“ချွင်၊ ချွင်၊ ချွင်”
ကျည်ဆန်များက မိစ္ဆာကောင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားရာ မီးပွားများ လွင့်စင်သွားသည်။ မည်သူမှ ဝမ်းမသာနိုင်ခင်မှာပင် ထိုမိစ္ဆာကောင်က သူ၏ ခန္ဓာကိုယ်ထဲမှ ကျည်ဆန်များကို ပြန်လည် အန်ထုတ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ထိုမကောင်းဆိုးရွာက ရဟတ်ယာဉ်ပေါ်ရှိ လူများကို ဟိန်းဟောက်လိုက်ရာ၊ အသံလှိုင်းဂယက်ကြောင့် အားလုံး ခေါင်းမူးသွားကြသည်။
“မင်းက ဘယ်လို မိစ္ဆာမျိုးလဲ … ကျားငါးကောင် စစ်သူကြီးတွေ ထဲက တစ်ယောက်ဖြစ်တဲ့ ငါ ချင်ဖုန်း ဒီမှာ ရှိနေသရွေ့ မင်း မောက်မာချင်သလို မောက်မာခွင့် မရစေရဘူးကွ”
ထိုအချိန် ကုတ်အင်္ကျီရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်။ ထိုသူက အသက် ၄၀ ခန့်ရှိပြီး ချောမောခန့်ညားလှ၏။ သူက သူ၏ ဓားထိပ်ဖျားတွင် အဆောင်တစ်ခုကို တပ်ဆင်ကာ မိစ္ဆာကောင်၏ မျက်နှာဆီသို့ ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
ရုတ်တရက် သွေးရောင်အသားအရေနှင့် မိစ္ဆာကောင်က ပျောက်ကွယ်သွားရာ ချင်ဖုန်းလည်း ထိတ်လန့်သွားသည်။
သွေးရောင်အသားအရေနှင့် မိစ္ဆာကောင်သည် လေပြင်းတစ်ချက်လို လျင်မြန်စွာဖြင့် ချင်ဖုန်း ၏ အောက်တွင် ပေါ်လာသည်။ ၎င်းက ချွန်ထက်သည့်လက်သည်းဖြင့် ချင်ဖုန်းကို ရက်စက်စွာ ကုတ်ခြစ်လိုက်ပြီး နွေးထွေးနေသော နှလုံးကို ဆွဲထုတ်ကာ အငမ်းမရ စားသောက်ပစ်လိုက်သည်။
ရဟတ်ယာဉ်ပေါ်ရှိ လူအားလုံး လုံးဝ ထိတ်လန့်သွားကြသည်။ ကျားငါးကောင် စစ်သူကြီးတွေ ထဲက တစ်ယောက်ဖြစ်တဲ့ ချင်ဖုန်း က ချက်ချင်း အသတ်ခံလိုက်ရသည်လော။
“ချင် … ချင်ဖုန်း ချက်ချင်း အသတ်ခံလိုက်ရတယ်”
ရှောင်ယင်း ၏ အသံများ တုန်ယင်နေပြီး နယ်မြေ (၇) ရှိ ဝန်ထမ်းများအားလုံးကို သတင်းပို့လိုက်သည်။
“ဘာ …”
သတင်းရရှိလိုက်သည် လူအုပ်ကြီးက မှင်တက်သွားကြသည်။ ချင်ဖုန်း ၏ ခွန်အားက အဝါရောင်အဆင့် ကပ်ဘေးတစ်ခုကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုပြီး အစွမ်းထက်ကြောင်း ငြင်းဆိုဖွယ် မရှိပေ။ သို့သော် သူက ချက်ချင်း အသတ်ခံလိုက်ရလော … ။
ရဲမှူးဖုန်း က အသံဖမ်းစက်ကိုကိုင်လျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အဲဒီ ငတုံးကောင် တစ်ယောက်တည်း လှုပ်ရှားပြန်ပြီ။ ငါ လခွမ်းပဲ”
