိညာဉ်တော် အမွေအနှစ်တွေ ဆက်ခံနေရာကနေ ပြန်လည် နိုးထလာကြပါပြီ။ သူတို့ရဲ့ မျက်နှာတွေ အထက် အပြုံးတွေ ပြည့်၀နေခဲ့ပါယတ်။ သူတို့အားလုံး ဒီနေ့မှာ ကြီးမားလှတဲ့ အကျိုးကျေးဇူးတွေ ရလိုက်ကြတယ်ဆိုတာ သေချာနေပါပြီ။
တကယ်တော့ အဲဒီတုန်းက ရှေးခေတ်ဟောင်း တန်ခိုးရှင်ကြီးများစွာ ကျဆုံးခဲ့ရပြီးနောက်ပိုင်းမှာ အမွေအနှစ်များစွာလည်း ပြတ်တောက်သွားခဲ့ရပါတယ်။
ဒါပေမဲ့ ဒီနေ့ ဒီထောင်စုနှစ် အခမ်းအနားမှာတော့ ချူရှင်းဟီက ဒီလောကကြီးထဲမှာ နှစ်ပေါင်းတစ်ထောင်ကျော်တိုင်တိုင် ပိတ်မိနေတဲ့ ဘိုးဘေး ဝိညာဉ်တော်တွေကို လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပြီး၊ ဝိညာဉ်တော်တွေကလည်း ပြတ်တောက်နေတဲ့ အမွေအနှစ်တွေကို သူတို့ရဲ့ မျိုးဆက်တွေဆီ ပြန်လည် လက်ဆင့်ကမ်း ပေးအပ်လိုက်ကြပါပြီ။
ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က အမွေအနှစ်ကို ရရှိလိုက်တာဟာ အလွန်ကို ကြီးမားလှတဲ့ လက်ဆောင်တစ်ခုကို ရရှိသွားစေတာပါ။ ဒီအမွေအနှစ်တွေက သူတို့ကို ပိုမိုမြင့်မားတဲ့ အဆင့်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးမှာ သေချာနေခဲ့ပါတယ်။
ချန်ရှောင်ထျန်း ရဲ့ ခန္ဓာကိုယ်က အခုအချိန်မှာ ရောင်ခြည်ခုနစ်သွယ် အလင်းတွေ တောက်ပနေပြီး သူ့ရဲ့ ကိုယ်ခန္ဓာဟာလည်း အဆက်မပြတ် ပြောင်းလဲနေပါတယ်။
ရောင်စဉ်ခုနစ်သွယ် ခန္ဓာကိုယ်။
ဒါဟာ ဘိုးဘေးအင်မော်တယ် မြို့တော်ရဲ့ အစွမ်းအထက်ဆုံး နတ်ဘုရားသိုင်းပညာပါပဲ။
မြို့တော်ရှင် ချန်ရှောင်ထျန်းဟာ မိုးကောင်းကင်ကို မော့ကြည့်ပြီး ကြွေးကြော်လိုက်ပါပြီ။
“ငါဟာ လောကရဲ့ ဒုတိယအစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပေမဲ့ ရောင်စဉ်ခုနစ်သွယ် ခန္ဓာကိုယ် အမွေအနှစ်ကို မရရှိခဲ့ဘူး။”
ဘိုးဘေးအင်မော်တယ် မြို့တော် တစ်မြို့လုံးမှာ ကျန်းယုတစ်ယောက်တည်းသာ ဒီကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့တာပါ။
ဒီနေ့မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ဘိုးဘေးတစ်ယောက်ဟာ ဝိညာဉ်တော်ကနေ တဆင့် ချန်ရှောင်ထျန်းအတွက် ဒီကျင့်စဉ်ကို လက်ဆင့်ကမ်းပေးခဲံပါယတ်။
ဒီ "ရောင်စဉ်ခုနစ်သွယ် ခန္ဓာကိုယ်" ကို ရရှိလိုက်တဲ့အချိန်မှာ ချန်ရှောင်ထျန်းဟာ လောကရဲ့ ဒုတိယအစွမ်းထက်ဆုံး ပုဂ္ဂိုလ် မဟုတ်တော့ပါဘူး။ သူဟာ နောက်ထပ် ခြေလှမ်းတစ်ဝက်ကို ကို အောင်မြင်စွာ တက်လှမ်းနိုင်သွားပါပြီ။
အဲဒီခြေတစ်လှမ်းဝက်ကတော့ ဘိုးဘေးအင်မော်တယ် အထွတ်အထိပ် အဆင့် ရောက်နေတဲ့ သူ့ကို ဒဏ္ဍာရီလာ ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ဆီ ပို့ဆောင်ပေးလိုက်တာပါပဲ။
