ရွှီယင်း လန့်သွားသည်။ ချူဟောင်၏ စကားများက အရမ်းကို အေးစက်နေပြီး ဒီတာအိုဆရာကြီးက တော်တော် ဒေါသထွက်နေပုံရသည်။
‘သွားပြီ …’
‘တာအိုဆရာကြီး သာ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ’
နယ်မြေ (၇) က လက်ရှိတွင် ချူဟောင်ကို နတ်ဘုရား တစ်ပါးလို သဘောထားနေပြီး သူ့ကို ရနိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် စိတ်ချမ်းသာစွာထားဖို့ စိတ်အားထက်သန်နေသည်ကို သူသိထားသည်။ တာအိုဆရာကြီးနှင့် အမှတ်မထင် ဆုံတွေ့လိုက်ရခြင်းကပင် သူမအတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းနေလေပြီ။
သို့သော် တာအိုဆရာကြီး က သူမကို လုံးဝ လျစ်လျူရှုသွားသည်။ ပြီးတော့ ထိုကဲ့သို့ လျစ်လျူရှုသွားရသည်က ဂူယွဲ့စံအိမ် ၏ မန်နေဂျာကြောင့်ဆို သိသာလွန်းနေ၏။
ရွှီယင်း ဒေါသထွက်သွားပြီး မန်နေဂျာကို အားကုန် ဖြတ်ရိုက်ချလိုက်သည်။
“ဖြောင်း …”
ထိုပါးရိုက်ချက်က မန်နေဂျာကို မှင်တက်သွားစေပြီး သူက မျက်နှာကို အုပ်ကာ မယုံနိုင်စွာဖြင့် ကြောင်အကာ ကြည့်နေတော့သည်။
ပုံမှန်အားဖြင့် ရွှီယင်း က နယ်မြေ (၇) က လူတွေရှေ့ အလုပ်ကြိုးစားတဲ့ ကောင်မလေး တစ်ယောက် အဖြစ်သာ နေထိုင်သော်လည်း သူမ ဒေါသထွက်လာချိန်တွင်တော့ နယ်မြေ (၇) က ယောကျ်ားတွေကိုတောင် ကြောက်လန့်တုန်ယင်သွားစေလောက်တဲ့အထိ ကြောက်စရာ ကောင်းပေသည်။
ရွှီယင်း က မန်နေဂျာကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဆဲဆိုလိုက်သည်။
“ခွေးကောင် … ဆရာကြီးကို ပြန်လာအောင် မြန်မြန် သွားခေါ်စမ်း။ မင်း မခေါ်နိုင်ရင် ဒီမှာ အလုပ်ဆက်မလုပ်နဲ့တော့။ မင်းတင် မကဘူး … မင်းရဲ့ ဘော့စ် လည်း အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး၊ ဒီမှာ ရှိတဲ့ ဘယ်သူမှလည်း အေးဆေး နေရမှာ မဟုတ်ဘူး”
အားလုံး ထိတ်လန့်သွားပြီး ချင်ကျန်းယွီ လည်း လုံးဝ ဝေခွဲမရ ဖြစ်သွားသည်။ ထို့အပြင် မန်နေဂျာနှင့် လုံခြုံရေး နှစ်ယောက်လည်း ဒူးများပင် ပျော့ခွေကျသွားတော့သည်။
‘သောက်ကျိုးနည်း … ဒီလူက ဘယ်သူလဲဟ’
‘ငါတို့တင် မကဘူး။ ငါတို့ဘော့စ်ပါ ဒုက္ခရောက်မယ်တဲ့လား’
[ဒင် … မမြင်ရသော ရှိုးထုတ်ခြင်းက အထိရောက်ဆုံးပဲ။ ပိုင်ရှင်သည် ရှိုးထုတ်ရမှတ် ၅၀ ရရှိပါတယ်]
‘ဟားဟား … စကားနှစ်ခွန်းတည်းနဲ့ ရှိုးထုတ်ရမှတ် ၁၀၀ တောင် ရတယ်။ တကယ်ကို ကျေနပ်စရာ ကောင်းတာပဲ။ ထင်တဲ့အတိုင်းပဲပေါ့ … မမြင်ရတဲ့ ရှိုးထုတ်ခြင်းက အထိရောက်ဆုံးပဲ။ ဟဲ ဟဲ’
