“ထန်း …”
သစ်သားဓားက ပြန်ကန်ထွက်လာပြီး အဝတ်ဖြူပတ် မိစ္ဆာ ၏ လက်မောင်းပေါ်တွင် ခြစ်ရာ တစ်ခုသာ ထင်သွားကာ ထိုခြစ်ရာမှ မီးခိုးမည်းများ ထွက်လာသည်။
အဝတ်ဖြူပတ် မိစ္ဆာ ဒေါသထွက်သွားတော့၏။ ချူဟောင်လည်း ကြောင်အသွားသည်။
‘မက်မွန်သစ်သားဓားက အလုပ်မဖြစ်ဘူးပဲ’
အဝတ်ဖြူပတ် မိစ္ဆာ က လက်ကို ဝှေ့ယမ်းကာ သူ့ကို ဖမ်းဖို့ ကြိုးစားလိုက်ရာ ချူဟောင်က နောက်ဆုတ်ပြီး ရှောင်လိုက်သည်။
“စနစ် … ငါ့ကို တကယ့်ဓား အစစ်တစ်လက်လောက် အကြံပေးစမ်းပါဦး … ဒီဓားက အလုပ်မဖြစ်ဘူးဟ”
[စနစ် - ယင်ယန်ဓား ကို ဝယ်ယူရန် အကြံပြုပါတယ်။ ရှိုးထုတ်ရမှတ် ၁၀၀ လိုအပ်ပါတယ်]
“ဝယ်မယ်”
[ဒင် … ပိုင်ရှင်သည် ယင်ယန်ဓား ကို ဝယ်ယူလိုက်ပါသည်။ ရှိုးထုတ်ရမှတ် ၁၀၀ မှတ် ပေးချေလိုက်ပါသည်။ လက်ကျန် ရှိုးထုတ်ရမှတ် ၁၈၀ မှတ်]
[ယင်ယန်ဓား - ယင်နှင့်ယန် သတ္တုရိုင်းဖြင့် သွန်းလုပ်ထားပြီး ယင်နှင့်ယန် ကျိန်စာများ ထွင်းထုထားသည်။ ဓားရိုးက ၅ လက်မ ရှည်ပြီး၊ ဓားသွားက ၃ ပေ ရှည်ကာ၊ အလေးချိန် ၃ ပေါင်နဲ့ ၁၂ အောင်စ ရှိသည်]
တောက်ပနေသော ဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။ ဓားရိုးပေါ်၌ ယင်ယန် ပုံစံလေး ပါရှိပြီး အေးစက်စက် အလင်းရောင်များကို ထုတ်လွှတ်နေသည်။
ယင်ယန်ဓား ကို သေချာကိုင်ကြည့်လိုက်ရာ သူ့လက်နှင့် ကွက်တိဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သူက လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး ရှေ့ကို ပြေးထွက်ကာ ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဓားချက်ကြောင့် အဝတ်ဖြူပတ် မိစ္ဆာ ၏ လက်တစ်ဖက်လုံး ပြတ်ထွက်သွားသည်။ ချူဟောင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက တိုးတက်လာပြီဖြစ်ရာ သူ့ရဲ့ တုံ့ပြန်မှု အမြန်နှုန်းက အရမ်းကို မြန်ဆန်နေလေပြီ။
သူက နောက်ထပ် ဓားခုတ်ချက် အနည်းငယ် ထပ်ထုတ်ဖော်လိုက်ရာ အဝတ်ဖြူပတ် မိစ္ဆာ တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။
[ဒင်… အဝတ်ဖြူပတ် မိစ္ဆာ ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၂၀,၀၀၀ ရရှိပါတယ်]
[ဒင်… အဝတ်ဖြူပတ် မိစ္ဆာ ထံမှ ဧကရာဇ် အဝတ်ဖြူ ကျလာပြီး နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ပါပြီ]
ချူဟောင်က ဧကရာဇ် အဝတ်ဖြူ ကို ဖွင့်ကြည့်လိုက်သည်။
