“ကောင်းကင်က မင်းကို သေမိန့်ပေးလိုက်ပြီဆိုရင် မင်းသေကိုသေရမယ်။ မင်း ဒူးထောက်အမှားမခံမချင်း ဒီအတတ်က မင်းနောက်ကို မသေမချင်း လိုက်နေမှာပဲ ”
နန်မင်ရှောက်ကျဲ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်တက်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် ယုံကြည်ချက်များ အပြည့်အဝ ဖုံးလွှမ်းနေသည်။
ယခုအချိန်တွင် သူကိုယ်တိုင်မှာ ကောင်းကင်နတ်မင်းကြီး ဖြစ်နေသကဲ့သို့ပင်။
ဖန့်ချန်သည် ကောင်းကင်ပစ်ခတ်ခြင်းအတတ်ကို အနည်းငယ် စိတ်ဝင်စားသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤအတတ်ကို ထုတ်ဖော်လိုက်ပြီးနောက် မြားတံဆီမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ တည်နေရာကူးပြောင်းခြင်း အစီရင် ၏ အငွေ့အသက်နှင့် ဆင်တူနေသောကြောင့် ဖြစ်သည်။
၎င်း၏ လမ်းကြောင်းမှာ ပုံသေမရှိချေ။
တစ်ခဏအတွင်းမှာပင် မြားတံသည် သူ၏ နောက်ကျောဘက်မှ ရုတ်တရက် ပေါ်ထွက်လာသည်။
ဖန့်ချန်က ဓားအသွင်ပြောင်းအတတ် ကို အသုံးပြု၍ ရှောင်တိမ်းလိုက်သော်လည်း ထိုမြားတံမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် သူ၏ ရှေ့တည့်တည့်မှ ပြန်လည် ပေါ်ထွက်လာပြန်သည်။
ဘေးမှ ကြည့်နေသူများအဖို့မူ ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းနှစ်ခုမှာ တစ်ခုက လိုက်၊ တစ်ခုက ပြေးရင်း ရစ်ပတ်နှောင်တွယ်နေကြသည်ကိုသာ မြင်တွေ့ရသည်။
လူအတော်များများမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
ဖန့်ချန်၏ အရှိန်မှာ သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသောကြောင့်ပင်။
တစ်ဖက်လူသည် ကောင်းကင်ပစ်ခတ်ခြင်းအတတ်၏ အောက်တွင် အဆက်မပြတ် ရှောင်တိမ်းနိုင်နေသည် မဟုတ်ပါလား
“ဒါ ဘယ်လို ကိုယ်ယောင်ဖျောက်အတတ် လဲ ”
တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကြာနီမိတ်ဆွေ... အရင်က ခေါင်းဆောင် ဒီလိုအတတ်မျိုး သုံးတာ မြင်ဖူးလား ”
မုံချင့်လင်က ကြာနီနတ်မိမယ်ငယ်ကို လှည့်မေးလိုက်သည်။
“မမြင်ဖူးဘူး... ငါအရင်က မြင်ဖူးတဲ့ အတတ်က ဒီထက် ပိုပြီး ထူးဆန်းတယ်၊ အခုဟာနဲ့ မတူဘူး ”
ကြာနီနတ်မိမယ်ငယ်က ခေါင်းကို အသာအယာ ယမ်းလိုက်သည်။
“ခေါင်းဆောင်မှာ အနိုင်ရမယ့် အခွင့်အရေး ရှိမလား ”
လင်းယွမ်က အားလုံးကို ဝေ့ကြည့်ကာ မေးလိုက်သည်။
