“မသွားဘူးလား စိတ်ဝင်စားစရာပဲ။ မင်းမသွားဘူးဆိုရင်တော့ ယွီထျန်းကော်နဲ့အတူ အရှက်ကွဲရတော့မှာပဲ။ သူ့ရဲ့ ကပ်ဘေးကိုးဆင့်မိုးကြိုးခန္ဓာက ငါ့ရှေ့မှာတော့ ဘာလှိုင်းတံပိုးမှ ထမလာနိုင်ပါဘူး ”
နန်မင်ရှောက်ကျဲက ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။
သူ့ဘေးရှိ ငွေဖြူတံဆိပ်ပြား ချိတ်ဆွဲထားသော ကျင့်ကြံသူနှစ်ဦးကလည်း လေသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်ကြသည်။
ဖန့်ချန်နှင့် ယွီထျန်းကော်ကို ကြည့်နေသည့် သူတို့၏ အကြည့်များထဲတွင် သရော်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။
နှိမ်ချသည်အထိတော့ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ယွီထျန်းကော်သည်လည်း သူတို့ကဲ့သို့ပင် ငွေဖြူတံဆိပ်ပြားပိုင်ရှင် မဟုတ်ပါလား။
သို့သော် ရွှေရောင်တံဆိပ်ပြားပိုင်ရှင် နန်မင်ရှောက်ကျဲနှင့် ယှဉ်လျှင်မူ နှစ်ဦးကြားက ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။
ငွေဖြူတံဆိပ်ပြားဆိုသည်မှာ အသုတ်တိုင်းတွင် ပေါ်လာနိုင်သော်လည်း၊ ရွှေရောင်တံဆိပ်ပြားမှာမူ ဆယ်သုတ်နေ၍ တစ်ယောက် ထွက်လာရန်ပင် မသေချာချေ။
ဤသည်မှာ သူတို့ကြားက ကွာခြားချက်ပင် ဖြစ်သည်။
“ဖန့်မိတ်ဆွေ... မင်းရဲ့ ဒီစေတနာကို ငါလက်ခံပါတယ်။ ဒီနေ့ ငါတစ်ယောက်တည်းပဲ အရှက်ကွဲပါရစေ၊ မင်းနဲ့ ဒီကိစ္စနဲ့ မဆိုင်ပါဘူး ”
ယွီထျန်းကော်၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ တိုးတိုးလေး ရောက်ရှိလာသည်။
ထို့နောက် သူသည် နန်မင်ရှောက်ကျဲကို ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းဟာ ငါ့လက်အောက်မှာ ရှုံးနိမ့်ခဲ့သူပဲ။ ဒီနေ့ ငါမင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်၊ ငါတို့ တစ်ယောက်ချင်း ချကြမယ် ”
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှုံးနိမ့်ခဲ့သူ
အားလုံးက အနည်းငယ် ကြောင်သွားကြသည်။
နန်မင်ရှောက်ကျဲနှင့် ယွီထျန်းကော်တို့ကြားတွင် ဤကဲ့သို့သော ပတ်သက်မှုမျိုး ရှိလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။
နန်မင်ရှောက်ကျဲ၏ မျက်နှာပေါ်မှ အပြုံးမှာ မပျက်သော်လည်း၊ မျက်ဝန်းများမှာမူ အနည်းငယ် မှောင်မှောင်သွားသည်
“အဲဒါက ကလေးဘဝတုန်းက ကိစ္စတွေပါ။ မင်းက အခုထိ ဒါကို ဒီလောက် မှတ်ထားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခု ငါက တက်လှမ်းခြင်းအဆင့်ကို ခြေတစ်ဖက် လှမ်းထားပြီးပြီ၊ မင်းကတော့... အခုမှ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်နောက်ပိုင်းလား ”
