ချူဟောင် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ ထိုတဏှာရူး သရဲမ၏ ဝမ်းဗိုက်သည် ဖောင်းကားနေ၏။ တစ္ဆေကျမ်းထဲရှိ မှတ်တမ်းများအရ ဤအရာသည် သေချာပေါက် သရဲသန္ဓေသားပင် ဖြစ်လေသည်။
ဝမ်းဗိုက်သည် ကိုယ်ဝန်ဆောင်ထားသကဲ့သို့ ဖောင်းကားနေသော်လည်း တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်သုံးနှစ်ကြာသည်အထိ မွေးဖွားခြင်းမရှိပါက ထိုအရာသည် သရဲသန္ဓေသားပင်။
သို့သော် ဤအရာက ပို၍ ကြောက်မက်ဖွယ်ကောင်းသော သရဲသန္ဓေသား ဖြစ်ပေသည်။
သရဲနှင့် လူသားတို့ သံဝါသပြုပြီး ကိုယ်ဝန်ရလာသောအခါ သရဲလည်းမဟုတ်၊ လူလည်းမဟုတ်သော အရာတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းကို သရဲသန္ဓေသားဟု ခေါ်ဆိုကြသည်။
အခြား သရဲမများလည်း ထိတ်လန့်သွားကြသည်။ သူတို့က အမျိုးသား၏ ခန္ဓာကိုယ်ထဲကနေ အသည်းအသန် ထွက်လာပြီး နံရံကို ဖြတ်၍ ထွက်ပြေးသွားကြတော့သည်။
ချူဟောင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ကာယာကို နှင့် ချူမေ့ရန် တို့ ပေါ်လာသည်။
“သူတို့ကို လိုက်ဖမ်းစမ်း။ ပြီးရင် ငါ နောက်ကို လိုက်လာခဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီး”
သရဲမ သုံးကောင်က ထွက်ပြေးသွားသော သရဲများကို အလျင်အမြန် လိုက်ဖမ်းတော့သည်။
ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားက နိုးလာသည်။ သူ့ရှေ့တွင် ချူဟောင် ရပ်နေသည်ကို မြင်သောအခါ … သူက ဘောင်းဘီကို အလျင်အမြန် ဆွဲတင်လိုက်ပြီး ကြောက်လန့်တကြား မေးလိုက်သည်။
“ဆရာကြီး … ငါ ဘာဖြစ်သွားတာလဲ”
ချူဟောင်က ပြန်ပြောလိုက်သည်။
“သရဲမတွေ ရောက်လာတာ။ ကျွန်တော် သူတို့ကို သွားလိုက်ဖမ်းမလို့”
ဦးလေးကြီး လန့်သွားပြီး မျက်လုံးများ နီရဲသွားကာ ခယ်ခယ်လေး၏ အခန်းထဲသို့ အမြန် ပြေးဝင်သွားတော့သည်။
ဆာဒါကို ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားသော သရဲမ တစ်ကောင်မှာ မြေကြီးပေါ်တွင် လဲကျနေပြီး မလှုပ်နိုင်တော့ချေ။
ချူဟောင်က အေးစက်စွာဖြင့် မေးလိုက်သည်။
“ပြောစမ်း၊ မင်းတို့ ဘာလို့ ဒီလိုလုပ်တာလဲ”
ထိုသရဲမက လှောင်ပြုံးပြုံးရင်း ခနဲ့တဲ့တဲ့ ပြောလာသည်။