"ဟိုင်းယား"
ခုနစ်ရောင်ခြည် နတ်ဘုရားအလင်းတန်းတွေဟာ ချန်ရှောင်ထျန်းရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပြီး ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ရဲ့ စွမ်းအားတွေဟာ ကောင်းကင်ယံအထိ ထိုးတက်သွားပါတယ်။
ချန်ရှောင်ထျန်း အလွန်ကို စိတ်လှုပ်ရှားနေပါပြီ။ ဘာကြောင့်လဲဆိုတော့ အခုအချိန်ကစပြီး သူဟာ လောကရဲ့ ဒုတိယအစွမ်းထက်ဆုံး မဟုတ်တော့ဘဲ အမှန်တကယ် နံပါတ် (၁) ဖြစ်သွားပြီဆိုတာ သိလိုက်လို့ပါပဲ။
ဂူမင်ချောင် တောင်မှ ဒီ "ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်" ကို ရောက်ဖို့ အလှမ်းဝေးနေသေးပေမဲ့ ဒီနေ့မှာတော့ သူကိုယ်တိုင် ဒီအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်သွားခဲ့ပါပြီ။
ဒါပေမဲ့ ချန်ရှောင်ထျန်း တစ်ယောက် အိမ်မက်ထဲမှာတောင် ထည့်မမက်ခဲ့တာကတော့... သူ့ကို ဒီအဆင့်ရောက်အောင် လုပ်ပေးလိုက်တဲ့သူဟာ မဟာမိုးကောင်းကင်ဂိုဏ်းက ချူရှင်းဟီ ဖြစ်နေတယ် ဆိုတာပါပဲ။
ချန်ရှောင်ထျန်း တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြားဂိုဏ်းတွေက ပုဂ္ဂိုလ်ကြီးတွေဟာလည်း ပိုမိုအစွမ်းထက်လာကြပါတယ်။ သူတို့ဟာ ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့် (Half-Step Martial God) ကို ရောက်ဖို့ အလှမ်းဝေးနေသေးတယ် ဆိုရင်တောင်မှ အားလုံးဟာ အထွတ်အထိပ်ထဲက အထွတ်အထိပ် အဆင့်တွေကို ရောက်ရှိကုန်ကြပါပြီ။
မိစ္ဆာဧကရာဇ် ၀ူရှင်းယန် ရဲ့ ခန္ဓာကိုယ်ဟာလည်း အနက်ရောင် ဝိညာဉ်စွမ်းအင် (Qi) တွေနဲ့ ဖုံးလွှမ်းသွားပြီး သူ့ရဲ့ နောက်ကျောမှာတော့ အနက်ရောင် မိစ္ဆာနတ်ဘုရား ပုံရိပ်ကြီးတစ်ခု လွင့်မျောပေါ်ပေါက်လာပါတယ်။
ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်။
မိစ္ဆာဧကရာဇ် ၀ူရှင်းယန်ဟာလည်း ဒီအချိန်မှာ ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အော်ရာအရှိန်အဝါဟာ ချန်ရှောင်ထျန်းနဲ့ယှဉ်ရင် အနည်းငယ် အားနည်းနေသေးပေမဲ့ သူဟာ အမှန်တကယ်ကို ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့် ရောက်သွားခဲ့ပါပြီ။
၀ူရှင်းယန်ဟာ ဝမ်းသာလွန်းလို့ မျက်ရည်ကျမတတ် စိတ်လှုပ်ရှားနေပါတယ်။
ဒီအဆင့်ဆိုတာ ၀ူရှင်းယန်အတွက်တော့ အရင်က အိမ်မက်တောင် မမက်ရဲတဲ့ အရာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သန့်စင်သော ဝိညာဉ်တော်အမွေအနှစ်ရဲ့ အကူအညီနဲ့ ဒီအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပါတယ်။
၀ူရှင်းယန်ဟာ ပူဇော်ခံစင်မြင့်ပေါ်မှာ ရပ်နေဆဲဖြစ်တဲ့ ချူရှင်းဟီ ကို ကြည့်ပြီး အခုလို ပြောလိုက်ပါပြီ။
