Maserati ကားကို မောင်းလာသည့် အလှလေး နှစ်ဦးက မုယွီဖေး နှင့် မုယွီရွှန် တို့ဖြစ်လေသည်။
အသက် ၂၆ နှစ်အရွယ် မုယွီဖေး က ကလေးငယ် တစ်ယောက်လို နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားသည်။ သူမက
“ယွီရွှန် … ငါ့ကို ဒီကို ဘာလို့ ခေါ်လာတာလဲ။ ပြီးတော့ ဒီလို ခမ်းခမ်းနားနား ပွဲတက်ဝတ်စုံကြီး ဝတ်ခိုင်းနေတာ ဘာဖြစ်လို့လဲ”
သူမက အပြင်ထွက်လေ့ သိပ်မရှိချေ။ အလုပ်ကနေ အိမ်ကို တိုက်ရိုက် ပြန်လာလေ့ရှိသူမျိုး ဖြစ်သည်။ ကျောင်းဆင်းသည့်နှင့် အိမ်မကပ်ဘဲ တစ်နေရာပြီးတစ်နေရာ လျှောက်လည်နေတတ်သည့် မုယွီရွှန် နှင့် လုံးဝ မတူပေ။
မုယွီရွှန် က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ရာ ပါးချိုင့်လေးများ ပေါ်လာပြီး နူးညံ့စွာပြောလိုက်သည်။
“အစ်မ … အစ်မ မသိဘူး မလား။ အစ်မ အပြင်ကို မကြာခဏ ထွက်ဖို့ လိုတယ်။ အိမ်ထဲမှာချည်းပဲ နေနေတာ ကြာလွန်းနေပြီ။ အဲဒါ ကောင်းတဲ့အကျင့်မဟုတ်ဘူးနော်”
မုယွီဖေး က သူမကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
“အမှန်အတိုင်း မြန်မြန် ပြောစမ်းပါ၊ မဟုတ်ရင် ငါ ပြန်တော့မယ်။ နင့်ဘာသာနင် နေခဲ့”
မုယွီရွှန် က အစ်မဖြစ်သူကို အမြန် ပြန်ဆွဲထားပြီး ပြောလိုက်သည်။
“အစ်မ။ ဂူယွဲ့စံအိမ် မှာ မှော်လက်နက် တွေ အများကြီး ရှိတယ်လေ”
“မှော်လက်နက်တွေ …” မုယွီဖေး အံ့သြတကြီး အော်လိုက်သည်။
မုယွီရွှန် က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ ပြီးခဲ့တဲ့ အခေါက်က ချူဟောင် ငါတို့မိသားစုအတွက် သရဲဖမ်းပေးခဲ့ပြီးကတည်းက ဖန်ရှောက် ရဲ့ အဖေက အရမ်းကို စိတ်ဝင်စားသွားတာ။ ဒါကြောင့် သူက အဆက်အသွယ်တွေ သုံးပြီး ဂူယွဲ့စံအိမ် ကို ရှာတွေ့သွားတာ။ ဒီည မှော်လက်နက် တွေကို လေလံပစ်ကြမှာလေ”
မုယွီရွှန် က ရုတ်တရက် မေးလိုက်သည်။
“အစ်မ၊ ချူဟောင် ကို အထင်ကြီးလား”
မုယွီဖေး က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“သဘာဝကျကျပဲ သူက အထင်ကြီးစရာ ကောင်းတာပေါ့ … သူက ငါတို့ မိသားစုကို ကယ်ခဲ့တာလေ”
မုယွီရွှန် ကတော့ နှာမှုတ်လိုက်ပြီး ရေရွတ်လိုက်သည်။
“အဲဒီကောင်က လျှို့ဝှက်ဆန်းကြယ်သလို ဟန်လုပ်နေတာ။ ဒီရက်ပိုင်းအတွင်း ငါ စုံစမ်းကြည့်တော့ အဲဒီတုန်းက ချူဟောင် သုံးခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံးက အနိမ့်ဆုံးအဆင့် မှော်လက်နက် တွေချည်းပဲ။ ဥပမာ … အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် မျိုးတွေပေါ့။ တကယ့် ပညာရှင်ကြီး တစ်ယောက်ရဲ့ ရှေ့မှာဆိုရင် အဲဒါတွေက ထုတ်ပြဖို့တောင် မတန်ပါဘူး။ အပေါစားတွေလေ”