“ကျင့်ကြံမှု အဆင့်သေးသေးလေး တစ်ခုပဲဟာ၊ ဘာမှ မဟုတ်ပါဘူး ”
ယွီထျန်းကော်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
ထိုစဉ် လှေ နှစ်စင်းသည် ထိုနေရာကို ဖြတ်သန်းသွားသည်။
၎င်းမှာ လီရှမ်းဇီ နှင့် နန်မင်ရုယွဲ့ တို့ ပိုင်ဆိုင်သော လှေ များပင် ဖြစ်သည်။
“ပဉ္စမစီနီယာအစ်ကို... အဲဒါ ခင်ဗျားရဲ့ မျိုးနွယ်စုဝင် ညီလေးပဲ ”
လီရှမ်းဇီ က နန်မင်ရှောက်ကျဲကို စိတ်ဝင်တစား အကဲခတ်ကြည့်လိုက်သည်
“သူက စမ်းသပ်ပွဲမှာ ရွှေရောင်တံဆိပ်ပြား ရခဲ့တာဆိုတော့၊ ဒီလို ပါရမီမျိုးက အမာခံတပည့် အများစုနဲ့ မခြားတော့ဘူး။ အဆင့် ၁ မသေမျိုး ဖြစ်တာနဲ့ ချက်ချင်း အမာခံတပည့် ဖြစ်လာမှာပဲ ”
“အနည်းငယ်တော့ လိုသေးတယ်၊ ဒါပေမဲ့ အမာခံတပည့် ဖြစ်ဖို့ကတော့ ပြဿနာ မရှိပါဘူး ”
နန်မင်လူယွဲ့က ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုသည်။
ခေတ္တရပ်ပြီးနောက် သူ၏ အကြည့်သည် ယွီထျန်းကော်နှင့် ဖန့်ချန်တို့ နှစ်ဦးပေါ်သို့ ကျရောက်သွားပြီး မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်
“ဒီနှစ်ယောက်က နည်းနည်း မျက်မှန်းတန်းမိသလိုပဲ၊ မင်းနဲ့အတူ လာခဲ့တဲ့သူတွေ မဟုတ်လား ဒီအထင်မှားမှုကို ငါဝင်ပြီး ဖြေရှင်းပေးရမလား ”
“မလိုပါဘူးဗျာ... နောက်ပေါက်လေးတွေ ဆော့ကစားနေကြတာပဲ။ ပဉ္စမစီနီယာအစ်ကိုအထိ ဝင်ပါဖို့ မတန်ပါဘူး။ လူမသက်ရင် သူတို့ဘာသာသူတို့ ရှိပါစေ ”
လီရှမ်းဇီ က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
သူသည် ထိုကျင့်ကြံသူက အဆင့် ၄ မသေမျိုးဆေး တစ်ပင် ရှာတွေ့ခဲ့သည်ကို မှတ်မိနေသည်။
သို့သော် ထိုအရာမှာ ဘာမှ အရေးမကြီးချေ။
ရှေ့ပြေးကြယ်စုတန်းသို့ ပြန်ရောက်လျှင် ထိုက်တန်သော ဝိညာဉ်ကျောက် နှင့် ဂုဏ်ထူးမှတ်များကို ထိုသူ ရရှိလိမ့်မည်ဟု သူကတိပေးထားပြီးသား ဖြစ်သည်။
ကျန်တစ်ဦး (ယွီထျန်းကော်) ကိုလည်း သူ အနည်းငယ် မှတ်မိသည်။
အဓိကမှာ ထိုသူ လေ့ကျင့်ထားသော ကပ်ဘေးကိုးဆင့်မိုးကြိုးခန္ဓာ မှာ အထက်သုံးနယ်မြေ တွင်ပင် ပထမတန်းစားဟု သတ်မှတ်ရမည့် ကျမ်းစာတစ်စောင် ဖြစ်သောကြောင့်ပင်။
သို့သော်...
အဖွဲ့အစည်းကြီးအသီးသီး၏ အမာခံတပည့်များ ရှေ့မှောက်တွင်မူ ထိုအရာအားလုံးက အရေးမပါတော့ချေ။
သူတို့သည် အစီရင်ဗဟိုချက် ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ရာ သာမန်ကျင့်ကြံသူများနှင့် လုံးဝ ခြားနားသွားကြပြီ ဖြစ်သည်။
...
