ချူဟောင်က အဘိုးမော့ ဆီသို့ ဖုန်းခေါ်လိုက်သည်။
ဖုန်းတစ်ဖက်မှ အဘိုးမော့ က ဒေါသတကြီးဖြင့် မေးလိုက်သည်။
“ကောင်စုတ်လေး… တစ်နေ့လုံး မင်း ဖုန်းမကိုင်ဘူး၊ ဘာလို့လဲ”
ချူဟောင်က ခပ်ဟဟ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်တော့်ဖုန်းကို ယူဆော့နေလို့ပါ။ အဘိုးမော့ … ဘာကိစ္စ ရှိလို့လဲ”
ဖုန်းတစ်ဖက်မှ အဘိုးမော့ က အထင်သေးစွာဖြင့် ပြောလိုက်သည်။
“မင်းရဲ့ ယွမ် ကိုးဆယ့်ကိုးတန် ဘိုးတော်ဖုန်းကြီးကို ဘယ်သူကများ ဂရုတစိုက် ယူဆော့မှာလဲ။ ပြီးခဲ့တဲ့ အခေါက်က ငါ မင်းကို မိတ်ဆက်ပေးခဲ့တဲ့ အလုပ်လေ … သောက်ကျိုးနည်းကွာ … ပြဿနာ တော်တော်တက်သွားတယ်”
“ဆိုက်ကို လူသတ်ကောင် တစ်ယောက်တဲ့။ ကျွတ် ကျွတ်… အန်းလိမြို့ တစ်မြို့လုံးတောင် တော်တော်လှုပ်ခတ်သွားတာပဲ။ အခု ငါ ဖုန်းဆက်တာက မင်းများ သေလုမတတ် လန့်သွားပြီလားလို့ မေးမလို့”
ချူဟောင်၏ နှဖူးကြောများ ကျုံ့သွားပြီး ပြန်ပြောလိုက်သည်။
“အဘိုးပဲ သေလိုက် … ဒီကိစ္စကို ကျွန်တော် သေချာပေါက် သိတာပေါ့”
အဘိုးမော့ က ပြုံးပြီး
“အိုကေလေ၊ မင်း ဘာမှမဖြစ်ဘူးဆိုရင် ငါ ဖုန်းချလိုက်တော့မယ်။ မင်းရဲ့ အစ်ကိုကြီးမှာ အလုပ်လေးတွေ လုပ်စရာ ရှိသေးလို့” ဟု ပြောလိုက်သည်။
ချူဟောင်၏ ရင်ထဲ နွေးထွေးသွားသည်။ အဘိုးမော့ က သူ့ကို စိတ်ပူလို့ ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်။
သူက မုယွီရွှန် ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ရာ တစ်ဖက်က ချက်ချင်း ဖြေဆိုလာသည်။ သူမက ဖုန်းကို ထိုင်စောင့်နေတာလားလို့တောင် သူ တကယ် သံသယ ဝင်မိသည်။
မုယွီရွှန် ၏ အသံမှာ မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေပြီး မေးလိုက်သည်။
“ချူဟောင် … နင် အခုမှ ဘာလို့ ဖုန်းပြန်ဆက်တာလဲ”
ချူဟောင်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“ဒီရက်ပိုင်း စီးပွားရေး ကိစ္စတွေနဲ့ အရမ်း အလုပ်ရှုပ်နေလို့ပါ၊ ဖုန်းကိုလည်း အိမ်မှာ ကျန်ခဲ့လို့လေ”
ထိုစကားကို ကြားသောအခါ မုယွီရွှန် က မေးလိုက်သည်။
