သောင်းချီ မိစ္ဆာသန္ဓေသား က လွင့်ထွက်သွားပြီး ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး အနက်ရောင် မိုးကြိုးများဖြင့် ဖုံးလွှမ်းနေသော်လည်း ဘာမှ မဖြစ်ပေ။ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ရုံမျှသာ ဖြစ်သည်။
ဝတ်ရုံနီ သရဲမ ကလည်း ထိုအဆောင်ဖြင့် အတိုက်ခံရပြီး အသက်ရှင်နေခြင်းကြောင့် မိစ္ဆာသန္ဓေသား မသေသွားသည်ကို ချူဟောင် မအံ့သြချေ။
ချူဟောင်က ပြောလိုက်သည်။
“စနစ်… ငါ တစ်ကွက်တည်းနဲ့ အပြတ်ရှင်းချင်တယ်”
[စနစ် - ပိုင်ရှင်၊ ရှိုးထုတ်ရမှတ် ၅၀ တန် ကိုးထပ်မိုးကြိုး အဆောင်မန္တာန် ကို ဝယ်ယူရန် အကြံပြုပါသည်]
“တစ်ခု ပေးစမ်း”
[ဒင် … ပိုင်ရှင်သည် ကိုးထပ်မိုးကြိုး အဆောင်မန္တာန် ကို ဝယ်ယူလိုက်ပါသည်။ ရှိုးထုတ်ရမှတ် ၅၀ မှတ် ပေးချေလိုက်ပါသည်၊ လက်ကျန် ၂၁၀ မှတ် ရှိပါသည်]
ခရမ်းရောင် အဆောင်စာရွက် တစ်ခု ပေါ်လာပြီး ချူဟောင်က မန္တာန်ကို ရွတ်ဆိုလိုက်သည်။
“ကိုးထပ်မိုးကြိုး၊ ခမ်းနားကြီးကျယ်လှတဲ့ ကောင်းကင်ဘုံရဲ့ အစွမ်း၊ အဆောင်မန္တာန်က လမ်းညွှန်ပြသပြီး… သွားစမ်း”
ကိုးထပ်မိုးကြိုး အဆောင်မန္တာန် က ရွှေရောင် အလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်၌ ပျောက်ကွယ်သွားသည်။
ချက်ချင်းဆိုသလိုပင် ၃၃ မီတာ ပတ်လည်ရှိ လေဟာနယ်ထဲတွင် လျှပ်စီးများလက်ပြီး မိုးခြိမ်းသံတွေ ဆူညံသွားတော့သည်။ ထို့နောက် မိုးကြိုးနဂါးကြီး တစ်ကောင် ပေါ်လာကာ နဂါးဟိန်းသံကြီးတစ်ခု ထုတ်လွှတ်လိုက်သည်။
ထို နားကွဲမတတ် အသံကြီးကို အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ကောင်းကင်ကို မော့ကြည့်မိလိုက်ကြသည်။
“ဂရား …”
မိုးကြိုးနဂါးကြီးက လျှပ်စီးတန်းကြီး အဖြစ် ပြောင်းလဲသွားပြီး သောင်းချီ မိစ္ဆာသန္ဓေသား အပေါ်ကို ပြင်းပြင်းထန်ထန် ထိချလိုက်သည်။
“ဘန်း …”
ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မြေပြင်ပေါ်တွင် သုံးမီတာ အနက်ရှိသည့် တွင်းကြီး တစ်ခု ဖြစ်သွားသည်။ သောင်းချီ မိစ္ဆာသန္ဓေသား ကတော့ အစအနပင် ရှာမရတော့ချေ။ ၎င်းက ပြာအဖြစ် လုံးဝ အမှုန့်ကြိတ်ခံလိုက်ရပြီဖြစ်သည်။
[ဒင်… သောင်းချီ မိစ္ဆာသန္ဓေသား ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၅၀၀,၀၀၀ ရရှိပါတယ်]
[ဒင်… သောင်းချီ မိစ္ဆာသန္ဓေသား ထံမှ သောင်းချီ မိစ္ဆာအရိုး ကျလာပြီး နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ပါပြီ]
[ဒင်… သောင်းချီ မိစ္ဆာသန္ဓေသား ထံမှ သောင်းချီ မိစ္ဆာနှလုံးသား ကျလာပြီး နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ပါပြီ]
