မဟာမိုးကောင်းကင်ဂိုဏ်းတစ်ခုလုံး။ တိတိကျကျ ပြောရရင် မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးဟာ အခုချိန်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်နေပါပြီ။
မဟာမိုးကောင်းကင်ကြေးမုံကတစ်ဆင့် ကုန်းမြေတိုက်ကြီးပေါ်မှာရှိတဲ့ လူတိုင်းဟာ ချူရှင်းဟီဆီ နတ်ဘုရားအလင်းတန်းတွေ ကျရောက်ပြီး သူ့ကို အသွင်ပြောင်းလဲပေးတာ တွေ့ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအလင်းတန်းတွေက ဂူမင်ချောင်ဆီ ရွှေ့ပြောင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။
လောကနံပါတ် (၁) ဂိုဏ်းကြီးရဲ့ ထိပ်သီးတန်ခိုးရှင်ကြီးဟာ နတ်ဘုရားအလင်းတန်းတွေကြားမှာ အသစ်တစ်ဖန် မွေးဖွားလာခဲ့ပြီး နှစ်ပေါင်းတစ်ထောင်ကျော်အတွင်းမှာ ကမ္ဘာ့နတ်ဘုရားအဆင့်ကို ပထမဆုံး တက်လှမ်းနိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပါပြီ။
ကမ္ဘာ့နတ်ဘုရား တစ်ပါး ပေါ်ထွန်းလာပြီဖြစ်လို့ မိုးကြိုးကပ်ဘေးတွေလည်း ဆင်းသက်လာခဲ့ပါတယ်။
လူအတော်များများဟာ အရင်ကလည်း မိုးကြိုးကပ်ဘေးတွေကို မြင်ဖူးကောင်း မြင်ဖူးကြမှာပါ။ ဒါပေမဲ့ ကောင်းကင်ယံမှာ ခရမ်းရောင် မိုးကြိုးနဂါးကြီး ပေါ်လာပြီး ထောင်သောင်းချီတဲ့ မိုးကြိုးသွားတွေ တစ်ပြိုင်နက်တည်း ကျရောက်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ ကုန်းမြေတိုက်ကြီး တစ်ခုလုံးက လူတွေဟာ ကြောက်မက်ဖွယ်ရာ အော်ရာအရှိန်အဝါကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ကြပါပြီ။
အကယ်၍ အဲဒီမိုးကြိုးတွေ အကုန်လုံး ရင်ဆိုင်ရမယ်ဆိုရင် ဒီနေ့မှာ မဟာမိုးကောင်းကင် တောင်တန်း တစ်ခုလုံး အမှုန့်ဖြစ်သွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
ဒါပေမဲ့ ကမ္ဘာ့နတ်ဘုရားရဲ့ မိုးကြိုးကပ်ဘေးက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုပြီး လူတွေ ဟစ်အော်နေကြချိန်မှာပဲ ဂူမင်ချောင်ရဲ့ မူလခန္ဓာဟာ စကြ၀ဠာထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် ထောင်သောင်းချီတဲ့ မိုးကြိုးတွေကို ဘာမှမဟုတ်သလို ပျောက်ကွယ်သွားစေခဲ့ပါတယ်။
ဒါဟာ ကမ္ဘာ့နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားပါပဲ။
ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့် နဲ့ ကမ္ဘာ့နတ်ဘုရား ဆိုတာ ခြေတစ်လှမ်းဝက်ပဲ ကွာခြားသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ သာမန်လူသားနဲ့ နတ်ဘုရားတစ်ပါးကြားက ခြားနားချက်မျိုးပါ။
