ချူရှင်းဟီ တစ်ယောက် ဒီအချိန်မှာတော့ လုံးဝကို ဆွံ့အမှင်သက်နေခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ အလင်းတန်းကြီးထဲက ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအင်တွေဟာ ခန္ဓာကိုယ်ထဲကို အရှိန်အဟုန်နဲ့ တိုးဝင်လာပြီး ချက်ချင်းဆိုသလို သူ့ကို ပြောင်းလဲပေးလိုက်လို့ပါပဲ။ ချူရှင်းဟီ ခန္ဓာကိုယ်ဟာ အဆုံးစွန်သော ပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားတာကို ခံစားလိုက်ရပါပြီ။
ခန္ဓာကိုယ် အသွင်ပြောင်းလဲမှု ပြီးဆုံးသွားချိန်မှာ ဝိညာဉ်စွမ်းအင် စီးဆင်းဝင်ရောက်မှုတွေ ရပ်တန့်မသွားဘဲ တန်ခိုးကျင့်စဉ် အဆင့်ကို မြှင့်တင်ပေးဖို့အတွက် သူ့ရဲ့ ဒန်တျန်ထဲကို ထဲကို ဆက်လက်တိုးဝင်လာနေဆဲ။
ဒါပေမဲ့ ဝိညာဉ်စွမ်းအင်တွေက ဒန်တျန်ပင်လယ်ရဲ့ အနားသတ်ကို ရောက်သွားတဲ့အချိန်မှာပဲ၊ ဒန်တျန်ထဲမှာ ရှိနေတဲ့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်က လည်ပတ်လာခဲ့ပါတယ်။
တစ်ခဏချင်းမှာပဲ သူ့ရဲ့ ဒန်တျန်ဟာ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ရဲ့ ချိတ်ပိတ်ခြင်းကို ခံလိုက်ရပါပြီ။
ဝိညာဉ်စွမ်းအင် အားလုံးဟာ သံလိုက်အိမ်မြှောင်ရဲ့ တားဆီးမှုကြောင့် ဒန်တျန်ထဲကို မဝင်နိုင်ဘဲ အပြင်ဘက်မှာပဲ ပိတ်မိသွားပါတော့တယ်။။
ဒါပေမဲ့ ဝိညာဉ်စွမ်းအင်တွေကတော့ ဂရုမစိုက်ပါဘူး။ အခုအချိန်မှာတော့ ဝိညာဉ်စွမ်းအင်တွေဟာ ဘာကိုမှ ဂရုမစိုက်ဘဲ ရှေ့ကို ချီတက်နေတဲ့ တပ်ဖွဲ့ကြီးတစ်ခုလိုပါပဲ။ အထဲကို ပေးမဝင်ဘူးဆိုရင် အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာတော့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်က ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆိုတာကို ချူရှင်းဟီ နားလည်သွားခဲ့ပါတယ်။
လောကကြီးကို ဖျက်ဆီးနိုင်လောက်အောင် အင်အားကြီးမားလှတဲ့ အဲဒီဝိညာဉ်စွမ်းအင်တွေဟာ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ရဲ့ ခံစစ်စည်းကို လုံးဝ မဖောက်ထွင်းနိုင်ပါဘူး။
သံလိုက်အိမ်မြှောင်ဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ပြသနေသလိုပါပဲ။ ဘယ်လိုစွမ်းအားမျိုးပဲဖြစ်ဖြစ် ချူရှင်းဟီရဲ့ ဒန်တျန်ထဲကို တစ်စက်ကလေးတောင် ကျူးကျော်ခွင့်မပြုဘူးလို့ ကြေညာနေသလိုပါပဲ။
ချူရှင်းဟီကတော့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ သူ့ကို ဒုက္ခပေးနေတာမဟုတ်ဘဲ သူ့ရဲ့ ဒန်တျန်ကို ကာကွယ်ပေးနေတာမှန်း သိလိုက်ပါပြီ။