“သောင်းချီ မိစ္ဆာသန္ဓေသား အသက်ဝင်တော့မယ်။ အန်းလိမြို့တော့ သွားပြီပဲ … ဟား … ဟား … ဟား…”
“လက်စသတ်တော့ မင်းရဲ့ အမေ သွားပြီကိုး”
ချူဟောင်က ပါးကို ရိုက်ချလိုက်ရာ သရဲမ၏ မျက်နှာမှာ ပုံပျက်သွားတော့သည်။ သူမက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့ကို အငြိုးတကြီး စိုက်ကြည့်နေသည်။
ချူဟောင်က သူမကို ညှာတာနေမည် မဟုတ်ပေ။ သူ့ဆီတွင် သရဲမြင်လက်စွပ် ရှိနေသောကြောင့် သရဲ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိတွေ့နိုင်ပြီး ချက်ချင်းပင် ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
“မင်းက အဖမ်းခံထားရတဲ့ အကျဉ်းသားလေ … ဘာကို လာပြီး ထောင်လွှားပြနေတာလဲ။ ဒီတာအိုဆရာကြီးဆီမှာ မင်းကို ထာဝရ နှိပ်စက်ဖို့နဲ့ သေခွင့်ပေးပါလို့ တောင်းဆိုရလောက်တဲ့အထိ ကြမ်းတမ်းတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်”
“မြန်မြန် ပြောစမ်း … အရှုံးပေးမှာလား၊ မပေးဘူးလား”
[ဒင် … ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
တဏှာရူး သရဲမက ချူဟောင်၏ စကားကြောင့် ကြောက်သွားတော့သည်။ သူမကိုယ်သူမ အရမ်း သတ္တိရှိလှပြီဟု ထင်ထားခဲ့သော်လည်း နောက်ဆုံးတော့ ဒူးထောက်ပြီး အသနားခံကာ
“ဆရာကြီး … သနားပါ … သနားပါ” ဟု အော်ဟစ်တော့သည်။
ချူဟောင်က နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
“အဆုံးမရှိတဲ့ ဒုက္ခတွေကို မခံစားချင်ဘူးဆိုရင် တခြားသရဲတွေကို ရှာဖို့ ငါ့ကို လမ်းပြစမ်း”
“ဟုတ်ကဲ့ပါ”
ချူဟောင်က အော်လိုက်သည်။
“ဦးလေး … ဒီဆရာကြီးကို ဒီမိစ္ဆာမ ညွှန်တဲ့နေရာကို အမြန် မောင်းပို့ပေးပါ”
ဒီတစ်ခါ ပစ်မှတ်က ဆင်ခြေဖုံးရပ်ကွက်မှာ ဖြစ်သည်။ အမြန် သွားရမည်။
သောင်းချီ မိစ္ဆာသန္ဓေသား ဆိုသည်မှာ သာမန်အရာ မဟုတ်ကြောင်း သေချာလှသည်။ ချူဟောင်က များပြားလှသော အတွေ့အကြုံရမှတ်များက သူ့ကို လက်ယပ်ခေါ်နေသည်ဟု ခံစားလိုက်ရသည်။
ကားပေါ်တွင် ဦးလေးကြီးက မေးလာသည်။
“ညီလေး … ခယ်ခယ်လေး ဘာဖြစ်သွားတာလဲ … ငါ သူ့ကို နှိုးတာတောင် မနိုးဘူး။ ဘာအန္တရာယ်မှ မရှိပါဘူးနော်”
ချူဟောင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ခယ်ခယ်လေးက ပင်ပန်းနေရုံပါ။ ကျွန်တော် သူ့ကို အန္တရာယ်ကင်း ကျောက်စိမ်းလေး တစ်ခု ဆွဲပေးထားတယ်။ သူ ဘာမှ မဖြစ်ပါဘူး”