မန်နေဂျာက ရှေ့ကို ပြေးထွက်သွားပြီး ချူဟောင်၏ ခြေထောက်ကို ချက်ချင်း ဖက်ကာ တောင်းပန်တော့သည်။
“ဆရကြီး … ကျေးဇူးပြုပြီး မသွားပါနဲ့၊ မသွားပါနဲ့ဗျာ”
လုံခြုံရေး နှစ်ယောက်လည်း အင်မတန် ကြောက်ရွံ့နေကြသည်။ မန်နေဂျာဖြစ်သူက ချူဟောင်ရဲ့ ခြေထောက်ကို ဦးစွာဖက်ထားခြင်းကြောင့်သာ မဟုတ်ပါက သူတို့လည်း ခြေထောက်များကို ပြေးဖက်ထားမိပေလိမ့်မည်။
ချူဟောင်က ခေါင်းမော့ကာ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး စိတ်ပျက်အားငယ်သည့် လေသံဖြင့် အေးအေးလူလူပြောလိုက်သည်။
“တစ်ယောက်ယောက်က ခုနကတင် ငါ့ကို ခွင့်ပြုချက်မရှိတဲ့ သူလို့ ပြောလိုက်တယ်လေ။ ငါ အိမ်ပဲ ပြန်ရတော့မယ် ထင်တယ်”
မန်နေဂျာက ခုန်ထလိုက်ပြီး လုံခြုံရေး တစ်ယောက်ရဲ့ ပါးကို ဖြတ်ရိုက်ကာ နောက်လုံခြုံရေး တစ်ယောက်ရဲ့ ဗိုက်ကို ဝင်ကန်လိုက်သည်။
သူတို့နှစ်ယောက်လုံး နာကျင်သွားသော်လည်း အသံတောင် မထွက်ရဲကြပေ။ မန်နေဂျာက တံတွေးတွေ စင်ထွက်လာသည်အထိ အော်ဟစ်လိုက်သည်။
“ဘယ်သူက ခွင့်ပြုချက်မရှိတဲ့ သူလဲ။ မင်းတို့လို မျက်လုံးကန်းနေတဲ့ ခွေးကောင်တွေ … ဆရာကြီး ကို ဘာလို့ မြန်မြန် မတောင်းပန်ကြတာလဲ”
လုံခြုံရေး နှစ်ယောက်လည်း တဆတ်ဆတ်တုန်ယင်သွားပြီး မြေကြီးပေါ် ဒူးထောက်ချကာ မြေပြင်နှင့် ခေါင်းကို ဆောင့်ပြီး ချူဟောင်ကို ကန်တော့ကြတော့သည်။
လုံခြုံရေး တစ်ယောက်က ခေါင်းဆောင့်ရင်း
“ကျွန်တော်တို့ မျက်လုံးကန်းပြီး လူတွေကို အထင်သေးမိတာပါ။ ဆရာကြီး၊ ဆရာကြီးက ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်လို့ ရပါတယ်” ဟု ပြောလိုက်သည်။
အခြား လုံခြုံရေး တစ်ယောက်ကလည်း ဗလုံးဗထွေးဖြင့် ပြောလာသည်။
“ဟုတ်ပါတယ် … ဟုတ်ပါတယ် … ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့လို သေးနုပ်တဲ့ သူတွေကို စိတ်ထဲ မထားပါနဲ့ … အဲ မဟုတ်ဘူး၊ ကျွန်တော်တို့က လူတွေ မဟုတ်ပါဘူး၊ ကျွန်တော်တို့လို ခွေးတွေကို အပြစ်မယူလိုက်ပါနဲ့”
ချူဟောင်: “…”
‘ချွေးစေးတွေတောင် ပြန်လာတယ်’
‘ဒါက နည်းနည်းတော့ အပိုလုပ်လွန်းရာ ကျပေမဲ့ ဘာလို့ နားထောင်လို့ ဒီလောက် ကောင်းနေရတာလဲ’
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၁၀ မှတ် ရရှိပါတယ်]
ဘေးမှာ ရပ်နေတဲ့ ချင်ကျန်းယွီ လည်း ဆွံ့အသွားကာ … ‘အဲဒီလောက်ထိ အပိုလုပ်ဖို့ တကယ် လိုလို့လား’
