ဒီကို ယူလာပြီး ပြစမ်းပါဦး
မုယွီရွှန် က ခေါင်းလှည့်လာပြီး ချူဟောင်ကို မြင်လိုက်ချိန်တွင် ခပ်သွက်သွက် လျှောက်လှမ်းလာသည်။
သူမက အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ချူဟောင် … နင့်ကို လာကြိုဖို့ ငါ့ကို ဘာလို့ ဖုန်းမဆက်တာလဲ”
ချူဟောင်က နှာမှုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“မလိုပါဘူး။ ဒီတာအိုဆရာကြီးမှာ အထဲဝင်ဖို့ ကိုယ်ပိုင် နည်းလမ်း ရှိတယ်”
မုယွီရွှန် က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါဆို တာအိုဆရာကြီး … ရှင် ဘယ်လို အထဲဝင်လာတာလဲ”
‘အောင်မာ … နင်က တကယ်ကြီး မေးရဲသေးတယ်ပေါ့’
ချူဟောင်က သူမကို ဆူပူဖို့ ပြင်လိုက်ချိန်တွင် ရုတ်တရက် မုယွီဖေး ကို မြင်လိုက်ရတော့ သူ အရမ်းကို စိတ်လှုပ်ရှားသွားသည်။
မုယွီဖေး က အဝါနုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ညှပ်ရိုးတွေကို လှစ်ဟပြထားကာ ဆင်စွယ်လို ဖြူဖွေးသည့် အသားအရေက မီးရောင်အောက်တွင် တောက်ပနေသည်။
အထူးသဖြင့် သူမရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အစိတ်အပိုင်းများနှင့် တင်းရင်းမှုများက သေချာပေါက် ပုရိသ အားလုံး၏ အာရုံစိုက်စရာ ဗဟိုချက်ဖြစ်နေတော့သည်။
ချူဟောင်က သူမဆီကနေ မျက်လုံးမခွာနိုင်တော့ပေ။ တံတွေးကို အကြိမ်ကြိမ် မျိုချနေမိ၏။ သူမက အရမ်းကို လှပလွန်းလေသည်။
မုယွီရွှန် က အလွန်အမင်း မကျေမနပ် ဖြစ်သွားသည်။ ဒီသကောင့်သားက သူမ၏ အစ်မဖြစ်သူကို အရသာရှိသည့် အသားတုံးကြီးသဖွယ် ကြည့်နေသည်မဟုတ်လား … သူမကရော ဆွဲဆောင်မှု မရှိဘူးလား … ။
မုယွီရွှန် စကားပြောဖို့ ပြင်လိုက်ချိန်တွင် လူငယ် တစ်ယောက်က ဖြည်းညင်းစွာ လျှောက်လာသည်။ ထိုသူက စောနက နာမည်ကြီး မင်းသားဖြစ်သည်။
ချင်ဇီဟောက် က ပြုံးပြီး မေးလိုက်သည်။
“ယွီရွှန် ... သူက မင်းရဲ့ သူငယ်ချင်းလား”
မုယွီရွှန် က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟု ပြန်ဖြေလိုက်သည်။
“ယွီရွှန် … မင်းမှာ ဒီလို သူငယ်ချင်းမျိုး ရှိတာပဲ။ ကြည့်ရတာ မင်းက အရမ်းကို ဖော်ရွေတဲ့သူ ဖြစ်ရမယ်”
ချင်ဇီဟောက် ၏ စကားများက ချူဟောင်သည် အနည်းငယ် အဆင့်အတန်း မမီဘူးဟု သွယ်ဝိုက်ပြီး ပြောနေပုံရသည်။
မုယွီရွှန် ပိုပြီး ဒေါသထွက်သွားသည်။
‘ဒီကောင်က တခြားလူတွေ သူ့ကို အထင်သေးနေတာတောင် ငါ့အစ်မကို စားတော့ သောက်တော့မယ်ပုံနဲ့ စိုက်ကြည့်နေတုန်းပဲ။ သူက အရမ်းကို စိတ်ပျက်ဖို့ ကောင်းတာပဲ’
