ချူဟောင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ခဏလေးစောင့်ဦး ဖုန်းတစ်လုံး အရင်ဝယ်လိုက်ဦးမယ်"
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလာသည်။
"ညီလေးရာ ... ကြိုက်တဲ့ ဖုန်းမော်ဒယ်ကိုသာ ယူလိုက်စမ်းပါ။ ဦးလေးရဲ့ အခက်အခဲကိုသာ ကူညီပေးနိုင်မယ်ဆိုရင် ဖုန်းတစ်လုံးမကဘူး ဆယ်လုံးယူမလား … မင်းကြိုက်သလောက်ယူ"
ချူဟောင်က စိတ်ထဲက ကြိတ်ပြီး ဝမ်းသာနေမိသည်။
‘ငါကတော့ တော်တော်ကံကောင်းနေပြီဟေ့ အပြင်လေး ခဏထွက်လိုက်တာ ဖုန်းအလကားပေးမယ့်သူနဲ့ ကွက်တိကို လာတိုးနေတာပဲ’
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားက အရောင်းဝန်ထမ်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ရှောင်ကျောက် … ဒီညီလေး ကြိုက်တဲ့ဖုန်းကို ထုတ်ပေးလိုက်၊ အဆင်ပြေသလို လုပ်ပေးလိုက်"
"သူဌေးက တကယ်ကို ရက်ရောတာပဲ …"
အရောင်းဝန်ထမ်းမလေး ရှောင်ကျောက်က မနာလိုစွာဖြင့် ပြောပြီး …
"ဟုတ်ကဲ့ပါ သူဌေး" ဟု ပြန်ဖြေလာသည်။
သူက ဖုန်းဆိုင်ပိုင်ရှင် ဖြစ်နေ၍လည်း ဤမျှ ရက်ရောနေခြင်းပင်။
ချူဟောင်က ပိုက်ဆံရှင်းရန် ပြင်လိုက်ပြီး စကားတစ်ခွန်း ထပ်ဆိုလိုက်သည်။
"ဖုန်းကတ်တစ်ခုလည်း ဝယ်ချင်ပါတယ်"
"ရှောင်ကျောက်၊ ညီလေးအတွက် အဆင်ပြေမယ့် ဖုန်းနံပါတ်တစ်ခု အမြန်ရှာပေးလိုက်။ ဂဏန်းလှတာလေးတွေနဲ့ မှတ်မိရလွယ်တာလေးတွေပဲ ရှာပေးနော်"
ထိုလူက ထပ်မံညွှန်ကြားလိုက်ပြန်သည်။
ရှောင်ကျောက် : "..."
ချူဟောင်က မျက်နှာပြောင်တိုက်ကာ …
"ဖုန်းဘေလ်လည်း နည်းနည်းလောက် ထည့်ပေးပါဦး"
ထိုစကားကို ကြားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလာသည်။
"ရှောင်ကျောက်၊ ဖုန်းဘေလ် ယွမ်တစ်ထောင်ဖိုး ထည့်ပေးလိုက်။ ငါ့အကောင့်ထဲကပဲ နှုတ်လိုက်တော့ ကြားလား"
ရှောင်ကျောက် တစ်ယောက် လုံးဝဆွံ့အသွားတော့သည်။
ရှားပါးသည့် နံပါတ်လှ ဖုန်းနံပါတ်တစ်ခုတည်းတင် ယွမ်တစ်သောင်းခန့် တန်ဖိုးရှိသည်။ သူ၏ သူဌေးကတော့ တကယ်ကို လက်ဖျားငွေသီးနေသူပင်။
သက်လတ်ပိုင်းရွယ် အမျိုးသား၏ ပြောစကားကို ကြားလိုက်ရသောအခါ ချူဟောင်ပင် အားနာသွားတော့သည်။ ချူဟောင်က တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း အဆိုပါအမျိုးသားက လက်ကာပြလိုက်သည်။
"ဒါတွေက ဘာမှမဟုတ်ပါဘူး ညီလေးရာ၊ ငါ့ကိစ္စကိုသာ အဆင်ပြေအောင် လုပ်ပေးစမ်းပါ"
ရှောင်ကျောက်က ချူဟောင်ကို အားကျသည့်အကြည့်များဖြင့် ကြည့်နေမိသည်။
