ဂူမင်ချောင် ဟာ ကမ္ဘာ့နတ်ဘုရားတစ်ပါးရဲ့ အော်ရာအရှိန်အဝါနဲ့ လောကကြီးကို အထက်စီးကနေ ကြည့်ရှုနေပါပြီ။
ဒါပေမဲ့ မဟာသူတော်စင်ကြီး (Great Sage) ရဲ့ မျက်လုံးထဲမှာတော့ ကမ္ဘာ့နတ်ဘုရားဖြစ်သွားတဲ့ ဂူမင်ချောင်ဟာ တကယ်တော့ ထူးထူးခြားခြားကြီး မဟုတ်လှပါဘူး။ အဲဒီအစား သန့်စင်သောဝိညာဉ်တော်ဆီကနေ ရရှိလိုက်တဲ့ "ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်း" ကသာ အကြီးမားဆုံးသော ဆုလာဘ် ဖြစ်နေခဲ့ပါတယ်။
ကမ္ဘာ့နတ်ဘုရားတစ်ပါး ဖြစ်လာတာကို ဘာတွေ စိတ်လှုပ်ရှားနေကြတာလဲ။
မဟာသူတော်စင်ကြီးတို့ ခေတ်တုန်းကဆိုရင် ကမ္ဘာ့နတ်ဘုရားတွေဟာ လမ်းဘေးက ခွေးတွေလောက် ပေါများတာမျိုး မဟုတ်ပေမဲ့ ဂိုဏ်းတိုင်းမှာတော့ ကမ္ဘာ့နတ်ဘုရာ နည်းနည်းပါးပါး ရှိကြစမြဲပါ။ ဒါကြောင့် ဒါဟာ ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုပါပဲ။
အရင်တုန်းက မဟာနေမင်း ကုန်းမြေတိုက်ကြီး ဟာ မိစ္ဆာနတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ ကြောင့် ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက်သွားခဲ့ရပေမဲ့၊ အခုအချိန် ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီဖြစ်လို့ အနာဂတ်မှာ ကမ္ဘာ့နတ်ဘုရားတွေ သေချာပေါက် ပေါ်ထွက်လာမှာ သေချာနေပါပြီ။
ဒါကြောင့် မဟာသူတော်စင်ကြီးရဲ့ အမြင်မှာတော့ ဂိုဏ်းချုပ်ကြီး ကမ္ဘာ့နတ်ဘုရား ဖြစ်သွားတာက တခြားသူတွေထက် အချိန်နည်းနည်း စောသွားတာပဲ ရှိပါတယ်။
ဒါပေမဲ့ "ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်း" ကတော့ လုံးဝကို ကွဲပြားပါတယ်။
ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်းဆိုတာ မရေမတွက်နိုင်တဲ့ သန့်စင်သော ဝိညာဉ်တော်တွေက သူတို့ရဲ့ အထွတ်အထိပ် စွမ်းအားတွေကို အသုံးချပြီး ချူရှင်းဟီရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးလိုက်တာပါ။ အခုဆိုရင် ရှင်းဟီရဲ့ ခန္ဓာကိုယ်ဟာ အထွတ်အထိပ်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပါပြီ။
ဒီအချိန်မှာတော့ ရှင်းဟီရဲ့ ခန္ဓာကိုယ်ဟာ လုံး၀ ပြည့်စုံသွားတဲ့ တည်ရှိမှုတစ်ခု ဖြစ်သွားပါပြီ။
ခန္ဓာကိုယ်တင် အစွမ်းထက်လာတာ မဟုတ်ပါဘူး။ ရှင်းဟီရဲ့ စွမ်းဆောင်ရည်အားလုံးဟာလည်း ဒီအသွင်ပြောင်းလဲမှုနဲ့အတူ တိုးတက်သွားပါတယ်။ ပိုပြီး ကြောက်စရာကောင်းတာကတော့ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားတဲ့အတွက် ရှင်းဟီရဲ့ ခန္ဓာကိုယ်ဟာ အဆင့်တက်ဖို့ အတားအဆီး မရှိတော့တာပါပဲ။