စဉ်းစားကြည့်ပါဦး... အခု အလင်းတန်းထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင် ပမာဏက ဘယ်လောက်တောင် များသလဲဆိုတာ။
ဒီလောက်ပမာဏများပြားလှတဲ့ ဝိညာဉ်စွမ်းအင်တွေသာ သူ့ရဲ့ ဒန်တျန်ထဲကို တစ်ပြိုင်နက်တည်း စီးဆင်းဝင်ရောက်လာခဲ့မယ် ဆိုရင် သူ့တန်ခိုးကျင့်စဉ် အဆင့်ဟာ တဒင်္ဂအတွင်းမှာပဲ အဆင့်တက် သွားလိမ့်မယ်လို့ ယုံကြည်ရလောက်အောင် ချူရှင်းဟီက ဉာဏ်မတိမ်တော့ပါဘူး။
အကယ်၍ ဒန်တျန်က ကန်ငယ်လေး တစ်ခု ဆိုပါစို့။ ပုံမှန်လူတစ်ယောက် အဆင့်တက်တယ်ဆိုတာ အဲဒီကန်ငယ်လေးကို တဖြည်းဖြည်းတိုးချဲ့ပြီး စွမ်းရည်ကို မြှင့်တင်တာမျိုးပါ။ အဲဒီကမှတစ်ဆင့် ရေကန်လေးက ပိုကြီးလာပြီး တန်ခိုးကျင့်စဉ် အဆင့်က ပိုပြီး မြင့်မားလာမှာပါ။
ဒါပေမဲ့ လက်ဖဝါးလောက်ပဲရှိတဲ့ ရေကန်ငယ်လေးတစ်ခု အဖြစ်ပဲ ရှိနေချိန်မှာ အလွန်များပြားလှတဲ့ ရေထုကြီးက ရုတ်တရက် တိုးဝင်လာမယ်ဆိုရင် ဘာဖြစ်သွားမလဲ။
သေချာပေါက် ဒီကန်ငယ်လေး ပျောက်ကွယ်သွားမှာပါ။ ပေါက်ကွဲသွားမှာပါ။ ဒန်တျန်သာ ပေါက်ကွဲသွားရင် ချူရှင်းဟီဟာ အသွင်ပြောင်းဖို့ ဝေးစွ၊ လူပြန်ဝင်စားဖို့တောင် မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် ဒီနေ့ ဒီဝိညာဉ်စွမ်းအင်တွေက သူ့ကို အသွင်ပြောင်းဖို့ ကူညီပေးခဲ့တာ မှန်ပေမဲ့၊ ကျန်ရှိတဲ့ စွမ်းအားတွေအားလုံး သူ့ဒန်တျန်ထဲ တစ်ကြိမ်တည်း ဝင်သွားမယ်ဆိုရင်တော့ သူ သေချာပေါက်ကို သေရမှာပါ။
ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ နောက်ဆုံးတော့ အသုံးဝင်တာတစ်ခု လုပ်ပေးလိုက်ပါပြီ။ ဒီလောက်များပြားလှတဲ့ ဝိညာဉ်စွမ်းအင်တွေကို သံလိုက်အိမ်မြှောင်က လက်ဦးမှုယူပြီး အပြင်ဘက်မှာပဲ ပိတ်ဆို့ထားလိုက်တာပါပဲ။
ဒါပေမဲ့ သံလိုက်အိမ်မြှောင်က ဒန်တျန်ကို ကာကွယ်ပေးနေချိန်မှာ၊ ဒန်တျန်ထဲ ဝင်မရတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ချူရှင်းဟီရဲ့ ခန္ဓာကိုယ်ထဲမှာ သောင်းကျန်းပါတော့တယ်။
ဒါဟာ သူခုနကတင် ခန္ဓာကိုယ် အသွင်ပြောင်းလဲထားလို့သာ သူတောင့်ခံနိုင်တာပါ။ မဟုတ်ရင်တော့ အခုလောက်ဆို သူ အကြိမ်တစ်ရာမက ပေါက်ကွဲသွားလောက်ပါပြီ။
ဒါပေမဲ့ အသွင်ပြောင်းထားတာလည်း အလကားပါပဲ။ အခုအချိန်မှာ ချူရှင်းဟီ ခန္ဓာကိုယ်ကြီးက ဝိညာဉ်စွမ်းအင်တွေကြောင့် လေထိုးသွင်းခံနေရတဲ့ ပူဖောင်းတစ်ခုလို တဖြည်းဖြည်း ဖောင်းကားလာသလို ခံစားနေရပါတယ်။ ဒီအတိုင်းသာ ဆက်လွှတ်ထားရင် နောက်ဆုံးမှာ သူ ပေါက်ကွဲသွားရတော့မှာပါ။