[ဧကရာဇ် အဝတ်ဖြူ - ယွမ်မင်းဆက်မှ ဧကရာဇ် အဝတ်ဖြူ ဖြစ်သည်]
‘ဒါက ဘာအတွက် အသုံးဝင်တာလဲ … ဒါတွေကို စုပြီး အဝတ်အစား တစ်ထည် ချုပ်လို့ ရမလား’
ချူဟောင်က မေးလိုက်သည်။
“စနစ် … ဒီ ဧကရာဇ် အဝတ်ဖြူ က ဘာအတွက် သုံးလို့ရလဲ”
[စနစ် - ပစ္စည်းများကို စုဆောင်းပါ။ ၎င်းတို့ကို ပေါင်းစပ်ခြင်းတွင် အသုံးပြုနိုင်ပြီး မထင်မှတ်ထားသော ပစ္စည်းများ ထွက်ပေါ်လာနိုင်ပါသည်]
ချူဟောင် မှင်တက်သွားသည်။
“တကယ်ကြီး ပေါင်းစပ်လို့ ရတယ်လား … စနစ် … မင်းက ဘာလို့ စောစောက မပြောတာလဲ။ စနစ် တစ်ခုအနေနဲ့ မင်းက အရမ်းကို တာဝန်မဲ့တာပဲ”
[စနစ် - ပေါင်းစပ်ခြင်း လုပ်ဆောင်ချက်သည် အလုပ်သင် သရဲဖမ်းသမား အဆင့် ၂ သို့ ရောက်ရှိမှသာ ပွင့်လာမည် ဖြစ်ပါသည်]
‘ဪ … ဒီလိုကိုး’
ချူဟောင် စိတ်လှုပ်ရှားသွားပြီး အဝတ်ဖြူပတ် မိစ္ဆာ တွေ နောက်ထပ် နည်းနည်းလောက် ထပ်ပေါ်လာဖို့ ဆုတောင်းနေမိသည်။
“ဂီး … ဂီး … ဂီး …”
ထိုအော်သံများက ချူဟောင်နှင့် အတော်ရင်းနှီးနေပြီဖြစ်သည်။ သရဲဆိုး တစ်အုပ် ထွက်ပေါ်လာပြီး အကုန်လုံးက တဏှာရူး သရဲမ တွေချည်းသာ … သူတို့က ချူဟောင်ဆီ အုံလိုက်ကျင်းလိုက် ခုန်ဝင်လာကြသည်။
“သရဲဂူ ထဲကို ဝင်လာရဲတယ်ပေါ့ … သူ့ရဲ့ ယန်စွမ်းအင်တွေကို စုပ်ယူလိုက်ကြဟေ့ …”
ခေါင်းဆောင် သရဲမ က ဆံပင် ဖရိုဖရဲနှင့် အကျည်းတန်စွာ အော်ဟစ်လိုက်သည်။
ချူဟောင်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“ဒီဆရာကြီးက တစ်ကွက်တည်းနဲ့ မင်းတို့ အကုန်လုံးကို ရှင်းပစ်မယ်”
သူက စူရှန်းတောင် ဓားသိုင်း ၏ တိုက်ကွက်တစ်ခုကို အသုံးပြုလိုက်ရာ ဓားက တဝီဝီ မြည်သွားပြီး ရှေ့သို့ ပြင်းထန်သည့် ဓားခုတ်ချက် တစ်ချက်ကို လွှတ်ထုတ်လိုက်သည်။
“ကီဓားခုတ်ချက်”
ဓားစွမ်းအင် တစ်ခု ပေါ်လာပြီး ချူဟောင်ရှေ့ရှိ တဏှာရူး သရဲမ ၇ ကောင်၊ ၈ ကောင်လောက်က အော်ဟစ်သံများနှင့်အတူ ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ဓားခုတ်ချက်မှာ စွမ်းသလောက် မန်နာ ၂၀၀ လည်း ကုန်သွားတော့၏။
[ဒင် … ပိုင်ရှင်သည် သရဲကို အောင်မြင်စွာ ရှိုးထုတ်ပြနိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
[ဒင် … သရဲဆိုး တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၅၀၀၀ ရရှိပါတယ်]
“…”
[ဒင် … တဏှာရူး သရဲမ ထံမှ သရဲလက်ကောက် ကျလာပါသည်]
…