‘အရည်အချင်းရှိသူတွေကတော့ တကယ်ကို ကွဲထွက်ပြီး ထူးခြားနေတာပဲ’
သူမက ချူဟောင်အတွက် ဖုန်းနှင့် ဆင်းမ်ကတ်ကို ပြင်ဆင်ပေးနေရင်း ချူဟောင် သူမကို သတိထားမိသွားစေရန် ခဏခဏ မျက်စပစ်ပြနေမိသည်။
ချူဟောင်ကလည်း ဆိုင်ဝန်ထမ်း အမျိုးသမီးသည် အတော်အတန် ဆွဲဆောင်မှုရှိကြောင်း သတိထားမိသော်လည်း မကြာသေးမီကမှ နတ်သမီးအလား လှပသည့် အမျိုးသမီးများနှင့် နီးကပ်စွာ နေထိုင်ခဲ့ရသဖြင့် သူ၏ စိတ်ခံစားချက်များမှာ ထုံထိုင်းနေတော့သည်။
ချူဟောင် ဖုန်းရသည်နှင့် သူဌေးက သူ့ကို ကားပေါ်သို့ ဆွဲခေါ်သွားပြီး အဆင့်မြင့် လူနေရပ်ကွက်တစ်ခုဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားတော့သည်။
ချူဟောင်က ရုတ်တရက် မေးကြည့်လိုက်သည်။
"ဦးလေး ... ဦးလေးကြည့်ရတာ အရမ်းကြီး လောနေသလိုပဲနော်"
သူ၏စကားကို ကြားသောအခါ သက်လတ်ပိုင်းအရွယ်အမျိုးသားက စိတ်ဓာတ်ကျနေသည့် လေသံဖြင့် ပြန်ပြောလာသည်။
"ငါ အဲဒီအရာရဲ့ နှိပ်စက်တာကို ခံနေရတာ တော်တော်ကို ကြာနေပြီ ညီလေးရာ … တကယ် ရူးတော့မလိုပဲ။ စိတ်လည်း တော်တော်ညစ်နေပြီ"
ချူဟောင်လည်း နားလည်ဟန်ပြကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သိပ်မကြာခင် သက်လတ်ပိုင်းအရွယ် အမျိုးသားနေထိုင်သည့် နေအိမ်သို့ရောက်ရှိသွားတော့သည်။
အိမ်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ ငယ်ရွယ်ပုံပေါ်သည့် မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူမသည် ဆိုဖာပေါ်တွင် ထိုင်နေကာ ခြေတံရှည်ရှည်လေးများကို လှုပ်ယမ်းနေသည်။
သူမက သွက်လက်မည့်ပုံပေါ်ကာ လှပသည့်မျက်လုံးဝိုင်းကြီးများကို ပိုင်ဆိုင်ထားသည်။ ပီကာချူးပုံပါသော တီရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အရွယ်နှင့်မလိုက်အောင် ထွားကြိုင်းကာ ဖက်ရှင်ကျသည့် ပုံစံမျိုး ရှိနေသည်။
"အဖေ ... ပြန်လာတာ စောလှချည်လား"
သူမက ပန်းသီးကို ကိုက်ရင်း မေးလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်များက နူးညံ့သွားပြီး ပြန်ပြောလိုက်သည်။
"ခယ်ခယ် ... အဖေက တာအိုဆရာကြီးတစ်ယောက်ကို လမ်းမှာတွေ့လို့ ပင့်လာတာ"
မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ကာ စိတ်မရှည်သည့်လေသံဖြင့် ပြောလာ၏။