"ရှင်းဟီ... အရင်တုန်းက ငါတို့ မိစ္ဆာဂိုဏ်းအပေါ် မင်းကျူးလွန်ခဲ့သမျှ အားလုံးကို ငါခွင့်လွှတ်လိုက်ပြီကွာ။"
ရှင်းဟီသာ မရှိရင် သူ့တစ်သက်လုံး ဒီအဆင့်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေကို လှမ်းကြည့်လိုက်ပြီးနောက် ၀ူရှင်းယန် အားရပါးရ အော်ဟစ်ရယ်မောပါတော့တယ်။
ချူရှင်းဟီ စီစဉ်တဲ့ ဒီနေ့ပွဲက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ဝိညာဉ်တော်တွေကို အောင်အောင်မြင်မြင် နိုးထစေခဲ့တာ မှန်ပေမဲ့၊ အဲဒီဝိညာဉ်တော်တွေထဲမှာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အမွေအနှစ်တွေ မပါလာဘူးဆိုတာ ဘယ်သူက ထင်ထားမှာလဲ။ ရလဒ်ကတော့ မဟာမိုးကောင်းကင်ဂိုဏ်းကလွဲလို့ တစ်လောကလုံး အမွေအနှစ်တွေ ရသွားကြပြီး အလွန်ကို အစွမ်းထက်လာကြတာပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်း တစ်ဂိုဏ်းတည်းသာ ဘာမှမရလိုက်ပါဘူး။
၀ူရှင်းယန် သိလိုက်တာကတော့ ဒီနေ့ကစပြီး လောကရဲ့ နံပါတ် (၁) ပုဂ္ဂိုလ်ဖြစ်တဲ့ ဂူမင်ချောင် ဆိုတာ အတိတ်ကအရာ ဖြစ်သွားပါပြီ။ အခုကစပြီး ဂူမင်ချောင်ဟာ သူ့ရဲ့အောက်ကို ရောက်သွားတော့မှာပါ။
(ချူရှင်းဟီ... အော်... ချူရှင်းဟီ... မင်းတော့ ကိုယ့်ခြေထောက်ကိုယ် ပြန်ချိုးလိုက်ပြီပဲ။)
(မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ထောင်ကျော် အခြေခံအုတ်မြစ်ကို မင်းရဲ့ လက်နဲ့ ကိုယ်တိုင် ဖျက်ဆီးလိုက်တာပဲ။)
(ဒီလောက်များပြားတဲ့ ဝိညာဉ်တော် အမွေအနှစ်တွေက အဖွဲ့အစည်းအားလုံးကို အလွန်အင်အားကြီးမားသွားစေမှာ သေချာတယ်။)
(မင်းတို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ "နံပါတ် ၁ ဂိုဏ်း" ဆိုတဲ့ ဘွဲ့ကို ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။)
၀ူရှင်းယန်တင် မဟုတ်ပါဘူး၊ အမွေအနှစ်တွေ ရပြီးနောက် သိသိသာသာ အစွမ်းထက်လာကြတဲ့ ပုဂ္ဂိုလ်ကြီးအားလုံးလည်း ဒီအတိုင်းပဲ တွေးနေကြပါတယ်။
ချူရှင်းဟီ စီစဉ်တဲ့ ဒီပွဲကနေ ဒီလောက်အထိ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေ ရရှိလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မှာ ဒီလိုအမွေအနှစ်တွေ ရရှိခဲ့တာက ချူရှင်းဟီရဲ့ ကျေးဇူး မကင်းဘူး ဆိုရမှာပါ။
၀ူရှင်းယန် သက်ပြင်းချလိုက်မိပါတယ်။
(မိုးကောင်းကင်ကြီးက မဟာမိုးကောင်းကင်ဂိုဏ်းကိုပဲ အမြဲမျက်နှာသာပေးနေတာ မဟုတ်ပါဘူးလေ။ အခုတော့ တခြားသူတွေကိုလည်း တစ်ခါလောက်တော့ ကောင်းချီးပေးလိုက်ပြီပေါ့။)
ဒီတစ်ကြိမ်မှာတော့ လူတိုင်း တိုးတက်သွားကြပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကတော့ ဘာမှမရတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ကြုံလိုက်ရတာပါပဲ။