ပုံမှန်အားဖြင့် တန်ခိုးရှင်တစ်ဦးဟာ အဆင့် (၇)ကို မတက်လှမ်းခင်မှာ သူတို့ရဲ့ ပါရမီကောင်းနေသရွေ့ အတားအဆီး သိပ်မရှိပါဘူး။ ကျင့်ကြံခြင်းက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုရောက်ရင် အလိုလို အဆင့်တက်သွားမှာပါ။
ဒါပေမဲ့ အဆင့် (၇) ကျော်သွားရင်တော့ အခြေအနေက ပြောင်းလဲသွားပါပြီ။
အဆင့် (၇) ရောက်ပြီးနောက်မှာ အဆင့်တစ်ခု တက်တိုင်း တက်တိုင်း ပြဿနာမျိုးစုံနဲ့ ကြုံရတတ်ပါတယ်။ အတားအဆီးကို မကျော်ဖြတ်နိုင်ဘူး ဆိုရင် တန်ခိုးကျင့်စဉ် အဆင့်က သတ်မှတ်အဆင့်ကို ရောက်နေရင်တောင် အဆင့်တက်လို့ မရနိုင်ပါဘူး။
ဒါပေမဲ့ ပြီးပြည့်စုံသော ခန္ဓာကိုယ်ပြောင်းလဲမှုကို ရရှိပြီးနောက်မှာ ဒီလိုပူပန်စရာတွေ မရှိတော့ပါဘူး။
တစ်နည်းအားဖြင့် ပြောရရင်... အခုကစပြီး ရှင်းဟီရဲ့ တန်ခိုးကျင့်စဉ် အဆင့်က သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်တာနဲ့ အဆင့်တွေကို အလွယ်တကူ တက်လှမ်းနိုင်တော့မှာပါ။ ဒါဟာ တကယ့်ကို အကြောက်စရာကောင်းဆုံး အချက် မဟုတ်ပါလား။
ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်းအကြောင်း မဟာသူတော်စင်ကြီးရဲ့ ရှင်းပြချက်ကို ကြားလိုက်ရတဲ့အခါမှာတော့ ဂူမင်ချောင် အပါအဝင် လူတိုင်းဟာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားကြပါတယ်။
ဂူမင်ချောင်ဟာ ဒီနေ့မှ ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ ဒါတွေအားလုံးဟာ ရှင်းဟီရဲ့ ကျေးဇူးကြောင့်လို့ ခံစားနေရဆဲပါ။
တကယ်လို့ ရှင်းဟီသာ ဒီနေ့ ဝိညာဉ်တော်တွေကို မဆင့်ခေါ်ပေးခဲ့ဘူးဆိုရင် ဂိုဏ်းအသီးသီးဟာ ဝိညာဉ်တော် အမွေအနှစ်တွေကို ရနိုင်ပါ့မလား။
ဒါကြောင့် ဒီနေ့မှာ ဖြောင့်မတ်သောလမ်းစဉ် ပဲဖြစ်ဖြစ်၊ မိစ္ဆာလမ်းစဉ်ပဲဖြစ်ဖြစ်၊ ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် ဝိညာဉ်တော် အမွေအနှစ် ရရှိထားသရွေ့ ရှင်းဟီကို စိတ်ရင်းနဲ့ ကျေးဇူးတင်နေကြမှာပါ။
ဒါတင်မကပါဘူး။ တစ်ကမ္ဘာလုံးမှာ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီဖြစ်လို့ အစက တန်ခိုးရှင် လမ်းစဉ် မလျှောက်လှမ်းနိုင်တဲ့ သူတွေလည်း ပေါကြွယ်ဝလာတဲ့ ဝိညာဉ်စွမ်းအင်တွေကြောင့် တန်ခိုးရှင်လမ်းစဉ်ကို စတင်နိုင်တော့မှာပါ။
အရင်က တန်ခိုးကျင့်စဉ် အဆင့်မတက်နိုင်ဘဲ တန့်ရပ်နေသူတွေလည်း ဒီစွမ်းအားတွေကြောင့် ပြန်လည် အဆင့်တက်နိုင်ကြပါလိမ့်မယ်။