“ချူဟောင် … နောက်တစ်ခါ နင် သရဲသွားဖမ်းရင် ငါ့ကို ခေါ်သွားပေးလို့ ရမလား။ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူးလို့ ငါ ကတိပေးတယ်”
ချူဟောင်: “ရတယ်လေ၊ ကြည့်ရှုခက ယွမ် တစ်သောင်း”
မုယွီရွှန် ဒေါသထွက်သွားပြီး “နင် ဓားပြတိုက်စားပါလား … အောင်မြင်နိုင်တယ်” ဟု ပြန်အော်လိုက်သည်။
ချူဟောင်: “ပြောစမ်းပါ၊ နင် တကယ် ဘာလိုချင်တာလဲ … ငါ အရမ်း အလုပ်ရှုပ်နေတယ်”
မုယွီရွှန်: “နင်က ဘာတွေ အလုပ်ရှုပ်နေတာလဲ”
“ပိုက်ဆံရှာနေတာလေ … မိန်းမယူဖို့ဟ … အရာအားလုံးကို မိသားစုက စီစဉ်ပေးတဲ့ နင်တို့လို သခင်မလေးတွေနဲ့ ငါ့ဘဝနဲ့ မတူဘူး”
မုယွီရွှန် အနေခက်သွားသည်။ နောက်တော့မှ ချူဟောင်မှာ မိသားစု မရှိဘူးဆိုတာကို သူမ သတိရသွားပြီး ပြောလိုက်သည်။
“အတော်ပဲ၊ ငါ့အဖေက ပွဲတစ်ခုကို သွားဖို့ရှိတယ်။ အဲဒီမှာ ရှိတဲ့သူတွေ အကုန်လုံးက အန်းလိမြို့ က ချမ်းသာတဲ့ သူဌေးကြီးတွေချည်းပဲ။ ငါ နင့်ကို မိတ်ဆက်ပေးမယ်လေ …”
“အဲဒါဆိုရင် နောင်တစ်ချိန် နင် တစ်ခုခု အကူအညီ လိုရင် ယွမ် တစ်ရာတန် အနီရောင် ပိုက်ဆံရွက်တွေ သေချာပေါက် မရှားတော့ဘူးပေါ့”
“ပိုက်ဆံ” ဆိုသည်ကို ကြားလိုက်ရသည်နှင့် ချူဟောင် ချက်ချင်း တက်ကြွသွားသည်။
“ဘာပဲဖြစ်ဖြစ်၊ နင် လာခဲ့လိုက်။ ပြီးမှ ငါတို့ စကားပြောကြမယ်။ ဒီည ၇ နာရီခွဲ၊ ဂူယွဲ့စံအိမ် ကလပ် ကို လာခဲ့။ ငါ နင့်ကို စောင့်နေမယ်”
“အိုခီပါ … လုံးဝကို လာခဲ့မယ်”
ဖုန်းချပြီးနောက် ချူဟောင်က ယွဲ့ရှန်းရှန်း ဆီကို ဖုန်းဆက်လိုက်သည်။
ဥက္ကဋ္ဌယွဲ့ က လုရှန်က သူ့ကို ရှာနေကြောင်း ပြောပြပြီး လုရှန်က ချူဟောင် နေထိုင်သည့်နေရာကို ဆက်တိုက်မေးနေခဲ့သော်လည်း သူမက ပြန်မဖြေလိုက်ပေ။
“နင် လုရှန်ကို သတိထားဖို့ လိုတယ်။ သူက ဆရာကြီး တစ်ယောက်ကို ငှားခဲ့တယ်လို့ ကြားတယ်။ ငှားပြီးတာနဲ့ နင့်ကို ပြဿနာ လာရှာချင်နေတာ”
ထိုစကားကို ကြားသောအခါ ချူဟောင် နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။
“သူက ဘာလို့ ငါ့ကို ပြဿနာ လာရှာချင်ရတာလဲ”
ယွဲ့ရှန်းရှန်းက တောင်းပန်တဲ့ လေသံဖြင့် ပြောလိုက်သည်။