“ငါဟာ ခန္ဓာကိုယ် အသွင်ပြောင်းပြီးမှ ပေါက်ကွဲသေရတဲ့ ပထမဆုံးလူ ဖြစ်တော့မှာလား”
ချူရှင်းဟီ ညည်းတွားနေစဉ်မှာပဲ၊ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ ရုတ်တရက် လည်ပတ်လာခဲ့ပါပြီ။ အဲဒီလို လည်ပတ်လိုက်တာနဲ့အတူ မမြင်နိုင်တဲ့ အလင်းတန်းတစ်ခုဟာ ချူရှင်းဟီရဲ့ ကိုယ်ထဲကနေ ပျံထွက်သွားပြီး အဝေးမှာရှိတဲ့ မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တွေကြားထဲကို ချက်ချင်း ရောက်သွားပါတယ်။
အဲဒီနတ်ဘုရားအလင်းတန်းဟာ လူအုပ်ထဲကနေ ဂူမင်ချောင် ကိုရွေးချယ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဂူမင်ချောင်ကို တုံ့ပြန်ဖို့ အခွင့်အရေးတောင် မပေးဘဲ သံလိုက်အိမ်မြှောင်က ထပ်မံလည်ပတ်လိုက်ပြန်ပါပြီ။
သံလိုက်အိမ်မြှောင် လည်ပတ်လိုက်တာနဲ့အမျှ ကောင်းကင်က အလင်းတန်းကြီးဟာလည်း သံလိုက်အိမ်မြှောင်ရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရသလိုပါပဲ။ အလင်းတန်းကြီးဟာ ချူရှင်းဟီရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ခွာလိုက်ပြီး ခုနက နတ်ဘုရားအလင်းတန်း ရွေးချယ်လိုက်တဲ့ ဂူမင်ချောင်ဆီကို ရွေ့လျားသွားပါတော့တယ်။
ခဏအကြာမှာတော့ နတ်ဘုရားအလင်းတန်းဟာ လမ်းကြောင်းပြောင်းသွားပြီး ဂူမင်ချောင်ရဲ့ ခေါင်းပေါ်ကို တည့်တည့်ကြီး ကျရောက်သွားပါပြီ။
"ဝုန်း။"
ဂူမင်ချောင်ဟာ ဘာဖြစ်နေမှန်းတောင် မသိလိုက်ပါဘူး။ သမုဒ္ဒရာလို ကျယ်ပြောလှတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ လွှမ်းခြုံခြင်းကို ခံလိုက်ရပါတယ်။ ဝိညာဉ်စွမ်းအင် အားလုံးဟာ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ထဲကို အသည်းအသန် စီးဆင်းဝင်ရောက်လာခဲ့ပါပြီ။
အရင်တုန်းက လောကရဲ့ နံပါတ် (၁) ဖြစ်ခဲ့သူ ပီပီ ဂူမင်ချောင်ရဲ့ အစွမ်းထက်လှတဲ့ ဒန်တျန်ဟာ ရွှေရောင်အလင်းတန်းက စွမ်းအားတွေကို အငမ်းမရ စတင်စုပ်ယူလိုက်ပါတော့တယ်။
ဒါပေမဲ့ ဒီစွမ်းအားတွေက ကြောက်စရာကောင်းလွန်းတာကြောင့် ဂူမင်ချောင်လို အစွမ်းထက်သူတောင်မှ တုန်လှုပ်အံ့ဩသွားခဲ့ရပါပြီ။
ဒါပေမဲ့လည်း လောကရဲ့ နံပါတ် (၁) ပုဂ္ဂိုလ်ဟောင်းကို လျှော့တွက်လို့ မရပါဘူး။ အခုအချိန်မှာ ဂူမင်ချောင်ဟာ လေထဲကို ပျံတက်သွားပြီး၊ အံ့မခန်း ပမာဏ များပြားလှတဲ့ ဝိညာဉ်စွမ်းအင်တွေကို သူ့ရဲ့ ဒန်တျန်ထဲရောက်အောင် အစွမ်းကုန် စုစည်းလိုက်ပါတော့တယ်။
ဝိညာဉ်စွမ်းအင်တွေဟာ ဂူမင်ချောင်ရဲ့ ဒန်တျန်ကို စတင် ပြောင်းလဲပေးနေပါပြီ။ ဘယ်နှစ်နှစ်တောင် ရပ်တန့်နေမှန်းမသိတဲ့ ဂူမင်ချောင်ရဲ့ ဒန်တျန်ဟာ ဝိညာဉ်စွမ်းအင်တွေရဲ့ အကူအညီနဲ့ အဆက်မပြတ် စတင်ကျယ်ပြောလာပါတော့တယ်။