သာမန်လူသားတွေတောင်မှ ပြည့်စုံတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ ပံ့ပိုးပေးမှုကြောင့် အသက်ရှည်လာနိုင်ပါပြီ။
ဒါကြောင့် ဂိုဏ်းအသီးသီးတင် ရှင်းဟီကို ကျေးဇူးတင်ရမှာ မဟုတ်ဘဲ ကျင့်ကြံသူအားလုံးနဲ့ လောကမှာရှိတဲ့ လူသားအားလုံးကပါ ရှင်းဟီကို ကျေးဇူးတင်ရမှာပါ။
အစပိုင်းမှာတော့ ဂူမင်ချောင်ဟာ ရှင်းဟီက သူ့ကို ကမ္ဘာ့နတ်ဘုရား ဖြစ်ခွင့်ပေးလိုက်တဲ့အတွက် အတော်လေး အားနာနေမိပါသေးတယ်။
ဒါပေမဲ့ မဟာသူတော်စင်ကြီးရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ ဂူမင်ချောင်ဟာ လုံးဝ စိတ်သက်သာရာ ရသွားပါပြီ။
ဂူမင်ချောင်ဟာ သူ့ကိုယ်သူ ကောင်းကောင်းသိပါတယ်။ ဒီအဆင့်ကို တက်လှမ်းနိုင်တာဟာ သူ့ရဲ့ အကန့်အသတ်ပါပဲ။ ရှင်းဟီက အရာအားလုံးကို သူ့ဆီ ပေးအပ်ခဲ့လို့သာ ဒီအမြင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
ဒါပေမဲ့ ရှင်းဟီကတော့ မတူပါဘူး။ အခု ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်းနဲ့အတူ ကမ္ဘာ့နတ်ဘုရားအဆင့်ဆိုတာ ဂူမင်ချောင်အတွက် အဆုံးစွန်ဖြစ်ပေမဲ့ ရှင်းဟီအတွက်ကတော့ အစပဲ ရှိပါသေးတယ်။ ရှင်းဟီဟာ သေချာပေါက် ပိုမြင့်တဲ့ အဆင့်တွေကို တက်လှမ်းနိုင်မှာပါ။
ဒါကြောင့် အခုအချိန်မှာ မဟာသူတော်စင်ကြီးရဲ့ စကားကို နားထောင်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းသားတွေအနေနဲ့ ချူရှင်းဟီအတွက် အလွန်ကို ဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ချူရှင်းဟီ တစ်ယောက် တည်ကြည်လေးနက်နေတာ တွေ့ရမှာပါ။
ဘေးကနေ တည်ငြိမ်နေတဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို ကြည့်နေတဲ့ မာလင်းတစ်ယောက်ကတော့ အလွန် အထင်ကြီးလေးစားမှုတွေ ရင်ထဲ ပြည့်နေပါပြီ။
(ဒီနေ့မှာ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီဟာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ တစ်ကမ္ဘာလုံးက လူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ်။ ဂိုဏ်းချုပ်ကြီးကိုတောင် ကမ္ဘာ့နတ်ဘုရားအဆင့် ရောက်စေခဲ့တယ်။ ဒီနေရာမှာ ငါ မာလင်းဆိုရင် ငါ ဘယ်လောက်တောင် ဘဝင်မြင့်နေမလဲ။ လောကမှာရှိတဲ့ လူတိုင်းကို ငါ့ရှေ့မှာ လာပြီး ရှိခိုးဦးချခိုင်းရင်တောင် မလွန်ဘူး မဟုတ်လား။)
ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို ကြည့်ပါဦး။ ကျေးဇူးတရားနဲ့ ဂုဏ်ဒြပ်တွေအပေါ်မှာ မတုန်မလှုပ် တည်ငြိမ်နေပုံက ဘယ်လောက်တောင် လေးစားဖို့ကောင်းလဲ။
ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်းကို ခံယူထားပြီး တောက်ပတဲ့ အနာဂတ် ရှိနေတာတောင် ဂိုဏ်းတူအစ်ကိုကြီးဟာ နည်းနည်းလေးမှ မာန်တက်ခြင်း မရှိပါဘူး။ သူဟာ အမြဲတမ်း တည်ငြိမ်အေးဆေးမှုကို ထိန်းထားနိုင်ဆဲပါ။
ဒါမှ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီပဲ။
ချူရှင်းဟီကတော့ ကျေးဇူးတရားတွေအပေါ် တည်ငြိမ်နေတာလည်း ဘာမှန်းမသိသလို၊ ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်းဆိုတာ ဘာလဲဆိုတာလည်း မသိပါဘူး။ သူ ပြောချင်တာကတော့ "မင်းတို့တွေ ဘာများသိကြလို့လဲကွာ" ဆိုတာပါပဲ။
(ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲမှုပြီးရင် အတားအဆီးတွေ မရှိတော့ဘူး ဟုတ်လား။)
(အဲဒါက မင်းတို့ဆီမှာပဲ အတားအဆီး မရှိတာ။ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဆိုတာ ဘာလဲဆိုတာ သိကြလို့လား။ ငါ့မှာဒီသံလိုက်အိမ်မြှောင် ရကတည်းက အတားအဆီးတွေနဲ့ပဲ ကြုံနေကျပဲလေ။)
(ပြီးတော့ တန်ခိးကျင့်စဉ် အဆင့်က အကန့်အသတ် တစ်ခုကို ရောက်ရင် အဆင့်တက်မယ် ဟုတ်လား။ ငါ့ကျင့်ကြံခြင်းကဘယ်နားက အကန့်အသတ်ကို ရောက်မှာလဲ။ ငါ့ရဲ့အဆင့်တက်ပုံတက်နည်းက မင်းတို့နဲ့ တူလို့လား။ ငါဘယ်လောက်ပဲ အသည်းအသန် ကျင့်ကြံပါစေ၊ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်က သတ်မှတ်ထားတဲ့ အဆင့်မြှင့်တင်မှု စံနှုန်းနဲ့ မကိုက်ညီရင် ဘယ်လိုလုပ် အဆင့်တက်နိုင်မှာလဲ။)
တကယ်လို့ မဟာသူတော်စင်ကြီးက ခုနက စကားတွေကိုသာ မပြောခဲ့ရင် ချူရှင်းဟီ တစ်ယောက် စိတ်သက်သာရာ ရဦးမှာပါ။ အခုတော့ မဟာသူတော်စင်ကြီးရဲ့ စကားကို ကြားပြီး ချူရှင်းဟီမှာ ငိုချင်စိတ်တောင် ပေါက်သွားပါတယ်။
(ဒီ "ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲမှု" ဆိုတာ တခြားသူတွေအတွက်တော့ အရမ်းအစွမ်းထက်ပေမဲ့ ငါချူရှင်းဟီအတွက်တော့ ဘာမှအသုံးမဝင်ပါဘူးကွာ။)
(ငါ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဂိုဏ်းကို ကံဆိုးမှုတွေ ဆောင်ကြဉ်းပေးဖို့ပါပဲ။ အကယ်၍ ဂိုဏ်းကသာ ဘာမှမဆုံးရှုံးဘူးဆိုရင် ငါဒီတစ်သက် ဘယ်တော့မှ အဆင့်တက်နိုင်မှာ မဟုတ်တော့ပါဘူး။)
ဒါပေမဲ့ ဂိုဏ်းရဲ့ ဆုံးရှုံးမှုအကြောင်း တွေးမိလိုက်တဲ့အခါမှာတော့ ချူရှင်းဟီရဲ့ စိတ်အခြေအနေက နည်းနည်းလေး ပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ သူ စိတ်ပျော်အောင် ကြိုးစားနေတုန်းမှာတင် ချန်ရှောင်ထျန်း က ဘိုးဘေးအင်မော်တယ် မြို့တော်က လူတစ်စုကို ဦးဆောင်ပြီး သူတို့ဆီ လျှောက်လာနေပါပြီ။