မုယွီဖေး မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ညီမဖြစ်သူကို ကြည့်လိုက်သည်။
“နင် ဘာပြောချင်တာလဲ” ဟု မုယွီဖေး က မေးလိုက်သည်။
မုယွီရွှန် က ပြုံးပြီး ပြန်ဖြေလိုက်သည်။
“အချုပ်ပြောရရင် ဒီမှာ မှော်လက်နက် တွေ အများကြီး ရှိတယ်။ ချူဟောင် က ပညာနည်းနည်းပါးပါး တတ်ထားတာနဲ့ ဒီသခင်မလေး ရှေ့မှာ လာရှိုးထုတ်လို့ ရမယ် ထင်နေတာ။ ဒီတစ်ခါတော့ သူ့ရဲ့ မာနတွေကို ငါ ချိုးနှိမ်ပစ်မယ်”
မုယွီဖေး က ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။
“နင့်ကို ငါ ဘယ်နှစ်ခါ ပြောရမလဲ … လူဆိုတာ ကျေးဇူးသိတတ်ရတယ်။ နင် အခု လုပ်နေတာတွေက ချူဟောင် ကို မကျေမနပ် ဖြစ်စေလိမ့်မယ်”
မုယွီရွှန် က ဂရုမစိုက်ပေ။ သူမက ထပ်ပြောလိုက်သည်။
“ဟွန်း … ငါ့ရှေ့မှာ လေကြီးဖို့၊ ရှိုးထုတ်ဖို့ ဘယ်သူက သူ့ကို ခိုင်းလို့လဲ … လာပါဟာ သွားရအောင်။ ဖန်ရှောက် ရဲ့ အဖေက အထဲမှာ ငါတို့ကို စောင့်နေပြီ”
ထိုအချိန်တွင် အရမ်း ဈေးကြီးတဲ့ အဖြူရောင် BMW ကားတစ်စီး ထပ်မံထိုးရပ်လာသည်။ အသက် ၂၅ နှစ်ခန့်ရှိ ချောမောပြီး တက်ကြွသည့် လူငယ်တစ်ယောက် ကားထဲက ထွက်လာတယ်။ သူက မင်းမျိုးမင်းနွယ် တစ်ယောက်ရဲ့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ပြီးပြည့်စုံတဲ့ မျက်နှာထားက ဒဏ္ဍာရီပုံပြင်ထဲက မင်းသားလေး တစ်ပါးလို ဖြစ်နေစေ၏။
မုယွီရွှန် က အံ့သြတကြီးဖြင့် ပြောလိုက်သည်။
“အစ်မ … အဲဒါ ဘယ်သူလဲ ကြည့်လိုက် … နာမည်ကြီး မင်းသား ချင်ဇီဟောက် လေ။ သူတောင် ဂူယွဲ့စံအိမ် ကို ရောက်လာတာပဲ”
မုယွီဖေး က သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။
“သွားကြစို့”
သူမက အနုပညာရှင်များကို စိတ်မဝင်စားပေ။
မုယွီရွှန် က အစ်မဖြစ်သူ၏ လက်မောင်းကို ဖမ်းဆွဲပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အစ်မ၊ သူ ငါတို့ဆီ လျှောက်လာနေပြီ”
ချင်ဇီဟောက် က ချောမောမှုက ဒဏ္ဍာရီပုံပြင်ထဲက မင်းသားလေး ပုံစံမျိုးဖြစ်သည်။ သူက ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
“မင်္ဂလာပါ လှပတဲ့ သခင်မလေးတို့၊ သခင်မလေးတို့က သခင်မလေး ယွီဖေး နဲ့ သခင်မလေး ယွီရွှန် တို့ ဖြစ်ရမယ်”
မုယွီရွှန် က ပွဲလမ်းသဘင်များကို တက်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမက အထက်တန်း ကျောင်းသူလေးတစ်ယောက်သာ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သူမက နာမည်ကြီး မင်းသားတွေကို ရုပ်မြင်သံကြားမှာပဲ မြင်ဖူးပြီး ယခုလို အပြင်မှာ မမြင်ဖူးချေ။ ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ရှင်က ကျွန်မတို့ကို သိတာလား”