ဖန့်ချန်သည် ထိုအတတ်နှင့် ရင်ဆိုင်တိုက်ခိုက်နေနိုင်ပြီး ခဏအတွင်း အရေးနိမ့်မည့်ပုံ မပေါ်သဖြင့် အနိုင်ရရန် အခွင့်အရေး အနည်းငယ် ရှိနေသည် မဟုတ်ပါလား
“နိုင်ဖို့ အခွင့်အရေး မရှိဘူး ”
ယွီထျန်းကော်သည် သူတို့အနားသို့ ရောက်ရှိလာပြီး ကောင်းကင်ယံမှ တောက်ပသော အလင်းတန်းနှစ်ခုကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်ရင်း ခေါင်းယမ်းလိုက်သည်
“ဖန့်မိတ်ဆွေရဲ့ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားလို့ အရှိန်အနည်းငယ် လျော့သွားတာနဲ့ ကောင်းကင်ပစ်ခတ်ခြင်းအတတ်က သူ့ကို အပေါက်ဖောက်သွားလိမ့်မယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအား ကာကွယ်ရေး အလွှာက ဒီမြားကို တောင့်ခံနိုင်မှပဲ ရမယ်"
"ဒါပေမဲ့...ကောင်းကင်ပစ်ခတ်ခြင်းအတတ်က နန်မင်ရှောက်ကျဲ ငယ်ငယ်ကတည်းက လေ့ကျင့်လာတဲ့ အမာခံ မသေမျိုးအတတ်ပဲ။ သူ့ရဲ့ နည်းလမ်းတွေအရဆိုရင် ဒီအတတ်ရဲ့ စွမ်းအားကို တက်လှမ်းခြင်းအဆင့် တစ်ယောက် လာရင်တောင် အပြည့်အဝ တောင့်ခံဖို့ ခက်လိမ့်မယ်။ မသေရင်တောင် ဒဏ်ရာ အပြင်းအထန် ရမှာပဲ ”
“ဟူးးးး”
အားလုံးက အသက်ရှူမှားသွားကြသည်။
တက်လှမ်းခြင်းအဆင့်တောင် တောင့်မခံနိုင်ဘူးလား ဒါဆို တစ်ဖက်လူက နောက်ပိုင်းမှာ အဆင့် ၁ မသေမျိုး ဖြစ်သွားရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ
“ကောင်းကင်ပစ်ခတ်ခြင်းအတတ်က သိပ်ပြီး မြင့်မြတ်တဲ့ အတတ်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နန်မင်ရှောက်ကျဲက ဒီအတတ်ကို အထွတ်အထိပ် ရောက်အောင် လေ့ကျင့်ထားတာ။ ငါ့ရဲ့ ကပ်ဘေးကိုးဆင့်မိုးကြိုးခန္ဓာတောင် ဒီမြားတစ်စင်နဲ့တင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်တယ် ”
ယွီထျန်းကော်၏ မျက်နှာမှာ တဖြည်းဖြည်း ကြည့်မကောင်း ဖြစ်လာသည်။
လှေနှစ်စင်း ယှဉ်လျက် ရှိနေသည်။
လီရှမ်းဇီ နှင့် နန်မင်ရုယွဲ့ တို့သည် လိုက်တမ်းပြေးတမ်း ကစားနေသော အလင်းတန်းနှစ်ခုကို ကြည့်နေကြသည်။
လီရှမ်းဇီက မရယ်ဘဲ မနေနိုင်တော့ဘဲ
“ခင်ဗျားရဲ့ ဒီညီလေးက ကောင်းကင်ပစ်ခတ်ခြင်းအတတ်ကို တော်တော်လေး အာရုံစိုက် လေ့လာထားတာပဲ။ အခုဆိုရင် မိုင်ပေါင်း တစ်သိန်းအကွာကနေတောင် သူ့နဲ့ အဆင့်တူ ကျင့်ကြံသူကို တိတိကျကျ သတ်နိုင်နေပြီ။ မဆိုးဘူး ”