‘သူက ထွက်သွားရုံလေးပဲ မဟုတ်ဘူးလား’
‘ခေါင်းတွေဆောင့်တယ်၊ ပါးတွေရိုက်တယ်၊ ပြီးတော့ သူတို့ကိုယ်သူတို့ လူမဟုတ်ဘူးလို့တောင် ပြောနေကြသေးတယ်။ ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းနေရတာလဲ။ ဒါတွေကို ကြိုသိခဲ့ရင် ဘာလို့ အစကတည်းက ဒီလို လုပ်ခဲ့ကြသေးလဲ’
ဂူယွဲ့စံအိမ် ရဲ့ ဘော့စ် က အရမ်း ရက်စက်တဲ့သူ ဆိုတာကို ချင်ကျန်းယွီ မသိပေ။ သူတို့ကြောင့် ဘော့စ် ကိုယ်တိုင်ပါ ဒုက္ခရောက်မယ် ဆိုတာကို ဘော့စ် သာ သိသွားပါက ပါးတစ်ချက် အရိုက်ခံရတာ၊ အကန်ခံရတာ၊ အလုပ်ပြုတ်တာလောက်နဲ့ ပြီးသွားလိမ့်မည် မဟုတ်ချေ။ သူတို့ သေချာပေါက် မရဏလမ်းကို လျှောက်လှမ်းရပေလိမ့်မည်။
မန်နေဂျာက အလျင်အမြန်ပင် ပြောလိုက်သည်။
“ဆရာကြီး၊ ကြည့်ပါဦး။ ကျွန်တော် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါပြီ”
ချူဟောင်က ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို ဆက်ကြည်ကာ ထပ်ပြောလိုက်၏။
“တစ်ယောက်ယောက်က ငါ့ဝတ်စားဆင်ယင်မှု မလျော်ကန်ဘူးလို့ ပြောခဲ့တယ် မလား … ထားလိုက်ပါတော့။ ငါ အိမ်ပြန်ပြီး အနားပဲ ယူလိုက်ပါတော့မယ်လေ”
ထိုစကားကို ကြားသောအခါ မန်နေဂျာက ခေါင်းမော့လာပြီး သူ့ကိုယ်သူ အားကုန် ဖြတ်ရိုက်လိုက်သည်။
“ဖြောင်း …” “ဖြောင်း …” “ဖြောင်း …”
အသံကို နားထောင်ကြည့်ရုံဖြင့် ပါးရိုက်ချက်တွေက ဘယ်လောက်အားပါမှန်း ခန့်မှန်းနိုင်ပေသည်။ စက္ကန့်ပိုင်းအတွင်း မန်နေဂျာ၏မျက်နှာက ဖောင်းအစ်လာသည်။
ချင်ကျန်းယွီ လုံးဝ ဝေခွဲမရ ဖြစ်သွားသည်။ ဒီလူတွေ ဘာဖြစ်နေကြတာလဲ …
‘လခွမ်း၊ သူက အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား’
မန်နေဂျာက ချူဟောင်၏ ခြေထောက်ကို ဖက်ကာ ငိုယိုပြီး ပြောလိုက်သည်။
“ကျွန်တော် မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး အထဲဝင်ပါ။ အထဲမှာ စားကောင်သောက်ဖွယ်တွေ ရှိပါတယ်။ ဆရာကြီး … ဘာ သုံးဆောင်ချင်လဲ။ ကျွန်တော် အခုပဲ လူလွှတ်ပြီး ပြင်ခိုင်းလိုက်ပါ့မယ်”
ရွှီယင်း လည်း ပြုံးကာ ချူဟောင်ဆီသို့ လျှောက်လှမ်းလာသည်။ လက်ရှိအချိန်သည် တာအိုဆရာကြီးကို မျက်နှာလို မျက်နှာရ လုပ်ဖို့ အကောင်းဆုံအချိန်ဖြစ်သလို တစ်သက်မှာ တစ်ခါသာ ရနိုင်မည့် အခွင့်အရေးဖြစ်သည်။
“ဆရာကြီး၊ ဒီက ဘော့စ် ကို အပြင်ထွက်လာခိုင်းရမလား။ ဒီလူက အကောင်းအဆိုးကို နားမလည်ဘူး။ ပြီးတော့ ဆရာကြီး ရောက်လာတာကို သူက ကိုယ်တိုင် ထွက်မကြိုခဲ့ဘူးလေ” ဟု သူမက သတိထားကာ ပြောလိုက်သည်။