ပုန်းအောင်းနေသော အခြား ကျားငါးကောင် စစ်သူကြီးများ၏ မျက်နှာထားများက အလွန် ကြည့်ရဆိုးနေသည်။
ချင်ဖုန်း က လူအများရှေ့တွင် ရှိုးထုတ်သည်ကို အင်မတန် သဘောကျပေသည်။ ဤအရာက မြေကြီးအဆင့် ကပ်ဘေးဖြစ်ပြီး သတိထား ကိုင်တွယ်ရန် သူ့ကို မှာကြားထားပြီးသား ဖြစ်သော်လည်း သူက တစ်ယောက်တည်း ဝင်တိုက်ခဲ့သည်။ ဤသည်က သေကြောင်းကြံခြင်း မဟုတ်လျှင် အဘယ်နည်း။
ရှောင်ယင်း : “အဲဒီ… အဲဒီ မိစ္ဆာကောင်က ချင်ဖုန်း ရဲ့ ဦးနှောက်နဲ့ နှလုံးကို စားနေတယ်။ သူ … သူ ပိုပြီး အစွမ်းထက်လာသလိုပဲ”
အားလုံး၏ ဦးရေပြားများ ထုံကျင်သွားကြသည်။
ရုတ်တရက် သွေးရောင်အသားအရေနှင့် မိစ္ဆာကောင်က ရဟတ်ယာဉ်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး ကျောချမ်းဖွယ် ရယ်မောလိုက်ရာ အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
“ဆုတ် … ပြန်ဆုတ်”
စုန်းလုံ ချက်ချင်း အမိန့်ပေးလိုက်ရာ ရဟတ်ယာဉ်က အမြင့်သို့ မြန်မြန် တက်သွားသည်။
“ဆာတယ် … ဆာတယ် … ဗိုက်ဆာတယ်”
သွေးရောင်အသားအရေနှင့် မိစ္ဆာကောင်က ခုံးကျော်တံတားပေါ်မှ ခုန်ဆင်းသွားပြီး သူ၏ နှာခေါင်းဖြင့် အနံ့ခံကာ လမ်းမပေါ်သို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြေးသွားတော့သည်။
ရဲမှူးဖုန်း စိုးရိမ်တကြီး ပြောလိုက်၏။
“မကောင်းတော့ဘူး။ အဲဒါ နိုက်ကလပ် တစ်ခုပဲ။ မြန်မြန် တားကြ၊ အဲဒီကောင်ကို မြန်မြန်တားကြ”
“ဒိုင်း …”
ကုန်တင်ကား တစ်စီးက မိစ္ဆာကောင်ကို ဝင်တိုက်လိုက်ရာ ၎င်းမှာ တည့်တည့် လွင့်ထွက်သွားတော့သည်။
အဘိုးယွမ် က စိတ်လှုပ်ရှားစွာဖြင့် “ငါ တိုက်မိပြီ” ဟု ပြောလိုက်သည်။
ရဲမှူးဖုန်း က စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။
“အရမ်း ကောင်းတယ်။ ကျန်တဲ့ ကျားငါးကောင် စစ်သူကြီးတွေ ငါ့နောက်ကို လိုက်ခဲ့”
“ဟုတ်ကဲ့”
…
ဝတ်ရုံနီ သရဲမလည်း အန်းလိမြို့သို့ ရောက်ရှိလာသည်။ သူမ၏ ကလေးက လူသားများကို စားသောက်နေသည်ကို မြင်သောအခါ သူမ အလွန် ပျော်ရွှင်သွားသည်။
ဝတ်ရုံနီ သရဲမ က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး …
“စား … စား … ဒါမှ မင်း ပိုပြီး အစွမ်းထက်လာမှာ”