သက်လတ်ပိုင်းအမျိုးသား၏ မသိစိတ်က အလိုအလျောက် တစ်ခုခုဖြစ်နေပြီဆိုသည်ကို သေချာပေါက် ခံစားမိသော်လည်း မေးခွန်းများ မေးမြန်းရန် အချိန်ကောင်း မဟုတ်သဖြင့် ကားကို အမြန်ဆုံးသာ မောင်းနှင်နေခဲ့တော့သည်။
“ပြောစမ်း … မင်းတို့က သရဲသန္ဓေသားကို ဘာလို့ မွေးမြူနေတာလဲ”
ချူဟောင်က တဏှာရူး သရဲမကို မေးလိုက်သည်။
တဏှာရူး သရဲမက ချူဟောင်ကို သေချာပေါက် ကြောက်နေပြီဖြစ်ကာ တုန်ယင်စွာဖြင့် ဖြေလိုက်သည်။
“အဲဒါ ကျွန်မတို့နဲ့ မဆိုင်ပါဘူး။ ကျွန်မ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး။ သခင်မကြီးက ကျွန်မတို့ကို ဒါတွေ လုပ်ခိုင်းတာပါ”
ဦးလေးကြီး အနည်းငယ် နားမလည်ဖြစ်သွားပြီး မေးလိုက်သည်။
“ညီလေး … ဒါက ဘာတွေ ဖြစ်နေတာလဲ”
ချူဟောင်က ဖြစ်ရပ်အကုန်လုံးကို ပြောပြလိုက်သည်။
ဦးလေးကြီး လုံးဝ တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် …
“မင်း ဆိုလိုတာက … ဒီ တဏှာရူး သရဲမတွေက ငါနဲ့ သံဝါသပြုခဲ့တာ ကိုယ်ဝန်ရဖို့ အတွက်လား”
“ဟုတ်တယ်”
“သောက်ကျိုးနည်း …”
ဦးလေးကြီး လုံးဝ ပြိုလဲသွားပြီး တဏှာရူး သရဲမကို မေးလိုက်သည်။
“ငါ့ရဲ့ သရဲသန္ဓေသား ဘယ်နှယောက် ရှိပြီလဲ”
တဏှာရူး သရဲမက ပြန်ဖြေလာ၏။
“ဒီနှစ်တွေထဲမှာ … သုံးရာကျော် ရှိသွားပါပြီ”
ဦးလေးကြီး လုံးဝ ကြောင်အသွားတော့သည်။ ထိုကဲ့သို့သော အကြောင်းအရာကို ကြားသိရသူအဖို့ လက်ခံရခက်ခဲမှာ အသေအချာပင်။
ဒီ သုံးရာကျော်လောက်ရှိတဲ့ အရာတွေ အကုန်လုံးက သူ့ရဲ့ သားသမီးတွေလား … ။
သူတို့က ငါ့ကို မျိုးပွားဖို့ သက်သက် သုံးနေကြတာပဲ။
ချူဟောင်ကိုယ်တိုင်လည်း လုံးဝ အံ့အားသင့်သွားသည်။
“ဦးလေး၊ ခင်ဗျားက တကယ် ကြမ်းတာပဲ။ သရဲသန္ဓေသား သုံးရာကျော်က ခင်ဗျားဆီက ရတာပဲ”
သရဲသန္ဓေသား သုံးရာကျော်၊ အကုန်လုံးက သူ့သားသမီးတွေချည်းပဲ။ တွေးကြည့်လိုက်ရုံနှင့် ရင်လေးစရာပင်။
…
မနက် ၃ နာရီ ထိုးပြီဖြစ်သည်။ ဆင်ခြေဖုံးရပ်ကွက်က လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေသည်။
ဆင်ခြေဖုံးရပ်ကွက်ရှိ တောင်တစ်တောင်နား ရောက်ချိန်တွင် ချူဟောင်က ရုတ်တရက် ပြောလိုက်သည်။