ကောင်းကင်က မိုးကြိုးတိမ်တိုက်တွေကြားထဲမှာ ခရမ်းရောင် မိုးကြိုးနဂါးကြီးက သူ့ရဲ့ ပါးစပ်ကြီးကို ထပ်မံဟလိုက်ပါပြီ။ အနှိုင်းမဲ့ထူထဲလှတဲ့ မိုးကြိုးတန်းကြီးတစ်ခု ကောင်းကင်ကနေ ကျဆင်းလာပါတယ်။ ဂူမင်ချောင်ဟာ လေထဲ တက်လှမ်းသွားပြီး သူ့ရဲ့ ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ကို ခန္ဓာကိုယ်ထဲ ပြန်လည်သိမ်းဆည်းလိုက်ပါပြီ။ အဲဒီနောက်မှာတော့ ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ကို အသုံးချပြီး ကောင်းကင်က မိုးကြိုးတွေကို လက်သီးတစ်ချက်တည်းနဲ့ ထိုးလိုက်ပါတော့တယ်။
အဲဒီလက်သီးချက်ကြောင့် ဂူမင်ချောင်ရဲ့ ရှေ့က စကြ၀ဠာ တည်ရှိမှုတွေဟာ မှန်ချပ်ကြီးတစ်ချပ်လို အပိုင်းပိုင်းအစစ ကွဲအက်သွားပါပြီ။
ဘိုးဘေးအင်မော်တယ်တွေဟာ စကြ၀ဠာတည်ရှိမှုကို ခဏ ဖြိုခွဲနိုင်ကြပေမဲ့ အစွမ်းထက်ဆုံး ဘိုးဘေးအင်မော်တယ်တောင်မှ လက်သီးတစ်ချက်တည်းနဲ့ ဟင်းလင်းပြင်ကို ဒီလောက်အထိ အပိုင်းပိုင်းအစစ ဖြစ်သွားအောင် မလုပ်နိုင်ပါဘူး။
မိုးကြိုးတွေဟာလည်း ကွဲအက်သွားတဲ့ စကြ၀ဠာတည်ရှိမှုတွေနဲ့အတူ ပျက်စီးသွားပါတယ်။
ဂူမင်ချောင်ဟာ တိမ်တိုက်တွေပေါ်ကို ပျံတက်သွားခဲ့ပါပြီ။ ခရမ်းရောင် မိုးကြိုးနဂါးကြီးဟာလည်း နောက်ဆုံးမိုးကြိုးအဖြစ် ပြောင်းလဲသွားပြီး ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပါတော့တယ်။
မိုးကြိုးတွေဟာ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ကို အပြင်းအထန် ဆေးကြောပေးနေပါတယ်။ ကမ္ဘာ့နတ်ဘုရားတစ်ပါးရဲ့ အသားအရေတောင်မှ ဒီမိုးကြိုးနဂါးရဲ့ ဆေးကြောမှုအောက်မှာ အဆက်မပြတ် စုတ်ပြဲသွားရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နတ်ဘုရားရဲ့ ပြန်လည်ကုစားနိုင်စွမ်းက ကြောက်စရာကောင်းလွန်းလှပါတယ်။ မိုးကြိုးကြောင့် ပျက်စီးသွားတဲ့ ဂူမင်ချောင်ရဲ့ ခန္ဓာကိုယ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြန်လည်ကောင်းမွန်လာတာကို လူတိုင်း သာမန်မျက်စိနဲ့တင် အထင်အရှား မြင်တွေ့နေရပါတယ်။
မိုးကြိုးနဂါးကြီးဟာ သူ့ရဲ့ နောက်ဆုံးစွမ်းအားကို သုံးစွဲပြီးနောက် ပျောက်ကွယ်သွားပါတော့တယ်။ ကောင်းကင်ယံက မိုးကြိုးကပ်ဘေးတွေဟာလည်း ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်က ထွက်ပေါ်လာတဲ့ နတ်ဘုရားအလင်းတန်းတွေကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ပါပြီ။
ကောင်းကင်ကြီးကတော့ တစ်ဖန် ပြန်လည်တောက်ပလာပါတယ်။
ဂူမင်ချောင်ဟာ စကြ၀ဠာ အတွင်းမှာ ဝင့်ကြွားစွာ ရပ်နေရင်း စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံး တုန်နေပါပြီ။