“အကုန်လုံးက ငါ့အမှားတွေပါ။ ငါ့ရှေ့မှာ နင်က သူ့ကို အရှက်ခွဲလိုက်လို့လေ။ အဲဒီလူက သဘောထား သေးသိမ်တယ် … အဲဒါကြောင့် နင့်ကို ဒုက္ခပေးချင်နေတာပဲ”
လုရှန်က တကယ်ကို သဘောထား သေးသိမ်သူ ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လုရှန်သည် သူ၏ ပြဿနာများကို ဖြေရှင်းပေးဖို့ ယွမ်ငါးသိန်းထုတ်ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထိုအချိန်က သူသည် ကျိုးနွံသည့် လူတစ်ယောက်ကဲ့သို့ ပြုမူနေကာ အခုချိန်တွင်တော့ ချူဟောင်ကို ပြဿနာရှာချင်နေပြီလား … ။
‘ခက်တာက … ဒီတာအိုဆရာကြီးက သူ့ကို ဘာဖြစ်လို့ကြောက်နေရမှာလဲ’
ယွဲ့ရှန်းရှန်းနှင့် ဖုန်းပြောပြီးနောက် ချူဟောင်က စနစ် မျက်နှာပြင်ကို ဖွင့်လိုက်သည်။
[ပိုင်ရှင် - ချူဟောင်]
[အဆင့် - အဆင့်နိမ့် သရဲဖမ်းသမား အဆင့် ၂ (အဆင့် ၉ ပြည့်ပါက အလုပ်ပြောင်းနိုင်သည်)]
[အတွေ့အကြုံရမှတ် - ၅၀၀,၀၀၀ / ၆၀၀,၀၀၀]
[ရှိုးထုတ်ရမှတ် - ၂၅၀]
[စွမ်းအင်အမှတ် (မန်နာ) - ၅၀၀]
အဆင့်မြှင့်တင်ရန် အမှတ် ၁၀၀,၀၀၀ သာ လိုတော့သည်။ အဆင့် ၉ ရောက်ပါက ပေါ်လာမည့် "အလုပ်ပြောင်းနိုင်သည်" ဆိုသော ရွေးချယ်စရာကို သူ စိတ်ဝင်စားနေလေသည်။
ချူဟောင်: “စနစ်… 'အလုပ်ပြောင်းနိုင်သည်' ဆိုတာ ဘာလဲ”
[စနစ် - ပိုင်ရှင်အတွက် သီးသန့် ဖန်တီးထားသော အလုပ်အကိုင် ဖြစ်ပြီး၊ သရဲဖမ်းစွမ်းရည်များကို မြှင့်တင်ရန် ဖြစ်ပါသည်။ သေချာပေါက် ပိုင်ရှင်အနေဖြင့် မည်သည့်အလုပ်အကိုင်မှ မပါဝင်သော လမ်းကြောင်းကို ဆက်လက် ရွေးချယ်နိုင်ပြီး၊ မိမိကိုယ်ပိုင် လမ်းကြောင်းကို ဖန်တီးနိုင်ပါသည်]
‘ကျွတ် ကျွတ်… ငါ့ စနစ်က သောက်ရမ်း မိုက်တာပဲ၊ လူတွေကို လှည့်စားမှာ မဟုတ်ဘူး’
ထို့နောက် သူက ပေါင်းစပ်ခြင်း စနစ် ကို ဖွင့်လိုက်သည်။
ဒါက အသစ် အဆင့်မြှင့်တင်ထားသည့် လုပ်ဆောင်ချက် တစ်ခုဖြစ်၏။ အသုံးမကျသည့် ပစ္စည်းများ ကျလာပါက ထိုထဲသို့ ပစ်ထည့်ပြီး ပေါင်းစပ်၍ရသည်။
ချူဟောင်က ပြီးခဲ့သည့်ရက်တုန်းက ရရှိထားသည့် ပစ္စည်းများကို ထိုနေရာထဲသို့ ပစ်ထည့်လိုက်၏။