"နောက်တစ်ယောက်လား … မဟုတ်သေးပါဘူး အဖေရယ်။ အဖေက ညတိုင်း အိပ်ရေးပျက်နေတော့ လူက အားနည်းနေတာပေါ့။ ဆေးရုံသွားပြီး စစ်မကြည့်ဘဲ ဘာလို့ တာအိုဆရာကြီးတွေပဲ ခေါ် ခေါ်လာနေတာလဲ … ဒီတစ်ယောက်နဲ့ဆို အဖေခေါ်လာတာ ဘယ်နှယောက်ရှိပြီလဲ"
"ဒီကိစ္စက ကလေးနဲ့ ဘာဆိုင်လို့လဲ … ကလေးတွေက ဘာသိလို့လဲ၊ သွား ... စာသွားလုပ်တော့”
အမျိုးသားက ခပ်တည်တည် နှင်လိုက်သော်လည်း ခယ်ခယ်က နှုတ်ခမ်းဆူကာ ငြင်းဆန်နေသည်။
“မလုပ်ဘူး”
သက်လတ်ပိုင်းအရွယ် အမျိုးသားက ကူကယ်ရာမဲ့သွားစွာ ရေရွတ်လိုက်သည်။
“ဒီ ကလေးကတော့လေ …”
ထို့နောက် သူက ချူဟောင်ကို မိတ်ဆက်ပေးလိုက်သည်။
“အဲဒါ ဦးလေးသမီးလေ … သူက နည်းနည်းဆိုးတော့ သည်းခံပေးပါဦး။ ကျေးဇူးပြုပြီး အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို တစ်ချက်လောက် စစ်ဆေးကြည့်ပေးလို့ရမလား”
သို့သော် ထိုကလေးမက သိပ်ကျေနပ်ပုံမရပေ။
“ဖေဖေ … ဒီလောက် အသက်ငယ်တဲ့သူက ဘယ်လိုလုပ် စွမ်းတဲ့ဆရာဖြစ်နိုင်မှာလဲ။ ကြည့်ရတာ သူက သမီးထက် ဘယ်လောက်မှ ကြီးမယ်မထင်ဘူး”
သက်လတ်ပိုင်း အမျိုးသားက လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။
“အနည်းဆုံးတော့ သူက မင်းထက် ၅ နှစ်ကြီးသေးတယ်”
ကလေးမက ချူဟောင်ကို ယုံကြည်သည့်ပုံမရ … သူမ၏ မျက်လုံးဝိုင်းကြီးများက ချူဟောင်၏ ဝိညာဉ်များကို ထိုးဖောက်ကြည့်နေသလို တောက်ပနေ၏။
ချူဟောင်လည်း လျစ်လျူရှုကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ သူ့တွင်ရှိသော သရဲမြင်လက်စွပ်ကြောင့် မီတာ ၁၀၀ အတွင်းရှိ မည်သည့်သရဲ (သို့မဟုတ်) ယင်စွမ်းအင် ဖုံးလွှမ်းနေသည့် အရာကိုမဆို မလွတ်တမ်း မြင်နိုင်သည်။
ချူဟောင်က ဘုရားစင်ပေါ်ရှိ ကျောက်ဓားမြှောင်လေးတစ်ချောင်းတွင် ယင်စွမ်းအင်များ ထွက်ပေါ်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
"ဦးလေး ... ဒီကျောက်ဓားမြှောင်က ဘာလို့ ဘုရားစင်ပေါ် ရောက်နေတာလဲ"
သက်လတ်ပိုင်းအရွယ် အမျိုးသားက ဝမ်းသာသွားသည်။ သူက ချူဟောင်၏ အရည်အချင်းကို ဦးစွာ စမ်းသပ်ချင်သဖြင့် မည်သည့်အရာမှ မပြောဘဲ ထားခဲ့ခြင်းဖြစ်သည်။
"ညီလေးက တကယ့်ကျွမ်းကျင်သူပဲ။ ဝင်လာတာနဲ့ ကျောက်ဓားမှာ ပြဿနာရှိမှန်း တန်းသိတာပဲ"
"ဦးလေးက သိရဲ့သားနဲ့ ဘာလို့ လွှင့်မပစ်တာလဲ" ဟု ချူဟောင်က မေးလိုက်ရာ အမျိုးသား၏ မျက်နှာက ကွက်ကနဲပျက်သွားသည်။