"ဂိုဏ်းချုပ်ကြီး..." မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းအကြီးအကဲတွေလည်း မျက်နှာပျက်သွားကြပါပြီ။
"ဂိုဏ်းချုပ်ကြီးကို မနှောင့်ယှက်ကြနဲ့။ ဒါဟာ ချူရှင်းဟီက ဂိုဏ်းချုပ်ကြီးအတွက် ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးလိုက်တဲ့ အခွင့်အရေးပဲ။" မဟာသူတော်စင်ကြီးက ရုတ်တရက် ဟစ်အော်လိုက်ပြီး ရှေ့ကို တိုးချင်နေကြတဲ့ အကြီးအကဲအားလုံးကို တားဆီးလိုက်ပါတော့တယ်။
မဟာသူတော်စင်ကြီးရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ လူတိုင်းဟာ အံ့ဩတုန်လှုပ်သွားကြပါပြီ။
ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးတဲ့လား။
ကမ္ဘာ့နတ်ဘုရားဆိုတာ... မဟာနေမင်း ကုန်းမြေတိုက်ကြီး မှာ ပေါ်မလာခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော်တောင် ရှိနေပြီ မဟုတ်လား။
မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲကြီးပြီးကတည်းက လောကရဲ့ ဝိညာဉ်ချီစွမ်းအင်တွေဟာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီး ဘိုးဘေးအင်မော်တယ်အဆင့်ဟာ ဒီခေတ်ရဲ့ အမြင့်ဆုံးအဆင့် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့နတ်ဘုရားအဆင့်ဆိုတာ ဒဏ္ဍာရီတစ်ခုအဖြစ်သာ ဖြစ်ကျန်ရစ်ခဲ့တာပါ။
တချို့ကဆိုရင် မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲပြီးနောက်မှာ ကမ္ဘာ့နတ်ဘုရားတစ်ယောက် ပေါ်ထွန်းလာဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးလို့တောင် ထင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ ချူရှင်းဟီဟာ ဒီသာယာဝပြောတဲ့ ခေတ်ကြီးမှာ လောကရဲ့ သန့်စင်သော ဝိညာဉ်တော်တွေကို ပြန်လည်နိုးထစေခဲ့ပြီး ဂိုဏ်းအသီးသီးကိုလည်း အမွေအနှစ်တွေ ပြန်လည် ရရှိစေခဲ့ပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေကတော့ ဒီနေ့မှာ ငါတို့ဂိုဏ်းပဲ နစ်နာခဲ့တယ် ထင်မိကြပါသေးတယ်။
ဒါပေမဲ့ အမွေအနှစ်တွေ ပေးအပ်ပြီးတဲ့နောက်မှာ ဝိညာဉ်တော်တွေဟာ ကြောက်မက်ဖွယ်ရာ ရွှေရောင်အလင်းတန်းကြီးအဖြစ် စုစည်းသွားပြီး ချူရှင်းဟီကို အသွင်ပြောင်းလဲပေးလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။