[ဒင် … အောက်ပါတို့ကို ပေါင်းစပ်နေပါသည်: ဧကရာဇ်မ အဝတ်ဖြူ၊ သောင်းချီ မိစ္ဆာနှလုံးသား၊ သောင်းချီ မိစ္ဆာအရိုး၊ သရဲလက်ကောက်၊ သရဲပုလဲ။ ရှိုးထုတ်ရမှတ် ၂၀ လိုအပ်ပါသည်]
ချူဟောင်: “ပေးမယ်”
တစ်ခဏအကြာတွင် ပစ္စည်းတစ်ခုက နေရာလွတ်ထဲ၌ ပေါ်လာသည်။
[ဒင် … ပိုင်ရှင်၏ ပေါင်းစပ်မှု အောင်မြင်ပါသည်၊ ရုပ်နာမ်ပျောက်ထီး ကို ရရှိပါသည်]
[ရုပ်နာမ်ပျောက်ထီး - ရုပ်နာမ်ပျောက်ထီးကို ဖွင့်လိုက်သောအခါ၊ သရဲများ၊ မိစ္ဆာများနှင့် လူများသည် ထီးအောက်တွင် ရှိနေသောအရာကို မမြင်နိုင်ပါ။ (ပစ္စည်းများ ပေါင်းထည့်ခြင်းဖြင့် အဆင့်မြှင့်တင်နိုင်သည်)]
“သောက်ကျိုးနည်း … ကိုယ်ပျောက် မှော်လက်နက်ပဲ”
ချူဟောင် စိတ်လှုပ်ရှားသွားသည်။ သူက ရုပ်နာမ်ပျောက်ထီး ကို ချက်ချင်း ထုတ်ယူလိုက်သည်။ အဲဒါက အနီရောင် ထီးတစ်လက် ဖြစ်နေသည်။ ဖွင့်လိုက်သောအခါ ထီးရော သူ့ခန္ဓာကိုယ်ပါ ပျောက်ကွယ်သွားတော့သည်။
ကိုယ်ပျောက်သွားပြီ … သူက မှန်ရှေ့ကို လျှောက်သွားပြီး သေချာကြည့်လိုက်ရာ တကယ်ပဲ သူ့ကိုယ်သူ မမြင်ရတော့ပေ။
ထိုအချိန်မှာတွင် တျောင်ချန်း လွင့်မျော ဝင်လာသည်။ မကြာသေးမီက သူမ ကြုံတွေ့ခဲ့ရသည့် စိတ်ဒဏ်ရာကနေ အများကြီး ပြန်လည် ကောင်းမွန်လာပုံရသည်။
“ဆရာကြီး” တျောင်ချန်း က ခေါ်လိုက်သည်။
“…”
မည်သည့်တုံ့ပြန်မှုမျိုးမှ မရှိသဖြင့် တျောင်ချန်း က သူမရဲ့ နှုတ်ခမ်းလေးကို စူလိုက်ပြီး သူမရဲ့ မျက်လုံးဝိုင်းကြီးများဖြင့် အနီးအနားကို ဝေ့ဝဲကြည့်လိုက်သည်။ ဖုန်းကို မြင်လိုက်ရတော့ သူမ ပျော်ရွှင်စွာဖြင့် ကောက်ကိုင်ပြီး စဆော့တော့သည်။
ချူဟောင် ဆွံ့အသွားကာ ဘာပြောရမလဲ မသိတော့ပေ။ တျောင်ချန်း က ဖုန်းစွဲလမ်းသူ တစ်ယောက် ဖြစ်နေလေပြီ။
ချူဟောင် တံတွေးမျိုချလိုက်သည်။ တျောင်ချန်း ၏ ခန္ဓာကိုယ် အချိုးအစားက အရမ်းကို လှပလွန်းလှသည်။ အထူးသဖြင့် သူမ၏ မို့မောက်နေသည့် တောင်ပူစာလေးနှစ်ခုက ချူဟောင်ကို ရင်ခုန်စေခြင်းဖြစ်သည်။ သူက တျောင်ချန်း ၏ ရှေ့ကို လျှောက်သွားပြီး သူ့ရဲ့ လူယုတ်မာ လက်ကို ဆန့်ထုတ်ကာ လူယုတ်မာ ဆန်လိုက်တော့သည်။
(မှတ်ချက် - ဒဂဲ့ကောင်ပဲ ရောင်းရင်းတို့ရေ)