ချူရှင်းဟီက သူ့ဂိုဏ်းသူ ပြန်ဒုက္ခပေးလိုက်ပြီလို့ လူတိုင်းက ထင်နေကြတုန်းမှာပဲ ချူရှင်းဟီကို လွှမ်းခြုံထားတဲ့ ရွှေရောင်အလင်းတန်းကြီးက ရုတ်တရက် ပြောင်းလဲသွားပါပြီ။
အမွေအနှစ်တွေ ပေးအပ်ပြီးသွားတဲ့ မရေမတွက်နိုင်တဲ့ ဝိညာဉ်တော်တွေဟာ ပျောက်ကွယ်မသွားဘဲ ချူရှင်းဟီရဲ့ ခေါင်းပေါ်က အလင်းတန်းကြီးဆီကို အကုန်လုံး ပျံသန်း ဝင်ရောက်သွားကြပါတော့တယ်။
ဝိညာဉ်တော် တစ်ပါးပြီးတစ်ပါး အလင်းတန်းထဲကို အလုအယက် တိုးဝင်သွားကြတာဖြစ်ပြီး ဝိညာဉ်တော်တစ်ပါး ဝင်သွားတိုင်း ချူရှင်းဟီရဲ့ ခေါင်းပေါ်က အလင်းတန်းကြီးဟာ ပိုပြီးတော့ တောက်ပလာပါပြီ။
ဝိညာဉ်တော်အားလုံး အလင်းတန်းထဲ ဝင်သွားတဲ့အချိန်မှာတော့ အဲဒီအလင်းတန်းကြီးဟာ တကယ့် အစိုင်အခဲကြီးတစ်ခုလို ခိုင်မာသွားပါတော့တယ်။
"ချူရှင်းဟီကတော့ ကိုယ့်ခြေထောက်ကိုယ် ပြန်ချိုးလိုက်ပြီ" လို့ တွေးနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အခုတော့ အလင်းတန်းကြီးရဲ့ လွှမ်းခြုံခြင်းခံထားရတဲ့ ချူရှင်းဟီကို ကြည့်ပြီး အံ့ဩမှ်သက်ကုန်ကြပါပြီ။
ဒါက ဘာကြီးလဲဆိုတာ သူတို့ မသိကြပေမဲ့ ဒီအလင်းတန်းဟာ လုံးဝကို မရိုးရှင်းဘူးဆိုတာတော့ သူတို့ သေချာ သဘောပေါက်ခဲ့ကြပါတယ်။
အဲဒီလို လူတွေ ဝေခွဲမရဖြစ်နေတုန်းမှာပဲ အလင်းတန်းကြီးထဲကနေ မရေမတွက်နိုင်တဲ့ ရွှေရောင် အမျှင်တန်းလေးတွေဟာ ချူရှင်းဟီရဲ့ ခန္ဓာကိုယ်ပေါ်ကို ရုတ်တရက် ကျဆင်းလာပါပြီ။
အဲဒီအမျှင်တန်းလေးတွေဟာ အမွေအနှစ်ပေါင်း ထောင်သောင်းချီသလိုမျိုး ချူရှင်းဟီရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ကြီး တိုးဝင်သွားပါတော့တယ်။
ခဏချင်းမှာပဲ အလင်းတန်းရဲ့ လွှမ်းခြုံမှုကို ခံထားရတဲ့ ချူရှင်းဟီဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ စွမ်းအားတွေက ဖုံးလွှမ်းသွားတာကို ခံစားလိုက်ရပါပြီ။ အဲဒီစွမ်းအားတွေဟာ ပိုးကောင်လေးတွေလိုမျိုး ချူရှင်းဟီရဲ့ ခန္ဓာကိုယ်ထဲကို အတင်းအဓမ္မ တိုးဝင်နေကြပါတယ်။
အဲဒီစွမ်းအားတွေ ဝင်လာတာနဲ့အမျှ အဆင့် (၆) မှာ ပိတ်မိနေတဲ့ ချူရှင်းဟီရဲ့ တန်ခိုးကျင့်စဉ် အဆင့်ဟာ အဆင့်တက် သွားပါပြီ။
တစ်ခဏအတွင်းမှာတင် ချူရှင်းဟီဟာ အဆင့် (၇) ကောင်းကင် အင်မော်တယ် ဆင့်ထဲကို ခြေချနိုင်ခဲ့ပါတယ်။
သူ့ရဲ့ တန်ခိုးကျင့်စဉ် အဆင့်တင် မကပါဘူး၊ အဲဒီရွှေရောင်အလင်းတွေဟာ သူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းဆီကို စတင် ပျံ့နှံ့သွားပါပြီ။