တဏှာရူး သရဲမ များ အံ့အားသင့်သွားကြသည်။ ဓားခုတ်ချက် တစ်ချက်တည်းဖြင့် သရဲ ၈ ကောင် ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထိုအခြင်းအရာကို မြင်တွေ့လိုက်ရပြီးနောက် သူတို့ ဆက်မတိုက်ရဲတော့ပေ။
သို့သော် ချူဟောင်က သူတို့ကို အခွင့်အရေး မပေးတော့ … ဒီအရာတွေ အကုန်လုံးက အတွေ့အကြုံရမှတ်တွေ ချည်းမဟုတ်လော။
သူက ရှေ့ကို ပြေးထွက်သွားပြီး …
သူကိုယ်တိုင်လည်း မြန်တယ်
သူ့ခြေလှမ်းတွေကလည်း မြန်တယ်
ပြီးတော့ … သူ့ဓားက ပိုတောင် မြန်တယ်
“အား …”
တဏှာရူး သရဲမ များ အင်မတန် ကြောက်လန့်သွားကာ စူးစူးဝါးဝါး အော်ဟစ်ပြီး ရူးသွပ်စွာ ထွက်ပြေးကြတော့သည်။
“မင်းတို့ ဘယ်သွားမလို့လဲ … မင်းတို့ အကုန်လုံးက ငါ့အတွက် အတွေ့အကြုံရမှတ်တွေချည်းပဲ။ ဒီတာအိုဆရာကြီး အတွက် အတွေ့အကြုံရမှန်တွေ ပေးကြစမ်းပါ”
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
[ဒင်… သရဲဆိုး တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၅၀၀၀ ရရှိပါတယ်]
[ဒင်… တဏှာရူး သရဲမ ထံမှ သရဲပုလဲ ကျလာပြီး နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ပါပြီ]
တစ်မိနစ်ကျော်ကျော်လေး အတွင်းမှာတင် တဏှာရူး သရဲမ တွေ အကုန်လုံး အသတ်ခံလိုက်ရသည်။ သူက အတွေ့အကြုံရမှတ် အများကြီး ရလိုက်တဲ့အပြင် သရဲလက်ကောက်များနှင့် သရဲပုလဲ တွေ အများကြီးကိုလည်း ရလိုက်သေးသည်။
[သရဲလက်ကောက် - ဝတ်ဆင်ထားပါက သရဲများကို ဆွဲဆောင်နိုင်ပြီး၊ ပေါင်းစပ်ခြင်း တွင်လည်း အသုံးပြုနိုင်ပါသည်]
[သရဲပုလဲ - ယင်စွမ်းအင်များ စုစည်းပြီး ဖြစ်ပေါ်လာသော ပုလဲလုံး ဖြစ်ကာ၊ ပေါင်းစပ်ခြင်း တွင်လည်း အသုံးပြုနိုင်ပါသည်]
ချူဟောင်က အထဲကို ဆက်ဝင်လာခဲ့ရာ၊ အနီရောင် ဝတ်ရုံနှင့် ပန်းထိုးဖိနပ် ဝတ်ဆင်ထားသည့် ရှေးခေတ် သရဲမ တစ်ကောင်ကို တွေ့လိုက်ရသည်။ သူမက ချူဟောင်ကို ကြည့်လိုက်သည်။
‘ဒီ သရဲမက သိပ်မလှဘူးဟ … သူ့ကြည့်ရတာ သာမန်ပါပဲ။ ဒါပေမဲ့ သူ့ဆီကနေ ယင်မကောင်းဆိုးဝါး စွမ်းအင်တော်တော်များများကို ခံစားမိနေတယ်။ တော်တော်သိပ်သည်းတာပဲ။ သူက လူဘယ်နှစ်ယောက်လောက် သတ်ခဲ့ပြီးပြီလဲ မသိဘူး’
ဝတ်ရုံနီ သရဲမ က အရမ်းကို တည်ငြိမ်နေပြီး ချူဟောင်ကို လျစ်လျူရှုထား၏။ ထိုအခါ ချူဟောင်က မေးလိုက်သည်။
“ငါ့ရဲ့ သရဲတပည့်တွေ ဘယ်မှာလဲ”
အဲဒီတော့မှ ဝတ်ရုံနီ သရဲမ က ပြန်မေးလိုက်သည်။
