လျိုယီးကျန့်သည် ရွှီနင်ပေးသော ဆေးလုံးများကို လှမ်းယူလိုက်သည်။
သူသည် ကြွေပုလင်းလေးကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။
“ရွှီနင်... မင်း ကျိဖုန်းစီရင်စုမှာရှိတဲ့ မင်းရဲ့ဂိုဏ်းကို ပြန်သွားတော့မှာ မဟုတ်လား”
ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီးနောက် လျိုယီးကျန့်က မေးမြန်းလိုက်သည်။ ရွှီနင်က သူ၏ အတွေ့အကြုံများကို လျိုယီးကျန့်အား ပြောပြထားဖူးလေသည်။
“ပြန်ရမှာပေါ့”
ရွှီနင်က ပြောလိုက်သည်။ “ကျွန်တော် အိမ်မှာ ရက်နည်းနည်းလောက် ထပ်နေဦးမယ်။ ပြီးရင်တော့ ကျိဖုန်းစီရင်စုကို မပြန်ခင် ယွင်ယင်းမြို့ကို တစ်ခေါက်သွားဖို့ စိတ်ကူးထားတယ်”
ရွှီနင်၏ လက်ရှိအခြေအနေအရ ခန်းယွင်ခရိုင်ကဲ့သို့ သေးငယ်သောနေရာလေးတွင် ထာဝရအခြေချနေထိုင်ရန် မဖြစ်နိုင်တော့ချေ။ ထိုနေရာမှနေ၍ တိုးတက်ရန် လုံလောက်သော အရင်းအမြစ်များကို ရရှိနိုင်မည် မဟုတ်ပါချေ။
ရွှီနင် ပိုမိုအစွမ်းထက်လာလေလေ၊ သူ၏ပတ်ဝန်းကျင်သည်လည်း စွမ်းအင်အရင်းအမြစ်များ ပိုမိုပေါများသောနေရာ ဖြစ်လာရန် လိုအပ်လေလေပင်။
“ဒါနဲ့ စကားမစပ်...”
ရွှီနင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “စီနီယာလျို... ကျွန်တော် တောင်းဆိုစရာလေး တစ်ခုရှိပါတယ်”
“ပြောပါဦး... ဘာများလဲ”
ရွှီနင်၏ စကားကို ကြားသောအခါ လျိုယီးကျန့်၏ မျက်နှာပေးမှာ လေးနက်သွားသည်။ သူသည် ရွှီနင်အား မည်သို့ ကျေးဇူးဆပ်ရမည်ကို မသိဖြစ်နေချိန်တွင် ရွှီနင်က တစ်ခုခု တောင်းဆိုလာသဖြင့် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော် ခန်းယွင်ခရိုင်က ထွက်သွားပြီးရင် ရွာကို စောင့်ရှောက်ပေးမယ့် အစွမ်းထက် သိုင်းပညာရှင်တွေ မကျန်တော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် မရှိတဲ့အချိန်မှာ ထောင်ရွာနဲ့ ခန်းယွင်ခရိုင်ကို စောင့်ရှောက်ပေးစေချင်ပါတယ်”
ရွှီနင်က သူ၏ တောင်းဆိုချက်ကို ပြောပြလိုက်သည်။ သူသည် မိသားစု၏ ဘေးကင်းလုံခြုံမှုအတွက် အစိုးရိမ်ဆုံး ဖြစ်နေသဖြင့် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒါပေါ့... ရတာပေါ့”
လျိုယီးကျန့်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ သူ၏ အမြင်တွင်မူ ဤကိစ္စမှာ သေးငယ်သော ကိစ္စလေးတစ်ခုသာ ဖြစ်ပေသည်။
“နောက်ရက်နည်းနည်းနေရင် ဒီနေရာကို ပြန်ပြင်ပြီး ထောင်ရွာထဲကို ပြောင်းလာခဲ့မယ်” လျိုယီးကျန့်က ဆက်ပြောသည်။ “ငါက လောကီလူသားတွေနဲ့ ဝေးနေတာ ကြာပြီဆိုတော့ ဒါက လောကအလယ်မှာ ပြန်ပြီး အခြေချဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
“ကျေးဇူးတင်ပါတယ် စီနီယာလျို”
ရွှီနင် ပြုံးလိုက်မိသည်။ နောက်ဆုံးတော့ သူ့ရင်ထဲက ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု လျော့ကျသွားလေပြီ။
လျိုယီးကျန့်ကိုယ်တိုင် ထောင်ရွာကို စောင့်ရှောက်ပေးမည်ဆိုလျှင် ထောင်ရွာသာမက ခန်းယွင်ခရိုင်တစ်ခုလုံးပါ ဘေးကင်းသွားတော့မည် ဖြစ်သည်။ လျိုယီးကျန့်မှာ ဟင်းလင်းပြင်နယ်ပယ် ပဉ္စမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် သူ့ကို အားကိုးရမည်မှာ အလွန်စိတ်ချရပေသည်။
ထို့နောက် သူတို့နှစ်ဦးသည် ခေတ္တမျှ ဆက်လက်စကားပြောဆိုကြပြီးနောက် ရွှီနင်လည်း ပြန်လာခဲ့လေသည်။