မန်နေဂျာနဲ့ လုံခြုံရေး နှစ်ယောက်က ပိုပြီး တုန်ယင်သွားကြကာ ကြောက်ချေးများပင် ထွက်ကျလုမတတ် ဖြစ်သွားသည်။
‘ချူဟောင်ရဲ့ သရုပ်မှန်က တကယ်တော့ ဘာလဲ …’
သူတို့ရဲ့ ဘော့စ် ကိုယ်တိုင် ထွက်ကြိုရသူဆိုတာက လုပ်ငန်းနယ်ပယ်ထဲတွင် နာမည်ကြီး ဝါရင့် ဆရာကြီး တစ်ယောက် (ဒါမှမဟုတ်) ယွမ် ဘီလီယံ သောင်းချီ ချမ်းသာတဲ့ သူမျိုး ဖြစ်ရမည် ဆိုတာကို သိထားသင့်ပေသည်။ တခြား ဘော့စ် တွေဆိုပါက တစ်ချက်လေးတောင် လှည့်ကြည့်မည် မဟုတ်ပေ။
ပြီးတော့ သူတို့က … ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အပြင်မှာ တားထားခဲ့ကြခြင်းဖြစ်သည်။ ဤအရာက တွေးကြည့်ရုံနှင့် ကြောက်စရာ ကောင်းလွန်းလှသည်။
ချူဟောင်က မေးလိုက်သည်။
“မင်းက ဒီက ဘော့စ် ကို သိလို့လား”
ရွှီယင်း က အနည်းငယ် အနေခက်သွားပြီး ပြောလိုက်၏။
“သူက အရင်က ကျွန်မလက်အောက်မှာ အချိန်တစ်ခုလောက် အလုပ်လုပ်ခဲ့ဖူးတယ်။ ဒါကြောင့် သူက ကျွန်မတို့လူ တစ်ဝက်လောက်တော့ ဖြစ်နေတာပေါ့”
မန်နေဂျာနဲ့ လုံခြုံရေး နှစ်ယောက် အံ့သြသွားကြသည်။ ဘော့စ် က ရွှီယင်း ရဲ့ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသည်လား … ။
“ဒါ … ဒါက အရမ်းကို လွန်းကဲလွန်းနေပြီ”
သို့သော် ရွှီယင်း က သူတို့ရှေ့ရှိ လူငယ်လေးကို အရမ်း ရိုသေနေသည်။ သူမ ပိုရိုသေလေ သူတို့ရဲ့ နဖူးပေါ်တွင် ချွေးစေးများ ပိုထွက်လာလေပင်။
ချူဟောင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ငါတို့လို သာမန် ပြည်သူလေးတွေက ဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို သွားမစော်ကားရဲပါဘူး”
ရွှီယင်း က ခါးသက်စွာ ပြုံးလိုက်သည်။ ထို့နောက် စိတ်ထဲမှ …
“ရှင်က သာမန် ပြည်သူလေးတဲ့လား”
မြေကြီးအဆင့် ကပ်ဘေးကို ငြိမ်းချမ်းသွားအောင် လုပ်ခဲ့သူ … အန်းလိမြို့ တင် မက တရုတ်ပြည်ကြီး တစ်ခုလုံးမှာတောင် သူ့လို စွမ်းအားရှိသူက လက်ချိုးရေလို့ရသည် မဟုတ်လား။
“ဆရာကြီးက နောက်နေပြန်ပါပြီ။ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးကို ဒီက ဘော့စ် က ဖိနပ်သုတ်ပေးဖို့တောင် မတန်ပါဘူး”
နယ်မြေ (၇) က လူပီပီ မြှောက်ပင့်ပြောတဲ့ စကေးတွေက အတော်လေး Level မြင့်နေပြီဖြစ်သည်။
ချူဟောင်က လက်ကို ဝှေ့ယမ်းကာ ထပ်ပြောလိုက်သည်။
“ငါက ပုံမှန်အားဖြင့် အရမ်းကို အနေအေးပြီး ပြဿနာ မရှာချင်တဲ့လူမျိုးပါ”