ကမ္ဘာ့နတ်ဘုရားရဲ့ စွမ်းအား... ဒါဟာ ကမ္ဘာ့နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားပဲ။
ဘယ်တန်ခိုးရှင်မဆို အထွတ်အထိပ်ကို တက်လှမ်းဖို့ အိပ်မက်မရှိဘူးဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အခုခေတ်ရဲ့ အထွတ်အထိပ်က ဘိုးဘေးအင်မော်တယ်အဆင့်ဖြစ်ပြီး ဂူမင်ချောင်ဟာ အဲဒီအဆင့်မှာ နှစ်ပေါင်းများစွာ ကြာအောင် တန့်ရပ်နေခဲ့ပါတယ်။
တစ်ချိန်တုန်းကတော့ မင်ချောင်ဟာ ဒီဘ၀မှာ နောက်ထပ် အဆင့်တက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးခဲ့မိပါသေးတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့... ဂူမင်ချောင်ဟာ ကမ္ဘာ့နတ်ဘုရား အဆင့်ထဲကို ခြေချလိုက်နိုင်ပါပြီ။
ဒီနေ့ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီးမှာ သန့်စင်သော ဝိညာဉ်တော်တွေ ဆင်းသက်လာချိန်၊ ဝိညာဉ်တော် အမွေအနှစ်တွေက ချန်ရှောင်ထျန်း နဲ့ ၀ူရှင်းယန် တို့ကို ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ဆီ ပို့ဆောင်ပေးလိုက်ပါတယ်။ သူ့ကို ကျော်တက်သွားတာ မြင်လိုက်ရတဲ့အခါ... ဂူမင်ချောင်အနေနဲ့ စိတ်ထဲမှာ မနာလိုသလို ခံစားမနေရဘူးလို့ ပြောလာရင် လိမ်ညာတာပဲ ဖြစ်ပါလိမ့်မယ်။
လောကရဲ့ နံပါတ် (၁) ပုဂ္ဂိုလ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာ နံပါတ် (၃) ဖြစ်သွားပြီး အမွေအနှစ်ရထားတဲ့ တခြားသူတွေကတောင် သူ့ကို ယှဉ်ပြိုင်ချင်နေကြတဲ့အတွက် နံပါတ် (၃) နေရာတောင် မြဲပါ့မလားလို့ စိုးရိမ်ခဲ့ရတာပါ။
ဒါပေမဲ့ အဲဒီလို စိတ်မကောင်းဖြစ်နေရပေမဲ့လည်း ဂူမင်ချောင်ဟာ ရှင်းဟီ လုပ်သမျှအတွက် ရှင်းဟီကို အပြစ်မတင်ခဲ့ပါဘူး။
ရှင်းဟီဟာ ဒီပွဲကတစ်ဆင့် ဝိညာဉ်တော်တွေကို ခေါ်ထုတ်ပေးခဲ့သလို လောကရဲ့ ဝိညာဉ်စွမ်းအင်တွေကိုပါ ပြန်လည်နိုးထစေခဲ့ပါတယ်။ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် ရှင်းဟီမှာ မမှားခဲ့ပါဘူး။
(ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ဒီနေ့မှာ ဘာအကျိုးအမြတ်မှ မရတဲ့အပြင် "နံပါတ် (၁) ဂိုဏ်း" ဆိုတဲ့ နေရာတောင် ပြုတ်သွားနိုင်တယ်။) ဒါပေမဲ့ ဂူမင်ချောင်ဟာ ရှင်းဟီအပေါ် ဘာမှ အညှိုးမထားခဲ့ပါဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်က နတ်ဘုရားအလင်းတန်းတွေ ဆင်းသက်လာပါတယ်။ ရှင်းဟီဟာ အဲဒီအလင်းတန်းတွေကြောင့် အသွင်ပြောင်းလဲသွားတာကို မြင်တော့ ဂူမင်ချောင်ဟာ အစပိုင်းမှာ ဝမ်းသာသွားပါပြီ။ ဒီအလင်းတန်းတွေက ရှင်းဟီကို ဘိုးဘေးအင်မော်တယ်အဆင့် ဒါမှမဟုတ် ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်အထိ ရောက်အောင် ပို့ဆောင်ပေးလိုက်မှာလားလို့ မျှော်လင့်ခဲ့မိတာပါ။