“မင်း သေချင်လို့လား …”
‘လခွမ်း … ငါက မင်းကို မေးခွန်းမေးတာ၊ မင်းက ငါ သေချင်လားလို့ ပြန်မေးတယ်ပေါ့ … ဒါက စောင်ရမ်းမောက်မာပြနေတာ မဟုတ်ရင် ဘာလဲ’
‘ဒီ ရှိုးထုတ်ဘုရင် တာအိုဆရာကြီး ရှေ့မှာ မင်းက ဘာကောင်မို့လို့ လာမောက်မာပြနေတာလဲ’
ချူဟောင်က သူ့ရဲ့ ဓားစွမ်းအင်ကို ထုတ်ပြီး ဓားခုတ်ချက် တစ်ချက်ကို လွှတ်ထုတ်လိုက်သည်။
ဝတ်ရုံနီ သရဲမ က ချူဟောင်ဘက်ကို လှည့်လိုက်ပြီး သူမ၏ ထက်ရှသည့် လက်သည်းများဖြင့် ဓားစွမ်းအင်ကို တိုက်ရိုက် ကာကွယ်လိုက်သည်။
ထိုအချိန်တွင် သူမ မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက လက်တစ်ဖက် ပြတ်ထွက်သွားခြင်းပင်။
[ဒင် … ပိုင်ရှင်သည် မထင်မှတ်ဘဲ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
“ငါ့ရှေ့မှာ လာရှိုးထုတ်နေတာလား … အခု မင်းကို ပြာဖြစ်သွားအောင် လုပ်ပစ်မယ်”
ဝတ်ရုံနီ သရဲမ က ချူဟောင် ဒီလောက် အစွမ်းထက်မယ်လို့ လုံးဝ မထင်ထားခဲ့ပေ။ သူမ၏ မျက်နှာထားက ကြည့်ရဆိုးသွားပြီး …
“အကျင့်မကောင်းတဲ့ တာအိုကိုယ်တော် နင်က သေချင်နေတာပဲ”
ချူဟောင်က အေးစက်စွာဖြင့် နှာမှုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒီတာအိုဆရာကြီး သေ၊ မသေတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်းကတော့ သေချာပေါက် သေရမယ် ဆိုတာကိုတော့ ငါ သိတယ်။ ငါ့ရှေ့မှာ ဘယ်သူမှလာပြီး မောက်မာပြလို့ မရဘူး”
ထို့နောက် ချူဟောင်က ရှေ့ကို ဓားဖြင့် ထိုးလိုက်သည်။ ဝတ်ရုံနီ သရဲမ က လက်ကို ဝှေ့ယမ်းလိုက်ရာ ပေါင်တစ်ရာခန့်လေးသည့် ကျောက်တုံးကြီး တစ်တုံးက သူ့ဆီကို အရှိန်ဖြင့် ပြေးဝင်လာသည်။
သို့သော် ကျောက်တုံးကြီးက လေထဲမှာတင် ရပ်တန့်သွား၏။ ဆာဒါကို က သူမရဲ့ စိတ်ဖြင့် ထိန်းချုပ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
“ကောင်းတယ်” ချူဟောင် အရမ်း ဝမ်းသာသွားသည်။
သူက ဝတ်ရုံနီ သရဲမ ရှေ့ကို ခုန်ဝင်သွားပြီး မြန်ဆန်ပြီး ရက်စက်သည့် ဓားချက်တစ်ချက်ကို ထုတ်ဖော်ကာ ထိုးလိုက်သည်။
ဝတ်ရုံနီ သရဲမ က ရှောင်လိုက်ပြီး သူမရဲ့ ထက်ရှသော လက်သည်းကို ချူဟောင်ဆီ ချိန်ရွယ်လိုက်သည်။
ချူဟောင်က ကြိုတင် ကာကွယ်ထားပြီးသားဖြစ်သည်။ သူ့လက်ထဲတွင် အနက်ရောင် အဆောင်တစ်ခု ပေါ်လာ၏ … ထိုအရာက မိုးကြိုးငါးထပ် အဆောင်ပင်။
“ဂျိန်း …”