အရိုးတွေ... အကြောတွေ... အသွေးအသားတွေ... ရွှေရောင်အလင်းတွေက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ဖြိုခွဲလိုက်ပြီး အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ပေးနေကြပါတယ်။
ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး ပြန်ဆက်နေသလို ခံစားနေရတဲ့ ချူရှင်းဟီဟာ ပေါက်ကွဲတော့မလို ခံစားနေရပါပြီ။
"ကိုယ်ခန္ဓာကို ပုံသွင်းပြီး ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း။ ဒါက ကိုယ်ခန္ဓာပုံသွင်းခြင်းပဲ။"
မဟာသူတော်စင်ကြီးက ရွှေရောင်အလင်းတွေအကြားမှာ ရှိနေတဲ့ ချူရှင်းဟီ ဘာဖြစ်နေလဲဆိုတာကို ပထမဆုံး မြင်လိုက်ရတဲ့သူပါ။
မဟာသူတော်စင်ကြီးတို့ခေတ်မှာ "ကိုယ်ခန္ဓာကို ပုံသွင်းပြီး ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း" ဆိုတဲ့ ကျင့်စဉ်တစ်ခု ရှိခဲ့ပါတယ်။
အထွတ်အထိပ် တန်ခိုးရှင်ကြီးတွေဟာ သူတို့ရဲ့ စွမ်းအားအားလုံးကို သုံးပြီး တပည့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပုံသွင်းပေးတာပါ။ သူ့ရဲ့ ခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့ အခြေအနေ ရောက်အောင် အဆင့်မြှင့်တင်ပေးတာကို ဆိုလိုတာပါ။
ဒါပေမဲ့ အဲဒီခေတ်မှာတောင် ဒီကျင့်စဉ်ဟာ ဒဏ္ဍာရီထဲမှာပဲ ရှိခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်က အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေတောင်မှ ဒီကျင့်စဉ်ကို သုံးပြီးရင် ချက်ချင်း သေဆုံးသွားတတ်လို့ပါပဲ။
ဒါကြောင့် အလွန်အမင်း ထူးခြားတဲ့ အခြေအနေမျိုးတွေကလွဲရင် ဘယ်အထွတ်အထိပ် တန်ခိုးရှင်ကမှ ဒီကျင့်စဉ်ကို မသုံးခဲ့ကြပါဘူး။
ဒါပေမဲ့ ဒီလို "ကိုယ်ခန္ဓာ ပုံသွင်းခြင်း" ကို ခံယူလိုက်ရတဲ့သူတိုင်းရဲ့ ပါရမီဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိသွားမှာပါ။
မဟာသူတော်စင်ကြီး ကိုယ်တိုင်တောင်မှ ဒီ "ကိုယ်ခန္ဓာကို ပုံသွင်းပြီး ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း" ကျင့်စဉ်အကြောင်းကို ကြားဖူးရုံသာရှိပြီး တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ပါဘူး။
ဒါပေမဲ့ ဒီနေ့မှာတော့ အမွေအနှစ်တွေ ပေးအပ်ပြီးတဲ့နောက်မှာ ဒီရွှေရောင်အလင်းတန်းတွေဟာ ချူရှင်းဟီ အတွက် "ကိုယ်ခန္ဓာ ပုံသွင်းခြင်း" ကျင့်စဉ်ကို တကယ်ပဲ အသုံးပြုပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သန့်စင်သော ဝိညာဉ်တော် အားလုံးက ချူရှင်းဟီကို ကျေးဇူးတင်တဲ့အနေနဲ့ သူတို့အားလုံး စုပေါင်းပြီး ချူရှင်းဟီအတွက် ဒီလို လုပ်ပေးခဲ့တာပါပဲ။
လူသားတိုင်းဟာ မွေးကတည်းက ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ချို့ယွင်းချက် အနည်းနဲ့အများ ပါလာတတ်ကြတာဟာ လောကရဲ့ နိယာမတစ်ခုပါ။