“ရပ်တော့ … ဦးလေး၊ ခင်ဗျား ကားပေါ်မှာပဲ ကျွန်တော့်ကို စောင့်နေလိုက်”
ဦးလေးကြီးက အလျင်အမြန် သဘောတူလိုက်သည်။ တကယ်တမ်းမှာတော့ သူလည်း ချူဟောင်နောက်သို့ လိုက်မသွားရဲပေ။
“အိုကေ၊ အိုကေ”
ချူဟောင်က လမ်းတစ်လျှောက်လုံး အမြန် ပြေးလာခဲ့သည်။
နောက်ဆုံးတော့ ပြင်းထန်သည့် ယင်စွမ်းအင်များနှင့် အနီရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဂူတစ်ခုကို တွေ့လိုက်ရသည်။
“အဲဒီမှာပဲ”
တဏှာရူး သရဲမက ဂူကို လက်ညှိုးထိုးပြလိုက်သည်။
တဏှာရူး သရဲမ မပြောခင်ကတည်းက ချူဟောင် မြင်ပြီးသားဖြစ်သည်။ ဆာဒါကို က ဂူထဲကနေ လွင့်မျောထွက်လာပြီး သူမ ပုံစံကို ကြည့်ရသည်မှာ ဒဏ်ရာရထားပုံပေါ်နေ၏။
“ဆရာကြီး … ကာယာကို နဲ့ ချူမေ့ရန် တို့ နှစ်ယောက်လုံး အထဲမှာ ပိတ်မိနေတယ်”
ဆာဒါကို က အားနည်းစွာဖြင့် ပြောလိုက်သည်။ ချူဟောင် မျက်မှောင်ကြုတ်ပြီး …
“အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ”
ဆာဒါကို က သူမ ကြုံတွေ့ခဲ့ရသည်ကို ရှင်းပြလိုက်သည်။
“အထဲမှာ အရမ်းကြီးမားတဲ့ အသားပိုအလုံးကြီး တစ်ခု ရှိတယ်။ အဲဒီအထဲကနေ ကလေးတွေရဲ့ ငိုသံတွေ၊ ရယ်သံတွေ၊ ဟိန်းဟောက်သံတွေ မရေမတွက်နိုင်အောင် ထွက်နေတယ်။ သူတို့က အချင်းချင်း ပြန်စားနေကြတာ။ ပြီးတော့ ဝတ်ရုံနီ သရဲမ တစ်ကောင်လည်း ရှိတယ်။ သူမက အရမ်း အစွမ်းထက်တယ်”
‘သောက်ကျိုးနည်း … ဒါက အရမ်း အန္တရာယ်များနေပြီ မဟုတ်ဘူးလား’
သို့သော် အတွေ့အကြုံရမှတ်တွေ လိုချင်ပါက သူ ထဲဝင်ရမည်ဖြစ်သည်။
‘ငါ့မှာ ရွှေခေါင်းလောင်း အဆောင် ရှိနေတာပဲ … ငါ့ကို ဘယ်ကောင်က ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ’
ချူဟောင် အထဲဝင်ဖို့ ပြင်လိုက်စဉ်မှာပဲ တောင်ကြီးက နှစ်ခြမ်းကွဲသွားတော့သည်။ တောင်စောင်းကနေ တောက်ပသည့် အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ယင်လေဆင်နှာမောင်း တစ်ခုက ကောင်းကင်ကို တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားစေသည်။
တောင်၏ အနက်ရှိုင်းဆုံး နေရာမှ သရဲများ၏ အူသံတွေကို ကြားလိုက်ရသည်။
[စနစ် သတိပေးချက် - B အဆင့် မစ်ရှင်မှ A အဆင့်သို့ အဆင့်မြှင့်တင်လိုက်ပါပြီ]