ဒါပေမဲ့ ရှင်းဟီဟာ သူ့ရဲ့ အသွင်ပြောင်းလဲမှု ပြီးဆုံးတာနဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်စွမ်းအား အခွင့်အရေးကြီးကို သူ့ဆီ လွှဲပြောင်းပေးလိမ့်မယ်လို့ ဂူမင်ချောင် အိမ်မက်ထဲတောင် ထည့်မမက်ခဲ့ပါဘူး။
ရှင်းဟီပေးလိုက်တဲ့ အဲဒီဝိညာဉ်စွမ်းအားတွေကို သုံးပြီးမှသာ သူဟာ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်းမှာ ပထမဆုံးသော ကမ္ဘာ့နတ်ဘုရား ဖြစ်လာခဲ့တာပါ။
(ချန်ရှောင်ထျန်းတို့... ၀ူရှင်းယန်တို့... မင်းတို့တွေ ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့် ရောက်သွားရုံနဲ့ ဘာတွေ ကြွားနေကြတာလဲ။)
(မင်းတို့တွေက "လောကမှာ နံပါတ် (၁)" ဆိုတဲ့ ဘွဲ့လက်မှတ်လေးကို ခဏတဖြုတ် စမ်းသုံးခွင့် ရခဲ့ကြတာထက် မပိုပါဘူး။ အခုတော့ အဲဒီဘွဲ့ကသက်တမ်းက ကုန်သွားပြီ။)
(ငါတို့ဆီမှာ ရှင်းဟီရှိတယ်။ ရှင်းဟီရဲ့ အကူအညီနဲ့ ငါ ဂူမင်ချောင်ဟာ ကမ္ဘာ့နတ်ဘုရား ဖြစ်သွားပြီ။ မင်းတို့ဂိုဏ်းတွေ အမွေအနှစ်တွေ ဘယ်လောက်ပဲရရ ဘာဖြစ်လဲ။)
(ငါ ဂူမင်ချောင် မဟာမိုးကောင်းကင်ဂိုဏ်းမှာ ရှိနေသရွေ့ ဘယ်သူက "နံပါတ် (၁) ဂိုဏ်း" ဘွဲ့ကို လာယူနိုင်မှာမို့လဲ။)
“ပြီးတော့ ရှင်းဟီက ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်း အမွေအနှစ်ကို ရရှိခဲ့တာပဲ။ အဲဒီအကျိုးကျေးဇူးက ငါ့ရဲ့ ကမ္ဘာ့နတ်ဘုရား ) အဆင့်ထက်တောင် သာလွန်သေးတယ်။ ရှင်းဟီဟာ တကယ်တမ်းမှာတော့ အနာဂတ်ရဲ့ ကမ္ဘာ့နတ်ဘုရားနေရာကို ကြိုတင်ဘွတ်ကင်တင်ထားသလို ဖြစ်နေပြီ။ ဒီနေ့မှာ ငါ ဂူမင်ချောင် ရှိသလို၊ အနာဂတ်မှာလည်း ရှင်းဟီ ရှိနေဦးမှာ။ ဘယ်သူက ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကို ဖြိုလှဲနိုင်မှာလဲ။"
ဂူမင်ချောင်ဟာ ကောင်းကင်ယံကနေ မြေပြင်ပေါ်ကို မမြင်နိုင်တဲ့ နတ်ဘုရားလှေကားထစ်တွေ ရှိနေသလိုမျိုး တစ်လှမ်းချင်း လျှောက်လှမ်းဆင်းသက်လာပါတယ်။
ဒီအချိန်မှာတော့ မဟာမိုးကောင်းကင်ဂိုဏ်းတစ်ခုလုံးဟာ ပျော်ရွှင်မှုတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေပါပြီ။ ဘယ်သူက စတင်အော်ဟစ်လိုက်မှန်း မသိပေမဲ့ ရုတ်တရက်ဆိုသလို "မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။ (Bless the Haotian)" ဆိုတဲ့ ကြွေးကြော်သံတွေဟာ တစ်ဂိုဏ်းလုံးမှာ ဟိန်းထွက်သွားပါတော့တယ်။
လူတိုင်းဟာ ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင် ကို "မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သောင်းသောင်းဖျဖျ ကြိုဆိုလိုက်ကြပါတယ်။