ဒါပေမဲ့ ဒီလောကကြီးမှာ ဒဏ္ဍာရီလာ "ကိုယ်ခန္ဓာ ပုံသွင်းခြင်း" ကျင့်စဉ်တစ်ခုတည်းကသာ အဲဒီနိယာမတွေကို ချိုးဖျက်နိုင်ပြီး လူတစ်ယောက်ရဲ့ ချို့ယွင်းချက်အားလုံးကို ပြည့်စုံသွားစေနိုင်တာပါ။ "ပြီးပြည့်စုံခြင်း" အဆင့်ကို ရောက်ရှိစေနိုင်တာပါ။
မဟာသူတော်စင်ကြီးရဲ့ ဒီကျင့်စဉ်အကြောင်း ရှင်းပြချက်ကို နားထောင်ပြီး ပုဂ္ဂိုလ်ကြီးများစွာဟာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါပြီ။
ချူရှင်းဟီဟာ အခုကတည်းက မျိုးဆက်သစ်လူငယ်တွေထဲမှာ နံပါတ် (၁) ဖြစ်နေတာပါ။ တကယ်လို့ သူသာ ဒီ "ကိုယ်ခန္ဓာ ပုံသွင်းခြင်း" ကို အောင်မြင်သွားမယ်ဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အဆင့် ရောက်သွားမလဲ။
ဒီအချိန်မှာတော့ ချူရှင်းဟီဟာ "ကိုယ်ခန္ဓာ ပုံသွင်းခြင်း" ဆိုတာ ဘာလဲဆိုတာ မသိရှာပါဘူး။ သူသိတာကတော့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင် ရူးတော့မတတ် လည်ပတ်နေပြီဆိုတာပါပဲ။
ရုတ်တရက် ကျဆင်းလာတဲ့ ဒီနတ်ဘုရားအလင်းတန်းက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖြိုခွဲလိုက်ပြီး အသစ်စက်စက် ခန္ဓာကိုယ်တစ်ခုကို ပြန်လည်ပုံသွင်းပေးလိုက်ပါတယ်။ ခန္ဓာကိုယ်ကို ပုံသွင်းပြီးတာနဲ့ အဲဒီနတ်ဘုရားအလင်းထဲက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို စီးဆင်းလာခဲ့ပါပြီ။
အံ့မခန်း များပြားလှတဲ့ ဝိညာဉ်စွမ်းအားတွေကို ခံစားလိုက်ရတဲ့အခါ ချူရှင်းဟီဟာ အစပိုင်းမှာတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျချင်လာခဲ့ပါတယ်။
ဒါပေမဲ့ မကြာခင်မှာတော့။
(ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေက ငါ့ကို ပေါက်ကွဲထွက်အောင် လုပ်တော့မှာလားဟင်။)
(ငါဟာ ကမ္မကံကောင်းခြင်းတွေ၊ ကမ္မကံဆိုးခြင်းတွေကြောင့် မသေဘဲနဲ့... အခု ဒီဝိညာဉ်စွမ်းအားတွေကြောင့် သေရတော့မှာလား။)
ချူရှင်းဟီ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပဲ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ ဝုန်းခနဲ လှုပ်ရှားလာခဲ့ပါပြီ။
ဘယ်လောက်ပဲ များပြားတဲ့ ဝိညာဉ်စွမ်းအားတွေ ဖြစ်ပါစေ... သံလိုက်အိမ်မြှောင်က တဝီဝီလည်ပတ်ပြီး အဲဒီစွမ်းအားအားလုံးကို ချူရှင်းဟီရဲ့ ဝိညာဉ်ချီပင်လယ် အပြင်ဘက်မှာပဲ တားဆီးပိတ်ဆို့ထားလိုက်ပါတော့တယ်။
(စာကြွင်း - ဝိညာဉ်ချီပင်လယ် ဒန်တျန်လို့ သုံးနှုန်းထားပါတယ်။ နောက်ပိုင်းမှာ ကီကို ချီအဖြစ် ပြောင်းလဲရေးသားသွားပါမယ်။ မူရင်းမှာ ki မသုံးပဲ qi ဆိုပြီး သုံးလာတာကြောင့်ပါ။)
***