“သူ အစီရင်လှေကို ပိုင်ဆိုင်ပြီး ကောင်းကင်ပစ်ခတ်ခြင်းအတတ်ကို ထုတ်သုံးနိုင်တဲ့အခါမှပဲ မဆိုးဘူးလို့ ခေါ်လို့ရမှာပါ။ အခုတော့ ဒါတွေက ကလေးကစားစရာတွေပဲ ရှိပါသေးတယ်။ ပြောပလောက်စရာ မရှိဘူး ”
နန်မင်ရုယွဲ့က ခေါင်းကို အသာအယာ ယမ်းလိုက်သည်။
အစီရင်လှေ၏ စွမ်းအားသည် မသေမျိုးအတတ်များ၏ အစွမ်းကို အဆပေါင်း ရာနှင့်ချီ၍ မြှင့်တင်ပေးနိုင်သည်။
ထိုအဆင့်ရှိ စွမ်းအားမျိုးကသာ ယခုအခါ လူသားလောက ကိုးနယ်မြေ၏ အဓိက စွမ်းအားစု ဖြစ်သည်။
ခေတ္တရပ်ပြီးနောက်
“သူတို့ကို ရပ်ခိုင်းလိုက်ရမလား၊ လူအသက် သေသွားနိုင်တယ် ”
“ထိခိုက်ဒဏ်ရာ အနည်းအကျဉ်း ရှိတာက သဘာဝပါပဲ။ အဲဒီတစ်ယောက်က ပါးနပ်တယ်ဆိုရင်တော့ သေမှာမဟုတ်ပါဘူး။ သူ့ရဲ့ အရှက်သိက္ခာနဲ့ အသက်ကြားမှာ ဘယ်ဟာကို ရွေးမလဲဆိုတာပဲ ကြည့်ရမှာပေါ့ ”
လီရှမ်းဇီက ခေါင်းယမ်းလိုက်သည်။
...
“ဘာလို့ ပြေးပဲ ပြေးနေတာလဲ ငါ့ကို နိုင်မှ ယွီထျန်းကော်နဲ့ ချဖို့ အရည်အချင်းရှိမယ် ဆိုတာ မင်းပြောခဲ့တာ မဟုတ်လား ဒါပေမဲ့ မင်းက အစကနေ အဆုံးထိ ပြေးပဲ ပြေးနေတာပဲ၊ ဘယ်လောက်အထိ ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့ ”
နန်မင်ရှောက်ကျဲက လှောင်ပြုံးဖြင့် ဆိုသည်
“ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အဆင့်တူ ကျင့်ကြံသူတွေထက် အနည်းဆုံး ၁၀ ဆလောက် ပိုများတယ်။ ငါ့ရဲ့ ဝိညာဉ်စွမ်းအား ကုန်မှာကို စောင့်နေတာဆိုရင်တော့ မင်း တွက်ကိန်းမှားသွားပြီ။ ငါ့မှာ ဖြည့်တင်းဖို့ ဝိညာဉ်ကျောက်နဲ့ ဆေးလုံးတွေ အလုံအလောက် ရှိတယ် ”
ဖန့်ချန်သည် နန်မင်ရှောက်ကျဲကို ဂရုမစိုက်ဘဲ မိမိကိုယ်ပေါ်တွင် ထူးဆန်းသော အငွေ့အသက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
အကယ်၍ ရှေးဦး နတ်ဘုရားမျက်လုံးသာ မရှိပါက ထိုအငွေ့အသက်ကို သူ ရှာတွေ့နိုင်မည် မဟုတ်ချေ။
ထင်ထားသည့်အတိုင်းပင် ဤအငွေ့အသက်က သူ့ကို ပစ်မှတ်ထား လိုက်လံနှောင်တွယ်နေခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူ ဘယ်လောက်ပင် မြန်မြန်ပြေးပါစေ၊ မြားတံမှာ သူ၏ ပတ်ဝန်းကျင်တွင် အကြောင်းပြချက်မရှိ ပေါ်ထွက်လာနေခြင်း ဖြစ်သည်။
“နန်မင်ရှောက်ကျဲက ရွှေရောင်တံဆိပ်ပြား ရခဲ့တာ မဆန်းပါဘူး။ ဒီအတတ်နဲ့ အဆင့်တူတွေထက် သာလွန်တဲ့ ဝိညာဉ်စွမ်းအား အခံတွေကြောင့် ရွှေရောင်တံဆိပ်ပြား ရဖို့ဆိုတာ တကယ်ကို မခက်ခဲပါဘူး ”
“ငါလည်း ကောင်းကင်ပစ်ခတ်ခြင်းအတတ်ကို လေ့ကျင့်ဖူးပါတယ်၊ ဒါပေမဲ့ သာမန်ပဲလို့ ခံစားရတယ်...”
