ဝတ်ရုံနီ သရဲမ က ရူးသွပ်စွာ ရယ်မောလိုက်တော့၏။ သူမက လုံးဝ ရူးသွပ်နေပြီဖြစ်သည်။
“ဒီလောကကြီးက တရားမျှတမှု မရှိဘူး … ငါ ရခဲ့တဲ့ ဘဝက တရားမျှတမှု လုံးဝမရှိဘူး။ ဒါကြောင့် … လူတွေ အကုန်လုံးကို သတ်ပြီး လက်စားချေဖို့ ကလေး တစ်ယောက်ကို ငါ ဖန်တီးချင်ခဲ့တာ”
ချူဟောင်က သူမရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဆက်နားမထောင်တော့ဘဲ ဓားနဲ့ ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
ရုတ်တရက် ဝတ်ရုံနီ သရဲမ က လက်ကို ဝှေ့ယမ်းလိုက်ရာ၊ သူမ တစ်ကိုယ်လုံးက အနီရောင် သွေးခဲကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ဂူအပြင်ဘက်ကို အလွန် မြန်ဆန်သည့် အရှိန်ဖြင့် ထွက်သွားတော့သည်။
ထို့နောက် ဝတ်ရုံနီ သရဲမ ၏ အော်ပြောလိုက်သည်။
“မင်းနဲ့ ပတ်သက်တဲ့ လူတိုင်းကို ငါ သတ်ပစ်မယ်”
ချူဟောင် ဒေါသထွက်သွားကာ ပြောလိုက်သည်။
“သောက်ခွေး … မပြေးနဲ့ဟ”
သူ စိတ်ပျက်သွားသည်။ သူက အရမ်း ဝါနုနေသေးသည်ဟု တွေးလိုက်မိသည်။ ဝတ်ရုံနီ သရဲမက အချိန်ဆွဲကာ အားပြန်ယူနေခြင်းဖြစ်ပြီး အောက်လမ်းပညာရပ်များကို သင်ယူထားသူဖြစ်သည့်အတွက် ချူဟောင်၏အလစ်ကို စောင့်ကာ ထွက်ပြေးရန်ပြင်ဆင်နေခြင်းဖြစ်သည်။
သို့သော် အမြတ်ထွက်သွားသည်မှာ ဆာဒါကို က ကာယာကိုနှင့် ချူမေ့ရန် တို့ကို ကယ်တင်ပြီးသွားပြီ ဖြစ်သည်။
ချူဟောင်၏ မျက်နှာထားက မဲမှောင်နေပြီး …
“ငါနဲ့ ပတ်သက်တဲ့ လူတိုင်းကို သတ်ပစ်မယ် ဟုတ်လား … ကောင်းပြီလေ … မင်း ငါ့ကို လုံးဝ ဒေါသထွက်အောင် လုပ်လိုက်ပြီ”
“သွားကြစို့”
…
အန်းလိမြို့။
အမြွှာတာဝါ အဆောက်အဦး … ၁၀၈ ထပ်စီ ရှိသည့် အဆောက်အဦး နှစ်ခု။
သို့သော် အမြွှာတာဝါ အဆောက်အဦး၏ မြေအောက် ကားပါကင်တွင် လျှို့ဝှက်ဆန်းကြယ်သည့် မြေအောက် ၃၇ ထပ် ရှိပြီး ကြီးမားသည့် မြေအောက်ခန်းကြီး တစ်ခုလည်း ပါဝင်လေ၏။ သဘာဝလွန် စုံစမ်းစစ်ဆေးရေး ဌာနက အဆိုပါနေရာကို နယ်မြေ (၇) ဟု ခေါ်သည်။
ထိုအချိန်တွင် နယ်မြေ (၇) ၏ အချက်ပေးသံများ ဆူညံလာကာ ပထမအဆင့် သတိပေးချက် အခြေအနေသို့ ရောက်ရှိသွားသည်။ စိုးရိမ်ရသည့် အခြေအနေက အကုန်လုံးကို ထိတ်လန့်သွားစေတော့သည်။
အစည်းအဝေး ခန်းမကြီးထဲတွင် ပုံရိပ်တစ်ခု ပြသထားပြီး နယ်မြေ (၇) က တီထွင်ထားသည့် ယင်စွမ်းအင် အာရုံခံစက်က စိုးရိမ်ရသည့် အနီရောင်အဆင့် ရောက်ရှိနေသည်ကို ပြသနေသည်။
“အားလုံးပဲ နားထောင်ပါ … အားလုံးပဲ နားထောင်ပါ အနောက်တောင်ဘက် အရပ်မှာ အစွမ်းထက်တဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေ ပေါ်လာပါတယ်”