"ငါ လွှင့်ပစ်ဖူးတာပေါ့ ညီလေးရာ … ဒါပေမဲ့ နောက်နေ့ဆို အဲဒီဓားက ဘုရားစင်ပေါ် အလိုလို ပြန်ရောက်နေတာကွ။ မြေမြှုပ်ပစ်လည်း မရဘူး။ ဖျက်ဆီးပစ်မလို့ လုပ်တော့လည်း ဆရာတစ်ယောက်က ဒါကို သွားမထိနဲ့တဲ့ … သေသွားလိမ့်မယ်လို့ သတိပေးထားတယ်"
ချူဟောင်က ခေတ္တမျှ စဉ်းစားလိုက်သည်။ တစ္ဆေကျမ်းအရ ကျောက်ဓားထဲတွင် တစ်ခုခု ပုန်းကွယ်နေနိုင်သဖြင့် သရဲမြင်လက်စွပ်က အသေးစိတ် မမြင်ရခြင်း ဖြစ်နိုင်သည်။
“စနစ်၊ သရဲမြင်လက်စွပ်က ချို့ယွင်းချက် ရှိနေတာလား”
[စနစ် : မရှိပါ။ အစွမ်းထက်တဲ့ သရဲဖြစ်ရင် ကိုယ်ရောင်ဖျောက်ထားနိုင်ပါတယ်။ 'ရာနှုန်းပြည့် သရဲမြင်လက်စွပ် အင်းစာသား' ကို ဝယ်ယူဖို့ အကြံပြုလိုပါတယ်]
ချူဟောင်က မဆိုင်းမတွပင် ဝယ်ယူလိုက်တော့သည်။
[ဒင် ပိုင်ရှင်သည် ရာနှုန်းပြည့် သရဲမြင်လက်စွပ် အင်းစာသားကို ဝယ်ယူပြီးပါပြီ။ ရှိုးထုတ်ရမှတ် ၁၀ မှတ် ကုန်ကျပါတယ်]
ချူဟောင်က အင်းစာသားကို ထုတ်ယူလိုက်ပြီး မန္တာန်ကို ရွတ်ဆိုလိုက်သည်။
"တာအိုနတ်ဘုရား သုံးပါး ... မြင့်မြတ်သောအလင်း ပေါ်ထွန်းစေ ... မိစ္ဆာအပေါင်းတို့ ... အစစ်အမှန်ပုံစံကို ပြစေသတည်း ..."
ချက်ချင်းပင် အင်းစာသားမှ ရောင်စဉ်ခုနစ်သွယ် အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်အိမ်လုံးကို လင်းထိန်သွားစေသည်။ ခယ်ခယ်နှင့် ဦးလေးကြီးမှာ အဆိုပါမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
[ဒင် ... ပိုင်ရှင်သည် လူအထင်ကြီးအောင် ရှိုးထုတ်နိုင်သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
ထိုအချိန်တွင် စနစ်ထံမှ သတိပေးချက်တစ်ခု ထပ်မံထွက်ပေါ်လာသည်။
[သတိပေးချက် : ပိုင်ရှင်သည် ဖုံးကွယ်ထားသော မစ်ရှင် 'လျှို့ဝှက်ဆန်းပြားသော ကျောက်ဓားမြှောင်' ကို စတင်လိုက်ပါပြီ]
စနစ်၏ သတိပေးသံကို ကြားလိုက်ရသောအခါ ချူဟောင် အင်မတန် ထိတ်လန့်သွားသည်။
‘မစ်ရှင်တဲ့လား … B အဆင့် မစ်ရှင်တုန်းကတောင် သရဲဆိုးတွေ အများကြီးသတ်ခဲ့ရတာ … ဒီ မစ်ရှင်ကရော ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ’
"မိုက်မဲတဲ့ လူသား ... ငါ အနားယူနေတာကို နှောင့်ယှက်ရဲတယ်လား။ အသက်တွေ ပေါနေတယ်ပေါ့"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ကျောက်ဓားထဲမှ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး လွင့်မျော ထွက်ပေါ်လာသည်။
သူမက ယနေ့ခေတ်တွင် မြင်တွေ့ဖူးနေကျပုံစံ မဟုတ်သည့် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ချူဟောင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