“ဒါပေမဲ့ ငါ မလှုပ်ရှားရင်သာ ရှိမယ် … လှုပ်ရှားလိုက်ရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်တယ်။ သူတို့လည်း အလုပ်ထွက်စရာ မလိုပါဘူး။ ဒီမှာ အလုပ်လုပ်ရတာလည်း မလွယ်လှဘူးလေ။ သူတို့ကလည်း အသက်မွေးဝမ်းကျောင်း ပြုနေကြတာပဲလေ”
ရွှီယင်း က မန်နေဂျာကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ဆရာကြီးကို ဘာလို့ မြန်မြန် ကျေးဇူးမတင်ရသေးတာလဲ”
ဖောင်းအစ်နေတဲ့ မျက်နှာနဲ့ မန်နေဂျာက အမြန် ကန်တော့ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ကျေးဇူးတင်ပါတယ် ဆရာကြီး”
ထို့နောက် ချူဟောင်က ဂူယွဲ့စံအိမ် ထဲကို အထာကျကျ လမ်းလျှောက်ဝင်သွားတော့သည်။
ရွှီယင်း က အနောက်ကနေ အမြန်လိုက်သွားလိုက်သည်။ ချင်ကျန်းယွီ လည်း ခဏလောက် ကြောင်အနေပြီးမှ သူတို့နောက်သို့ လိုက်ဝင်သွား၏။
တစ်ချိန်တည်းမှာပဲ ချူဟောင်တွင် ဘယ်လို အမိုက်စား နောက်ခံမျိုး ရှိနေလဲဆိုသည့် မေးခွန်းကို ထပ်ခါတလဲလဲ စဉ်းစားနေမိသည်။
ဂူယွဲ့စံအိမ် က အင်မတန်ကို ခမ်းနားလွန်းလှသည်။ ရှည်လျားသည့် စင်္ကြံလမ်းတစ်လျှောက် ကျက်သရေရှိစွာ အလှဆင်ထားကာ လမ်းတစ်လျှောက်တွင် လှပသည့်ခန္ဓာကိုယ်နှင့် မိန်းမချောလေးများက သူတို့ကို အရိုအသေပေးနေကြသည်။
အဆိုပါမြင်ကွင်းကြောင့် ချူဟောင်၏ မျက်လုံးများ အရောင်တောက်လာပြီး သွားရည်တွေကို တိတ်တဆိတ် မျိုချလိုက်ရသည်။
‘မိန်းမချောလေးတွေ အရမ်း … အရမ်းကို များတာပဲ’
ဂူယွဲ့စံအိမ် ရဲ့ ခန်းမကြီးဆီရောက်ချိန်တွင် ချူဟောင် လုံးဝ အံ့ဩသွားတော့၏။ အခန်းတွင်း အပြင်အဆင်က ရှေးဟောင်း စတိုင်လ်မျိုးဖြစ်သည်။
ချူဟောင်က ထုတ်ဖော် ချီးကျူးလိုက်သည်။
“ဒီအပြင်အဆင်တွေက ပိုက်ဆံ အများကြီး ကုန်မှာပဲနော်”
ဘေးနားက ရွှီယင်း က ပြောလိုက်သည်။
“ပိုက်ဆံ အများကြီး ကုန်တာပေါ့။ ဆရာကြီး ဘေးနားက ပန်းအိုးကို တွေ့လား … အဲဒါက ဈေးကွက်ထဲမှာ ယွမ် သုံးသောင်းလောက် တန်တယ်”
ချူဟောင် သွားရည်ကျသွားသည်။
‘အထက်တန်းလွှာက လူတွေက ဘဝကို ဘယ်လို ခံစားရမလဲဆိုတာ တကယ်သိကြတာပဲဟ။ ပြီးတော့ ပန်းအိုး အခိုးခံရမှာကိုတောင် မကြောက်ကြဘူးပဲ’
ရွှီယင်း သာ ချူဟောင်ရဲ့ အတွေးတွေကို သိပါက သေချာပေါက် ပြောစရာစကား ပျောက်ရှသွားပေလိမ့်မည်။
ခန်းမကြီးက အရမ်းကို စည်ကားနေပြီး အားလုံးက ပွဲတက်ဝတ်စုံတွေ ဝတ်ထားကြသည်။ ချူဟောင် တစ်ယောက်တည်းသာ အခမ်းအနားနှင့် မအပ်စပ်သလို ဖြစ်နေ၏။