“အဆင့်သေးသေးလေး တစ်ခုဟုတ်လား ဟားဟားဟား... ပြောတာကတော့ လွယ်လိုက်တာ ”
နန်မင်ရှောက်ကျဲက မရယ်ဘဲ မနေနိုင်တော့ချေ
“ငါ မင်းတို့ကို အနိုင်မကျင့်တော့ပါဘူး။ မင်းတို့ နှစ်ယောက်လုံး အတူတူလာခဲ့ကြ၊ ဒါမှ ပိုပြီး တရားမျှတမှာ ”
“အတူတူ ”
ယွီထျန်းကော်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
ဖန့်ချန်၏ အစွမ်းမှာ သူ့ထက် သာလွန်ကြောင်း သူသိထားသည်။
အရင်က စမ်းသပ်ခဲ့ဖူးသည် မဟုတ်ပါလား။ သို့သော်...
သူက ခေါင်းယမ်းလိုက်ပြီး ဖန့်ချန်ကို ပြောလိုက်သည်
“ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး၊ ဘေးကို ခဏ ဖယ်နေပါ ”
ခေတ္တရပ်ပြီးနောက်
“မဟုသေးဘူး... မင်း မင်းရဲ့ အဖွဲ့ဝင်တွေကို ခေါ်ပြီး အမြန်ထွက်သွားလိုက်၊ ဒီမှာ ဆက်မနေနဲ့တော့ ”
“မင်း ခဏလောက် ငြိမ်ငြိမ်နေပါဦး။ အရှက်ကွဲမလား မကွဲဘူးလားဆိုတာ ချကြည့်မှ သိမှာပေါ့ ”
ဖန့်ချန်သည် စိတ်ချင်းဆက်၍ ပြောကြားရင်း ယွီထျန်းကော်၏ ပုခုံးကို ပုတ်လိုက်သည်။
ထို့နောက် နန်မင်ရှောက်ကျဲကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်
“နှစ်ယောက်ချင်းလည်း မလုပ်ပါနဲ့ဦး။ ငါနဲ့ပဲ အရင်ချလိုက်ပါ၊ ငါ့ကို နိုင်မှ ယွီမိတ်ဆွေနဲ့ ချဖို့ အရည်အချင်းရှိမယ် ”
အားလုံး၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
အဝေးမှ ကြည့်နေကြသော ကြေးညိုတံဆိပ်ပြား ပိုင်ရှင်များသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
တစ်ဦးက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း တအံ့တဩ ဆိုသည်
“ဒီဖန့်မိတ်ဆွေက... တကယ့်ကို သစ္စာရှိတာပဲနော် ”
“သစ္စာရှိတာက ထမင်းကျွေးမှာမို့လို့လား သူက အခုမှ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်နောက်ပိုင်းကို တက်ထားတာလေ။ အခု အရိုက်ခံလိုက်ရလို့ ကျင့်ကြံမှု မတည်ငြိမ်ဘဲ အဆင့်ပြန်ကျသွားရင် နောင်တရလို့ ဆုံးမှာမဟုတ်ဘူး။ ငယ်သေးလို့ပါကွာ”
အခြားတစ်ဦးက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
လင်းယွမ်သည် ချက်ချင်းပင် ကြာနီနတ်မိမယ်ငယ်ကို ကြည့်လိုက်သည်
“ကြာနီမိတ်ဆွေ... ခေါင်းဆောင်ကို ဖျောင်းဖျပေးပါဦး။ သူက ရွှေရောင်တံဆိပ်ပြားပိုင်ရှင် ပါရမီရှင်နဲ့ တစ်ယောက်ချင်း ချမလို့ လုပ်နေတယ်ဗျ ”
ကြာနီနတ်မိမယ်ငယ်သည်လည်း စိတ်ချင်းဆက်၍ ဖျောင်းဖျရန် ပြင်လိုက်သော်လည်း၊ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ခေါင်းကို ဖြည်းဖြည်းချင်း ယမ်းလိုက်သည်
“ငါ ဖန့်မိတ်ဆွေရဲ့ အစွမ်းကုန် ကို တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒီတစ်ခါတော့ သူက ဘယ်လိုအဆင့်ရှိတဲ့ ပါရမီရှင်လဲဆိုတာ မြင်ရတော့မယ် ထင်တယ် ”
“အစွမ်းကုန် ငွေဖြူတံဆိပ်ပြားထက် ဘာပိုမှာမို့လို့လဲ သူက ယွီထျန်းကော်ကို နိုင်ခဲ့တာပဲ ရှိတာလေ။ အခု ပြိုင်ဘက်က ရွှေရောင်တံဆိပ်ပြားလေ၊ ပြီးတော့ သူ့ထက် အဆင့်တစ်ဆင့်တောင် ပိုမြင့်သေးတယ်...”