ဒီနေ့မှာ ချန်ရှောင်ထျန်းရဲ့ စိတ်အခြေအနေက အတော်ကို ရှုပ်ထွေးနေပါတယ်။ သူ့ရဲ့ စိတ်ရှုပ်ထွေးမှုကတော့ အဓိကအားဖြင့် သူ့ရဲ့ တန်ခိုးကျင့်စဉ် အဆင့်ကြောင့်ပါပဲ။
ချန်ရှောင်ထျန်းဟာ ရောင်ခြည်ခုနစ်သွယ် ခန္ဓာကိုယ်အမွေအနှစ်ကို ရရှိပြီး ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ကို ရောက်သွားတဲ့အချိန်မှာ သူဟာ လောကမှာ ဒုတိယလူ မဟုတ်တော့ဘူးလို့ ခံစားခဲ့ရပါတယ်။ သူဟာ ဂူမင်ချောင်ရဲ့ ပုခုံးကို နင်းပြီး လောကရဲ့ အငြင်းပွားဖွယ်မရှိတဲ့ နံပါတ် (၁) ဖြစ်လာတော့မယ်လို့ ထင်ခဲ့တာပါ။
အဲဒီအချိန်တုန်းကတော့ သူဟာ တကယ့်ကို လောကရဲ့ နံပါတ် (၁) ဖြစ်ခဲ့ပြီ ဆိုတာ အချက်အလက်တွေက သက်သေပြနေတယ် မဟုတ်ပါလား။ ဒါပေမဲ့ အဲဒီ "လောကရဲ့ နံပါတ် (၁)" ဆိုတဲ့ ဘွဲ့လက်မှတ်လေးက သက်တမ်း တိုလွန်းသွားတာပါပဲ။ သူကိုယ်သူ နံပါတ် (၁) လို့ အခေါ်မခံရသေးခင်မှာတင် ဂူမင်ချောင်က သူ့ကို နံပါတ် (၁) နေရာကနေ ကန်ချလိုက်ပါပြီ။
ဒါကြောင့် ချန်ရှောင်ထျန်းက သူဟာ သမိုင်းတစ်လျှောက် နံပါတ် (၁) နေရာမှာ အချိန်အတိုဆုံး ရခဲ့သူလားလို့တောင် တွေးမိနေပါတယ်။
(မင်းတို့သာ ဆိုရင်ကော စိတ်အခြေအနေက ကောင်းပါဦးမလား။)
ဒါပေမဲ့ စိတ်တွေ ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ၊ ချန်ရှောင်ထျန်းဟာ ဘိုးဘေးအင်မော်တယ် မြို့တော်က လူတွေကို ဦးဆောင်ပြီး ချူရှင်းဟီရဲ့ ဘေးကို ရောက်လာပါပြီ။
လောကရဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ ဒုတိယမြောက် ပုဂ္ဂိုလ်ကြီး ချန်ရှောင်ထျန်းဟာ ချူရှင်းဟီကို လက်သီးနှစ်ဖက်ယှက်ပြီး ဂါရဝပြုလိုက်ပါတယ်။ သူ့နောက်က ဘိုးဘေးအင်မော်တယ် မြို့တော်က ဂိုဏ်းသား အားလုံးလည်း ချူရှင်းဟီကို လက်သီးနှစ်ဖက်ယှက်ပြီး ဂါရဝပြုကြပါတယ်။
ဘိုးဘေးအင်မော်တယ် မြို့တော်တင် မကပါဘူး၊ ဒီအချိန်မှာ ဂိုဏ်းအသီးသီးက လူတွေဟာလည်း ဒီဘက်ကို စုပြုံရောက်ရှိလာကြပါတယ်။ ဒီနေ့မှာ ထောင်စုနှစ် သန့်စင်သော ဝိညာဉ်တော် အမွေအနှစ် ရရှိထားသူတိုင်းဟာ ချူရှင်းဟီကို လက်သီးနှစ်ဖက်ယှက် ဂါရဝပြုလိုက်ကြပါတယ်။
ဒီလို လေးစားခံရမှုကိုတော့ ပထမဆုံး ကမ္ဘာ့နတ်ဘုရားဖြစ်တဲ့ ဂူမင်ချောင်တောင်မှ ရရှိဖို့ အရည်အချင်း မပြည့်မီပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ချူရှင်းဟီမှာ ဒီလို အရည်အချင်း ရှိနေပါပြီ။