ချင်ဇီဟောက် က ဆွဲဆောင်မှုရှိစွာ ပြုံးပြီး ပြောလိုက်သည်။
“မု စီးပွားရေးလုပ်ငန်းစုကြီးက အရမ်း နာမည်ကြီးတာလေ။ သခင်မလေးတို့ နှစ်ယောက်အကြောင်း ကြားဖူးတာ မဆန်းပါဘူး။ အထူးသဖြင့် စီးပွားရေးလောကမှာ သြဇာကြီးမားတဲ့ သခင်မလေး ယွီဖေး အကြောင်းကိုပေါ့”
“ကျေးဇူးတင်ပါတယ်” မုယွီဖေး က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
သူတို့ သုံးယောက် ဂူယွဲ့စံအိမ် ထဲကို ယှဉ်တွဲ ဝင်သွားကြသည်။
အချိန်ကိုက်ပင် ချူဟောင်က ဂူယွဲ့စံအိမ် ကို တက္ကစီဖြင့် ရောက်ရှိလာသည်။ သူက စံအိမ်ကိုကြည့်လိုက်ပြီး ချက်ချင်းသဘောကျသွားသည်။ သူ့ဘဝတွင် ထိုကဲ့သို့ ဇိမ်ခံနေရာမျိုးကို တစ်ခါမှမရောက်ဖူးချေ။
ချူဟောင်က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ကို သွားလိုက်သည်။ အဝင်ဝကို ရောက်သည်နှင့် အပြင်ဘက်က လုံခြုံရေးတွေက သူ့ကို တားလိုက်ပြီး မေးလာသည်။
“မင်း ဘာလိုချင်တာလဲ”
လုံခြုံရေး နှစ်ယောက်၏ မျက်နှာထားက မာထန်နေသည်။ ချူဟောင်က သာမန်အဝတ်အစားများသာ ဝတ်ဆင်ထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ချူဟောင် လန့်သွားပြီး အထဲကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“သူငယ်ချင်း တစ်ယောက်က ငါ့ကို ဒီကိုလာဖို့ လှမ်းခေါ်ထားတာ”
သို့သော် လုံခြုံရေးများက ရိုင်းစိုင်းစွာဖြင့် …
“ဆောရီးပဲ … မင်း ဒိုးလိုက်တော့။ ဒီပွဲက ခွင့်ပြုချက်မရှိတဲ့ သူတွေ ဝင်ခွင့် မရှိဘူး” ဟု ပြောလိုက်သည်။
ချူဟောင်က အထင်သေးခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။
ထို့ကြောင့် ချူဟောင်က လေသံမာမာဖြင့် ပြန်ပြောလိုက်၏။
“ခွင့်ပြုချက်မရှိတဲ့ သူ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မင်းတို့ စကားကို ယဉ်ယဉ်ကျေးကျေးပြောဖို့ အကြံပေးချင်တယ်”
လုံခြုံရေး နှစ်ယောက်ရဲ့ မျက်နှာ မဲမှောင်သွားသည်။ ဒီကောင်လေးက ခြိမ်းခြောက်နေခြင်းပင်။
“ဘာဖြစ်နေတာလဲ …”
ထိုအချိန်တွင် မန်နေဂျာဟု ထင်ရသည့် လူတစ်ယောက် လျှောက်လာသည်။ သူက မျက်မှောင် အနည်းငယ် ကြုတ်ပြီး ချူဟောင်ကို အကဲခတ်လိုက်သည်။ သူရဲ့ အတွေ့အကြုံအရ ချူဟောင်က ဒီလိုနေရာမျိုးနှင့် မအပ်စပ်ကြောင်းကို နားလည်ပေသည်။
လုံခြုံရေး နှစ်ယောက်က အလျင်အမြန်ပင် ပြောလိုက်သည်။
“မန်နေဂျာ၊ ဒီလူရဲ့ ဝတ်စားဆင်ယင်မှုက သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး”
“ခုနကတော့ 'ခွင့်ပြုချက်မရှိတဲ့ သူ' လို့ ပြောတယ်။ အခုကျတော့ ဝတ်စားဆင်ယင်မှုက သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး တဲ့။ မင်းတို့ နှစ်ယောက်က ဘာသဘောလဲ … မင်းတို့က စကားကို ဗလောင်းဗလဲ ပြောတတ်တာပဲ”