နယ်မြေ (၇) အနေဖြင့် အထိနာနေလေပြီ။ ကျားငါးကောင် စစ်သူကြီးတွေ ထဲက နောက်ထပ် နှစ်ယောက် ထပ်မံသေဆုံးသွားခဲ့သည်။ အားလုံး မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေကြသည်။
အထူးသဖြင့် သွေးရောင်အသားအရေနှင့် မိစ္ဆာကောင်က နိုက်ကလပ်ထဲကို ပြေးဝင်သွားပြီး အားပါးတရ စားသောက်နေတာကို မြင်လိုက်ရတော့ သူတို့ နှလုံးသားများ အေးစက်သွားကြသည်။
“ဂါး”
သွေးရောင်အသားအရေနှင့် မိစ္ဆာကောင်က သားရဲတစ်ကောင်လို ရှည်လျားစွာ ဟိန်းဟောက်လိုက်ရာ အသံလှိုင်းဂယက်များ အဆက်မပြတ် ပျံ့နှံ့သွားသည်။
သူ၏ ခန္ဓာကိုယ်က ကြီးထွားလာပြီး ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးတစ်ယောက်လို ဖြစ်လာသော်လည်း သူ၏ အသားအရေက ကြည့်ရဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံ ပေါက်နေ၏။
ဝတ်ရုံနီ သရဲမ ပေါ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
“ငါ့ကလေးလေး”
စုန်းလုံ နှင့် ရှောင်ယင်း တို့ အလွန် အံ့အားသင့်သွားကြသည်။
‘ဒီ ဝတ်ရုံနီ သရဲမ က မိစ္ဆာကောင်ရဲ့ အမေလား’
“မေ … မေမေ”
သောင်းချီ မိစ္ဆာသန္ဓေသား က ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးလေး တစ်ယောက်ရဲ့ နို့နံ့မစင်သေးတဲ့ အသံလေးနဲ့ ပြောလိုက်သည်။
ဝတ်ရုံနီ သရဲမ စိတ်လှုပ်ရှားနေသည်။
နှစ်ပေါင်း ၇၀၀ … သူမက သောင်းချီ မိစ္ဆာသန္ဓေသား ကို နှစ်ပေါင်း ၇၀၀ တောင် မွေးမြူခဲ့ခြင်းဖြစ်သည်။
ရာစုနှစ် ၇ ခုလုံးလုံး သရဲသန္ဓေသား တစ်သောင်းကို စုဆောင်းပြီး ယနေ့အတွက် တစ်နေရာကနေ တစ်နေရာ ပုန်းအောင်းနေခဲ့ရ၏။
အဘိုးယွမ် ၏ အသံများ တုန်ယင်နေပြီး လှမ်းခေါ်လိုက်သည်။
“ရဲမှူးဖုန်း”
ရဲမှူးဖုန်း က အံကြိတ်ကာ ပြောလိုက်သည်။
“ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် ကို ပြင်ဆင်ကြ” ဟ
လက်ရှိအချိန်တွင် သူတို့ လုပ်နိုင်သည်မှာ ထိုအရာတစ်ခုပင် ကျန်တော့သည်။ သောင်းချီ မိစ္ဆာသန္ဓေသား က တကယ်ကို ကြောက်စရာ ကောင်းလွန်းလှ၏။ သူက လူတွေကို စားပြီး သူ့ရဲ့ ယင်ဝိညာဉ်စွမ်းအင်နှင့် ခွန်အားကို အဆက်မပြတ် တိုးမြှင့်နေသည်။
“ကျွီ …”
နယ်မြေ (၇) က ယင်ယန်အဆောင် ကာကွယ်ရေး အစီအရင် ကို အသက်သွင်းဖို့ ပြင်နေချိန်၌ အနက်ရောင် ကားတစ်စီး ပေါ်လာသည်။