ဘာကြောင့်လဲဆိုတော့ ချူရှင်းဟီသာ မရှိရင် အခုပွဲတော်ဟာ သာမန် ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီးတစ်ခုသာ ဖြစ်နေမှာပါ။ ဒါပေမဲ့ ချူရှင်းဟီက ဒီပွဲကို ထူးခြားတဲ့ နည်းလမ်းနဲ့ ကျင်းပပေးခဲ့ရုံတင်မကဘဲ ဝိညာဉ်တော်တွေကိုပါ နိုးထစေခဲ့ပြီး လူတိုင်းကို အကျိုးကျေးဇူးတွေ ရစေခဲ့တာမို့ ချူရှင်းဟီဟာ ဒီဂါရဝပြုမှုကို ခံယူထိုက်ပါတယ်။
ဂိုဏ်းတွေနဲ့ အစွမ်းထက် တန်ခိုးရှင်တွေက တစ်ယောက်ပြီးတစ်ယောက် ချူရှင်းဟီကို ဂါရဝပြုကြပါတယ်။ ဝူရှင်းယန် တောင် ချန်မကျန်ခဲ့ပါဘူး။ ဒီနေ့မှာ သူတို့ရဲ့ မိစ္ဆာအရိပ်ဂိုဏ်းလည်း ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရခဲ့တာမို့ ဝူရှင်းယန်လည်း ချူရှင်းဟီကို အရမ်းကျေးဇူးတင်နေပါတယ်။
ချူရှင်းဟီဟာ မိစ္ဆာအရိပ်ဂိုဏ်းရဲ့ နံပါတ် (၁) ရန်သူတော်ကြီးလို့ လူသိများပေမဲ့ ဒီနေ့မှာတော့ သူဟာ လူတိုင်းကို တကယ်ပဲ ကူညီပေးခဲ့တာပါ။
အဲဒီလိုနဲ့ ချူရှင်းဟီဟာ လူတိုင်း သူ့ရှေ့ကို လာပြီး သင်္ချိုင်းကန်တော့သလိုမျိုး တိတ်ဆိတ်စွာ ဂါရဝပြုနေကြတာကို ကြည့်နေရပါတယ်။ အဲဒီခံစားချက်က... သက်ရှိထင်ရှား ရှိနေတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုပဲကြည့်ကြည့် အနေရခက်လှပါတယ်...
ဒါဟာ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီး ဖြစ်ရမှာပါ။ ဘာတွေဖြစ်ခဲ့မှန်း မသိတဲ့သူသာ ဆိုရင်တော့ လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က တန်ခိုးရှင်ကြီးတွေကို အောက်မေ့နေတာ မဟုတ်ဘဲ ချူရှင်းဟီကို ဂုဏ်ပြုနေကြတာလို့ ထင်မိမှာပါ။
နောက်ဆုံးအဖွဲ့က ဂါရဝပြုလို့ ပြီးသွားတဲ့အခါမှာတော့ ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီး တစ်ခုလုံးဟာလည်း ပြီးဆုံးပါတောမ့ယ်။ မူလလုပ်ထုံးလုပ်နည်းအရဆိုရင် အခမ်းအနားပြီးတဲ့နောက်မှာ ခမ်းနားတဲ့ စားသောက်ပွဲတော်ကြီးရှိရမှာပါ။
ဒါပေမဲ့ စားသောက်ပွဲတော်ကြီး မကျင်းပရသေးခင်မှာတင် ချန်ရှောင်ထျန်းက ဘိုးဘေးအင်မော်တယ် မြို့တော်သားတွေကို ဦးဆောင်ပြီး နှုတ်ဆက်ဖို့ လုပ်နေပါပြီ။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဘိုးဘေးအင်မော်တယ် မြို့တော်ဟာ ဒီတစ်ခါမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရခဲ့တာပါ။ ချန်ရှောင်ထျန်းရဲ့ ကျင့်ကြံခြင်းကလည်း ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ကို ရောက်သွားခဲ့သလို၊ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတာကလည်း သူ့ကို ကမ္ဘာ့နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ဆိုတဲ့ ပန်းတိုင်အသစ်တစ်ခု ရလိုက်သလိုပါပဲ။