‘ဟ … A အဆင့် မစ်ရှင် ဖြစ်သွားတာလား’
တောင်ကွဲကြောင်းထဲမှ သွေးထွက်နေသည့် လက်တစ်ဖက် တွားသွား ထွက်လာသည်။ အဲဒီအရာက ကောင်းကင်ကို မော့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
‘’ဒီကောင်က အရမ်းကို အစွမ်းထက်တယ် … ကိုးဖော် သရဲဆိုး ထက် သေချာပေါက် အများကြီး ပိုပြီး အစွမ်းထက်တယ်ဟ’
ချူဟောင်၏ အတွေးမှာ မှန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကိုးဖော် သရဲဆိုး စတင်ဖြစ်ပေါ်လာသည်မှာ မကြာသေးပေ၊ သူက ကြီးထွားဖို့ လိုသေးသည်။ သို့သော် ယခုကြုံတွေ့နေရသည့်အရာသည် အပြည့်အဝ ကြီးထွားပြီးသား ပုံစံမျိုး ဖြစ်နေ၏။
ထို့နောက် အဲဒီပုံရိပ်က အပြင်ကို တွားသွား ထွက်လာပြီး အဝေးကို ပျံသန်းသွားတော့သည်။
‘ဒီကောင် ဦးတည်သွားတာက … အန်းလိမြို့ ဘက် မဟုတ်လား … လခွမ်းပဲ’
ချူဟောင်၏ နဖူးပေါ်မှ ချွေးစေးများ ကျလာသည်။ ထိုသရဲသတ္တဝါကြီးသာ မြို့ထဲ ဝင်သွားပါက မည်ကဲ့သို့သော အိပ်မက်ဆိုးများ ဖြစ်ပျက်လာမလဲ ဆိုတာကို ကောင်းကင်ဘုံကပဲ သိပေလိမ့်မည်။
‘ဒါက သရဲ အမျိုးအစားထဲမှာ မပါတော့ဘူး … အင်း သရဲလည်း ဟုတ်၊ မိစ္ဆာလည်း ဟုတ်တဲ့ အရာမျိုး ဖြစ်နေပြီပဲ’
ချူဟောင်က တျောင်ချန်း ကို ဆင့်ခေါ်လိုက်ပြီး မေးလိုက်သည်။
“တျောင်ချန်း … မင်း အဲဒီအရာကို မင်းကိုင်တွယ်နိုင်လား”
“ဒီ သခင်မလေး ကြိုးစားကြည့်ပါ့မယ်”
တျောင်ချန်း ၏ မျက်နှာထားက လေးနက်နေပြီး ထိုအရာဆီသို့ ပျံသန်းသွားတော့သည်။
ချူဟောင်ကလည်း အလျင်အမြန်ပင် အော်ပြောလိုက်သည်။
“မနိုင်ရင် မြန်မြန် ပြန်လာခဲ့နော်”
ထို့နောက် ဂူထဲကို ပြေးဝင်သွားသည်။ ကာယာကိုနှင့် ချူမေ့ရန် တို့ နှစ်ယောက်လုံး အထဲမှာ ပိတ်မိနေသည် မဟုတ်လား။
ဂူထဲကို ဝင်သွားပြီးနောက် ယင်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက သူ့ဆီကို တိုးဝင်လာသည်။
ချူဟောင် သေချာကြည့်လိုက်ချိန်တွင် သူ့ဆီ တိုးဝင်လာသည့်အရာမှာ သွေးလှိုင်းလုံးကြီး တစ်ခု ဖြစ်နေသဖြင့် ထိတ်လန့်သွား၏။
‘ဒီဂူပေါက်ဝကနေ ဘယ်လိုလုပ်ပြီး သွေးတွေ ထွက်လာနိုင်မှာလဲ’
ကံကောင်းပေသည်။ သူဆီတွင် တစ္ဆေကျမ်းနှင့် မောင်ရှန်းဂိုဏ်း သရဲဖမ်းလက်စွဲ ရှိနေခြင်းကြောင့် ထိုအရာက အတုအယောင်တစ်ခုမှန်း ချက်ချင်းနားလည်လိုက်သည်။
