နန်မင်ရုယွဲ့နှင့် အခြားသူများသည် နဂါးမင်းကျောင်းတော်မှ အမာခံတပည့် ဆယ်ဂဏန်းခန့်ကို သူတို့၏ မသေမျိုးလှေများနှင့်တကွ ဖမ်းဆီးရမိခဲ့သည်။
ဒီတစ်ကြိမ်တွင် နဂါးမင်းကျောင်းတော်၏ အပြင်စည်းကျင့်ကြံသူများကိုလည်း လွှတ်မပေးဘဲ အားလုံးကို သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်သည်။
သို့သော် သုံ့ပန်းအရေအတွက်မှာ အလွန်များပြားလွန်းသဖြင့် ဖန့်ချန်တို့ဘက်သို့ပင် သုံ့ပန်း ၂၀၊ ၃၀ ခန့်ကို စောင့်ကြည့်ရန် ခွဲဝေပေးအပ်ခဲ့သည်။
ကံကောင်းသည်မှာ သုံ့ပန်းများကို ခွဲဝေရာတွင် စနစ်တကျ ရှိလှသည်။
ဖန့်ချန်တို့မှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်များ ဖြစ်ကြသဖြင့် သူတို့ကို တက်လှမ်းခြင်းအဆင့် သုံ့ပန်းများကို စောင့်ကြည့်ခိုင်းခြင်းမျိုး မရှိပေ။
ထို့ကြောင့် သူတို့ရှေ့ရှိ သုံ့ပန်း ၂၀ ကျော်မှာလည်း ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်များသာ ဖြစ်ကြသည်။
သူတို့သာ အသက်ရှင်ချင်ပါက နောက်ပိုင်းတွင် ပြုလုပ်မည့် သုံ့ပန်းလဲလှယ်ရေး လုပ်ငန်းစဉ်ကို ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြရုံသာ ရှိသည်။
လင်းယွမ်မှာ သတင်းအချက်အလက် စုံစမ်းလိုသဖြင့် ထိုသုံ့ပန်းများနှင့် ရင်းနှီးအောင်လုပ်ကာ နဂါးမင်းကျောင်းတော်အကြောင်းကို အပတ်တကုတ် မေးမြန်းနေတော့သည်။
ဖန့်ချန်သည် နန်မင်ရုယွဲ့တို့က နဂါးမင်းကျောင်းတော်မှ အမာခံတပည့်များကို မည်သို့စီစဉ်ထားသနည်းဆိုသည်ကို သွားရောက်ကြည့်ရှုချင်သလို သူတို့လက်ထဲရှိ မသေမျိုးလှေများသည် အစီရင်ဗဟိုချက် များ ဟုတ်၊ မဟုတ်ကိုလည်း သိလိုနေသည်။
သို့သော် တိုက်ပွဲပြီးသည်နှင့် နန်မင်ရုယွဲ့တို့က အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေကြသဖြင့် ဤအခြေအနေမျိုးတွင် သူ၏စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာခိုင်း၍ မရပေ။
ထွက်ခွာလိုက်သည်နှင့် သေဆုံးခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
အချိန်သည် နောက်ထပ် ခြောက်လခန့် ကုန်ဆုံးသွားခဲ့သည်။
ထိုအတောအတွင်း ကျွယ်မင်နန်းတော်မှ အမာခံတပည့်များမှာ အဖွဲ့ကြီးထဲသို့ အဆက်မပြတ် လာရောက်ပူးပေါင်းနေကြသည်။
အဖွဲ့ကြီးမှာ ပိုမိုတောင့်တင်းလာပြီး နဂါးနက်အစီရင် အရေအတွက်မှာ ဆယ်ဂဏန်းအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
ဖန့်ချန်သည် ကြာနီနတ်မိမယ်ငယ်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဦးတည်း ရေရွတ်သလိုမျိုး ပြောလိုက်သည်
“ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် အရေအတွက်က တကယ်တမ်း ဘယ်လောက်တောင် ရှိမလဲ မသိဘူးနော်”
“ကျုပ် ခန့်မှန်းရရင်တော့ သိပ်မများလောက်ဘူးဗျ”
လင်းယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ဆိုသည်
“အမာခံတပည့်တွေ အားလုံးက အခုကျုပ်တို့မြင်နေရတဲ့သူတွေလို အစွမ်းထက်ကြတာဆိုရင် ဘယ်လိုလုပ်ပြီး အများကြီး ရှိနိုင်ပါ့မလဲ။ အခုမှပဲ အမာခံတပည့်တွေက ဘာလို့ အမာခံတပည့် ဖြစ်နေရတာလဲဆိုတာ ကျုပ်နားလည်သွားပြီ။ ခေါင်းဆောင်... ခေါင်းဆောင်လည်း နောက်ကျရင် အမာခံတပည့်ဖြစ်အောင် ကြိုးစားဗျာ၊ အဲဒါမှ ကျုပ်တို့လည်း ဒီဟင်းလင်းပြင်ကြီးထဲမှာ အစွမ်းပြခွင့် ရမှာ”
ယွီဝူရှီးကလည်း အသာအယာ ခေါင်းညိတ်ရင်း
“ဟုတ်တယ်၊ ဒီအမာခံတပည့်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့ အရင်က ဖြတ်သန်းခဲ့တဲ့ ကျင့်ကြံသူဘဝတွေက ကလေးကစားစရာလိုပဲ”
“တကယ်တော့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် အရေအတွက်က အများကြီးပဲ”
ကြာနီနတ်မိမယ်ငယ်က ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆိုလိုက်သည်
“တကယ်လို့ အမာခံတပည့် အရေအတွက်က မများဘူးဆိုရင် ရှေးဟောင်းတားမြစ်နယ်မြေ ၂၃ ခုကို ဘယ်လိုလုပ် ထိန်းချုပ်ထားနိုင်မလဲ နယ်မြေအသစ်တွေကိုရော ဘယ်လိုလုပ်ပြီး အဆက်မပြတ် ချဲ့ထွင်နိုင်မလဲ ”
“အများကြီး အများကြီးဆိုတာ ဘယ်လောက်လဲ ”
မုံချင့်လင်က မသိစိတ်ဖြင့် မေးလိုက်သည်။
“ထောင်ဂဏန်း နီးပါးလောက် ရှိမယ်ထင်တယ်”
ကြာနီနတ်မိမယ်ငယ်က ဆိုသည်။
လူတိုင်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည်ကို မြင်သောအခါ ကြာနီနတ်မိမယ်ငယ်က အလေးအနက် ပြန်ပြောပြသည်
“အမာခံတပည့် တစ်ထောင်ဆိုတာ ရှင်တို့အတွက်တော့ အဆမတန် များနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်း အထက်နယ်မြေသုံးခုအတွက်တော့ ဒီအရေအတွက်က မများလှပါဘူး။ တားမြစ်နယ်မြေ လုပွဲတစ်ခုတည်းမှာတင် အင်အားစုအသီးသီးက ပို့လွှတ်လိုက်တဲ့ အမာခံတပည့်တွေက ရာနဲ့ချီပြီး ရှိနေတာလေ။ ကျမတို့ စီးနေတဲ့ မသေမျိုးလှေတွေ၊ အမာခံတပည့်တွေ စီးတဲ့ လှေတွေ... ဒါတွေကို လုပ်တဲ့ ကုန်ကြမ်းတွေက ဘယ်ကလာသလဲ သိလား အဲဒါတွေ အားလုံးက ဒီရှေးဟောင်းတားမြစ်နယ်မြေတွေကနေ လာတာ ဖြစ်ဖို့ များတယ်”
“တကယ်လား နင်က ဘယ်လိုလုပ် သိတာလဲ ”
မုံချင့်လင် တစ်ချက် မှင်တက်သွားသည်။
ကျန်သောသူများကလည်း ကြာနီနတ်မိမယ်ငယ်ကို ဝိုင်းကြည့်လိုက်ကြသည်။