“အား …”
ခယ်ခယ်နှင့် သက်လတ်ပိုင်း အမျိုးသားမှာ အသံကုန် အော်ဟစ်ပြီး နောက်သို့ ကြောက်လန့်တကြား ဆုတ်သွားကြသည်။
အိမ်ခန်းအတွင်း ပြင်းထန်သည့် ယင်စွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး အားလုံး နေရခက်သွားလေ၏။ ထို့ကြောင့် ချူဟောင်က ခပ်တည်တည် အော်လိုက်သည်။
"ဟမ့် … မင်းက ဘယ်လို မကောင်းဆိုးရွားမျိုးလဲ"
သို့သော် အမျိုးသမီးက စကားတစ်ခွန်းမှမပြောဘဲ ချူဟောင်ကို ထက်ရှသည့် လက်သည်းများဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သို့သော် သူမ၏တိုက်ခိုက်မှုက အရာမထင်ပေ … ချူဟောင်တွင် ရွှေခေါင်းလောင်း အဆောင်ရှိနေ၏။
ရွှေခေါင်းလောင်း အဆောင်ထံမှ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ချူဟောင်ကို လွှမ်းခြုံသွားကာ သူမကို နောက်သို့ လွင့်စင်သွားစေသည်။ ထိုအမျိုးသမီးသည် နောက်သို့လွင့်စင်သွားပြီးနောက် ကြောက်ရွံ့သည့်မျက်နှာထားဖြင့် သူ့ကို ကြည့်လာသည်။
[ဒင် … ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
ချူဟောင်က အေးစက်စွာ ပြုံးလိုက်ပြီး ခနဲ့တဲ့တဲ့စကား ဆိုလိုက်သည်။
"ဒါဆို မင်းက ဒီမှာ ပြဿနာရှာနေတဲ့ ကောင်ပေါ့။ ဒီနေ့ ငါ့ရဲ့လက်နဲ့ မင်းကို နှိမ်နင်းပေးမယ်"
အမျိုးသမီးဝိညာဉ်သည် ချူဟောင်က သူ့ထက် ပိုပြီးအစွမ်းထက်မှန်း သိသွားသဖြင့် ချက်ချင်းလေသံပြောင်းကာ အမြန်ပြန်ပြောလာသည်။
"တာအိုဆရာကြီးနဲ့ ကျွန်မကြားမှာ ရန်ငြိုးမရှိပါဘူး … ဒါကြောင့် ကျွန်မ အခုပဲ ထွက်သွားပါ့မယ်”
သို့သော် ချူဟောင်ကမူ …
"တကယ်လို့ ငါသာ အရည်အချင်း မရှိရင်၊ အစွမ်းထက် မနေခဲ့ရင် မင်းရဲ့လက်ထဲမှာ သေသွားရမှာပဲ မဟုတ်လား။ မင်းအလှည့်ကျတော့ ထွက်သွားချင်တယ်တဲ့လား …"
ထိုသို့ ငြင်းပယ်လိုက်ရာ ရှေးဟောင်းဝတ်စုံဝတ် အမျိုးသမီးက အလျင်အမြန် တောင်းပန်ရှာတော့သည်။
"တာအိုဆရာကြီး ... ကျေးဇူးပြုပြီး သနားညှာတာပေးပါ … ။ ကျွန်မက ဘယ်သူ့ကိုမှ ထိခိုက်အောင် မပြုလုပ်ဖူးပါဘူး"
ထို့သို့စကားပြောပြီးနောက် သရဲမက ချူဟောင်၏ အလစ်ကိုစောင့်ကာ ထွက်ပြေးသွားတော့သည်။
“စောင့်ကြည့်နေလိုက် နောက်ထပ် ဆိုးသွမ်းတာတွေ အများကြီးကို နင်ကြုံတွေ့ရတော့မယ် …”
(မှတ်ချက် - ကြားထဲမှာ ဘာသာပြန်ဆိုလို့ အဆင်မပြေတဲ့ အရာတွေ အများကြီးပါဝင်နေတာကြောင့် ဖြတ်ထုတ်ခဲ့ရတဲ့အတွက် တောင်းပန်အပ်ပါတယ်)