လင်းယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ယွီထျန်းကော်ကမူ ဖန့်ချန်ကို ကြောင်စီစီဖြင့် ကြည့်နေမိပြီး စိတ်ထဲရှိသည့်အတိုင်း ပြောထွက်သွားသည်
“မင်း ရူးနေတာလား ”
သူ့စကားကြောင့် ဘေးပတ်ဝန်းကျင်မှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ယွီထျန်းကော်သည် ထိုစကားကို စိတ်ချင်းဆက်၍ မပြောဘဲ တိုက်ရိုက် ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။
ယွီထျန်းကော် သတိဝင်လာကာ အလျင်အမြန်ပင် စိတ်ချင်းဆက်၍ ပြောလိုက်သည်
“မင်း ဘာလုပ်နေတာလဲ ငါနဲ့အတူ ဒီမှာ အရှက်လာကွဲချင်လို့လား ”
“အဲဒီအထိတော့ မဖြစ်ပါဘူး ”
ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
သူ၏ မီးခိုးပြာရောင် မျက်ဝန်းအိမ်ထဲတွင် ထူးဆန်းသော အပြာရောင်အလင်းတန်းလေးများ စတင် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများမှာ ဆူပွက်လာတော့သည်။
“တောက်ပသော နတ်ဘုရားမျက်လုံး...”
ယွီထျန်းကော် ဤနည်းလမ်းကို သိသည်။
ထိုစဉ်က သူသည် တစ်ဖက်လူ၏ မြေဓာတ်စွမ်းအားဖြင့် ထိုနည်းအတိုင်း အနိုင်ယူခြင်း ခံခဲ့ရသည် မဟုတ်ပါလား။
ဖန့်ချန်က တကယ် လုပ်တော့မည်ကို မြင်သောအခါ သူသည် စက္ကန့်အနည်းငယ် ဝေခွဲမရဖြစ်နေပြီးမှ ဘေးသို့ ဆုတ်ပေးလိုက်တော့သည်။
“နတ်ဘုရားမျက်လုံး ဆိုရင်တောင်... ရွှေရောင်တံဆိပ်ပြား ပါရမီရှင်တစ်ယောက်ကို ရင်ဆိုင်ဖို့က မလွယ်ဘူးလေ...”