သောက်ကျိုးနည်း … ဒီကောင်လေးက သူတို့ကို တစ်ဖက်လှည့်နည်းဖြင့် ခြိမ်းခြောက်နေခြင်း (သို့) ဆဲနေခြင်း မဟုတ်ပေလား … ။
မန်နေဂျာကလည်း ပြဿနာမတက်ချင်ပေ။ ယနေ့ပွဲကို ရောက်ရှိလာသူအားလုံးမှာ အန်းလိမြို့က ဩဇာအာဏာရှိ ပုဂ္ဂိုလ်တွေချည်းဖြစ်သည်။ ထိုကဲ့သို့သောနေရာတွင် ပြဿနာတက်ပါက သူတို့အတွက် အဆင်မပြေ။ အရုပ်ဆိုးစရာ ဖြစ်သွားလိမ့်မည်။
လတ်တလောအခြေအနေကိုလည်း ဩဇာရှိသည့် လူအများအပြားက လှည့်ကြည့်နေကြပြီဖြစ်သည်။ ထို့ကြောင့် မန်နေဂျာက ချူဟောင်အနားကပ်ကာ …
“လူကြီးမင်း၊ ခင်ဗျားရဲ့ ဝတ်စားဆင်ယင်မှုက သတ်မှတ်ချက်တွေနဲ့ တကယ်ပဲ မကိုက်ညီပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ”
ချူဟောင် ၏ မျက်နှာထားက ချက်ချင်းတင်းမာသွားသည်။ သူက အထက်တန်းစား အသိုင်းအဝိုင်းကို နားမလည်သော်လည်း ဖုန်း၊ တီဗီတို့မှာတစ်ဆင့် သူတို့၏အကျင့်စရိုက်ကို မကြာခဏ မြင်တွေ့ဖူးပေသည်။
‘မုယွီရွှန် … နင်က ငါ့ကို ကစားနေတာလား’
သူ အရမ်း ဒေါသထွက်သွားပြီး ဖုန်းကို ကောက်ကိုင်ကာ မုယွီရွှန် ဆီ ဖုန်းဆက်ရန် ပြင်လိုက်သည်။
ရုတ်တရက် အံ့သြတကြီး အသံတစ်ခု ထွက်ပေါ်လာပြီး …
“အစ်ကို … ခင်ဗျား ဘာလို့ ဒီမှာ ရောက်နေတာလဲ” ဟု မေးလိုက်သည်။
ချူဟောင် ခေါင်းလှည့်ကြည့်လိုက်ရာ အသက် ၂၀ ဝန်းကျင်ရှိ လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက အင်တာနက်ဆိုင်တွင် ကံဆိုးသရဲ ကပ်နေသည့် ချင်ကျန်းယွီ ဖြစ်သည်။
ထိုကောင်လေး၏ ဝတ်စုံပြည့်နှင့် အသွင်အပြင် တစ်ခုလုံးက မနေ့က အင်တာနက်ဆိုင်မှာ တွေ့ခဲ့သည်ပုံစံနှင့် လုံးဝ မတူချေ။
ချူဟောင်က ဖုန်းကို ချလိုက်ပြီး ပြောလိုက်သည်။
“ငါ့ကို တားထားတာ၊ သူတို့က အထဲ ပေးမဝင်ဘူး”
ချင်ကျန်းယွီ က ပြုံးပြီး
“ကျွန်တော် သူတို့နဲ့ သွားပြောလိုက်မယ်” ဟု ပြောလိုက်သည်။
ချင်ကျန်းယွီ တွင် အဆက်အသွယ် များစွာရှိပေသည်။ သူက …
“ကျွန်တော်က ချင်ကျန်းယွီ ပါ။ ရဲမှူးကြီး ချင် ရဲ့ သားလေ။ ဒီအစ်ကိုက ကျွန်တော်နဲ့ အတူတူပေ။ ကျေးဇူးပြုပြီး ခြွင်းချက် အနေနဲ့ ခွင့်ပြုပေးပါ”
မန်နေဂျာက ခေါင်းယမ်းပြီး
“ဒီမှာ စည်းကမ်းတွေ ရှိပါတယ်၊ မရပါဘူး သခင်လေး”
ချင်ကျန်းယွီ ၏ မျက်နှာ မှောင်မိုက်သွားသည်။
ချူဟောင်လည်း ဒေါသထွက်လာပြီး …
‘ဒါက ဘယ်လို အမှိုက်ပုံလို နေရာလဲ။ ဒီတာအိုဆရာကြီး ကတောင် အထဲဝင်လို့ မရဘူးလား’
သူ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ သူ့အနောက်ကနေ အံ့သြတကြီး အသံတစ်ခု ထွက်လာပြီး
“ရှင် … ရှင်က ဘယ်လိုလုပ် ဒီမှာ ရောက်နေတာလဲ” ဟု မေးလိုက်သည်။