[ဒင်… ဂုဏ်ယူပါတယ်၊ ပိုင်ရှင် အဆင့်တက်သွားပါပြီ၊ လက်ရှိ အဆင့် : အဆင့်နိမ့် သရဲဖမ်းသမား အဆင့် ၂]
[ဒင်… ပေါင်းစပ်ခြင်း စနစ် အသက်ဝင်လာပါပြီ]
[ဒင်… ပိုင်ရှင်သည် အလွန်အမင်း အံ့အားသင့်ဖွယ် ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၅၀ မှတ် ရရှိပါတယ်]
[ပိုင်ရှင် - ချူဟောင်]
[အဆင့် - အဆင့်နိမ့် သရဲဖမ်းသမား အဆင့် ၂ (အဆင့် ၉ ပြည့်ပါက အလုပ်ပြောင်းနိုင်သည်)]
[အတွေ့အကြုံရမှတ် - ၅၀၀,၀၀၀ / ၆၀၀,၀၀၀]
[ရှိုးထုတ်ရမှတ် - ၂၁၀]
[စွမ်းအင်အမှတ် (မန်နာ) - ၅၀၀]
စနစ်၏ အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသော်လည်း ချူဟောင် မပျော်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ရဲ့ တျောင်ချန်း ပျောက်သွားခြင်းကြောင့်ပင်။
ဝတ်ရုံနီ သရဲမ ကြောက်ချေးပန်းသွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ လှည့်ပြေးတော့သည်။
“ဆာဒါကို၊ သွား … သူမကို ကောင်းကောင်း ပညာပေးလိုက်စမ်း”
သရဲတပည့် သုံးကောင်က ဝတ်ရုံနီ သရဲမ ကို အရိုးထဲစွဲအောင် မုန်းတီးနေကြသည်။ သူတို့က ဝတ်ရုံနီ သရဲမ ကို လက်စားချေချင်နေကြ၏။
ဝတ်ရုံနီ သရဲမ သာ ဒဏ်ရာမရထားပါက သူတို့၏ လက်စားချေမှုကို ခုခံနိုင်လောက်သော်လည်း ထိုအရာမှာ မဖြစ်နိုင်တော့ချေ။ ဆာဒါကို က သူမရဲ့ လက်တစ်ဖက်ကို ဆွဲဖြဲလိုက်ပြီး ကာယာကို ၏ ထက်မြက်သည့် လက်သည်းများက သူမရဲ့ ရင်ဘတ်ကို ကုတ်ဖြဲလိုက်ရာ နို့နှစ်ရောင် အသားစိုင် အချို့ကို မြင်တွေ့လိုက်ရသည်။
ချူမေ့ရန် ကလည်း သူမရဲ့ ခြေထောက် တစ်ဖက်ကို ကိုက်ဖြတ်လိုက်ရာ မြင်ကွင်းက ဆိုးရွားသွားပြီး သွေးများဖြင့် ပြည့်နှက်နေတော့၏။
ဝတ်ရုံနီ သရဲမ က ခွေးသေ တစ်ကောင်လို မြေကြီးပေါ်တွင် မလှုပ်မယှက် လဲနေတော့သည်။
ချူဟောင်က ပြေးသွားပြီး သူမရဲ့ မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်ရာ သူမက ကြောက်မက်ဖွယ် မျက်နှာထားနှင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ချူဟောင်က သူမကို ဆွဲထူပြီး ပါးတွေ၊ နားတွေ ဆက်တိုက် ရိုက်ပစ်လိုက်သည်။
ချူဟောင်က အော်ဟစ်လိုက်သည်။
“မင်းက ဘာလို့ မသတ်တော့တာလဲ။ မင်းက လူသားတွေ အကုန်လုံးကို သတ်ချင်တာလေ … သတ်လေ … သတ်ဦးလေ …”
“ဖြောင်း … ဖြောင်း … ဖြောင်း”
နောက်ထပ် ပါးရိုက်သံတွေ ထပ်ထွက်လာ၏။
ချူဟောင်က “ဒီတာအိုဆရာကြီးက မင်းတို့လို အမှိုက်ကောင်တွေကို မရေမတွက်နိုင်အောင် သတ်ဖူးတယ်။ မင်းက အရမ်း အစွမ်းထက်တယ်ဆို။ လာလေ … လာစမ်းပါ” ဟု ပြောလိုက်သည်။