ချူဟောင်၏ နှလုံးသားက တဒိန်းဒိန်းခုန်သွားပြီး လူယုတ်မာများနည်းတူ သွားရည်များ တသွင်သွင်စီးကျလာတော့သည်။
“အား …”
တျောင်ချန်း လန့်သွားပြီး သူမမျက်နှာမှာ ဖြူဖျော့သွားသည်။
“ဘယ်သူ … ဘယ်သူလဲ”
တျောင်ချန်းမှာ ထိတ်လန့်သွားသဖြင့် တုန်တုန်ယင်ယင်ဖြစ်နေတော့သည်။
‘မင်းက တစ္ဆေစစ်သူကြီး လေ၊ ဘာလို့ ဒီလောက်တောင် သတ္တိကြောင်နေရတာလဲ’
တျောင်ချန်း ထပ်ပြီး စူးစူးဝါးဝါး အော်လိုက်သည်။ သူမ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။ ထို့နောက် သူမရဲ့ လက်ထဲတွင် မူလပုလဲ ပေါ်လာပြီး ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေတော့သည်။
‘လခွမ်း … နှစ်တစ်ထောင် သက်တမ်းရှိ မိုးခေါင်မိစ္ဆာ ကိုတောင် သတ်နိုင်တဲ့ မူလပုလဲကို ထုတ်လိုက်တယ်ဟ။ ငါတော့ ဘဝမြန်မြန်ကူးတော့မှာပဲ’
ထို့ကြောင့် ချူဟောင်က ရုပ်နာမ်ပျောက်ထီး ကို အမြန် သိမ်းလိုက်ပြီး အော်လိုက်သည်။
“တျောင်ချန်း … ငါပါ .. ငါ ငါ။ မလုပ်နဲ့၊ မလုပ်နဲ့”
တျောင်ချန်း က “အို” ကနဲ အသံထွက်သွားပြီး သူမရဲ့ မျက်နှာလေးက နီရဲသွားကာ မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“ဆရာကြီးက တျောင်ချန်း ကို အမြဲတမ်း စနေတာပဲ။ တျောင်ချန်း ဆရာကြီးကို စကားမပြောတော့ဘူး”
ထိုသို့ပြောပြီးနောက် သူမ အပြင်ကို လွင့်မျောထွက်သွားတော့သည်။
နောက်ဆုံးတော့ သူက တျောင်ချန်း ကို ချော့ဖို့ King of Glory ဂိမ်းထဲက Skin တစ်ခု ဝယ်ပေးလိုက်ရသည်။ တျောင်ချန်းလည်း အရမ်းကို ပျော်သွားပြီး ခုန်ပေါက်ကာ ချူဟောင်ကို တစ်ချက် ဖက်လိုက်ပြီး ရှက်သွားပြန်သည်။
‘ငါ့ တျောင်ချန်း လေးက အရမ်း လိမ္မာတာပဲ၊ Skin တစ်ခု ဝယ်ပေးရုံနဲ့ ငြိမ်သွားတာပဲ’
…
ဂူယွဲ့စံအိမ် ကလပ် က သေချာပေါက် အန်းလိမြို့ ရဲ့ ထိပ်တန်း ဇိမ်ခံ ကလပ်တွေထဲက တစ်ခုဖြစ်သည်။ ခမ်းနားထည်ဝါတဲ့ အပြင်အဆင်တွေနဲ့အတူ ကားပါကင်မှာလည်း ဇိမ်ခံကားတွေ အပြည့်နှင့်ပင်။ ယွမ် တစ်သန်းအောက် တန်သည့်ကား တစ်စီးမှ ရှိမနေပေ။
ယွမ် သန်းသုံးဆယ်ကျော် တန်သည့် အနီရောင် Maserati ကားတစ်စီးက ဂူယွဲ့စံအိမ်၏ အဝင်ဝတွင် ရပ်လိုက်သည်။