ပိုပြီးတော့ မမျှော်လင့်ထားတာကတော့... ခန္ဓာကိုယ် အသွင်ပြောင်းလဲပြီးတဲ့နောက်မှာ အဲဒီစွမ်းအားတွေက လုံးဝပျောက်ကွယ်မသွားခဲ့သလို ချူရှင်းဟီကလည်း အဲဒီဝိညာဉ်စွမ်းအင်အားလုံးကို ကိုယ်တိုင်ဝါးမြိုဖို့ မရွေးချယ်ဘဲ ဂိုဏ်းချုပ် ဂူမင်ချောင် ဆီကို အခွင့်အရေး လွှဲပြောင်းပေးလိုက်တာပါပဲ။
(ချူရှင်းဟီ ဆိုတာ တကယ့်ကို ချူရှင်းဟီပါပဲ။)
(ဒီကလေးက ကျေးဇူးသိတတ်လိုက်တာ။ ဒီစွမ်းအားတွေက အရမ်းအစွမ်းထက်ပေမဲ့ ချူရှင်းဟီသာ အကုန်စုပ်ယူဝါးမြိုလိုက်ရင် သူဟာ အလွန်ဆုံးမှ ဘိုးဘေးအင်မော်တယ်အဆင့် တန်ခိုးရှင်တစ်ယောက်ပဲ ဖြစ်လာမှာ။ ဒါပေမဲ့ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းမှာ အခုအချိန်မှာ ဘိုးဘေးအင်မော်တယ်အဆင့် တန်ခိုးရှင် ရှားနေလို့လား။)
ချူရှင်းဟီကတော့ ဒီစွမ်းအားတွေကို ဂိုဏ်းချုပ် ဂူမင်ချောင်ဆီ ပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ ဂူမင်ချောင်ဟာ ကမ္ဘာ့နတ်ဘုရားအဆင့်ခြေတစ်ဝက်လှမ်းဖို့ အနီးစပ်ဆုံးလူဖြစ်မှန်း အားလုံးသိထားကြပြီးသားပါ။ အခုလို စွမ်းအားအမြောက်အမြား ဖြည့်ဆည်းပေးလိုက်တာဟာ ဂိုဏ်းချုပ်ကြီးကို ကမ္ဘာ့နတ်ဘုရား ဖြစ်လာဖို့ အခွင့်အရေး ပေးလိုက်တာ မဟုတ်ပါလား။
လူတိုင်းရဲ့ အကြည့်တွေဟာ တည်ငြိမ်တဲ့ အမူအရာနဲ့ ရှိနေတဲ့ ချူရှင်းဟီဆီကို ရောက်သွားပါပြီ။
ဒီအချိန်မှာတော့ ချူရှင်းဟီက လူတိုင်းရဲ့ အကြည့်တွေကို ပြန်ကြည့်ပြီး စကားမပြောနိုင်အောင် ဖြစ်နေပါတယ်။
(ဟာ... မဟာသူတော်စင်ကြီးရာ။ ဒါက တော်တော်လေးကို အတွေးလွန်နေပြီ။ ဒီတစ်ခါတော့ ကျွန်တော် လုပ်တာ မဟုတ်ဘူး။ ဒါတွေအားလုံးကို ကံကြမ္မာဖန် သံလိုက်အိမ်မြောင်က နောက်ကွယ်ကနေ ထိန်းချုပ်နေတာပါ။)
ဒါပေမဲ့ အခုအခြေအနေမှာတော့ အကြောင်းပြချက်က အရေးမကြီးတော့ပါဘူး။
အတိုင်းအဆမဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်နေပါတယ်။ ဂူမင်ချောင်ရဲ့ ကိုယ်တစ်ခုလုံးဟာ တုန်ယင်နေပါပြီ။ သမုဒ္ဒရာလို ကျယ်ပြောလှတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ဂူမင်ချောင်ရဲ့ ဒန်တျန်တောင်မှ အပြည့်အဝ တောင့်မခံနိုင်တဲ့ အရာပါ။
ဂူမင်ချောင်ရဲ့ ဒန်တျန်မှာ အက်ကြောင်းတွေ စတင်ပေါ်လာပါတယ်။ သူက အဲဒီအက်ကြောင်းတွေကို အသည်းအသန် ပြန်ပြင်ဖို့ ကြိုးစားပေမဲ့ ဝိညာဉ်စွမ်းအင်တွေက အရမ်းများလွန်းတာကြောင့် မမှီတော့ပါဘူး။
နောက်ဆုံးမှာတော့ ဂူမင်ချောင်ရဲ့ ဒန်တျန်ဟာ အကန့်အသတ်ကို ရောက်သွားပါပြီ။ ဒန်တျန်ဟာ အပိုင်းပိုင်းအစစ ကွဲအက်လာပြီး ဂူမင်ချောင်ဟာလည်း သွေးတွေ အဆက်မပြတ် အန်ထုတ်နေပါတော့တယ်။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ မျက်နှာဖြူလျော်ကုန်ကြပါပြီ။