ချင်ဇီဟောက် က လက်ထဲရှိ ဝိုင်ခွက်ကို ဝှေ့ယမ်းကာ ကျက်သရေရှိစွာ တစ်ကျိုက် သောက်လိုက်ပြီး မေးလိုက်သည်။
“ညီလေး … မင်း ဘယ်လို အထဲဝင်လာလဲ ဆိုတာကို ငါ အရမ်း သိချင်နေတာ”
ဖရိုဖရဲ ဖြစ်နေပြီး နက်(က်)တိုင် မစည်းထားတဲ့ သူတွေက ဂူယွဲ့စံအိမ် ကို ဝင်ခွင့် မရှိပေ။ ချူဟောင်ကတော့ တခြားလူများနှင့် မတူဘဲ တောသား တစ်ယောက်လို ဖြစ်နေလေသည်။
သို့သော် ချူဟောင်က ချင်ဇီဟောက် နှင့် မုယွီရွှန် ကို လျစ်လျူရှုပြီး သူ့အာရုံက မုယွီဖေး ဆီမှာပဲ ရှိနေသည်။ သူက သူမဆီကို တိုက်ရိုက် လျှောက်သွားပြီး
“အစ်မ ယွီဖေး” ဟု ခေါ်လိုက်သည်။
မုယွီဖေး က အံ့သြစွာဖြင့် မေးလိုက်သည်။
“အာဟောင် … မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
ချူဟောင်က အနည်းငယ် ရှက်သွားပြီး စနောက်သလိုလို ပြန်ဖြေလိုက်သည်။
“အစ်မ ယွီဖေးကို လာကြည့်တာလေ”
မုယွီဖေး က နတ်မိမယ် တစ်ပါးလို လှပစွာ တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“မင်းက အရမ်း စကားတတ်တာပဲ”
သူမ ပြုံးလိုက်သည်ကို ကြည့်ရင်း ချူဟောင် လည်ချောင်းတွေ ခြောက်လာတော့၏။
ချင်ဇီဟောက် ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ဒီတောသားက သူ့ကို တကယ်ကြီး လျစ်လျူရှုလိုက်သည်လား … ။
ပြီးတော့ သူက သူ့ရဲ့ ပစ်မှတ်ဆီကိုတောင် လျှောက်သွားသေးသည်။
တကယ်တော့ ချင်ဇီဟောက် တစ်ယောက် မုယွီရွှန် ဆီ လာကပ်ခြင်းက ညီမဖြစ်သူရဲ့ အဆက်အသွယ်ကို အသုံးချပြီး မုယွီဖေးနှင့် စကားပြောဖို့ ကြံစည်နေခြင်းဖြစ်သည်။
သို့သော် ဒီတောသားက ရောက်လာပြီး မကြာခင်မှာပင် မုယွီဖေးဆီ တိုက်ရိုက်သွားပြီး စကားပြောနေသည်။ ပိုဆိုးသည်က သူမကလည်း တောသားနှင့် စကားပြောရသည်ကို ပျော်ရွှင်နေပုံပင်။
တစ်ဖက်တွင် ချင်ကျန်းယွီ ကလည်း စောင့်ကြည့်နေသည်။ ချူဟောင်က ခန်းမထဲရှိ အလှပဆုံး အမျိုးသမီးနှင့် စကားပြောနေသည်ကို မြင်လိုက်ရချိန်တွင် လုံးဝအံ့ဩသွားတော့သည်။
‘အစ်ကိုကြီး … ခင်ဗျားက ဒီလောက်တောင် အံ့သြဖို့ ကောင်းနေဖို့ လိုလို့လားကွာ’
‘ခင်ဗျား အခုလေးတင် ရောက်တာကို ချက်ချင်းကြီး ကောင်မလေး ရသွားပြီလား’
‘ဆရာကြီး ဆိုတာ တကယ်ပါပဲ’
မုယွီရွှန် ကတော့ ဒေါသထွက်လွန်းသဖြင့် အဆုတ်တွေတောင် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေပြီ။ ဒီကောင်က သူမရဲ့ အစ်မကို မြင်လိုက်ရချိန်တွင် သူမကို လုံးဝ မမြင်တော့ပေ။