“ဒီအတတ်က မင်းရဲ့ ပါရမီက အဆင့်တူတွေထက် အများကြီး သာလွန်မှသာ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းက ပေါ်လာမှာပါ။ သူ့ရဲ့ အကြောက်စရာအကောင်းဆုံး အချက်က ပြိုင်ဘက်ကို အသက်ရှင်ဖို့ လမ်းမပေးတာပဲ ”
“အကယ်၍ မင်းရဲ့ ကျင့်ကြံမှုက မကောင်းဘဲ အဆင့်တူတွေကြားထဲမှာ အနိမ့်ဆုံးဖြစ်နေရင်၊ ဒီအတတ်ကို သုံးလည်း တစ်ဖက်လူက ဝိညာဉ်စွမ်းအား ကာကွယ်ရေးအလွှာနဲ့တင် တားဆီးနိုင်မှာပဲ။ အရိုးထဲအထိ လိုက်နှောင်တွယ်နေနိုင်ရင်ကော ဘာထူးမှာလဲ ”
ကျင့်ကြံသူ အများအပြားမှာ တဖြည်းဖြတ် နားလည်သွားကြပြီး နန်မင်ရှောက်ကျဲကို လေးစားစိတ် အနည်းငယ် ပေါ်လာကြသည်။
တစ်ဖက်လူက ဤအတတ်ကို လေ့ကျင့်သည်ဆိုကတည်းက မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိကြောင်း ပြသနေပြီး ကောင်းကင်ပစ်ခတ်ခြင်းအတတ်၏ လျှို့ဝှက်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်နိုင်ခြင်းပင် ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ ”
ဖန့်ချန်သည် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ကြည့်သော်လည်း ထိုအငွေ့အသက်ကို ဖယ်ရှား၍ မရခဲ့ချေ။
နောက်ဆုံးတွင် အရေခွံဆုပ်ခွာအတတ် ကို အသုံးပြု၍ ကံကြမ္မာ အပိုင်းအစလေးတစ်ခုကို အနည်းငယ် ခွာထုတ်ပစ်လိုက်မှသာ ထိုအငွေ့အသက်ကို ဖယ်ရှားနိုင်ခဲ့သည်။
ထိုအချက်ကပင် ကောင်းကင်ပစ်ခတ်ခြင်းအတတ်သည် ကံကြမ္မာ နှင့် ဆက်နွှယ်နေပြီး ကောင်းကင် လှည့်စားခြင်းအတတ် နှင့် ဆင်တူသော်လည်း လုံးဝတူညီခြင်းမရှိကြောင်း သက်သေပြနေသည်။
ပစ်လွှတ်လိုက်သော မြားမှာ အကြောင်းတရား ဖြစ်ပြီး သူကိုယ်တိုင်မှာ အကျိုးတရား ဖြစ်သည်။
တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအား မကုန်မချင်း၊ ထိုမြားသည် ရန်သူနှင့် မထိတွေ့မချင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ထိုအငွေ့အသက်ကို ခွာထုတ်လိုက်ပြီးနောက် မြားတံသည် ရုတ်တရက် ဟင်းလင်းပြင်တွင် ရပ်တန့်သွားသည်။
ပစ်မှတ်ကို ရှာမတွေ့တော့သကဲ့သို့ ဝေခွဲမရ ဖြစ်နေဟန်တူသည်။
ထိုနည်းတူပင် အနီးနားရှိ ကျင့်ကြံသူများနှင့် နန်မင်ရှောက်ကျဲကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်သွားကြသည်။
ဤကဲ့သို့သော အခြေအနေမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ပြိုင်ဘက်က ရပ်တန့်သွားပြီ ဖြစ်သော်လည်း ကောင်းကင်ပစ်ခတ်ခြင်းအတတ်က ဘာကြောင့် ရန်မပြုတော့တာလဲ
ထိုစဉ်မှာပင် ဖန့်ချန်၏ ပုံရိပ်မှာ အစအနမကျန် ပျောက်ကွယ်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။
ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ သူသည် နန်မင်ရှောက်ကျဲ၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် နန်မင်ရှောက်ကျဲ၏ ဝိညာဉ်စွမ်းအား ကာကွယ်ရေးအလွှာကို မည်သို့ ကျော်ဖြတ်သွားသည်ကို မည်သူမျှ မသိလိုက်ကြချေ။
လီရှမ်းဇီ နှင့် နန်မင်ရုယွဲ့ တို့သည် ဝင်ပါရန် ပြင်လိုက်သော်လည်း၊ ဖန့်ချန်က နန်မင်ရှောက်ကျဲ၏ ခေါင်းကို အသာအယာ တစ်ချက် ပုတ်လိုက်ပြီးနောက် အဝေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်ကို မြင်သောအခါမှ စိတ်အေးသွားကြသည်။
တစ်ဖက်လူက အသေသတ်သည့် နည်းလမ်းကို မသုံးခဲ့ပေ။
နန်မင်ရုယွဲ့က ဆိုသည်
“ဒီကလေးက အခြေအနေကို သိတတ်သားပဲ၊ ပြီးတော့ သူ့ရဲ့ အစွမ်းက ငါတို့ ထင်ထားတာထက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ သူ ကောင်းကင်ပစ်ခတ်ခြင်းအတတ်ကို ဘယ်လို ဖျက်လိုက်တာလဲ”
“မသိဘူး...”
“မင်း...”
နန်မင်ရှောက်ကျဲသည် မိမိခေါင်းကို အလိုအလျောက် စမ်းကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် အဝေးမှ ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။
တစ်ဖက်လူက... သူ့အနားကို ကပ်လာပြီး ခေါင်းကို ပုတ်သွားခဲ့တယ်ပေါ့
ဒါဟာ ပြောင်ပြောင်တင်းတင်း အရှက်ခွဲခြင်းပဲ
လင်းယွမ်တို့မှာ ကြောင်သွားကြပြီးနောက် တဟားဟား ရယ်မောသံများ ထွက်ပေါ်လာသည်။
လင်းယွမ်က အကျယ်ကြီး အော်ပြောလိုက်သည်
“မင်း ရှုံးသွားပြီ ခုနကသာ ခေါင်းဆောင်က အသေသတ်မယ်ဆိုရင် မင်း သေနေပြီ ”
ယွီထျန်းကော်သည်လည်း သတိပြန်ဝင်လာကာ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် နန်မင်ရှောက်ကျဲကို လှမ်းပြောလိုက်သည်
“မင်း ရှုံးသွားပြီ ”
“မဟုတ်ဘူး၊ ငါမရှုံးသေးဘူး ”
နန်မင်ရှောက်ကျဲက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ ထုတ်ဖော်လိုက်သည်။
နောက်တစ်ခဏတွင် မြားတံမှာ ပြန်လည် လှုပ်ရှားလာသည်။
အားလုံး စိုးရိမ်တကြီး ကြည့်နေစဉ်မှာပင် မြားတံသည် ဗြုန်းခနဲ ဆိုသလို နန်မင်ရှောက်ကျဲ၏ ဝိညာဉ်စွမ်းအား ကာကွယ်ရေးအလွှာကို ဖောက် ကနဲ ထိုးဖောက်သွားသည်ကို တွေ့လိုက်ရသည်။
မိမိကိုယ်တိုင် ပြန်အပစ်ခံရတော့မည့် ဆဲဆဲမှာပင် နန်မင်ရှောက်ကျဲသည် အလိုအလျောက် ဝိညာဉ်စွမ်းအားများကို ရုတ်သိမ်းလိုက်မှသာ မြားတံမှာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
မပျောက်ကွယ်မီအချိန်တွင် မြားတံမှာ သူ၏ ရင်ဘတ်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။
အားလုံးမှာ အံ့ဩမှင်သက်သွားကြသည်။
ခုနက ဘာတွေ ဖြစ်သွားတာလဲ။
***