ထို့နောက် လူငယ်လေး တစ်ယောက် ကားပေါ်ကနေ ဆင်းလာသည်။ ထိုသူမှာ ချူဟောင် မှလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။
သူက တစ်လမ်းလုံး နောက်ကနေ လိုက်လာခဲ့ပြီး နောက်ဆုံးတော့ ဝတ်ရုံနီ သရဲမ ကို အမီလိုက်နိုင်သွားပြီဖြစ်သည်။ သူက အော်ဆဲလိုက်ပြီး …
“ခွေးမ … နောက်ဆုံးတော့ မင်းကို ငါ မိပြီ”
အင်မတန်စိတ်လှုပ်ရှားနေသည့် ဝတ်ရုံနီ သရဲမ ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ဇွဲကောင်းတဲ့ တာအိုကိုယ်တော်စုတ် ထပ်ရောက်လာပြန်ပြီ။
အဘိုးယွမ်၊ စုန်းလုံ၊ ရှောင်ယင်း နှင့် အခြားသူများက ချူဟောင် ပေါ်လာတာသည်နှင့် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ရှောင်ယင်း က စူးစူးဝါးဝါး အော်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“သူပဲ … သူ ရောက်လာပြီ”
[ဒင် … ပိုင်ရှင်သည် မသိမသာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
ရဲမှူးဖုန်း အနည်းငယ် နားမလည်ဖြစ်သွားပြီး မေးလိုက်သည်။
“သူက ဘယ်သူလဲ”
အဘိုးယွမ် လည်း အရမ်း စိတ်လှုပ်ရှားနေပြီး
“သူက အဲဒီ လူငယ် တာအိုဆရာကြီးလေ။ စောနက သူ့ဖုန်းကို ကျွန်တော် ခေါ်တာ ဘယ်လိုခေါ်ခေါ် ခေါ်လို့ မရခဲ့ဘူး”
ရဲမှူးဖုန်း လည်း အရမ်း အံ့သြသွားပြီး အသက်ရှင်ကျန်ရစ်နေသော အခြား ကျားငါးကောင် စစ်သူကြီးတွေ ကလည်း အလွန် ငယ်ရွယ်တဲ့ အမျိုးသားကို ကြည့်လိုက်ကြသည်။
“သူ လုပ်နိုင်ပါ့မလား”
ကျားငါးကောင် စစ်သူကြီးတွေ ထဲက တစ်ယောက်က မေးလိုက်သည်။ ချူဟောင်၏ အစွမ်းအစကို တကယ် သံသယဝင်နေခြင်းပင်။
ဒီလူက ဘာနည်းဗျူဟာမှ မရှိဘဲ၊ သောင်းချီ မိစ္ဆာသန္ဓေသားနှင့် ဝတ်ရုံနီ သရဲမ ကို တိုက်ရိုက် ရင်ဆိုင်နေခြင်းဖြစ်သည်။ ထိုအရာက ပညာမဲ့ရာ ကျပြီး မကြာသေးမီကမှ သေဆုံးသွားသည့် ချင်ဖုန်း ကဲ့သို့ဖြစ်နေ၏။
မည်သူကမှ ပြန်မဖြေကြချေ။ အဘယ်ကြောင့်ဆိုသော် ဘယ်သူကမှ ချူဟောင်ရဲ့အကြောင်းကို မသိခြင်းကြောင့်ပင်။
နိုက်ကလပ်ရဲ့ ကြေကွဲဖွယ် အခြေအနေကို မြင်လိုက်ရတော့ ချူဟောင် ရင်ထဲ အေးစက်သွားသည်။ အချိန် ဘယ်လောက်တောင် ရှိသေးလို့လဲ … လူတွေ အများကြီး သေကုန်ပြီး အလောင်းများက ပြန့်ကျဲနေသည်။
“ကျက်သရေမရှိတဲ့ တာအိုကိုယ်တော်”
ဝတ်ရုံနီ သရဲမ က စူးစူးဝါးဝါး အော်လိုက်သည်။