ချင်ဇီဟောက် က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ယွီရွှန် … သူက ဘယ်သူလဲ”
“သူက ငါ့ အတန်းဖော် တစ်ယောက်ပါ။ တကယ်တော့ သူက သူငယ်ချင်းကောင်းတော့ မဟုတ်ပါဘူး။ သူက အဲဒီလိုမျိုးပါပဲ … မင်းသား… သူ့ကို ဂရုမစိုက်ပါနဲ့”
ထိုသို့ပြောပြီးနောက် မုယွီရွှန် က ဒေါသတကြီး လျှောက်လှမ်းသွားပြီး “ချူဟောင်” ဟု ခေါ်လိုက်သည်။
ချူဟောင်က ခေါင်းမော့လာပြီး “ဘာလဲ” ဟု ပြန်မေးလိုက်သည်။
မုယွီရွှန် က ကောက်ကျစ်စွာ ပြုံးပြီး ပြောလိုက်သည်။
“နင်က သရဲဖမ်းတာ အရမ်း တော်တယ် မဟုတ်လား … ဒီည ပွဲမှာ လေလံပစ်ဖို့ မှော်လက်နက် တွေ အများကြီး ရှိတယ်။ နင့်ဟာတွေထက် အများကြီး ပိုကောင်းတယ်”
ချူဟောင်က အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဟမ့် … တော်တော် အမြင်ကျဉ်းသေးတာပဲ … ဒီတာအိုဆရာကြီးရဲ့ မှော်လက်နက်တွေက လုံးဝကို ပြိုင်ဘက်ကင်းပဲလေ”
“နင်က အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် တွေကို ပြောနေတာလား … ငါ့ကို ရယ်အောင် မလုပ်ပါနဲ့”
မုယွီရွှန် က သူမရဲ့ ဗိုက်ကို ကိုင်ပြီး ရယ်လိုက်သည်။
ချူဟောင်၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားတော့သည်။ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် က တကယ်ကို အမှားတစ်ခုဖြစ်သည်။
စနစ်က အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် ကို အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် လို့ မခေါ်ဘဲ နဂါးနီအဆောင် ဟူ၍ သောက်ရမ်း အထာကျသည့် နာမည်မျိုး ပေးထားခြင်းကြောင့် ယခုလို ကိစ္စရပ်မျိုး ကြုံတွေ့လာရခြင်းဖြစ်သည်။
ချူဟောင်က လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။
“အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်က … နင့်မှာ ရှိလို့လား”
“နင် …”
သို့သော် မုယွီရွှန် က လက်မခံနိုင်သည့် ပုံစံဖြင့် ပြောလိုက်သည်။
“ငါ့မှာ သေချာပေါက် ရှိတာပေါ့”
ချူဟောင်က အရှက်မရှိဘဲ လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။
“ဒါဆို ငါ့ကို အခုပြလေ”
‘အား …’
‘လူယုတ်မာကောင်၊ ငါ့ကို ဘယ်လို ထုတ်ပြစေချင်တာလဲ’
မုယွီဖေး က ဘေးနားကနေ တခစ်ခစ် ရယ်မောနေရာ … မုယွီရွှန် ပိုပြီး ဒေါသထွက်သွားတော့သည်။