အချက်ပေးသံက ဆက်တိုက် မြည်နေသည် … ။
ကျယ်ပြောလှသည့် အစည်းအဝေး ခန်းမကြီးထဲတွင် နယ်မြေ (၇) ၏ ဌာနမှူးဖြစ်သည့် အဘိုးယွမ် က စမ်းသပ်စက်ပေါ်က ညွှန်တံကိုကြည့်နေပြီး အနီရောင် သတိပေးမျဉ်းထဲ ရောက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။
“ယင် မကောင်းဆိုးဝါး စွမ်းအင်က ၇၀ ရာခိုင်နှုန်းကို ရောက်နေတယ်လား …”
“၇၀ ရာခိုင်နှုန်း”
“ဒါက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ … အန်းလိမြို့မှာ သရဲတစ်ကောင်ပေါ်လာရင် ပုံမှန်အားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတာလေ။ ယင်မကောင်းဆိုးဝါး သရဲဆိုးတွေဆိုရင် ၂၀ ရာခိုင်နှုန်းကြားမှာပဲ ရှိနေတာ မဟုတ်ဘူးလား”
မှန်ပေသည်။ အဆိုပါ စမ်းသပ်စက်ကို တည်ဆောက်ပြီးချိန်ကတည်းက အမြင့်ဆုံးသို့ ရောက်ခဲ့ဖူးသည်မှာ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး။ ထိုအခြေအနေကို ပထမအဆင့် အနက်ရောင်ကပ်ဘေးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုစမ်းသပ်စက်ကို တည်ဆောက်ပြီးကတည်းက အမြင့်ဆုံး ရောက်ခဲ့ဖူးသည်က ၅၀ ရာခိုင်နှုန်း ဖြစ်ပြီး၊ အဲဒါကို ပထမအဆင့် အနက်ရောင် ကပ်ဘေး အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကပ်ဘေး အဆင့်ကို ကောင်းကင်၊ မြေကြီး၊ အနက်၊ နဲ့ အဝါ ဆိုပြီး ၄ ဆင့် ခွဲခြားသတ်မှတ်ထား၏။ ၎င်းတို့ကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ဆိုပြီး ထပ်ခွဲထားသည်။
ထိုအရာက တင်းကျပ်စွာ သတ်မှတ်ထားသည့် ကပ်ဘေးအဆင့်များဖြစ်သည်။ သာမန် သရဲပေါက်စများနှင့် သရဲဆိုးများက ကပ်ဘေးအဆင့်ထဲတွင် မပါဝင်ပေ။
ယမန်နေ့တွင် ကြုံတွေ့ခဲ့ရသည့် ကိုးဖော် သရဲဆိုးအဆင့်က ပထမအဆင့် အဝါရောင်ကပ်ဘေးအဆင့်သာ ရှိပေသည်။ နှစ်တစ်ထောင် သက်တမ်းရှိ မိုးခေါင်မိစ္ဆာနှင့် ဝတ်ရုံခြုံလူကြီး ပေါ်လာတာတောင် သူတို့ရဲ့ အဆင့်က တတိယအဆင့် အဝါရောင် ကပ်ဘေးအဆင့်သာ ဖြစ်သည်။
လွန်ခဲ့တဲ့ ၁၈ နှစ်က အန်းလိမြို့ တွင်ဖြစ်ပွားခဲ့သည့် ပထမအဆင့် အနက်ရောင် ကပ်ဘေး က လူပေါင်းများစွာကို တုန်လှုပ်သွားစေခဲ့သည်။
ထို ကြောက်မက်ဖွယ်ကောင်းသည့် သရဲကို ရှင်းလင်းရန် နယ်မြေ (၇) က သူတို့ရဲ့ စွမ်းအား ၈၀ ရာခိုင်နှုန်းကျော်ကို သုံးခဲ့ရပြီး၊ နယ်မြေ (၇) က လူပေါင်း ၁၀၇ ယောက် သေဆုံးကာ၊ အန်းလိမြို့ မှ လူပေါင်း ၃,၃၆၇ ယောက် သေဆုံးခဲ့ရတဲ့အထိ ပေးဆပ်မှု ကြီးမားခဲ့သည်။
‘အခု ယင်စွမ်းအင် စမ်းသပ်စက် က အနီရောင် သတိပေးမျဉ်း ကို ရောက်နေတာဆိုတော့ လွန်ခဲ့တဲ့ ၁၇ နှစ်က ကပ်ဘေးထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေပြီလား’