ဂူမင်ချောင်ဟာ တစ်လှမ်းချင်း ဆင်းသက်လာပြီး နောက်ဆုံးမှာ လူတိုင်းရဲ့ရှေ့ကို ရောက်ရှိလာပါပြီ။ ဂူမင်ချောင်ရဲ့ နောက်ကျောကနေ ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ဟာ ပျံထွက်လာပြီး မဟာမိုးကောင်းကင်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံလိုက်ပါတယ်။ ဒီအချိန်မှာတော့ လူတိုင်းဟာ ကမ္ဘာ့နတ်ဘုရားတစ်ပါးဆီကနေ ထွက်ပေါ်လာတဲ့ စွမ်းအားတွေကို အားလုံး ခံစားမိနေပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တိုင်းဟာ သူတို့ဂိုဏ်းချုပ်ကြီးရဲ့ ကမ္ဘာ့နတ်ဘုရား စွမ်းအားအတွက် ဝမ်းသာအားရ အော်ဟစ်နေကြချိန်မှာ၊ တစ်လောကလုံးက တခြားဂိုဏ်းတွေကတော့ သူတို့ရှေ့က ရောင်စဉ်ကိုးသွယ် နတ်ဘုရားပုံရိပ်ကြီးကို ကြည့်ပြီး မျက်နှာတွေဖြူလျော်ကုန်ကြပါတယ်။
အထူးသဖြင့် ၀ူရှင်းယန် ပါပဲ။ လွန်ခဲ့တဲ့ တစ်မိနစ်လောက်ကတင် ၀ူရှင်းယန်ဟာ "မိုးကောင်းကင်ကြီးက မဟာမိုးကောင်းကင်ဂိုဏ်းကိုပဲ ကောင်းချီးပေးနေတာ မဟုတ်ဘူး။ ဒီနေ့တော့ ငါတို့ မိစ္ဆာဂိုဏ်းအတွက် မိုးကောင်းကင်ရဲ့ စောင့်ရှောက်မှု ရောက်လာပြီ" ဆိုပြီး ကျေနပ်နေခဲ့တာပါ။
"ငါ ၀ူရှင်းယန် တစ်ယောက် ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ကို ရောက်သွားပြီ။" လို့ သူ ဂုဏ်ယူနေခဲ့ပါတယ်။
ဒါပေမဲ့ ၀ူရှင်းယန်ရဲ့ စိတ်လှုပ်ရှားမှုဟာ တစ်မိနစ်တောင် မခံလိုက်ပါဘူး။ ဂူမင်ချောင်ဟာ ကမ္ဘာ့နတ်ဘုရား ကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းပြီး ပြန်ရောက်လာခဲ့ပါပြီ။
"ချူရှင်းဟီ။"
နောက်ထပ် ချူရှင်းဟီပါပဲ... ၀ူရှင်းယန်ကတော့ စိတ်ထဲကနေ အခုလို ပြောနေမိပါတယ်။
"တောက်... ငါ မှားသွားတယ်... ခုနကတင် မင်းကို ငါခွင့်လွှတ်ပါတယ်လို့ ပြောခဲ့မိတာ ငါ တကယ့်ကို အကြီးအကျယ် မှားသွားတာပဲ။"
ချူရှင်းဟီက အဲဒီဝိညာဉ်ချီစွမ်းအင်တွေကို ဂူမင်ချောင်ဆီ ပေးလိုက်လိမ့်မယ်လို့ ၀ူရှင်းယန် အိမ်မက်တောင် မမက်ခဲ့ပါဘူး။ ချူရှင်းဟီရဲ့ ခေါင်းကို ခွဲကြည့်ပြီး သူ့ဦးနှောက်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ၀ူရှင်းယန်တစ်ယောက် တကယ်ပဲ သိချင်နေမိပါပြီ။
(အဲဒီဝိညာဉ်စွမ်းအင်တွေဟာ ဘယ်လောက်တောင် ကြီးမားတဲ့ အခွင့်အရေးလဲဆိုတာ မင်းသိရဲ့လား။)
(ဒါဟာ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးကြီးလေ... အဲဒါကို မင်းက ဂူမင်ချောင်ဆီ အလကား ပေးပစ်လိုက်တယ် ဟုတ်လား။)
(မင်း ရူးနေတာလား။)