‘အစ်မ … အစ်မက ရယ်နေသေးတယ်လား’
ချင်ဇီဟောက် က အခွင့်အရေးကို အမိအရဆုပ်ကိုင်ရန် ပြုံးလျက် လျှောက်လာကာ …
“ဒီည မှော်လက်နက် အများစုက ဆရာကြီး လုံယွမ် ဆီကလို့ ကြားတယ်။ အပေါဆုံးကတောင် ယွမ် တစ်သိန်းကနေ စတာတဲ့”
ချူဟောင်က အံ့သြတကြီးဖြင့် “မှော်လက်နက် တစ်ခုက ယွမ် တစ်သိန်းတောင် ရောင်းလို့ ရတာလား” ဟု မေးလိုက်သည်။
ချင်ဇီဟောက် ၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
‘ဒီတောသားက တကယ်ကို ကမ္ဘာကြီးအကြောင်း ဘာမှ မသိပါလား’
“ဟုတ်တယ်၊ ယွမ် တစ်သိန်းဆိုတာ အစပဲ ရှိသေးတာ။ ဒီမှာ ရှိတဲ့ လူပေါင်း မရေမတွက်နိုင်အောင်က အဲဒါတွေကို လုဝယ်ကြမှာပဲ”
ချူဟောင်၏ ချက်ချင်း ပျော်သွားတော့သည်။ ထို့နောက် သူက
“ငါ့ဆီမှာ မှော်လက်နက်တွေ အများကြီး ရှိတယ်။ လေလံပွဲမှာ ဘယ်လို ပါဝင်ရမလဲ” ဟု မေးလိုက်သည်။
ချင်ဇီဟောက် က ထပ်ပြီး အထင်သေးသည့် ပုံစံ ပြလိုက်ကာ …
‘သူက တကယ်ကို ကမ္ဘာကြီးအကြောင်း ဘာမှ မသိတဲ့ တောသားပဲဟ’
“ဒီ မှော်လက်နက် တွေ အကုန်လုံးက ဆရာကြီး ဆီက လာတာ၊ တစ်ခုချင်းစီက အစစ်တွေချည်းပဲ။ မင်းရဲ့ မှော်လက်နက် တွေလား … လေလံတင်ရင်တောင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
ချူဟောင်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ငါ့ဟာတွေက လမ်းဘေးမှာရောင်းတဲ့ ဟင်းရွက်ကန်စွန်းတွေလို့ ဘယ်သူပြောလဲ။ မင်းကမှ ကမ္ဘာကြီးအကြောင်း ဘာမှ မသိတဲ့သူပဲဟ”
ချင်ဇီဟောက် သွေးအန်လုမတတ် ဖြစ်သွားသည်။
‘ငါက ကမ္ဘာကြီးအကြောင်း ဘာမှ မသိဘူး ဟုတ်လား … ငါ့ကို ပြန်ပြောရဲတဲ့ မင်းရဲ့ သတ္တိလေးကတော့ မဆိုးပါဘူး။ ဘယ်သူက ကမ္ဘာကြီးအကြောင်း ဘာမှ မသိတာလဲ ဆိုတာ နောက်မှ မင်း သေချာသိလိမ့်မယ်’
သို့သော် အလှလေးများ အရှေ့တွင် သူ၏ဒေါသကို ထိန်းချုပ်ထားလိုက်ပြီး အထင်သေးသော အရိပ်အယောင် ပါဝင်သည့် အပြုံးတစ်ခုကိုသာ မျက်နှာပေါ်တွင် ဆင်မြန်းထားလိုက်သည်။
မုယွီဖေး က ပြောလိုက်သည်။
“အာဟောင် … မင်းကို ကူညီလို့ ရမလား ငါ သွားကြည့်ပေးမယ်လေ”
ချူဟောင်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်မ ယွီဖေး။ ဒီပစ္စည်းတွေကို လေလံတင်ပြီးသွားရင် ကျွန်တော် အစ်မကို သေချာပေါက် ဆိုင်ကောင်းကောင်းမှာ ဧည့်ခံပါ့မယ်”
မုယွီဖေး ကလည်း ပြုံးပြီး ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းတာတွေကြီးပဲ ရွေးစားရတော့မှာပေါ့”