ကြာနီနတ်မိမယ်ငယ် ခဏမျှ တိတ်ဆိတ်သွားပြီးမှ
“ပုံမှန် စာအုပ်တွေ အဖတ်များရင် သိလာမှာပါ။ ဟိုးအရင်တုန်းက အထက်နယ်မြေသုံးခုမှာ ဒီလို မသေမျိုးလှေတွေ မရှိခဲ့ဘူး။ အဲဒီခေတ်က ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေကလည်း အခုခေတ်နဲ့ လုံးဝမတူဘူး။ ဟင်းလင်းပြင်ကို စူးစမ်းရှာဖွေတာကလည်း အခုလောက်အထိ အင်တိုက်အားတိုက် မရှိခဲ့ဘူးလေ”
လူတိုင်းကတော့ ယခုအချက်ကို ကြာနီနတ်မိမယ်ငယ်၏ ကိုယ်ပိုင်ခန့်မှန်းချက်ဟုသာ သတ်မှတ်ပြီး မယုံကြည်ကြသေးပေ။
သို့သော် ဖန့်ချန်ကမူ ယုံကြည်သည်။
ထိုသတင်းအချက်အလက်များသည် ဝမ်ချုံစန်းထံမှ ရရှိခြင်းဖြစ်မည်ဟု သူ ယူဆလိုက်သည်။
အစီရင်ဗဟိုချက်ဆိုတာ ကျွယ်မင်နန်းတော်လို အဖွဲ့အစည်းတွေရဲ့ အဓိကပန်းတိုင်ပဲ၊ ဒါဟာ ဝမ်ချုံစန်းရဲ့ ပန်းတိုင်လည်း ဖြစ်နိုင်တယ်။
သူ ဘယ်အင်အားစုထဲမှာ ရောနှောနေသလဲဆိုတာပဲ မသိရသေးတာ
ထိုနေ့တွင် မသေမျိုးလှေအစီရင်၏ ချီတက်မှုအရှိန်မှာ အနည်းငယ် လျော့ကျသွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြားသော မသေမျိုးလှေအစီရင် အုပ်စုတစ်ခုနှင့် ထပ်မံတွေ့ဆုံခဲ့သောကြောင့် ဖြစ်သည်။
သို့သော် တစ်ဖက်အုပ်စု၏ အရေအတွက်မှာ ကျွယ်မင်နန်းတော်ထက် များစွာ နည်းပါးလှသည်။
နန်မင်ရုယွဲ့နှင့် တစ်ဖက်ခေါင်းဆောင်တို့ စကားပြောဆိုပြီးနောက် နဂါးမင်းကျောင်းတော်မှ သုံ့ပန်းများကို ခေါ်ထုတ်သွားပြီး တစ်ဖက်နှင့် အချို့ကို လဲလှယ်လိုက်ကြသည်။
ထိုတစ်ကြိမ်တွင်မူ နှစ်ဖက်စလုံး တိုက်ပွဲမဖြစ်ဘဲ ငြိမ်းချမ်းစွာပင် လမ်းခွဲခဲ့ကြသည်။
တိုက်ဆိုင်မှုလောတော့ မသိ၊ သုံ့ပန်းများကို လာရောက်ခေါ်ထုတ်သွားသော လွတ်လပ်သောမသေမျိုးများထဲတွင် ကျိထျန်းကျွင်း လည်း ပါဝင်လာသည်။
ဖန့်ချန်၏ ယွမ်လုံလှေပေါ်ရှိ သုံ့ပန်းများကို သူကိုယ်တိုင် လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
သုံ့ပန်းလဲလှယ်ပြီး မကြာမီမှာပင် အစီရင်အဖွဲ့ကြီးမှာ ဆက်လက်မချီတက်သေးဘဲ အနားယူနေကြဟန် တူသည်။
ထိုစဉ်မှာပင် ကြာနီနတ်မိမယ်ငယ်ကို ကျင့်ကြံသူတစ်ဦးက လာရောက်ခေါ်ဆောင်သွားပြီး လွတ်လပ်သောမသေမျိုးတစ်ဦးက သူမကို တွေ့ချင်နေသည်ဟု ပြောလာသည်။
သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းယွမ်တို့၏ စိတ်ထဲတွင် သံသယအချို့ ပေါ်လာကြသည်။
“ကြာနီနတ်ဘုရားဂိုဏ်းကနေ ထွက်သွားတဲ့ အပြင်စည်းကျင့်ကြံသူဟောင်း တစ်ယောက်ယောက် ဖြစ်နေမလား ”
“ဖြစ်နိုင်တာပဲ၊ သေချာပေါက် လူကြီးသူမ တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်”