အဖြစ်အပျက်များစွာ ဖြစ်ပျက်ပြီးနောက် ညအချိန်တွင် …
ချူဟောင် ဒေါသထွက်သွားပြီး အော်လိုက်သည်။
"မိစ္ဆာမ ... အခုချက်ချင်း ထွက်ခဲ့စမ်း"
ခယ်ခယ်က ကျောချမ်းဖွယ်ကောင်းအောင် ပြုံးလိုက်ပြီးနောက် ရုတ်တရက် ခုန်တက်ကာ မျက်နှာကျက်တွင် တွယ်ကပ်နေသည်။ ထို့နောက် သူမ၏ မည်းနက်နေသည့် မျက်လုံးအိမ်များက ချူဟောင်ကို စိုက်ကြည့်နေ၏။
"ဆာဒါကို ... ထွက်ခဲ့။ ခယ်ခယ်ကို မထိခိုက်စေနဲ့၊ အဲဒီ တဏှာရူး သရဲမကိုသာ ဖမ်းပေးစမ်း"
ဆာဒါကို ထွက်ပေါ်လာပြီး ခယ်ခယ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ခယ်ခယ်၏ မျက်နှာလေးမှာ နီသွားလိုက်၊ ဖြူသွားလိုက်နှင့် ဖြစ်နေတော့သည်။
နောက်ဆုံးတွင် ဆာဒါကို က ခယ်ခယ်၏ ခန္ဓာကိုယ်ထဲမှ သရဲမတစ်ကောင်ကို ဆွဲထုတ်လိုက်ရာ ခယ်ခယ်မှာ လဲကျသွားပြီး ချူဟောင်က ဖမ်းထိန်းလိုက်သည်။
ထို့နောက် သူက ယင်စွမ်းအင် ဖယ်ရှားရေးအဆောင် တစ်ခုကို ခယ်ခယ်၏ ကိုယ်ပေါ်သို့ အမြန်ကပ်ပေးလိုက်သည်။ သူမခန္ဓာကိုယ်ပေါ်ရှိ ယင်စွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ကလေးမလေး၏ မျက်နှာမှာ သွေးရောင် သိသိသာသာ လွှမ်းလာတော့သည်။
သို့သော် ရက်အနည်းငယ်ခန့် ဖျားနာနေဦးမည်မှာ ရှောင်လွှဲ၍မရပေ။
ခယ်ခယ် မျက်လုံးပွင့်လာပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး ... သမီး ဘာဖြစ်သွားတာလဲဟင်"
ထိုစကားကို ကြားသောအခါ ချူဟောင်က သက်ပြင်းချလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ... ပြန်အိပ်လိုက်တော့နော်"
ချူဟောင်က သက်လတ်ပိုင်း အမျိုးသား၏ အခန်းဆီသို့ ချက်ချင်းသွားလိုက်ရာ တစ်သက်လုံး မေ့နိုင်မည်မဟုတ်သည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။
အမျိုးသားက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ ကိုယ်တွင်းအဆီအနှစ်များကို သရဲမများက အဆက်မပြတ် စုပ်ယူနေသည်။ (အဆီအနှစ်ဆိုတော့လည်း အဆီအနှစ်ပေါ့လေ … ဟီ ဟိ)
'သောက်ကျိုးနည်း …'
သူ ဒီလောက် အားနည်းနေသည်မှာ ဆန်းတော့ မဆန်းပေ။ ဤနှုန်းဖြင့်သာ အဆီအနှစ်များ စုပ်ယူခံနေရပါက သူ၏ ခွန်အားနှင့် စွမ်းအင်များ လုံးဝခန်းခြောက်သွားသည်မှာ ပုံမှန်ပင်ဖြစ်သည်။
အာရုံစိုက်ကြည့်လိုက်သောအခါ သရဲမ သုံးကောင်က ဦးလေးကြီးကို ဝန်းရံထားပြီး ကျောချမ်းဖွယ် ရယ်သံများဖြင့် ရယ်မောနေကြသည်။ ထို့အပြင် အမျိုးသား၏ ကိုယ်ပေါ်တွင် နောက်ထပ် သရဲမ သုံးကောင်က အိပ်မက်ထဲတွင် ယစ်မူးနေစေရန် သူ့ကို ညှို့ယူဖမ်းစားပြီး ရစ်ပတ် ထားကြလေသည်။