၀ူရှင်းယန် ဘာတွေးနေလဲဆိုတာ ချူရှင်းဟီ မသိပါဘူး။ ဒါပေမဲ့ ချူရှင်းဟီကတော့ အဲဒီဝိညာဉ်စွမ်းအင်တွေဟာ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အရာတွေဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါကို ဂိုဏ်းချုပ်ကြီးဆီ ပေးလိုက်တာက သူ တမင်လုပ်တာ မဟုတ်ပါဘူး။ သူ့ကို ကံကြမ္မာဖန် သံလိုက်အိမ်မြောင်က ကယ်လိုက်တာပါ။
တကယ်လို့သာ သံလိုက်အိမ်မြှောင်က အဲဒီလို မလုပ်ပေးခဲ့ရင် သူဟာ အခုလောက်ဆို တစစီ ပေါက်ကွဲသွားလောက်ပါပြီ။
(အဲဒီဝိညာဉ်စွမ်းအင်တွေက တကယ် အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ပြဿနာက ကျွန်တော် ချူရှင်းဟီက အဲဒါကို တောင့်ခံနိုင်ဖို့ လိုတာလေ။)
(ဘာလဲ... ကျောက်ပုစွန်က အရသာရှိတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းကို ကျောက်ပုစွန် တစ်သောင်းလောက် တစ်ပြိုင်နက်တည်း ကျွေးလိုက်ရင် မင်းသေမလား၊ မသေသေလား ဆိုတာပဲ ငါမေးချင်တယ်။)
ချူရှင်းဟီကတော့ ဒီအချိန်မှာ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ နောက်ဆုံးတော့ လူပီသတာတစ်ခု လုပ်ပေးလိုက်ပြီလို့ သက်ပြင်းချနေမိပါတယ်။ သံလိုက်အိမ်မြှောင်က သူ့ကို သတ်နိုင်တဲ့ ဝိညာဉ်စွမ်းအင်တွေကို ဂိုဏ်းချုပ်ကြီးဆီ အတင်းအဓမ္မ လွှဲပြောင်းပေးလိုက်တာပါပဲ။
ဒါပေမဲ့ ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်ဖို့ မလွယ်ကူဘူးဆိုတာ အချက်အလက်တွေက သက်သေပြနေပါတယ်။ ဂိုဏ်းချုပ်ကြီးတောင် ခုနကတင် ကျရှုံးလုနီးပါး ဖြစ်သွားခဲ့တာလေ။
ကံကောင်းထောက်မစွာနဲ့ပဲ သံလိုက်အိမ်မြှောင်ဟာ သူ့ရဲ့ အရင်လုပ်ရပ်က နည်းနည်းတော့ လွန်ရာကျနေတယ်ဆိုတာကို သိသွားပုံရပြီး နောက်ဆုံးအချိန်မှာ ဝင်ပါပေးလိုက်ပါတယ်။ ချူရှင်းဟီ တစ်ယောက်တည်းသာ မြင်နိုင်တဲ့ အဲဒီနတ်ဘုရားအလင်းတန်းကြောင့်သာ ဂူမင်ချောင်ဟာ ကျရှုံးမှုကနေ ပြန်လည် အဖတ်ဆယ်နိုင်ခဲ့တာပါ။
ဒါကြောင့် ဒီနေ့ရလဒ်အတွက်တော့ ချူရှင်းဟီ အလွန်ကျေနပ်ခဲ့ပါတယ်။
သူအသက်ဘေးက လွတ်မြောက်သွားတယ်။ အဓိကအချက်ကတော့ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်း အခွင့်အရေးကို သုံးပြီး သူအမြဲအိမ်မက်မက်ခဲ့တဲ့ အဆင့် (၇) ကောင်းကင်အင်မော်တယ်အဆင့်ကို ရောက်သွားခဲ့တာပါပဲ။
(ဂိုဏ်းချုပ်ကြီးကလည်း ဘေးကင်းသွားတဲ့အပြင် ကမ္ဘာ့နတ်ဘုရားအဆင့်ကိုတောင် ရောက်သွားသေးတယ်။)
(ဒါပေမဲ့ ပြဿနာက... ဒီအတိုင်းသာ တွက်ချက်ကြည့်မယ်ဆိုရင် ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ "နံပါတ် (၁) ဂိုဏ်း" အဖြစ် ပြန်ပြီး အခြေ ခိုင်မာသွားပြန်ပြီ။)
(အရင်ကထက်တောင် ပိုပြီး အခြေခိုင်သွားသလိုပဲ မဟုတ်လား။)