ချူဟောင်က အေးစက်စွာဖြင့်
“ကျက်သရေမရှိတဲ့ ခွေးမ … ငါက တာအိုကိုယ်တော် မဟုတ်ဘူး။ မင်း ကျောင်းရော တက်ဖူးရဲ့လားလို့ ငါ တကယ် သံသယ ဝင်မိတယ်။ ဒီ ‘တာအိုဆရာကြီး’ ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရလဲဆိုတာ မင်း သိလား”
[ဒင် … ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
သူက သောင်းချီ မိစ္ဆာသန္ဓေသား ကို ကြည့်လိုက်ပြီး တျောင်ချန်း ဘယ်ရောက်သွားလဲလို့ စဉ်းစားနေမိသည်။
‘ဖြစ်နိုင်တာက …’
ချူဟောင်၏ ရင်ထဲ အေးစက်သွားသည်။ တျောင်ချန်း တစ်ခုခု ဖြစ်သွားတာများလား … ။
ဒေါသစိတ်၊ သတ်ဖြတ်လိုစိတ် နှင့် အဆုံးအစမရှိတဲ့ ဒေါသတွေက ချူဟောင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ သူ့သွေးကြောတွေ ထောင်ထလာပြီး အော်ဆဲလိုက်သည်။
“ရုပ်ဆိုးမ … ငါ့ တျောင်ချန်း ဘယ်မှာလဲ”
ဝတ်ရုံနီ သရဲမ လည်း ဒေါသထွက်သွားပြီး စူးစူးဝါးဝါး အော်လိုက်သည်။
“ငါ့ကလေးလေး၊ သူ့ကို သတ်လိုက်၊ မြန်မြန် သတ်လိုက်”
သောင်းချီ မိစ္ဆာသန္ဓေသား က ရှေ့ကို ခုန်ဝင်လာသည်။ ၎င်းက အလွန် မြန်ဆန်ပြီး တစ်စက္ကန့်ကို မီတာ ၄၀ အထိ မြန်နှုန်းရှိကာ အိုလံပစ် အပြေးချန်ပီယံထက် သေချာပေါက် သာလွန်ပြီး ကျားသစ် တစ်ကောင်၏ အမြန်နှုန်းကဲ့သို့ ဖြစ်နေသည်။
ချူဟောင်က လန့်သွားသော်လည်း သူ့ရဲ့ တုံ့ပြန်မှုက အလွန် မြန်ဆန်နေပြီး သူ့လက်ထဲက ယင်ယန်ဓားဖြင့် မိစ္ဆာကောင်ကို ထိုးချလိုက်သည်။
“ချွင် …”
သတ္တုချင်း ရိုက်ခတ်သံထွက်ပေါ်လာပြီး မီးပွားတွေ လွင့်စင်သွားသည်။
ချူဟောင်၏ လက်မောင်း ထုံကျင်သွားပြီး အဆက်မပြတ် နောက်ဆုတ်သွားကာ သောင်းချီ မိစ္ဆာသန္ဓေသား ကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။
“သူ … သူ ကာကွယ်လိုက်နိုင်တယ်”
ရဲမှူးဖုန်း နှင့် အခြားသူများ အံ့သြမှင်တက်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
သူတို့ သောင်းချီ မိစ္ဆာသန္ဓေသား ကို ကိုင်တွယ်ခဲ့ချိန်တွင် တစ်ချက်လေးတောင် မထိခဲ့ပေ။ ၎င်း၏ အမြန်နှုန်းနှင့် ကြောက်မက်ဖွယ် ဆွဲဖြဲနိုင်စွမ်းကြောင့် ရင်ဆိုင်ရသူတိုင်း သေကုန်ကြသည်။
[ဒင်… ပိုင်ရှင်သည် အံ့အားသင့်ဖွယ် ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