Maserati ကားထဲကနေ အဝါနုရောင် ညနေခင်း ပွဲတက်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည် အမျိုးသမီး တစ်ယောက် ထွက်လာသည်။ သူမ၏ ညှပ်ရိုးလေးတွေက ကျက်သရေရှိနေပြီး သူမ၏ တင်းရင်းသည့် ရင်ကွဲကြောင်းက ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဖြစ်နေကာ အနီးအနားက ကားပါကင်ရှိ ဝန်ထမ်းကို အလိုအလျောက် တံတွေးမျိုချသွားစေတော့သည်။
ကား၏ အခြားတစ်ဖက်မှလည်း ခရမ်းရောင် ပိုးသား ဂါဝန်ဝတ်ထားသည့် မိန်းကလေး တစ်ယောက် ထွက်လာသည်။ သူမက နုပျိုလန်းဆန်းပြီး ချစ်စရာကောင်းကာ တောက်ပသည့် မျက်လုံးဝိုင်းကြီးများကို ပိုင်ဆိုင်ထား၏။ ဒါ့အပြင် အမျိုးသမီး တစ်ယောက်ရဲ့ သဘာဝ ကျက်သရေကို ပေါ်လွင်စေသော နို့နှစ်ရောင် ခြေတံရှည် တစ်စုံကို ပိုင်ဆိုင်ထားသည်။
ဝန်ထမ်း တစ်ယောက်က ခပ်တိုးတိုးလေး မေးလိုက်သည်။
“သူတို့က ဘယ်သူတွေလဲ … အရမ်း လှတာပဲ။ အထူးသဖြင့် အဲဒီ အစ်မကြီး … သူမရဲ့ အရှိန်အဝါက အရမ်း ပြင်းထန်တာပဲ”
အခြား ဝန်ထမ်း တစ်ယောက်က အထင်သေးစွာဖြင့် ပြန်ပြောလိုက်သည်။
“မင်း အလုပ်ဝင်တာ သိပ်မကြာသေးဘူး မလား။ မင်းက သူတို့ကိုတောင် မသိဘူး … သူတို့က မု စီးပွားရေးလုပ်ငန်းစုကြီးရဲ့ သခင်မကြီး နဲ့ သခင်မလေး တွေလေ”
“မု စီးပွားရေးလုပ်ငန်းစု … အန်းလိမြို့ မှာ ယွမ် ဘီလီယံ သောင်းချီ ချမ်းသာတဲ့ ထိပ်တန်း လုပ်ငန်းစုကြီးလား”
ဝန်ထမ်းက အံ့သြသွားသည်။ ထိုအရာ မြင်သောအခါ အခြား ဝန်ထမ်းက ထပ်ပြောလိုက်သည်။
“အရမ်း အံ့သြမနေပါနဲ့။ ဂူယွဲ့စံအိမ် ကို လာနိုင်တဲ့ သူတိုင်းက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ”
ခေါင်းဆောင်ဖြစ်သူက သူတို့နှစ်ယောက် တီးတိုး ပြောနေတာကို မြင်တော့ ဒေါသထွက်ဟန်ပြကာ ဆူပူလိုက်သည်။
“အလုပ်ပြန်လုပ်ကြစမ်း”
သူတို့နှစ်ယောက် ခေါင်းငုံ့ပြီး အနီရောင် Maserati ကားကို ကားပါကင်ထဲ မောင်းသွင်းဖို့ အမြန် လျှောက်သွားကြသည်။
Maserati ကားကို မောင်းလာတဲ့ အမျိုးသမီး နှစ်ယောက်ကတော့ မုယွီဖေး နဲ့ မုယွီရွှန် တို့ပင်။
***