ယွီဝူရှီးက ရှုပ်ထွေးသော မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်နေမိသည်။
ချန်မင်ရှုံမှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဤကောင်က နန်မင်ရှောက်ကျဲသည် ရွှေရောင်တံဆိပ်ပြားပိုင်ရှင် ပါရမီရှင်မှန်း သိရက်နဲ့ တိုက်ခိုက်ရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
သူ၏ မျက်ဝန်းထဲတွင် လှောင်ပြုံးသဲ့သဲ့ ပေါ်လာသည်။
သူ့အမြင်အရဆိုလျှင် ဤလူပဲဖြစ်ဖြစ်၊ ယွီထျန်းကော်ပဲဖြစ်ဖြစ် ဒီနေ့တော့ အရှက်ကွဲဖို့ သေချာနေပြီဖြစ်သည်။
ဘာမှ ထူးခြားလာမည် မဟုတ်ချေ။
“တကယ် လုပ်မလို့လား ”
နန်မင်ရှောက်ကျဲက ဖန့်ချန်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်
“တောက်ပသော နတ်ဘုရားမျက်လုံး ဟုတ်လား ရတယ်လေ... ငါ မင်းကို ဖြည့်ဆည်းပေးမယ်။ မင်းရဲ့ တောက်ပသော နတ်ဘုရားမျက်လုံးက ငါတို့ကြားက ကွာဟချက်ကို ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ ”
စကားသံဆုံးသည်နှင့် နန်မင်ရှောက်ကျဲ၏ နောက်ကျောတွင် ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ခဏချင်းမှာပင် ထိုပုံရိပ်ယောင်ဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းကင်လှုပ်ခတ်မည့် အရှိန်အဝါများက အနီးနားရှိ ကျင့်ကြံသူများကို အလိုအလျောက် ဝေးရာသို့ တွန်းထုတ်လိုက်သည်။
ထိုပုံရိပ်ယောင်သည် လက်ထဲတွင် လေးရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး၊ ယခုအခါ လေးကြိုးကို လခြမ်းပြည့်ပုံစံအထိ အစွမ်းကုန်ဆွဲကာ ဖန့်ချန်ကို ချိန်ရွယ်လိုက်ပြီဖြစ်သည်။
“ကောင်းကင်ပစ်ခတ်ခြင်း မသေမျိုးအတတ် ”
“ဒီအတတ်က ဟင်းလင်းပြင်အလွှာပေါင်းများစွာကို ဖြတ်ပြီး ပြိုင်ဘက်ကို တိတိကျကျ သတ်ဖြတ်နိုင်တယ်လို့ သတင်းထွက်နေတာ။ ဘယ်လိုပဲ ပြေးပြေး မလွတ်နိုင်ဘူးတဲ့ ”
“ဒါက လူအသက်သေအောင် လုပ်နေတာ မဟုတ်လား ”
“တစ်ဖက်လူက ဒီလောက် ရန်စနေမှတော့၊ လူသေသွားရင်တောင်... နန်မင်ရှောက်ကျဲက အလွန်ဆုံး အဆူခံရရုံပဲ ရှိမှာပါ။ မမေ့နဲ့ဦး... သူက မကြာခင်မှာ အမာခံတပည့် ဖြစ်တော့မှာ ”
“ဟုတ်သားပဲ...”
အမာခံတပည့် ဖြစ်သွားပြီး အစီရင်လှေ ကို ပိုင်ဆိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လူကုံထံကြီး ဖြစ်သွားတော့မည်။
အဆင့် ၆ မသေမျိုးများပင်လျှင် သူ့ကို ရွယ်တူတန်းတူ ဆက်ဆံရမည်ဖြစ်ပြီး မောက်မာရဲမည် မဟုတ်ပေ။
ပြင်ပကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းမှာ ထိုမျှအထိ အရေးမကြီးလှချေ။
“နန်မင်ရှောက်ကျဲ... မင်း ရူးနေတာလား မင်းက ကိုယ့်လူအချင်းချင်းကို ကောင်းကင်ပစ်ခတ်ခြင်းအတတ်နဲ့ သုံးရတယ်လို့လား ”
ယွီထျန်းကော်က ဒေါသတကြီး အော်ဟစ်လိုက်ရင်း ဖန့်ချန်ဘက်သို့ လှည့်၍ အော်လိုက်သည်
“ပြေး ”
ပြေးရမည်လား
ပုံရိပ်ယောင်ကြီးသည် မြားတစ်စင်ကို ပစ်လွှတ်လိုက်ပြီဖြစ်သည်။
ထိုမြား၏ အရှိန်အဝါမှာ အနီးနားရှိ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် ရင်ထဲမှနေ၍ ထိတ်လန့်တုန်လှုပ်သွားစေသည်။
ထိုအချက်ကပင် ထိုမြား၏ အစွမ်းမှာ တက်လှမ်းခြင်းအဆင့်များကိုပင် အန္တရာယ်ပေးနိုင်ကြောင်း သက်သေပြနေလေတော့သည်။
***