အဘိုးယွမ် ၏ အသံက တုန်ယင်နေပြီး
“စုန်းလုံ … လုံဟူတောင် ကို မြန်မြန် ဖုန်းဆက်၊ ငါတို့ နယ်မြေ (၇) က ဒီသရဲကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
စုန်းလုံ က သူ၏ခေါင်းကို ပတ်တီးများဖြင့် ပတ်ထားပြီး ဒဏ်ရာတွေ မကျက်သေးသော်လည်း လုံဟူတောင်ကို ဖုန်းဆက်ဖို့ အမြန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူက လုံဟူတောင် က တပည့် တစ်ယောက်ဖြစ်၏။
ရှောင်ယင်း ၏ မျက်နှာ ဖြူဖျော့နေပြီး သူမ၏ အသံ တုန်ယင်စွာဖြင့် မေးလိုက်သည်။
“ဆရာယွမ် … ဒါက ဘယ်အဆင့် ကပ်ဘေးလဲ”
အဘိုးယွမ် စကားမပြောရသေးခင်မှာ ကျားလို တောင့်တင်းတဲ့ ခါး၊ ဝက်ဝံလို ကျယ်ပြန့်တဲ့ ကျောပြင် ရှိပြီး မျက်နှာတွင် မုတ်ဆိတ်မွေးများ အပြည့်ရှိနေပြီး တောက်ပတဲ့ မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသား တစ်ဦးက အစည်းအဝေး ခန်းမထဲကို ဝင်လာပြီး ပြောလိုက်သည်။
“မြေကြီးအဆင့် … အတိအကျ အဆင့်ကိုတော့ လောလောဆယ် မသိရသေးဘူး”
ရှောင်ယင်း က အံ့သြဝမ်းသာ ဖြစ်သွားပြီး ပြောလိုက်သည်။
“ရဲမှူးဖုန်း … ရှင် ပြန်လာပြီ”
အစည်းအဝေး ခန်းမထဲက လူ ဒါဇင်ပေါင်းများစွာ အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
“မြေကြီးအဆင့် …”
အန်းလိမြို့ တင် မက သမိုင်းကြောင်းကို ပြန်လှန်ကြည့်မည်ဆိုပါက မြေကြီးအဆင့် ကပ်ဘေး အနည်းငယ်ပဲ ရှိခဲ့ဖူး၏။
အဘိုးယွမ် က အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ရဲမှူးဖုန်း … ငါတို့ ဘာလုပ်ကြမလဲ”
ရဲမှူးဖုန်း က သူ့နားထင်ကို ပွတ်ကာ ပြောလိုက်သည်။
“ကံကောင်းလို့ ညသန်းခေါင် ဖြစ်နေတာ၊ အန်းလိမြို့ က လူအများစုက အခုချိန်ဆို အိပ်နေကြပြီ။ နေ့ခင်းဘက်သာ ဆိုရင် ပြဿနာက အကြီးကြီး ဖြစ်သွားမှာ”
“ရှောင်ယင်း … ကျားငါးကောင် စစ်သူကြီးတွေ ကို ပြန်လာဖို့ သွားအကြောင်းကြားလိုက်”
ကျားငါးကောင် စစ်သူကြီးများ …
သုံးပြည်ထောင်ခေတ်က စစ်သူကြီး ၅ ဦး၊ သူတို့က ရှေးခေတ်မှာ ရှိခဲ့ရုံတင်မက နယ်မြေ (၇) မှာလည်း ရှိလေသည်။ သူတို့ အကုန်လုံးက ထိပ်တန်း သရဲဖမ်းဆရာများ ဖြစ်ကြ၏။
ရှောင်ယင်း က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ရဲမှူးဖုန်း”
ထိုအချိန်တွင် စုန်းလုံ ဝင်လာပြီး
“ရဲမှူးဖုန်း … လုံဟူတောင် ရဲ့ ဂိုဏ်းချုပ်ကြီးက အခြေအနေကို သိသွားပြီ။ လူတွေ လွှတ်ပေးလိုက်တယ်၊ ဒါပေမဲ့ သုံးရက် ကြာလိမ့်မယ်” ဟု ပြောလိုက်သည်။