အနက်ရောင် မိုးကြိုးတစ်ခု ပေါက်ကွဲသွားပြီး ၎င်း၏ စွမ်းအားက အထင်သေးလို့ မရပေ။ ဝတ်ရုံနီ သရဲမ က စူးစူးဝါးဝါး အော်ဟစ်ပြီး နောက်ကို လွင့်ထွက်သွားကာ ပြန်မထနိုင်တော့ပေ။
ချူဟောင်က သူမရဲ့ ဘဝကို နိဂုံးချုပ်ပေးရန် ဓားကိုကိုင်ပြီး ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။
သို့သော် ဝတ်ရုံနီ သရဲမ က ရယ်မောလိုက်ပြီး ခနဲ့တဲ့တဲ့ပြောလိုက်သည်။
“ဟား ဟား… နောက်ကျသွားပြီ … နင်တို့ အကုန်လုံး ပျက်စီးရတော့မယ်။ ငါက သောင်းချီ မိစ္ဆာသန္ဓေသား ကို နှစ်ပေါင်း ၇၀၀ တောင် မွေးမြူထားတာ။ နင်က အစွမ်းထက်ပေမဲ့ ငါ့ကလေးကိုတော့ မယှဉ်နိုင်ပါဘူး”
သူမရဲ့ 'ကလေး' ဆိုသည်မှာ သောင်းချီ မိစ္ဆာသန္ဓေသား ကို ပြောခြင်းဖြစ်ရမည်။
‘နှစ်ပေါင်း ၇၀၀ တောင် မွေးမြူထားတာ … ဒါဆို သရဲသန္ဓေသား ဘယ်နှစ်ယောက်တောင် လိုအပ်မလဲ’
ထိုသို့တွေးပြီးနောက် ချူဟောင် စိတ်ပျက်သွားသည်။ သူက ဝတ်ရုံနီ သရဲမ ကို မြန်မြန် ရှင်းပြီး သောင်းချီ မိစ္ဆာသန္ဓေသား ကို သွားရှင်းရပေလိမ့်မည်။ မဟုတ်ပါက အန်းလိမြို့ရှိ လူသန်းပေါင်းများစွာ၏ ဘဝမှာ မတွေးရဲစရာပေ။
ဝိညာဉ် လုံးဝ ပျက်ပြယ်သွားတော့မည့် အခြေအနေရောက်ရှိနေချိန်မှာတောင် ဝတ်ရုံနီ သရဲမ က မျှော်လင့်ချက်မဲ့ မနေ။ အဲဒီအစား သူမက …
“ငါ့ဆီက ဇာတ်လမ်း တစ်ပုဒ်ကို နားထောင်ချင်လား” ဟု မေးလိုက်သည်။
“ယွမ်မင်းဆက် တုန်းက၊ ငါ အန်းရှန်း နဲ့ လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ သူက မွေးကတည်းက တဏှာရူးဖြစ်နေပြီး ငါ့ကွယ်ရာမှာလည်း ဖောက်ပြန်သလို ငါ့ကို လိမ်ပြီးလက်ထပ်ခဲ့တယ်။ ငါ နောင်တရပေမဲ့၊ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာကို သိလိုက်ရတယ်။ ကလေးရှိရင် အန်းရှန်း က နန်းတွင်းစာမေးပွဲ အတွက် စာကျက်ဖို့ အာရုံစိုက်လာလိမ့်မယ်လို့ ငါ ထင်ခဲ့တာ”
“ဒါပေမဲ့ သူက ချမ်းသာတဲ့ မိန်းကလေး တစ်ယောက်နဲ့ ပတ်သက်နေပြီး အဲဒီဟာမနဲ့လည်း ကလေးရခဲ့မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ အန်းရှန်း က ငါ့ကလေး မွေးလာရင် သူ့ရဲ့ အနာဂတ်ကို ထိခိုက်မှာ စိုးလို့ဆိုပြီး ငါ့ကလေးကို တုတ်တွေနဲ့ ရိုက်သတ်ခဲ့တယ်”
ဝတ်ရုံနီ သရဲမ ၏ မျက်လုံးများ နီရဲနေပြီး သွေးမျက်ရည်များ စီးကျလာကာ …
“ငါ သူ့ကို မုန်းတယ် … မုန်းတယ်”