“…”
ရဲမှူးဖုန်း၊ အဘိုးယွမ်၊ စုန်းလုံ၊ ရှောင်ယင်း နှင့် အသက်ရှင်ကျန်ရစ်သည့် အခြား ကျားငါးကောင် စစ်သူကြီးတွေ က ချွေးစေးများ ပျံလာကာ အဝေးကနေ အံ့ဩတကြီး ကြည့်နေကြသည်။
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
ဝတ်ရုံနီ သရဲမ ကို သေလုမတတ် ရိုက်နှက်ပြီးသည့် နောက်မှာတောင် ချူဟောင်က စိတ်မပြေနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော သူ့ရဲ့ တျောင်ချန်း ပျောက်သွားခြင်းကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ကျက်သရေရှိသည့် ပုံရိပ်လေး တစ်ခု ပျံသန်းလာပြီး သူ့ကို လှမ်းခေါ်လိုက်သည်။
“ဆရာကြီး”
ချူဟောင် မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“တျောင်ချန်း … မင်း ဘယ်တွေ သွားနေတာလဲ။ ဆရာကြီးက စိတ်ပူလွန်းလို့ သေတော့မလို့”
တျောင်ချန်း က သနားစရာကောင်းသည် ပုံစံလေးဖြင့် မျက်ရည်တွေ ဝဲနေပြီး
“ဆရာကြီး… ကျွန်မ… ကျွန်မ လမ်းပျောက်သွားလို့ပါ” ဟု ပြောလိုက်သည်။
ချူဟောင်: “…”
ဝတ်ရုံနီ သရဲမ ကို ကားထဲ ဆွဲသွင်းသွားပြီးနောက် ချူဟောင်က ဦးလေးကြီးကို ပြောလိုက်သည်။
“ဦးလေး … မောင်းတော့ … ဒီနေရာကနေ သွားကြစို့”
ဦးလေးကြီးက လုံးဝ ကြောင်အနေ၏။ ချူဟောင် ကားပေါ်က ဆင်းသွားပြီးနောက် ခဏလေးအတွင်း သောင်းချီ မိစ္ဆာသန္ဓေသား ကို အရမ်း အထာကျသည့် နည်းလမ်းနှင့် ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ နတ်ဘုရား တစ်ပါးကဲ့သို့ အစွမ်းထက်လွန်းခြင်း မဟုတ်ပေလား … ။
“ပြီး … ပြီးသွားပြီလား”
ထိုအမျိုးသားက ကြောင်အမ်းအမ်းနဲ့ မေးလိုက်သည်။
ချူဟောင်က ခေါင်းညိတ်ပြီး
“ပြီးသွားပြီ။ ဒီသရဲပေါက်စလေးတွေက ငါ့ပြိုင်ဘက်တောင် မဟုတ်ပါဘူး”
ဝတ်ရုံနီ သရဲမ စိတ်ပျက်သွားသည်။ သူမက သရဲပေါက်စလေးတဲ့လား … ။
‘ဒီအဘွားကြီးက အနှစ် ၇၀၀ သက်တမ်းရှိတဲ့ သရဲဆိုးကြီးဟ၊ သရဲဆိုးကြီး။ နင့်မေ … ကို သရဲပေါက်စလား’
ဦးလေးကြီးက လက်မထောင်ပြကာ မေးလိုက်သည်။
“အံ့သြစရာပဲ။ မင်းက နတ်ဘုရား ဝင်စားတာလား”
ချူဟောင်က ပြုံးပြီး ပြန်ပြောလိုက်သည်။
“ဦးလေးကတော့ မြှောက်နေပါပြီ၊ ဒါက အသေးအမွှား ကိစ္စလေးပါ”
“မိုက်တယ်”
ဦးလေးကြီးက လီဗာကို နင်းပြီး မောင်းထွက်သွားတော့သည်။
များမကြာမီ သူတို့ထွက်သွားသည့်နေရာတွင် ရဲမှူးဖုန်း နှင့် အခြားသူများ ပေါ်လာကြသည်။ သူတို့က အနားမကပ်ရဲသည့်အတွက် အဝေးက စောင့်ကြည့်နေကြခြင်းဖြစ်သည်။ လူငယ် တာအိုဆရာကြီးဆီ ချဉ်းကပ်ဖို့ စီစဉ်ထားသော်လည်း သူတို့ ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ စိတ်ပျက်သွားကြသည်။