“စနစ် … မျက်လှည့်ဖျက် အဆောင် ဝယ်မယ်”
[ဒင်… ပိုင်ရှင်သည် မျက်လှည့်ဖျက် အဆောင် ကို ဝယ်ယူလိုက်ပါသည်။ ရှိုးထုတ်ရမှတ် ၁၀ မှတ် ပေးချေလိုက်ပါသည်]
“တာအိုနတ်ဘုရားသုံးပါး၊ ကြီးမြတ်လှစွာသော နတ်မင်းကြီး၊ အတုအယောင်နဲ့ အစစ်အမှန်၊ အတုအယောင်ကပဲ အစစ်အမှန် ဖြစ်တယ်၊ မျက်လှည့်ကို ဖျက်ဆီးစမ်း”
မျက်လှည့်ဖျက် အဆောင် ၏ စွမ်းအားက ပြောစရာ မလိုပေ။ စနစ်က ထုတ်ပေးသည် ပစ္စည်းဖြစ်ခြင်းကြောင့် အကောင်းဆုံးအရာသာ ဖြစ်ပေလိမ့်မည်။
မျက်လှည့်ဖျက် အဆောင်ထဲကနေ အစွမ်းထက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် လက်သီးကြီး တစ်လုံး ပေါ်လာပြီး လေဟာနယ်ထဲကို ပြင်းပြင်းထန်ထန် ထိုးခွဲချလိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။
“ခွပ် …”
ခပ်အုပ်အုပ် အက်ကွဲသံနှင့်အတူ အရပ်မျက်နှာ အနှံ့ရှိ လေဟာနယ်များက မှန်တစ်ချပ်လို ကွဲကြေသွားတော့သည်။
ချူဟောင်ကိုယ်တိုင်လည်း မှင်တက်သွားသည်။
‘လခွမ်း … ဒါက သောက်ရမ်း မိုက်တာပဲ’
ဂူထဲက သွေးများ ပျောက်ကွယ်သွားပြီး ရွံ့ရှာဖွယ်ကောင်းသည့် သရဲတစ်ကောင် ပေါ်လာသည်။ ထိုသရဲက တစ်ကိုယ်လုံး ရေများရွှဲနစ်နေပြီး ခန္ဓာကိုယ်ကနေ သွေးများ တစက်စက် ကျနေ၏။
“အဝတ်ဖြူပတ် မိစ္ဆာ”
ချူဟောင်က တစ်ချက်ကြည့်ရုံဖြင့် မကောင်းဆိုးရွားအမျိုးအစားကို တန်းသိလိုက်သည်။
အဝတ်ဖြူပတ် မိစ္ဆာ ဆိုသည်မှာ ရှေးခေတ်က သစ္စာမရှိသည့် အမျိုးသမီး တချို့ကို အဝတ်ဖြူနှင့် ပတ်၊ ဖယောင်းရည် လောင်းပြီး မြစ်ထဲကို ပစ်ချရာကနေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပြောကြသည်ကတော့ တရုတ်ပြည် မြစ်ဝါမြစ်ထဲရှိ အဝတ်ဖြူပတ် မိစ္ဆာများက အစွမ်းအထက်ဆုံးဖြစ်သည်။ ထို အဝတ်ဖြူပတ် မိစ္ဆာများက ကြောက်စရာအကောင်းဆုံးဖြစ်သည်ဟု ဆိုကြ၏။
‘အင်း … ကြည်ရသလောက်တော့ ဒီအဝတ်ဖြူပတ် မိစ္ဆာရဲ့ အဆင့်က မြစ်ဝါမြစ်ထဲက အဝတ်ဖြူပတ် မိစ္ဆာတွေရဲ့ အဆင့်ကို မရောက်သေးဘူးထင်တယ်’
ထို့နောက် ချူဟောင်က အသံကုန်အော်ဟစ်ကာ …
“မိစ္ဆာမ … ငါ့ဓားရဲ့အစွမ်းကို မြည်းကြည့်စမ်း”
ချူဟောင်က ဓားဖြင့် ထိုးချလိုက်ရာ အဝတ်ဖြူပတ် မိစ္ဆာ က လက်ကို မြှောက်ပြီး ကာကွယ်လိုက်သည်။
***