ရဲမှူးဖုန်း က သူ့နားထင်ကို ပွတ်ကာ စိုးရိမ်စွာ ပြောလိုက်၏။
“သုံးရက်က အရမ်း ကြာလွန်းတယ်။ အဲဒီအရာကို ငါတို့ မတားနိုင်ရင် အန်းလိမြို့ က သေဆုံးမှုတွေက ပိုပြီး ဆိုးရွားသွားလိမ့်မယ်”
ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ရဲရင့်တက်ကြွ ပုံရှိသည့် အဘွားအို တစ်ယောက်က မတ်တပ်ရပ်လာပြီး မေးလိုက်သည်။
“ရဲမှူးဖုန်း … ဒါက မြေကြီးအဆင့် ကပ်ဘေး ဖြစ်နေမှတော့ ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် ကို ဘာလို့ မသုံးတာလဲ”
ရှိနေတဲ့သူ အားလုံး အသက်ရှူမှားသွားကြသည်။
အဘိုးယွမ် က စိတ်လှုပ်ရှားစွာဖြင့် …
“ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် ကို သုံးဖို့ဆိုရင် အစွမ်းထက်တဲ့ သရဲဖမ်းဆရာ တစ်ယောက် လိုအပ်တယ်။ ပြီးတော့… အသက်စွမ်းအင်တွေကို အများကြီး စတေးရတယ်”
ရဲမှူးဖုန်း က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဒီလောက် အများကြီး တွေးပူနေလို့ မရဘူး။ အန်းလိမြို့ က ပြည်သူတွေကို ကာကွယ်ဖို့ ငါတို့ ဒါကို လုပ်ရမယ်။ ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် ကို ငါ ကိုယ်တိုင် ထိန်းချုပ်မယ်”
ရဲမှူးဖုန်း ၏ ဆုံးဖြတ်ချက်က ကြားလိုက်ရသည့် လူတိုင်းကို မွန်းကျပ်သွားစေသည်။
ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် ဆိုသည်မှာ လွန်ခဲ့သည့် ၁၈ နှစ်က အနက်ရောင် ကပ်ဘေး အပြီးတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ အကျော်ကြားဆုံး ယင်ယန် ဆရာကြီးတစ်ဦးက ဖန်တီးပြီး အန်းလိမြို့ အတွက် ချန်ထားခဲ့ခြင်းပင်။
သို့သော် အဆိုပါ ယင်ယန် ဆရာကြီးကလွဲရင် ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်ချင်သည့် တခြား ဘယ်သူမဆို သူတို့ရဲ့ အသက်စွမ်းအင်ကို စတေးရလိမ့်မည်။
‘ဒါက မြေကြီးအဆင့် ကပ်ဘေး လေ၊ ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် က အလုပ်ဖြစ်ပါ့မလား’
အဘိုးယွမ် က ချက်ချင်း ပြောလိုက်သည်။
“အနီးတဝိုက်မှာရှိတဲ့ သရဲဖမ်းဆရာတွေကို သွားအကြောင်းကြားလိုက်မယ်”
ရဲမှူးဖုန်း က ခေါင်းယမ်းပြီး ပြောလိုကသည်။
“ထားလိုက်ပါ၊ အကြွင်းမဲ့ ခွန်အား မရှိတဲ့ သူတွေက တိုက်ပွဲမှာ လာပါဝင်ရင် သေဖို့ပဲ ရှိမှာ”
ရုတ်တရက် စုန်းလုံ က ပြောလိုက်သည်။
“အဘိုးယွမ် … နောက်ထပ် လူတစ်ယောက် ရှိသေးတယ်။ သူ ကူညီနိုင်လောက်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးယွမ် ၏ မျက်လုံးများ အရောင်လင်းသွားပြီး ပြောလိုက်သည်။