အဘိုးယွမ် က မေးလိုက်သည်။
“ဆရာကြီးက ဘာလို့ ထွက်သွားတာလဲ”
ရဲမှူးဖုန်း က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီတာအိုဆရာကြီးက သူ့မျက်နှာကို မပြချင်လို့ နေမှာပေါ့၊ သူ့လို သိုသိုသိပ်စိပ် နေတတ်တဲ့ဆရာကြီးမျိုးကို သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ”
စဉ်းစားကြည့်တော့လည်း ယုတ္တိရှိပေသည်။ တစ်ဖက်လူက အဘိုးယွမ်၏ ဖုန်းကို မကိုင်သည်ကို ကြည့်ခြင်းအားဖြင့် နယ်မြေ (၇) နှင့် အဆက်အသွယ် မလုပ်ချင်သည်မှာ သိသာနေလေသည်။ တရုတ်ပြည်က သရဲဖမ်းဆရာ တချို့က အဲဒီလိုပဲဖြစ်သည်။ အထီးကျန်ဆန်ပြီး ထူးဆန်းတဲ့ အကျင့်စရိုက်တွေကို ပိုင်ဆိုင်ထားကြသည် မဟုတ်လား။
ရှောင်ယင်း က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ရဲမှူးဖုန်း၊ လုပ်ငန်းစဉ် တစ်ခုလုံးကို ကျွန်မ ဗီဒီယို ရိုက်ထားတယ်”
ရဲမှူးဖုန်း က ခေါင်းညိတ်လိုက်သော်လည်း မကြာခင်မှာ ဝမ်းနည်းသွားသည်။ ဒီတစ်ခါ နယ်မြေ (၇) က အများကြီး ဆုံးရှုံးခဲ့ရသည်။ ကျားငါးကောင် စစ်သူကြီးတွေ ထဲက ၃ ဦးတောင် သေသွားခဲ့ခြင်းပင်။
ရဲမှူးဖုန်း က ပျက်စီးနေတဲ့ နိုက်ကလပ်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဒီကိစ္စကို ကိုင်တွယ်ဖို့ ရဲစခန်းကို ဖုန်းဆက်လိုက်ပါ”
“ဟုတ်ကဲ့”
ညဉ့်နက်နေပြီဖြစ်လို့ ချူဟောင်ကို သူ့အိမ်မှာပဲ အိပ်ဖို့ ဦးလေးကြီးက ပြောခဲ့သော်လည်း သူက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
ထို့နောက် သူက ကျောက်ဓားမြှောင် ကို ကိုင်ပြီး သူ့ရဲ့ အခန်းငယ်လေးဆီ ပြန်လာခဲ့တော့၏။
သူက ကျောက်ဓားမြှောင် ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ပြောလိုက်သည်။
“အိုကေ၊ အခုကစပြီး မင်း ဒီမှာ နေလို့ ရပြီ”
ရန်ဟန်ရွှဲ့ (ဝတ်ရုံနီ သရဲမ) သွေးအန်တော့မတတ် ဖြစ်သွားသည်။ သူမကို ကုတင်အောက်ခြေမှာ ပစ်ထားတာက ဘယ်လို ဆက်ဆံရေးမျိုးလဲ … ။
သူမက ချူဟောင်ကို စိတ်ထဲကနေ ဆဲဆိုနေသော်လည်း ထုတ်မပြောရဲပေ။ သောင်းချီ မိစ္ဆာသန္ဓေသားနှင့် တိုက်ခိုက်ချိန်တွင် ချူဟောင်၏ နတ်ဘုရားလို အစွမ်းအစ၊ နတ်ဘုရား တစ်ပါး၏ နည်းလမ်းများဖြင့်ဆိုပါက သူမကို ပုရွက်ဆိတ်တစ်ကောင်လို နင်းချေဖို့ဆိုတာ အင်မတန်လွယ်ကူလှသည်။
ချူဟောင်က ကုတင်ပေါ် လှဲပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့ခြင်းကြောင့် သူ တော်တော်လေး ပင်ပန်းနေလေပြီ။
နောက်တစ်နေ့ မွန်းတည့်ချိန်မှ သူ နိုးလာသည်။
မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အပြစ်ကင်းစင်သည့် မျက်နှာလေးတစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။