ချူဟောင် ခေါင်းလှည့်ကြည့်လိုက်ရာ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသည့် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ ရှောင်ယင်း မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။
ရှောင်ယင်း က နယ်မြေ (၇) အဖွဲ့ဝင် တစ်ယောက် ဖြစ်သလို နယ်မြေ (၇) ရဲ့ အဓိက ဝန်ထမ်း တစ်ယောက်လည်း ဖြစ်သည်။
မန်နေဂျာက ရှောင်ယင်း (ရွှီယင်း) ကို သေချာပေါက် သိပုံရပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“သခင်မလေး ရွှီယင်း၊ ဘယ်လိုလုပ် ရောက်လာတာလဲ”
ရွှီယင်း ကို အခြားသူများ မသိလျှင်တောင် တံခါးစောင့် မန်နေဂျာဖြစ်သည့် သူကတော့ အရမ်းကို ရှင်းရှင်းလင်းလင်း သိပေသည်။ ဂူယွဲ့စံအိမ်၏ ပိုင်ရှင်ကိုယ်တိုင်က သူမကို မြင်ပါက ယဉ်ကျေးရပြီး ဂူယွဲ့စံအိမ် တွင် နေထိုင်သည့် ဆရာကြီး ကိုယ်တိုင်တောင် ရွှီယင်း ကို မျက်နှာသာ ပေးရ၏။
သို့သော် ရွှီယင်း က မန်နေဂျာကို လျစ်လျူရှုပြီး ချူဟောင်ရှေ့ကို စိတ်လှုပ်ရှားစွာ လျှောက်သွားကာ မေးလိုက်သည်။
“ကျွန်မကို မှတ်မိသေးလား”
မန်နေဂျာက ထိုစကားကြောင့် တုန်ယင်သွားသည်။
‘ငါ နားကြားများ မှားနေတာလားဟ’
‘ရွှီယင်း က ဒီစုတ်ပြတ်နေတဲ့ လူကို 'ရှင်' လို့ သုံးနှုန်းပြီး ခေါ်လိုက်တာလား’
[ဒင်… မမြင်ရသော ရှိုးထုတ်ခြင်းက အထိရောက်ဆုံးပဲ။ ပိုင်ရှင်သည် ရှိုးထုတ်ရမှတ် ၅၀ ရရှိပါတယ်]
မန်နေဂျာက အလျင်အမြန်ပင် ပြောလိုက်သည်။
“အဲ … တောင်းပန်ပါတယ်။ ကျွန်တော်တို့ လူမှားသွားလို့ပါ။ ခင်ဗျားက သခင်မလေး ရွှီယင်း ရဲ့ သူငယ်ချင်း ဆိုမှတော့ ဝင်လို့ ရပါပြီ”
ရွှီယင်းလည်း လန့်သွားပြီး “ဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။
‘တကယ်ကိုပဲ … သူတို့က လူတွေကို အပြင်ပန်း အသွင်အပြင်နဲ့ ဆုံးဖြတ်ကြတာပဲ။ ငါ ဆက်ပြီး ရှိုးထုတ်တာ ပိုကောင်းမယ်။ မင်းတို့ ဆက်ဘာလုပ်မလဲ စောင့်ကြည့်ရသေးတာပေါ့။ ဟဲ ဟဲ’
ချူဟောင်က ရွှီယင်း ဘက်လှည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။
“မှတ်မိတာပေါ့ … ငါက ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ။ မင်းက ဆေးရုံ အဆောက်အဦး ထဲက တစ်ယောက် မဟုတ်လား … ကဲ သွားတော့၊ ဒီတာအိုဆရာကြီး အထဲ မဝင်တော့ဘူး။ ငါ့ကို လာမတောင်းပန်နဲ့ … မင်းတို့ တောင်းပန်ရင်တောင် ငါ အထဲဝင်တော့မှာ မဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားရာ အရမ်းကို အထာကျပြီး ခန့်ညားသည့် ပုံစံ ပေါက်နေသည်။
‘တောင်းပန်လေ …’
‘မြန်မြန် ငါ့ကို တောင်းပန်ကြစမ်းပါ …’
‘မဟုတ်ရင် ဒီရှိုးထုတ်မှုက အလကား ဖြစ်သွားမှာပေါ့ဟ’
***