“နောက်ပိုင်း ငါက အာဏာပိုင်တွေဆီ သွားတိုင်ပြီး ဒီတိရစ္ဆာန်ရဲ့လုပ်ရပ်ကို ဖော်ထုတ်ဖို့ ကြိုးစားပေမဲ့ အဲဒီ ချမ်းသာတဲ့ဟာမက ခရိုင်ဝန်ရဲ့ သမီး ဖြစ်နေမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဒီအကြောင်းကို သူ သိသွားတော့ အန်းရှန်း ကို အပြစ်မပေးတဲ့အပြင် ငါ့ကို ခရိုင်ဝန်ရဲ့ သမက်ကို မြှူဆွယ်တယ်ဆိုပြီး နာမည်တပ်ပြီး တံဆိပ်ရိုက်ခဲ့တယ်”
“ဟား ဟား … အန်းရှန်း က အိမ်ထောင်ကျပြီးသား ဆိုတာကို နောက်မှ ငါ သိခဲ့ရတာ။ ငါတို့ရဲ့ မင်္ဂလာပွဲက ငါ့ကို လှည့်စားဖို့ သက်သက်ပဲတဲ့။ ဟား ဟား ဟား …”
“ဒီလို လူစိတ်မရှိတဲ့ဟာတွေကို လက်စားချေဖို့ ငါ အောက်လမ်းပညာ တချို့ကို သင်ယူခဲ့တယ်။ နောက်ပိုင်း ငါ အနီရောင် ဂါဝန်ဝတ်ပြီး မြို့ရိုးပေါ်ကနေ ခုန်ချခဲ့တယ်။ အန်းရှန်း ကို လက်စားချေဖို့ အခုလို ဝတ်ရုံနီ လက်စားချေ သရဲမ အဖြစ် ပြောင်းလဲသွားတာပဲ”
“ဘာဖြစ်သွားလဲ ဆိုတာ ခန့်မှန်းကြည့်လေ … ငါ ခရိုင်ဝန်ရဲ့ သမီးကို ဗိုက်ခွဲပြီး သူမရဲ့ ကလေးကို အသားစင်းကောလို စင်းပစ်လိုက်တယ်။ ပြီးတော့ အန်းရှန်း ကို အဲဒါတွေ စားခိုင်းလိုက်တာ … ဟား ဟား ဟား … နောက်ပိုင်း ဒီအကြောင်းကို သူ သိသွားတော့ လုံးဝကို သွက်သွက်ခါအောင် ရူးသွားတာပဲ”
ဝတ်ရုံနီ သရဲမ က နာကျင်စွာ ရယ်မောလိုက်ပြီး မေးလိုက်သည်။
“ဒီဇာတ်လမ်းကို ကြားပြီးတော့ နင် လူသားတွေ အပေါ်မှာ မျှော်လင့်ချက် ရှိသေးလား။ လူသားတွေကို လူကောင်းတွေလို့ ထင်နေသေးလား”
သူမက လူသားတွေကို ဤမျှ မုန်းနေခြင်းမှာ ဆန်းတော့ မဆန်းလှပေ။ သူမက လောကငရဲကို ဖြတ်သန်းခဲ့ရသည်ကိုး။
ချူဟောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး နှုတ်ခမ်းစူကာ ပြောလိုက်သည်။
“မင်းက လှလည်း မလှဘူး၊ ခန္ဓာကိုယ် အချိုးအစားကလည်း မကောင်းဘူး။ အန်းရှန်း က ဘာလို့ ရူးရူးမိုက်မိုက်နဲ့ မင်းကို လာရှာရမှာလဲ။ ငါသာ အန်းရှန်း ဆိုရင် မင်းကို သေချာပေါက် ဖိနပ်နဲ့ ရိုက်မှာပဲ။ မင်းက ရုပ်ဆိုးရတဲ့အထဲ လူတွေကို လာဒုက္ခပေးနေသေးတယ်”
ဝတ်ရုံနီ သရဲမ : “…”
ဝတ်ရုံနီ သရဲမက ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။
‘အဲဒါ ငါ ပြောနေတဲ့ အကြောင်းအရာ ဟုတ်လို့လား’
‘မင်းရဲ့ အာရုံစိုက်မှုက အရမ်းကို ရယ်စရာ ကောင်းလွန်းနေတယ် မဟုတ်လား’
ချူဟောင်က နှာမှုတ်လိုက်ပြီး ပြောလိုက်၏။
“မင်း စကားပြောလို့ ပြီးပြီလား။ ပြီးပြီဆိုရင် အခု သေလို့ ရပြီ”
***