ဒါပေမဲ့ ဒီအချိန်မှာ ဘယ်သူမှ ဂူမင်ချောင်ကို မကူညီနိုင်ပါဘူး။ သူသာ ဒီအတားအဆီးကို မကျော်ဖြတ်နိုင်ရင် ဒီနေ့ဟာ သူ့ရဲ့ သေနေ့ပဲ ဖြစ်ပါလိမ့်မယ်။
အခြေအနေက တကယ့်ကို ရှုပ်ထွေးသွားပါပြီ။ အခြေအနေတွေက ဒီအထိ ဆိုးရွားလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ အကယ်၍ ဂူမင်ချောင်သာ ဒီနေ့ ဒီမှာတင် သေဆုံးသွားခဲ့ရင် မဟာမိုးကောင်းကင်ဂိုဏ်းဟာ သေချာပေါက် အဆုံးသတ်သွားမှာပါ။
(ကံကြမ္မာဖန် သံလိုက်အိမ်မြောင်။ ။ဒါက လွန်သွားပြီ ဆိုတာ သိတယ်မလား။ ငါကကော မင်းကို ငါ့ကို ကယ်ပါလို့ ပြောလို့လား။ မင်းဘာသာ မင်း ဝင်ပါတာပဲ။ ဒါတော့ လွန်သွားပြီ။ အကယ်၍ ဂိုဏ်းချုပ်ကြီးသာ တစ်ခုခုဖြစ်သွားရင် ငါ ဒီနေရာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး မင်းကိုပါ တစ်ပါတည်း ဖျက်ဆီးပစ်မယ်ကွ။ ယုံလား။။)
ချူရှင်းဟီရဲ့ မျက်လုံးတွေ နီရဲလာပါတယ်။
သူဟာ ဂိုဏ်းကို ဆုံးရှုံးမှုတွေ ကြုံစေချင်တာ မှန်ပေမဲ့ ဂိုဏ်းချုပ်ကြီးကိုတော့ သတ်ဖို့ စိတ်မကူးခဲ့ပါဘူး။
ဒီလောက်များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေကို ဒီနေ့ သူကိုယ်တိုင် ဆွဲဆောင်ခဲ့တာဖြစ်လို့၊ သူကိုယ်တိုင်သာ တောင့်မခံနိုင်ဘဲ ပေါက်ကွဲသေသွားရင်လည်း သူ့ရဲ့ အပြစ်ရှိတဲ့ ဘဝကြီး ပြီးဆုံးသွားတာပဲလေ။ ဒီထက် ဘာမှ ပိုမထူးလာပါဘူး။
ဒါပေမဲ့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ကတော့ လုံးဝကို အကျိုးအကြောင်း စဉ်းစားမှု မရှိနေပါဘူး။ အလိုအလျောက် မဆိုင်တဲ့ အရာမှာ ဝင်ပါတဲ့အပြင် ဂိုဏ်းချုပ်ကြီးကိုပါ စွမ်းအားတွေ အဓမ္မ လွှဲပြောင်းပေးလိုက်တာပါ။ အကယ်၍ ဂိုဏ်းချုပ်ကြီးသာ ဒီနေ့ သေသွားခဲ့ရင် ချူရှင်းဟီအနေနဲ့ ဒီရလဒ်ကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ပါဘူး။
ချူရှင်းဟီရဲ့ စကားတွေက ထိရောက်သွားသလိုပါပဲ။ ဂူမင်ချောင်ဟာ သွေးတွေ အန်ပြီး သေလုမျောပါး ဖြစ်နေစဉ်မှာပဲ၊ ချူရှင်းဟီ တစ်ယောက်တည်းသာ မြင်နိုင်တဲ့ နတ်ဘုရားအလင်းတန်းတစ်ခုဟာ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ထဲကနေ ထပ်မံ ထွက်ပေါ်လာပါပြီ။
အဲဒီအလင်းတန်းဟာ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ထဲကို တစ်ခဏချင်းမှာပဲ တိုးဝင်သွားပါတယ်။ အလင်းတန်းက ဂူမင်ချောင်ရဲ့ ကိုယ်ထဲကို ပေါင်းစပ်သွားတဲ့အချိန်မှာပဲ... ခုနက သွေးအန်နေတဲ့ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ကနေ ဘယ်သူမှ ရင်ဆိုင်နိုင်စွမ်းမ ရှိတဲ့ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာပါပြီ။