“ကြည့်ရတာ ကြာနီမိတ်ဆွေရဲ့ နောက်ခံကလည်း လျှော့တွက်လို့ မရဘူးပဲ”
ကြာနီနတ်မိမယ်ငယ်သည် ကျိရှန့်ရှိရာ နဂါးနက်လှေပေါ်သို့ ရောက်ရှိလာသည်။
“နောင်တော်... နောင်တော်က ဒီ... ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အမျိုးသမီးနဲ့ သိလို့လား ”
ကျိရှန့်သည် ကျိထျန်းကျွင်းက အမျိုးသမီးတစ်ဦးကို တကူးတက ခေါ်ခိုင်းလိုက်သည်ကို မြင်သောအခါ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“ငါ လင်းကွေ့ကြယ်တာရာနယ်မြေ မှာ ရှိတုန်းက သူ့ရဲ့ ဂိုဏ်းက လူကြီးသူမတွေနဲ့ ခင်မင်ခဲ့ဖူးတာရှိတယ်၊ ခုနက တွေ့လိုက်လို့ စကားစမြည်ပြောဖို့ ခေါ်လိုက်တာပါ”
ကျိထျန်းကျွင်းက ပြန်ဖြေလိုက်သည်။
ကျိရှန့်ကလည်း ဘာမှထပ်မမေးတော့ဘဲ နန်မင်ရုယွဲ့ရှိရာ မသေမျိုးလှေဘက်သို့ ပျံသန်းသွားတော့သည်။
ကျိထျန်းကျွင်းက ကြာနီနတ်မိမယ်ငယ်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်
“ငါ့နောက် လိုက်ခဲ့”
သူတို့နှစ်ဦးသည် တိတ်ဆိတ်သော အခန်းတစ်ခုထဲသို့ ရောက်ရှိလာကြသည်။
ကျိထျန်းကျွင်းက တားမြစ်ချက် အစီရင်များကို တစ်ခုပြီးတစ်ခု ခင်းကျင်းလိုက်ပြီး အခန်းထဲတွင် သူနှင့် ကြာနီနတ်မိမယ်ငယ်သာ ရှိတော့ကြောင်း သေချာသွားမှ ဖန့်ချန်ပင် နားမလည်နိုင်သော ဘာသာစကားတစ်ခုကို ပြောလိုက်သည်။
ကြာနီနတ်မိမယ်ငယ်ကလည်း ထိုဘာသာစကားဖြင့်ပင် ပြန်ထူးလိုက်သည်။
ကျိထျန်းကျွင်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လူ့လောကကိုးခု၏ ဘုံသုံးစကားသို့ ပြန်ပြောင်းကာ
“မင်းက ဘယ်မျိုးနွယ်စုကလဲ”
ကြာနီနတ်မိမယ်ငယ်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ
“ကျမက မိစ္ဆာချောက်ကမ္ဘာ က လာတာပါ”
ခဏရပ်ပြီးနောက် သူမသည် ဖန့်ချန် နားမလည်သော ဘာသာစကားဖြင့် စကားလုံးအချို့ကို ထပ်ပြောလိုက်ပြန်သည်။
နောက်တစ်စက္ကန့်တွင် ကျိထျန်းကျွင်း၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပျက်ယွင်းသွားပြီး ပါးစပ်မှလည်း ဖန့်ချန် နားမလည်နိုင်သော စကားများကို အဆက်မပြတ် ပြောဆိုတော့သည်။
ကြာနီနတ်မိမယ်ငယ်ကမူ သူ့ကို အေးစက်စွာ ကြည့်နေပြီး
“ဒီလောကရဲ့ စကားကိုပဲ ပြောစမ်းပါ၊ ယန်နတ်ဘုရား တွေ သိသွားမှာ မကြောက်ဘူးလား။ သူတို့ အားလုံးက မှတ်ဉာဏ်တွေ ဆုံးရှုံးသွားကြတာ မဟုတ်ဘူးနော်”
ကျိထျန်းကျွင်းသည် သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အမြန်နှိမ်လိုက်ပြီး ကြာနီနတ်မိမယ်ငယ်၏ ရှေ့တွင် တစ်ဝက် ဒူးထောက်လိုက်တော့သည်။