(အဲဒီ ဂူမင်ချောင်ကတော့ ရှင်းဟီရဲ့ အကျိုးကျေးဇူးကြောင့် ကမ္ဘာ့နတ်ဘုရား ဖြစ်သွားတယ်။ ငါ ချန်ရှောင်ထျန်းကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကမ္ဘာ့နတ်ဘုရား အဆင့်တက်လှမ်းနိုင်တဲ့ ပထမဆုံးလူ ဖြစ်စေရမယ်။)
ဒါကြောင့် ချန်ရှောင်ထျန်းဟာ စားသောက်ပွဲတော်ကြီးကို ဂရုမစိုက်တော့ဘဲ တံခါးပိတ် တရားကျင့်ဖို့ ပြန်တော့မယ် ပြောပြီး နှုတ်ဆက်ပါတယ်။
ချန်ရှောင်ထျန်းတင် မကပါဘူး၊ တခြားအဖွဲ့တွေ အားလုံးနီးပါးကလည်း အမွေအနှစ်ရဲ့ ကျန်ရှိနေတဲ့ အနှစ်သာရကို အပြည့်အ၀ ဆုပ်ကိုင်ပြီး သူတို့ရဲ့ အခြေခံ တည်ဆောက်ဖို့အတွက် အမြန်ပြန်ချင်နေကြပါပြီ။
လူတိုင်းက အသီးသီးကနေ နှုတ်ဆက်လာကြတဲ့အခါမှာတော့ ဂူမင်ချောင်အနေနဲ့လည်း သူတို့ကို ဆွဲထားစရာ အကြောင်းမရှိတာကြောင့် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တောင်ခြေဂိတ်တံခါးဝအထိ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဂူမင်ချောင်ကို နှုတ်ဆက်ပြီး တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်းကို သုံးပြီး ပြန်ဖို့ ပြင်နေကြတဲ့ ဘိုးဘေးအင်မော်တယ် မြို့တော်သားတွေကို အပြေးအလွှား ရောက်လာတဲ့ ချူရှင်းဟီက ရုတ်တရက် တားလိုက်ပါပြီ။
"မြို့တော်ရှင်ချန်... အလောမကြီးပါနဲ့ဦး၊ ဆရာကြီးတို့ ပစ္စည်းတွေ မယူရသေးဘူးလေ။"
မဟာမိုးကောင်းကင်ဂိုဏ်း တပည့်တစ်စုကို ဦးဆောင်ပြီး ချူရှင်းဟီ တစ်ယောက် အပြေးအလွှား ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ ချူရှင်းဟီဟာ သူ့လက်ထဲမှာ သိုလှောင်ခန်း လက်စွပ်တစ်ကွင်းကို ကိုင်ထားပြီး ဘာမှရှင်းပြမနေဘဲ ချန်ရှောင်ထျန်း ဆီကို ကမ်းပေးလိုက်ပါတယ်။ ဒါဟာ အရင်က သဘောတူထားတဲ့ "ပွဲတက်ကြေး" ဖြစ်တယ်ဆိုပြီးလည်း ပြောလိုက်ပါတယ်။
ချန်ရှောင်ထျန်း တစ်ယောက်တည်းတင် မကပါဘူး၊ ချူရှင်းဟီဟာ မဟာမိုးကောင်းကင်ဂိုဏ်းကနေ ထွက်ခွာတော့မယ့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ အားလုံးကိုလည်း သူတို့ရဲ့ ပွဲတက်ကြေးတွေကို တစ်ဦးချင်းစီ လိုက်ပေးနေပါတယ်။
ဒါပေမဲ့ ချူရှင်းဟီ ကမ်းပေးလိုက်တဲ့ လက်စွပ်ကို မြင်လိုက်ရတဲ့အခါ ချန်ရှောင်ထျန်းရဲ့ မျက်နှာအမူအရာဟာ ရုတ်တရက် ပျက်သွားခဲ့ပါပြီ။
"ရှင်းဟီ... မင်းက ငါ ချန်ရှောင်ထျန်းကို စော်ကားနေတာလား။"