ဒီဖိအားဟာ အဆက်မပြတ် စီးဝင်နေတဲ့ ဝိညာဉ်စွမ်းအင်တွေကိုတောင်မှ ဖိနှိမ်လိုက်နိုင်ပါတယ်။ နတ်ဘုရားအလင်းက ဂူမင်ချောင်ရဲ့ ကိုယ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားတဲ့အခါ၊ အသက်ရှူဖို့တောင် အားမရှိတော့တဲ့ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက်ဆိုသလို အလင်းရောင်တွေ တောက်ပလာပါတော့တယ်။
နောက်တစ်စက္ကန့်မှာတော့ ဂူမင်ချောင်ဟာ သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပါပြီ။ သူ မျက်လုံးဖွင့်လိုက်တာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်စွမ်းအင်အားလုံးဟာ ဂူမင်ချောင်ဆီကို အသည်းအသန် စီးဆင်းသွားပါတော့တယ်။
များပြားလှတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီး သူ့ဆီကနေ အလင်းတန်းတွေ ဆက်တိုက် ဖြာထွက်လာခဲ့ပါပြီ။
တစ်ခု... နှစ်ခု... သုံးခု...
စုစုပေါင်း နတ်ဘုရားအလင်းတန်း (၉) ခုဟာ ဂူမင်ချောင်ဆီကနေ ထွက်ပေါ်လာပြီး သူ့ရဲ့ နောက်ကျောမှာ စုစည်းသွားပါတယ်။ တစ်ခဏအတွင်းမှာတင် အဲဒီအလင်းတန်း (၉) ခုဟာ ဂူမင်ချောင်ရဲ့ နောက်ကျောမှာ ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။
"ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ။" မဟာသူတော်စင်ကြီးဟာ ဂူမင်ချောင်ရဲ့ နောက်ကျောက ရောင်စဉ်ကိုးသွယ် နတ်ဘုရားအလင်းတွေကို ကြည့်ပြီး မအောင့်နိုင်ဘဲ အော်လိုက်ပါပြီ။
အခု အချိန်မှာ မဟာသူတော်စင်ကြီးတင် မကပါဘူး၊ လူတိုင်းဟာ ဂူမင်ချောင်ရဲ့ နောက်ကျောက "ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်" ကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြပါတယ်။
ဒီခေတ်မှာ ကမ္ဘာ့နတ်ဘုရားတွေ မရှိတော့ဘူးဆိုပေမဲ့ ကမ္ဘာ့နတ်ဘုရားတွေရဲ့ မှတ်တမ်းတွေတော့ ရှိနေဆဲပါ။ အခုမြင်နေရတဲ့ ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ဟာ နတ်ဘုရားအဆင့်ရဲ့ နိမိတ်လက္ခဏာပဲ မဟုတ်ပါလား။
ကမ္ဘာ့နတ်ဘုရားတစ်ယောက်ဟာ ရောင်စဉ်ကိုးသွယ် နတ်ဘုရားအလင်းတန်းတွေကို စုစည်းပြီး ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်အဖြစ် အသွင်ပြောင်းလဲနိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့နတ်ဘုရားတစ်ယောက်ရဲ့ စွမ်းအားပါပဲ။
ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ် ပေါ်ထွက်လာတာနဲ့ တစ်ပြိုင်နက် ဂူမင်ချောင် ရဲ့ ဒဏ်ရာအားလုံးဟာ ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကင်းသွားပါတော့တယ်။
ဂူမင်ချောင်ဟာ လေထဲမှာ ပျံဝဲနေသလို ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်ချီစွမ်းအင် အားလုံးဟာ သူ့ရဲ့ ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ထဲကို စုပ်ယူခြင်း ခံလိုက်ရပါပြီ။ ကောင်းကင်နဲ့ မြေကြီးကြားက ရွှေရောင်အလင်းတန်းတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။
ဒါပေမဲ့ ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် အရပ်မျက်နှာအဘက်ဘက်ကနေ မရေမတွက်နိုင်တဲ့ မည်းမှောင်နေတဲ့ မိုးတိမ်တွေဟာ မဟာမိုးကောင်းကင်ဂိုဏ်းဆီကို အရှိန်အဟုန်နဲ့ စုပြုံရောက်ရှိလာပါပြီ။
ကမ္ဘာ့နတ်ဘုရားတစ်ယောက် ဆင်းသက်လာပြီဆိုရင် မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုကပ်ဘေးတစ်ခု ဖြစ်တဲ့ မိုးကြိုးကပ်ဘေး ကျရောက်လာစမြဲပါ။
ကောင်းကင်မှာ ပေါ်လာတဲ့ မိုးကြိုးတိမ်တိုက်တွေဟာ နတ်ဘုရားဆေးလုံးတစ်လုံး ပေါ်ထွက်လာချိန်မှာ ပေါ်လာတဲ့ တိမ်တိုက်တွေနဲ့ လုံးဝကို နှိုင်းယှဉ်လို့ မရပါဘူး။ ဒီအချိန်မှာတော့ မိုးကြိုးတိမ်တိုက်တွေကြားထဲမှာ မရေမတွက်နိုင်တဲ့ ခရမ်းရွှေရောင် မိုးကြိုးလျှပ်စီးတွေဟာ ရစ်ခွေနေတဲ့ ခရမ်းရောင် "မိုးကြိုးနဂါး" ကြီးတစ်ကောင်အဖြစ် စုစည်းသွားပါတယ်။
မိုးကြိုးနဂါးကြီး ဟိန်းဟောက်လိုက်တာနဲ့အတူ ထောင်သောင်းချီတဲ့ မိုးကြိုးတွေဟာ ကောင်းကင်ကနေ ဝုန်းခနဲ ကျဆင်းလာပါပြီ။
ခဏချင်းမှာပဲ မိုးကြိုးကပ်ဘေးရဲ့ မိုးကြိုးပေါင်း ထောင်သောင်းချီဟာ မဟာမိုးကောင်းကင်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်။ မိုးကြိုတစ်ခုချင်းစီရဲ့ စွမ်းအားဟာ နတ်ဘုရားဆေးလုံးတွေ ပေါ်ထွက်လာစဉ်က မိုးကြိုးတွေထက် အဆပေါင်း တစ်ရာမက ပိုပြီး အစွမ်းထက်လှပါတယ်။
ဂူမင်ချောင်ဟာ ကောင်းကင်က မိုးကြိုးကပ်ဘေးကို မော့ကြည့်လိုက်ပါပြီ။ သူ့နောက်က ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ဟာ လေထဲကို ပျံတက်သွားပြီး ကောင်းကင်ယံမှာ အရှိန်အဟုန်နဲ့ ကြီးမားလာပါတယ်။ တစ်ခဏအတွင်းမှာတင် ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတဲ့ ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။
နတ်ဘုရားပုံရိပ်ကြီးကနေ အလင်းရောင်တွေ တောက်ပသွားပြီး ထောင်သောင်းချီတဲ့ မိုးကြိုးတွေကို တစ်ခဏချင်းမှာတင် ဖယ်ရှားပစ်လိုက်ပါပြီ။
***