ကြည်လင်တောက်ပတဲ့ မျက်လုံးတွေ၊ ကွေးညွှတ်နေတဲ့ မိုးမခ မျက်ခုံးတွေ၊ ရှည်လျားတဲ့ မျက်တောင်တွေ၊ ဖြူဝင်းနုဖတ်ပြီး အပြစ်အနာအဆာကင်းကာ ပန်းရောင်သမ်းနေတဲ့ အသားအရေ၊ ပြီးတော့ နှင်းဆီပွင့်ဖတ်တွေလို နူးညံ့ပြီး နှင်းရည်တွေ စိုနေတဲ့ နှုတ်ခမ်းပါးလေးတွေပေါ့။
ချူဟောင်က ခုန်အုပ်ပြီး တျောင်ချန်း ကို နမ်းလိုက်သည်။ အေးစက်နေသော်လည်း ခံစားချက်ကတော့ ကောင်းလှသည်။
‘ကျွတ် ကျွတ်… သူမသာ လူသားအဖြစ် ပြောင်းလဲနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ’
တျောင်ချန်း အလန့်တကြား အော်လိုက်ပြီး သူမရဲ့ ကျောက်စိမ်းလို ဖြူဝင်းတဲ့ မျက်နှာလေးက နားရွက်ဖျားတွေ အထိ ချက်ချင်း နီရဲသွားတော့သည်။
ချူဟောင်က လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။
“တျောင်ချန်း… မင်း ဘာလုပ်နေတာလဲ”
တျောင်ချန်း ၏ မျက်လုံးဝိုင်းကြီးတွေက ဝမ်းနည်းမှုတွေ ပြည့်နှက်နေပြီး ပြန်ပြောလာသည်။
“ဆရာကြီး၊ ဆရာကြီးက … ဆရာကြီးက အရမ်း ဆိုးတာပဲ”
ချူဟောင် ရယ်မောလိုက်ပြီး
“လုံးဝ မဟုတ်ပါဘူး။ မင်းက ဆရာကြီးကို နမ်းချင်နေလို့ ဆရာကြီးက မင်းကို ကူညီပေးလိုက်တာပါ။ ကျွတ် ကျွတ် … ငါ့ တျောင်ချန်း ရဲ့ နှုတ်ခမ်းလေးက အရမ်း နူးညံ့တာပဲ” ဟု ပြောလိုက်သည်။
တျောင်ချန်း က သူမရဲ့ မျက်နှာကို ရှက်ရှက်နဲ့ အုပ်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက မိန်းကလေးဖြစ်ပြီး သူမရဲ့ အသက်က ၁၈ နှစ်မှာ ရပ်တန့်နေကာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးသေးဘူးပေ။
တျောင်ချန်း က ခြေဆောင့်ကာ ရှက်ရှက်နဲ့ ပြောလိုက်သည်။
“ဆရာကြီး၊ ဆရာကြီးရဲ့ ဖုန်းက အကြိမ်ပေါင်းများစွာ မြည်နေတယ်”
ထိုစကားကို ပြောပြီးနောက် သူမ ထွက်ပြေးသွားတော့သည်။
ချူဟောင်က ခုနက ခံစားချက်ကို ပြန်တွေးနေရင်း ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။ တျောင်ချန်း အတွက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဝယ်ဖို့ ရှိုးထုတ်ရမှတ် တွေကို မြန်မြန် စုဆောင်းရမည်ဖြစ်သည်။
ဖုန်းကို ကောက်ကိုင်လိုက်ချိန်တွင် ဖုန်းခေါ်ဆိုမှုတွေ မရေမတွက်နိုင်အောင် တွေ့လိုက်ရပြီး အများစုက အဘိုးယွမ် ဆီကဖြစ်သည်။
သူက အဲဒါတွေကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။
မုယွီရွှန် ကလည်း အကြိမ်ပေါင်းများစွာ ခေါ်ထားပြီး၊ အဘိုးမော့ ဆီက ဖုန်းတွေရော၊ ဥက္ကဋ္ဌယွဲ့ ဖြစ်တဲ့ ယွဲ့ရှန်းရှန်း ဆီက ဖုန်းတစ်ကောလည်း ပါသေးသည်။
***