(ဒါပေမဲ့ ငါချူရှင်းဟီလည်း ဘာမှ မတတ်နိုင်ပါဘူးလေ။ တကယ်လို့ ဂိုဏ်းချုပ်ကြီးသာ ခုနက သေသွားခဲ့ရင် မဟာမိုးကောင်းကင်ဂိုဏ်းက သေချာပေါက် ပျက်စီးသွားမှာပဲ။)
(ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်း ပျက်စီးဖို့နဲ့ သူ့ရဲ့ ကမ္ဘာ့နတ်ဘုရား ဖြစ်လာမယ့် အနာဂတ်အတွက် ဂိုဏ်းချုပ်ကြီးရဲ့ အသက်ကို စတေးဖို့ဆိုတာတော့ ငါချူရှင်းဟီ မလုပ်နိုင်ပါဘူး။)
(သေသေချာချာ စဉ်းစားကြည့်ရင် ဒါဟာ ဆုံးရှုံးမှု မဟုတ်သလိုပါပဲ။ စဉ်းစားကြည့်လေ။ မဟာမိုးကောင်းကင်ဂိုဏ်း ပျက်စီးသွားရင် ငါကမ္ဘာ့နတ်ဘုရား ဖြစ်မယ်။ အခုတော့ မဟာမိုးကောင်းကင်ဂိုဏ်း မပျက်စီးဘဲ ဂိုဏ်းချုပ်ကြီးက ကမ္ဘာ့နတ်ဘုရား ဖြစ်သွားတယ်။ အဲဒီတော့ ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ ငါတို့မှာ ကမ္ဘာ့နတ်ဘုရားတစ်ပါး ရတာချင်း တူတူပဲ မဟုတ်လား။)
(ပြီးတော့ ငါချူရှင်းဟီက နောက်ကျရင် ဂိုဏ်းကို ပိုပြီး သဟဇာတဖြစ်မယ့် နည်းလမ်းနဲ့ ဂိုဏ်းကို ဖျက်သိမ်းပြီး ချက်ချင်း ပြန်လည်ဖွဲ့စည်းခိုင်းလိုက်မယ်လေ။ အဲဒီအချိန်ကျရင် ငါချူရှင်းဟီလည်း ကမ္ဘာ့နတ်ဘုရား ဖြစ်သွားမှာပေါ့။ အဲဒီအခါကျရင် ငါတို့မှာ ကမ္ဘာ့နတ်ဘုရား နှစ်ပါးတောင် ရှိလာမှာ မဟုတ်လား။)
(ဒါကြောင့် ဒီအတိုင်းသာ တွက်ကြည့်ရင်... ပြောစမ်းပါဦး၊ ဒါဟာ အကြီးအကျယ် မြတ်လိုက်တာ မဟုတ်ဘူးလား။)
(ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အကြီးအကျယ် မြတ်သွားတာပဲ။)
ဒီပွဲက အကြီးအကျယ် မြတ်သလား၊ မမြတ်ဘူးလား ဆိုတာ မသိရသေးပေမဲ့၊ အခုအချိန်မှာတော့ မဟာမိုးကောင်းကင်ကြေးမုံထဲက ချူရှင်းဟီဟာ မဟာနေမင်း ကုန်းမြေတိုက်ကြီးတစ်ခုလုံးက လူတွေရဲ့ အာရုံစိုက်မှုကို ဂူမင်ချောင်ထက်တောင် ပိုပြီး ရရှိနေပါတယ်။
ဒီအချိန်မှာတော့ မျိုးဆက်သစ်လူငယ်တွေပဲဖြစ်ဖြစ်၊ ဝါရင့်ပုဂ္ဂိုလ်ကြီးတွေပဲဖြစ်ဖြစ် အားလုံးဟာ ချူရှင်းဟီအပေါ် လုံးဝကို အကြွင်းမဲ့ ယုံကြည်လေးစားသွားကြပါပြီ။
အရင်တုန်းကဆိုရင် လူအတော်များများဟာ ချူရှင်းဟီ တစ်ယောက် မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ ဘာကြောင့် ဒီလောက်အထိ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်နေရတာလဲ။ ဂိုဏ်းထဲက အထက်လူကြီးကနေ အောက်ခြေအထိ ဘာဖြစ်လို့ တစ်ယောက်မှ သူ့ကို မတားကြတာလဲဆိုတာကို နားမလည်နိုင်ခဲ့ကြပါဘူး။
ချူရှင်းဟီ ဘယ်လောက်ပဲ ပြဿနာတွေ ရှာနေပါစေ၊ မဟာမိုးကောင်းကင်ဂိုဏ်းသား အားလုံးကတော့ ချူရှင်းဟီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေကြဆဲပါ။
အခုအချိန်မှာတော့ လူတိုင်း သဘောပေါက်သွားကြပါပြီ...