ချူဟောင်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ ဤသရဲမများ၏ ခန္ဓာကိုယ် အချိုးအစားက တကယ်ကို ကျနလွန်းလှသဖြင့် သူ့စိတ်တွေတောင် ယိမ်းယိုင်မတတ် ဖြစ်သွားရသည်။
ရှုပ်ထွေးနေသည့် အတွေးများကို ဖယ်ထုတ်လိုက်ပြီး ချူဟောင်က အော်ဟစ်လိုက်သည်။
"ရဲတင်းလှတဲ့ မိစ္ဆာမတွေ ... လူတွေကို ဒုက္ခပေးနေတာ အခုကစပြီး ရပ်လိုက်စမ်း"
ထို့နောက် သူက ဓားဖြင့် ထိုးချလိုက်သည်။ ဤတဏှာရူး သရဲမများအားလုံးမှာ သရဲဆိုး အဆင့်များသာ ဖြစ်ကြသည်။ ဓားတစ်ချက် ထိုးလိုက်တိုင်း သရဲမတစ်ကောင်က သနားစဖွယ် အော်ဟစ်ကာ ချက်ချင်း ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
[ဒင် ... သရဲဆိုး တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၅,၀၀၀ ရရှိပါတယ်]
[ဒင် ... သရဲပေါက်စ တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၅၀၀ ရရှိပါတယ်]
[ဒင် ... ပိုင်ရှင်သည် သရဲကို အောင်မြင်စွာ ရှိုးထုတ်ပြနိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
'ဒါက ဘာတွေဖြစ်နေတာလဲ …'
'ငါက သရဲဆိုး တစ်ကောင်တည်းကိုပဲ သတ်လိုက်တာ၊ ဘာလို့ သရဲပေါက်စတွေကို သတ်လိုက်တယ်ဆိုတဲ့ အသိပေးချက်တွေ ဆက်တိုက် တက်လာရတာလဲ'
အခြား သရဲမများလည်း လန့်သွားကြပြီး အံ့သြမှုနှင့် ဒေါသတို့ ရောယှက်သွားကြသည်။ ဒီလူက သူတို့ကို မြင်နိုင်စွမ်း ရှိသည်မှာ သေချာသွားလေပြီ။
သူတို့က စူးစူးရွားရွားအော်ဟစ်ကာ ခုန်ဝင်လာကြပြီး ရုပ်ရှင်များထဲမှ သရဲများကဲ့သို့ မျက်နှာထားများက ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ချူဟောင်ကတော့ ထိုကဲ့သို့သော မြင်ကွင်းကို ရိုးအီနေပြီဖြစ်ရာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဒီတာအိုဆရာကြီးက နင်တို့လို ကောင်မျိုးတွေကို မရေမတွက်နိုင်အောင် သတ်ဖူးတယ်"
"ဆာဒါကို ... သူတို့ကို ဖျက်ဆီးပစ်လိုက်"
ဆာဒါကို ၏ ပုံစံက ကြောက်မက်ဖွယ်ကောင်းလှသည်။ သူမက ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ခုန်ဝင်သွားပြီး တဏှာရူး သရဲမ နှစ်ကောင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်တော့သည်။
ဒီတစ်ခါတော့ သရဲပေါက်စ သုံးကောင် ဖြစ်သည်။
သရဲပေါက်စ လေးကောင်။
***