ထိုအရာက အရမ်း မြန်လွန်းသည်။ သောင်းချီ မိစ္ဆာသန္ဓေသား က ထပ်ပြီး ခုန်ဝင်လာကာ ကြမ်းတမ်းစွာ လက်သည်းဖြင့် ကုတ်ချလိုက်သည်။
ရဲမှူးဖုန်း နှင့် အခြားသူများ မျက်လုံးတွေ မှိတ်ထားလိုက်ကြသည်။
“ဘန်း”
သောင်းချီ မိစ္ဆာသန္ဓေသား လွင့်ထွက်သွားသည်။ ချူဟောင်၏ ကိုယ်ပေါ်တွင် ရွှေခေါင်းလောင်း ဒိုင်း အလွှာတစ်ခု ပေါ်လာပြီး သူ့ပတ်ပတ်လည်ကို ကာကွယ်ပေးထားသည်။
အားလုံး နောက်တစ်ခါ ထပ်ပြီး မှင်တက်သွားကြပြန်သည်။
ချူဟောင်က မထီမဲ့မြင် ပြောလိုက်သည်။
“သောင်းချီ မိစ္ဆာသန္ဓေသား ရဲ့ စွမ်းရည်က ဒါအကုန်ပဲလား”
“ဒီတာအိုဆရာကြီးရဲ့ ရွှေခေါင်းလောင်း ဒိုင်း ကိုတောင် မခွဲနိုင်ဘူး။ ဒီလို အမှိုက်ကောင်မျိုးကို ဒီတာအိုဆရာကြီးက လက်ညှိုး တစ်ချောင်းတည်းနဲ့ ဖိချေပစ်နိုင်တယ်။ ဒါပေမဲ့ ငါ စိတ်ပြောင်းသွားပြီ။ မင်းတို့ကို သေချင်ပေမဲ့ သေလို့ မရအောင်၊ အသက်ရှင်ချင်ပေမဲ့ ရှင်လို့ မရအောင် လုပ်ပေးမယ်”
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
ရဲမှူးဖုန်း နှင့် အခြားသူများ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
ဤသည်က သေချာပေါက် ကြောက်စရာကောင်းသည့် ပညာရှင် တစ်ယောက်ပင်။
ဝတ်ရုံနီ သရဲမ က မယုံကြည်နိုင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ရှေးဟောင်း သရဲမ တစ်ကောင် ဖြစ်ခြင်းကြောင့် သူမ အရာတော်တော်များများကို မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ချူဟောင်က တကယ့်ကို ထူးဆန်းသူ တစ်ယောက်ပင်။
အဝေးကနေ စောင့်ကြည့်နေ သူတွေက ဝတ်ရုံနီ သရဲမ အရမ်း ကြောက်နေတာကို မြင်တော့
“အထင်ကြီးစရာပဲ၊ လူက သရဲကို ပြန်ခြောက်နေတာပဲ” ဟု တွေးလိုက်ကြသည်။
“ငါ့ကလေးလေး၊ သူ့ကို မြန်မြန် သတ်လိုက်၊ မြန်မြန်”
သောင်းချီ မိစ္ဆာသန္ဓေသား ဒေါသထွက်သွားသည်။ ၎င်းက မြေမြင်ကို ဆောင့်ကန်ပြီး လျှပ်စီးလို ခုန်ထွက်လာသည်။
ချူဟောင်က မိုးကြိုးငါးထပ် အဆောင် ကို ထုတ်ယူပြီး အားကုန် ပစ်ပေါက်လိုက်သည်။ အနက်ရောင် မိုးကြိုးတစ်ခုက “ဂျိမ်း” ကနဲ မြည်ပြီး ပေါက်ကွဲသွားသည်။
အလိုအလျောက် အန္တရာယ် အာရုံခံနိုင်စွမ်းကြောင့် သောင်းချီ မိစ္ဆာသန္ဓေသား က ရှောင်ဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။
***