ကိုယ်တိုင် ရရှိထားတဲ့ ကမ္ဘာ့နတ်ဘုရားအဆင့်တက်ဖို့ အခွင့်အရေးကိုတောင် ဂိုဏ်းချုပ်ကြီးဆီ ချက်ချင်း လွှဲပြောင်းပေးဝံ့တဲ့ ချူရှင်းဟီလို တပည့်မျိုးဟာ နေ့စဉ်ဘဝမှာ ဘယ်လို အသေခံပြီး ပြဿနာရှာပါစေ။ အဲဒါက ဘာဖြစ်မှာမို့လို့လဲ။
တကယ်လို့ သူတို့ဆီမှာသာ ချူရှင်းဟီလို လူမျိုးရှိနေရင် သူ ပြဿနာရှာတဲ့ အစွမ်းက အခုထက် အဆတစ်ရာလောက် ပိုဆိုးလာရင်တောင် ဂိုဏ်းအနေနဲ့ သူ့ကို မထောက်ခံဘဲ မနေပါဘူး။
ဒါ့အပြင် ချူရှင်းဟီရဲ့ အသေခံပြဿနာရှာပုံရတဲ့ လုပ်ရပ်တိုင်းဟာ နောက်ဆုံးမှာတော့ မဟာမိုးကောင်းကင်ဂိုဏ်းအတွက် အကြီးအကျယ် အမြတ်ရစမြဲပဲ မဟုတ်ပါလား။
ဒီနေ့ဆိုရင် ပိုတောင် သိသာပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ခဏတုန်းကတင် တစ်လောကလုံးက ချူရှင်းဟီဟာ ကိုယ့်ခြေထောက်ကိုယ် ပြန်ချိုးမိသွားပြီလို့ ထင်မိခဲ့ကြတာပါ။
သူက ထောင်စုနှစ် သန့်စင်သော ဝိညာဉ်တော်တွေကို နိုးထစေခဲ့ပေမဲ့ ရလဒ်အနေနဲ့ တခြားဂိုဏ်းတွေအားလုံးက အမွေအနှစ်တွေ ရရှိသွားကြပြီး မဟာမိုးကောင်းကင်ဂိုဏ်းကတော့ ဘာမှမရခဲ့ပါဘူး။
ချူရှင်းဟီဟာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ပဲ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ "နံပါတ် (၁) ဂိုဏ်း" ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆွဲချလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာတော့ လူတိုင်း နားလည်သွားတာက "ငါတို့ကမှ လူရွှင်တော်တွေ ဖြစ်နေပါလား။" ဆိုတာပါပဲ။
ချူရှင်းဟီဟာ ဒါတွေအားလုံးကို လွန်ခဲ့တဲ့ အချိန်ကတည်းက တွက်ချက်ထားပြီးသား ဖြစ်မှာပါ။ တခြားဂိုဏ်းတွေက အနိုင်ရသူတွေလို ထင်ရပေမဲ့ ဒီပွဲရဲ့ အကြီးမားဆုံး အနိုင်ရရှိသူကတော့ သူတို့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းပါပဲ။
ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင် ရှိနေသရွေ့ ဘယ်သူက မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ "နံပါတ် (၁) ဂိုဏ်း" နေရာကို ရယူနိုင်မှာမို့လဲ။
ဒါတင်မကသေးဘဲ ချူရှင်းဟီဟာ ဂူမင်ချောင်ထက်တောင် သာလွန်တဲ့ အနိုင်ရသူ ဖြစ်လာခဲ့ပါတယ်။
ဂူမင်ချောင်ဟာ ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုပေမဲ့ လူတိုင်းဟာ အစောပိုင်းတုန်းကထင် မဟာသူတော်စင်ကြီးဆီကနေ "ကိုယ်ခန္ဓာ အသွင်ပြောင်းလဲခြင်း" ဆိုတာ ဘာလဲဆိုတာကို သိခဲ့ကြရပြီးပါပြီ။
ဒီအသွင်ပြောင်းလဲခြင်းရဲ့ တကယ့်ကြောက်စရာကောင်းမှုက ကမ္ဘာ့နတ်ဘုရားအဆင့်ထက်တောင် ပိုပြီး ကြီးမားပါတယ်။
မဟာသူတော်စင်ကြီးကတော့ ပေါ်တင်ကို ပြောလိုက်ပါပြီ။
“အကယ်၍ ရွေးချယ်စရာသာ ရှိခဲ့မယ်ဆိုရင် ကမ္ဘာ့နတ်ဘုရား ဆယ်ပါးတောင်မှ အသွင်ပြောင်းလဲခြင်း တစ်ခုနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့နတ်ဘုရား တစ်ပါး ဖြစ်နေရင်တောင်မှ ကိုယ့်အသက်ကို စတေးပြီးတော့တောင် နောက်တစ်ယောက်ကို အသွင်ပြောင်းလဲသွားအောင် ကူညီပေးလို့ မရနိုင်လို့ပါပဲ။”
“ကမ္ဘာ့နတ်ဘုရားတွေဆိုတာ ရှိကောင်းရှိနိုင်ပေမဲ့ အသွင်ပြောင်းလဲခြင်းကို ခံယူထားတဲ့သူတွေကတော့ အနာဂတ်မှာ အမြင့်ဆုံးသော အထွတ်အထိပ်မှာ ရပ်တည်မယ့်သူတွေဖြစ်ပြီး ကမ္ဘာ့နတ်ဘုရားတွေတောင် ဦးညွှတ်ရမယ့် တန်ခိုးစွမ်းအား ပိုင်ဆိုင်ကြသူတွေ ဖြစ်လာမယ် ဆိုရင်လည်း မမှားပါဘူးလေ”
***