“ငါ ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ … အဲဒီ ဆရာကြီးကို အခုချက်ချင်း ဖုန်းဆက်လိုက်မယ်”
ရဲမှူးဖုန်း က သတင်းရထားပြီးသား ဖြစ်သော်လည်း …
“မင်း ပြောတဲ့ ဆရာကြီး ဆိုတာ ကိုးဖော် သရဲဆိုး နဲ့ နှစ်တစ်ထောင် သက်တမ်းရှိ မိုးခေါင်မိစ္ဆာ ကို သတ်ခဲ့တဲ့သူလား”
စုန်းလုံ ခေါင်းညိတ်လိုက်သည့်အခါ ရဲမှူးဖုန်း လည်း အံ့သြဝမ်းသာ ဖြစ်သွားသည်။
အဘိုးယွမ် က နာကျင်စွာဖြင့် ပြောလိုက်သည်။
“သူ ဖုန်းမကိုင်ဘူး”
ချူဟောင်၏ ဖုန်းနဲ့ နံပါတ် အဟောင်းကို တျောင်ချန်း က ဂိမ်ဆော့ဖို့ ယူသွားသည်ကို အဘိုးယွမ် မသိပေ။
ရဲမှူးဖုန်းက “သူ ကိုင်တဲ့အထိ ဆက်တိုက် ခေါ်နေ”
ထိုအချိန်တွင် ရှောင်ယင်း က အမောတကော ပြေးဝင်လာပြီး ပြောလိုက်သည်။
“ရဲမှူးဖုန်း … ကျားငါးကောင် စစ်သူကြီးတွေ မိနစ် ၂၀ အတွင်း ရောက်လာလိမ့်မယ်”
“ကောင်းပြီ၊ သွားကြစို့”
နယ်မြေ (၇) တစ်ခုလုံး လှုပ်ရှားသွားကြသည်။
အန်းလိမြို့ ကောင်းကင်ပျံလမ်းမကြီးပေါ်တွင် သရဲတစ်ကောင်လို သွေးရောင် ပုံရိပ်တစ်ခုက ခုံးကျော်တံတား နားမှာ ပေါ်လာသည်။
သူက အရပ် နှစ်မီတာနီးပါး ရှိပြီး၊ သူ့အရေပြားများပေါ်တွင် လတ်ဆတ်သည့် သွေးများဖြင့် ဖုံးလွှမ်းထားသလို ဖြစ်နေသည်။ သူ့မျက်နှာက ပုပ်ပွနေသည့် အသားပုံကြီးလိုဖြစ်နေပြီး အလွန်ကြည့်ရဆိုးနေသည်။
ရုတ်တရက် သူက အောက်ကို ခုန်ဆင်းသွားပြီး ခုံးကျော်တံတား ပေါ်က ကုန်တင်ကား ဒရိုင်ဘာ တစ်ယောက်ကို ကားထဲကနေ ဆွဲထုတ်ကာ အရှင်လတ်လတ် အပိုင်းပိုင်း ဆွဲဖြဲပြီး သူ့ရဲ့ နှလုံးနဲ့ ဦးနှောက်ကို အကုန် စားပစ်လိုက်၏
“ဝုန်း”
ကုန်တင်ကားက ခုံးကျော်တံတား ကို ဝင်တိုက်ပြီး ကျယ်လောင်သည့် အသံနှင့်အတူ အောက်ကို ပြုတ်ကျသွားသည်။
ထိုအရာကြီးက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နဂိုက တွန့်လိမ်နေသည့် သူ့မျက်နှာ အရွယ်အစားက ကြီးထွားလာကာ ပိုပြီး ရှင်းလင်းလာသည်။
မိစ္ဆာကောင် ရဲ့ လည်ချောင်းထဲကနေ အာခေါင်ခြစ်သံနှင့်အတူ
“အရသာရှိတယ် … အရသာရှိတယ် …”
ရုတ်တရက် ရဟတ်ယာဉ် တစ်စီး ပေါ်လာသည်။
စုန်းလုံ၊ ရှောင်ယင်း၊ အဘိုးယွမ်နှင့် အခြားသူများက သွေးတွေ ဖုံးလွှမ်းနေတဲ့ မိစ္ဆာကောင် ကို မြင်လိုက်ရချိန်တွင် မှင်တက်သွားကြတယ်။ အစက ဧရာမ မိစ္ဆာ (သို့) သရဲဆိုကြီးဟု ထင်ထားခဲ့သော်လည်း မြင်တွေ့လိုက်ရသည့်အခါ ထိုသတ္တဝါမှာ ထင်သလောက် ကြီးမားမနေ … ။
သို့သော် မည်သူမှ ပေါ့ပေါ့ဆဆမနေရဲကြ။
“ပစ် …”
စုန်းလုံ က စက်သေနတ် တစ်လက်ကို ထုတ်ကာ အထူးပြုလုပ်ထားတဲ့ ကျည်ဆန်တွေ ထည့်ပြီး မိစ္ဆာကောင် ကို ပစ်ခတ်လိုက်သည်။
***