“ဆရာကြီး … သီးသန့်အခန်းကို သွားချင်လား” ရွှီယင်း က မေးလိုက်သည်။
“ငါက သူငယ်ချင်း တစ်ယောက်ကို လာရှာတာပါ။ အေးဆေးပဲ ကောင်းပါတယ်”
ရွှီယင်း က ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ချင်ကျန်းယွီ က ချူဟောင်ဆီ လျှောက်လာပြီး မေးလာ၏။
“အစ်ကို … ခင်ဗျားက တကယ်တမ်းမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”
ချူဟောင်က “သာမန် ပြည်သူ တစ်ယောက်ပါ” ဟု ပြန်ဖြေလိုက်သည်။
ချင်ကျန်းယွီ က ထိုစကားကြောင့် နှုတ်ခမ်းစူလိုက်သည်။ သူက လူမှုအသိုင်းအဝိုင်းထဲ အခုမှ ရောက်လာခြင်းဖြစ်သော်လည်း ဂူယွဲ့စံအိမ် ၏ ဘော့စ် အကြောင်းကိုတော့ ကြားဖူးပေသည်။ သူ့အဖေ ကိုယ်တိုင်တောင် မျက်နှာလိုမျက်နှာရ လုပ်ရသူဖြစ်သည်။
ချင်ကျန်းယွီ က မေးလိုက်သည်။
“အစ်ကို မပြောချင်လည်း နေပေါ့ … ဪ ဒါနဲ့ … ပြီးခဲ့တဲ့ အခေါက်က ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အဲဒီ ကံဆိုးသရဲ ဘယ်ရောက်သွားပြီလဲ”
ချူဟောင်က “သူ့ကို ဘဝကူးအောင် ပို့ပေးလိုက်ပြီ” ဟု ပြန်ဖြေလိုက်သည်။
ချင်ကျန်းယွီ က စိတ်လှုပ်ရှားစွာဖြင့် မေးလာ၏။
“အစ်ကိုကြီး ခင်ဗျားက တကယ်ပဲ သရဲနှင်နိုင်တာလား”
ချူဟောင်က နှာမှုတ်ကာ ပြန်ဖြေလိုက်သည်။
“သရဲနှင်တယ် ဆိုတာက အရမ်း ကလေးဆန်ပါတယ်ကွာ … ဒီတာအိုဆရာကြီးက သရဲတွေကို ဖျက်ဆီးပစ်တာပဲ လုပ်တာ”
ချင်ကျန်းယွီ က သူ့ကို ယုံပေသည်။ ထိုညက ချူဟောင်တစ်ယောက် ဆေးရုံ အဆောက်အဦးထဲ ပြေးဝင်သွားပြီး ဘာဒဏ်ရာမှ မရဘဲ ပြန်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံထဲတွင် လူတွေ အများကြီး သေခဲ့ဆုံးခဲ့ခြင်းကို သူ့အဖေဆီကနေ သူ ကြားခဲ့ရသည် မဟုတ်လား။
ထိုအချိန်တွင် ချူဟောင်က မုယွီရွှန် ကို မြင်လိုက်ရသည်။ သူမက ညနေခင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ ဖြူဖွေးသည့် ခြေတံရှည်များက အရမ်းကို ဆွဲဆောင်မှု ရှိနေ၏။
မုယွီရွှန် ကို လူငယ် အများအပြားက လမင်းကို ဝန်းရံနေတဲ့ ကြယ်လေးတွေလို ဝိုင်းအုံနေကြသည်။ အားလုံးက ပွဲတက်ဝတ်စုံတွေ ဝတ်ထားကြပြီး မုယွီရွှန် ကို တခစ်ခစ် ရယ်မောအောင် လုပ်နေကြသည်။
ချူဟောင်၏ မျက်နှာက တင်းမာသွားသည်။ ကျောင်းရဲ့ အလှပဂေးလေးက ဒီပွဲမှာ ပွဲတက်ဝတ်စုံ ဝတ်ဖို့ လိုအပ်သည် ဆိုသောအချက်ကို သူ့ကို လုံးဝ မပြောခဲ့ပေ။
တွေးကြည့်လိုက်ရုံဖြင့် သူက ဒေါသထွက်လာသည်။
***