ချင်ဇီဟောက် နှင့် မုယွီရွှန် တို့ နှစ်ယောက်လုံး အရမ်းကို စိတ်ပျက်သွားကြသည်။ သူတို့ နှစ်ယောက်က အပြန်အလှန် စကားပြောနေကြပြီး ကျန်နှစ်ယောက်ကို လုံးဝ လျစ်လျူရှုထားခြင်းဖြစ်သည်။
ထိုအချိန်တွင် ရွှီယင်း က လျှောက်လှမ်းလာသည်။ တာအိုဆရာကြီး ရှိနေသရွေ့ မည်သည့်ကိစ္စကမှ သူ့အတွက် အရေးမကြီးပေ။
သူမက ချူဟောင်ကို စောင့်ကြည့်နေခဲ့၏။ ဆရာကြီး က မှော်လက်နက်တွေ ရောင်းချင်သည်ဟု ကြားလိုက်ရချိန်တွင် သူမ လုံးဝကို ပျော်ရွှင်သွားတော့သည်။
“မှော်လက်နက် လေလံပစ်မလို့ ဆိုရင် ကျွန်မ ကူညီပေးနိုင်လောက်တယ်”
ချူဟောင် လက်ထဲရှိ ပစ္စည်းများကို နယ်မြေ (၇) ရှိ ဗီဒီယိုကနေတစ်ဆင့် လေ့လာခဲ့သော်လည်း ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ အခု ဒီလို အခွင့်အရေးကောင်းကြီးကို သူမ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်နည်း။
ချူဟောင် ဝမ်းသာသွားသည်။
‘နည်းလမ်း ရှိတာ ကောင်းတာပေါ့ … ငါက ဒီကို အမြတ်အစွန်းလေး နည်းနည်းလောက်ရဖို့ လာတာလေ … ဟီး ဟီး … လက်ဗလာနဲ့တော့ ပြန်လို့မဖြစ်ဘူး’
ထို့ကြောင့် သူက သရဲတွေကို နှိမ်နင်းဖို့ သုံးခဲ့သည့် မှော်လက်နက်များကို ထုတ်ယူလိုက်သည်။ ဆွဲကြိုး မျိုးစုံ၊ ကျောက်စိမ်းရုပ်ထုများ၊ အဆောင်များ၊ မက်မွန်သစ်သားဓားများ၊ တာအိုဝတ်ရုံများ၊ ကြေးကြေးမုံများ၊ ကြေးပြားဓားများ … အစရှိသဖြင့် …။
လူတိုင်းက ချူဟောင် ပစ္စည်းတစ်ခုပြီး တစ်ခု ထုတ်ယူနေသည်ကို ကြည့်နေကြသည်။ လမ်းဘေးဈေးသည် တစ်ယောက် ဈေးဗန်းခင်းနေသလို ဖြစ်နေသည်။
“ကြည့်ပါဦး၊ ဒါတွေ အလုပ်ဖြစ်မလား” ဟု မေးလိုက်ကြသည်။
ချင်ကျန်းယွီ ကလည်း ပြေးလာတော့သည်။ သူက ချူဟောင်အကြောင်းကို ပိုပြီး စပ်စုချင်နေသူ မဟုတ်လား။ သို့သော် ချူဟောင်က ပစ္စည်းတွေ အများကြီးကို ထုတ်လိုက်တာ မြင်တော့ သူ ချက်ချင်း မှင်တက်သွားသည်။
“သောက်ကျိုးနည်း … အစ်ကိုကြီး ခင်ဗျား ကိုယ်ပေါ်မှာ ဒီလောက် ပစ္စည်းတွေ အများကြီး ဘယ်လိုလုပ် သယ်ထားနိုင်တာလဲ”
ချူဟောင်က အဝတ်အစား အထူကြီး ဝတ်ထားသည်မဟုတ် ဂျာကင် တစ်ထည်သာ ဝတ်ထားခြင်းဖြစ်သည်။ သို့သော် မျက်လှည့်ပြသလို ပစ္စည်းတစ်ခုပြီး တစ်ခု ထုတ်ယူကာ ကြမ်းပြင်ပေါ်မှာ အပုံလိုက်ကြီး ပစ်ချနေတော့သည်။
[ဒင်… ပိုင်ရှင်သည် အောင်မြင်စွာ ရှိုးထုတ်နိုင်ခဲ့သဖြင့် ရှိုးထုတ်ရမှတ် ၂၀ မှတ် ရရှိပါတယ်]
***