သူ၏ မျက်နှာပေါ်တွင် ရိုသေကိုင်းရှိုင်းမှုများဖြင့် ပြည့်နှက်နေပြီး ကြောက်ရွံ့လေးစားမှုအချို့ပင် ပါဝင်နေသည်
“မင်းသမီး... အရှင်မင်းသမီးလို ပုဂ္ဂိုလ်မျိုးတောင် ဒီလောကထဲကို လူဝင်စားလာလိမ့်မယ်လို့ ကျနော် ထင်မထားခဲ့မိဘူး”
မင်းသမီး
ဖန့်ချန် မှင်တက်သွားသည်။
ကြာနီနတ်မိမယ်ငယ်၏ မူလအစက ထူးခြားလိမ့်မည်ဟု သူ ခန့်မှန်းထားသော်လည်း ဤမျှအထိ ထူးခြားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ကျိထျန်းကျွင်းကဲ့သို့သော အဆင့် ၃ မသေမျိုးတစ်ဦးကပင် တစ်ဖက်လူ၏ အဆင့်အတန်းကြောင့် ဒူးထောက်ရန် ဝန်မလေးသည့်အပြင် သူ၏ မျက်လုံးထဲမှ ရိုသေမှုမှာလည်း ဟန်ဆောင်နေခြင်း မဟုတ်ချေ။
“ငါက ဘာလို့ လာလို့ မရရမှာလဲ”
ကြာနီနတ်မိမယ်ငယ်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်
“ငါတို့ တွေ့ဆုံဖို့ မသင့်တော်ဘူး၊ ဒီလောကရဲ့ အခြေအနေက အစက စီစဉ်ထားသလိုမျိုး မဟုတ်ဘူး။ မင်း ပြောစရာ ရှိတာကို မြန်မြန်ပြော၊ ပြီးရင် ငါ့ကို ဒီကနေ ပြန်ပို့ပေးတော့”
“မင်းသမီး... ဒါဆို ကျနော်တို့ရဲ့ နေရပ်က တကယ်ပဲ အဲဒီလောက်အထိ အခြေအနေ ဆိုးရွားနေပြီလား၊ မင်းသမီးတောင် လူဝင်စားလာရတဲ့အထိ...”
ကျိထျန်းကျွင်းက ပြောရင်းဖြင့် ကြာနီနတ်မိမယ်ငယ်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်သည်။
သူမက မကျေမနပ်ဖြစ်ဟန် ပြလာသည်ကို မြင်သောအခါ သူက အမြန်ပင်
“ကျနော် မှတ်ဉာဏ်တွေ ပြန်ရလာပြီးကတည်းက နေရပ်ကို အရမ်းလွမ်းနေမိလို့ နေရပ်ရဲ့ လတ်တလော အခြေအနေတွေကို သိချင်မိတာပါ”
“ငါ ထွက်လာတုန်းကတော့ အခြေအနေက တကယ်ကို မကောင်းဘူး”
ကြာနီနတ်မိမယ်ငယ်က သက်ပြင်းသဲ့သဲ့ ချလိုက်သည်
“ဒီလောကရဲ့ တိုးတက်မှုက အရမ်းနှေးလွန်းတယ်၊ ကြီးလေးတဲ့ ပြဿနာ အတော်များများကို မဖြေရှင်းနိုင်သေးဘူး။ မင်းတို့တွေ အမြန်ဆုံး လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ အရာအားလုံး အဆင်ပြေပြေ ပြီးဆုံးသွားရင် ငါတို့တွေ အသစ်တဖန် ပြန်လည် မွေးဖွားလာနိုင်လိမ့်မယ်။ ဒီဘက်လောကရဲ့ ရှုခင်းတွေက ငါတို့ နေရပ်ထက် အများကြီး ပိုလှပတယ်။ ငါက ဒီမှာပဲ အမြဲတမ်း နေချင်တာ... တစ်ဘဝတည်းပဲ အသက်ရှင်ရတာမျိုး မဟုတ်ဘဲနဲ့ပေါ့”
ဖန့်ချန်သည် ဤတစ်ကြိမ်တွင် သူ၏ ရိတ်သိမ်းမှုမှာ အလွန်ပင် ကြီးမားလှသည်ဟု ခံစားလိုက်ရသည်။
ကြာနီနတ်မိမယ်ငယ်နှင့် ကျိထျန်းကျွင်းတို့၏ နေရပ်မှာ အခြေအနေ မကောင်းလှသကဲ့သို့ ရှိနေသည်။
ပြင်ပရန်သူတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတာလား
***