"ဒီတစ်ခါမှာ ငါ ချန်ရှောင်ထျန်းဟာ မင်းရဲ့ အကူအညီကို ရခဲ့တယ်။ ရှင်းဟီ။ ငါ့ရဲ့ တန်ခိုးကျင့်စဉ် အဆင့်လည်း တိုးတက်လာပြီး ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ။ ငါ့ရဲ့ ဘိုးဘေးအင်မော်တယ် မြို့တော်ထဲက လူအတော်များများလည်း အဆင့်တက်နိုင်ခဲ့ကြတယ်။ တကယ်လို့သာ ငါက အခု မင်းပေးတဲ့ ဝိညာဉ်ကျောက်တုံးတွေကို လက်ခံလိုက်မယ်ဆိုရင် တစ်လောကလုံးက ငါ ချန်ရှောင်ထျန်းကို လက်ညှိုးထိုး တံတွေးဝိုင်းထွေးကြတော့မှာပေါ့။"
ချန်ရှောင်ထျန်းတင် မကပါဘူး၊ အရင်က ချူရှင်းဟီနဲ့ သဘောတူညီမှု ယူထားခဲ့တဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ အားလုံးကလည်း ချန်ရှောင်ထျန်း ပြောတာ မှန်ကန်ကြောင်း ခေါင်းညိတ် ထောက်ခံကြပါပြီ။ သူတို့ အရင်က အမြင်ကျဉ်းမြောင်းခဲ့မိတာပါလို့လည်း ဝန်ခံကြပါတယ်။
(ရှင်းဟီ... မင်းက ဒီလောက်အထိ ကြီးကျယ်တဲ့ ကောင်းမှုကုသိုလ်ကြီးကို လုပ်မယ်ဆိုတာ ငါတို့ သိမှမသိခဲ့တာ။ တကယ်လို့သာ သိခဲ့မယ်ဆိုရင် မင်းဆီက ဝိညာဉ်ကျောက်တုံး တောင်းဖို့ နေနေသာသာ မင်းကိုတောင် ငါတို့က ဝိညာဉ်ကျောက်တုံးတွေ ပြန်ပေးမိမှာပါကွာ။)
အဲဒီနောက်မှာတော့ အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်နေတဲ့ ချူရှင်းဟီရဲ့ အကြည့်အောက်မှာတင် အဲဒီထိပ်သီး ပုဂ္ဂိုလ်ကြီးတွေဟာ နောက်ကိုတောင် လှည့်မကြည့်ဘဲ ထွက်ခွာသွားကြပါတော့တယ်။
လက်ထဲမှာ သိုလှောင်ခန်း လက်စွပ်တွေ အပုံလိုက်ကိုင်ပြီး ချူရှင်းဟီ တစ်ယောက် ဆွံ့အပြီး ကျန်ရစ်ခဲ့ပါပြီ။
(ဘာတွေလဲဟင်။ ဒါက သဘောတူထားတဲ့ ပွဲတက်ကြေးလေ... ဆရာကြီးတို့အားလုံး ဘာဖြစ်လို့ မယူကြတာလဲ။)
(ဒီလို လုပ်လိုက်တော့ ကျွန်တော် ချူရှင်းဟီရဲ့ ခံစားချက်ကိုကော ထည့်စဉ်းစားကြသေးရဲ့လား။)
(ဒါက ဆရာကြီးတို့ ကျွန်တော့်ကို ကျေးဇူးတင်နေတာလား။ ဒါ ကျွန်တော့်ရဲ့ ဒဏ်ရာပေါ်ကို ဆားနဲ့ ပက်နေတာလေ။၊ သိရဲ့လား။)
(ဒီပွဲတက်ကြေးတွေကို မယူတာက ကျွန်တော့်ကို ကျေးဇူးဆပ်တာလား။)
(ဆရာကြီးတို့ တကယ် ကျေးဇူးတင်တယ်ဆိုရင် ဒီပွဲတက်ကြေးတွေကို ယူလိုက်ရမှာလေ။ အဲဒါမှ ကျေးဇူးတင်ရာ ရောက်မှာ။)
(ဖြောင့်မတ်သောလမ်းစဉ်က လူတွေ မယူတာ ထားလိုက်ပါတော့... ဝူရှင်းယန်... ဆရာကြီးကပါ ငြင်းတာက ဘာသဘောလဲဟင်။)
(ဆရာကြီးတို့ မိစ္ဆာအရိပ်ဂိုဏ်းသားတွေ ဘယ်လောက်တောင် ဆင်းရဲနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြရဲ့လား။ အသိတရား မရှိကြဘူးလား။)
(ကျွန်တော့်ရှေ့မှာ လာပြီး ဘာတွေ လာဟန်ဆောင်နေကြတာလဲ။)
***