ပြန်ရောက်ပြီးနောက် ရွှီနင်သည် ထောင်ထောင်နှင့် ကောယယ်တို့ကို သိုင်းပညာ စတင်သင်ကြားပေးလေသည်။ ဤသို့သော ဘဝနေထိုင်မှုက ရွှီနင်ကို စိတ်လက်ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေသည်။ သို့သော် သာယာသော အချိန်များမှာ ကုန်ဆုံးတော့မည် ဖြစ်သည်။
လဝက်ခန့် ကြာပြီးနောက် ရွှီနင်သည် အိမ်မှ နောက်တစ်ကြိမ်ထွက်ခွာကာ ယွင်ယင်းမြို့သို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။
ဖေးယွင်ပြည်နယ်သားတစ်ဦးဖြစ်သလို အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးအနေဖြင့် ရွှီနင်သည် ယွင်ယင်းမြို့နှင့် ယွမ်ရှန်းဂိုဏ်းသို့ သွားရောက်လည်ပတ်ရန် ပြင်းပြသော ဆန္ဒရှိနေခဲ့သည်။ ဝေ့မိသားစုဝင်များကို အိမ်ပြန်ပို့ရင်း ယွင်ယင်းမြို့နှင့် ယွမ်ရှန်းဂိုဏ်းအကြောင်း ပိုမိုလေ့လာရန် ဤအခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်ပေသည်။
ထောင်ယွမ်ချွမ်း၊ ရွှီလျန်၊ ထောင်ထောင်နှင့် ကောယယ်တို့သည် ရွှီနင် ထွက်ခွာသွားရမည်ကို သိထားကြသော်လည်း မခွဲခွာချင်ကြသေးပေ။ သို့သော် ယခုတစ်ခေါက်တွင် သူတို့ အတော်လေး စိတ်အေးနေကြပြီ ဖြစ်သည်။
ရွှီနင်၏ ကြီးထွားလာသော စွမ်းအားမှာ သူတို့ စိတ်ပူပေးရန် မလိုအပ်တော့ကြောင်း အားလုံးက နားလည်ထားကြသည်။
မထွက်ခွာမီ ရွှီနင်သည် လုံလောက်သော ဆေးလုံးများကို ချန်ထားခဲ့လေသည်။ ထိုဆေးလုံးများသည် ထောင်ထောင်အတွက် သိုင်းပညာအခြေခံ ကောင်းမွန်စေရန်၊ ကောယယ်၏ သိုင်းပညာ တိုးတက်စေရန်နှင့် အစ်မဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့၏ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေရန် အများကြီး အထောက်အကူပြုလိမ့်မည် ဖြစ်သည်။
ထို့နောက် ရွှီနင်သည် ဝေ့ချန်ချင်း၊ ဝေ့ပင်ချီ၊ ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့ကို ခေါ်ဆောင်ကာ ယွင်ယင်းမြို့သို့ ထွက်ခွာလာခဲ့လေသည်။
…
နှစ်ရက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်
ခန်းယွင်ခရိုင်သည် ယွင်ယင်းမြို့နှင့် သိပ်မနီးလှသော်လည်း ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲဖြစ်သော ရှောင်ဟေးကို စီးနင်းလာကြသဖြင့် ခရီးမှာ အလွန်လျင်မြန်လှပေသည်။ နေ့ညမနား ခရီးနှင်ခဲ့ကြရာ နှစ်ရက်အတွင်းမှာပင် ယွင်ယင်းမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
“ဒါက ယွင်ယင်းမြို့ပေါ့လေ...”
ရွှီနင်သည် ယွင်ယင်းမြို့၏ မြင့်မားသော မြို့တံခါးကြီးများကို မြင်လိုက်ရသည်။ လူအုပ်ကြီးမှာလည်း အလွန်ထူထပ်လှသည်။ ဤမျှ စည်ကားလှပသော မြင်ကွင်းကို ရွှီနင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
“နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီဟေ့”
ဝေ့ချန်ချင်းနှင့် ကျန်လူများမှာ အတိုင်းထက်အလွန် ဝမ်းသာနေကြသည်။ ပြန်ပေးဆွဲခံခဲ့ရသော ထိုသုံးဦးမှာမူ ဤခံစားချက်ကို ပိုမိုသိသာစွာ ခံစားနေရသည်။
သူတို့မှာ အိမ်ပြန်မရောက်နိုင်တော့ဘူးဟု ထင်ထားခဲ့သော်လည်း ယခုအခါမှာတော့ အိမ်ပြန်ရောက်ခဲ့ချေပြီ။
ရွှီနင်သည် ရှောင်ဟေးကို စီးနင်းကာ မြို့ထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်ရန် ပြင်လိုက်သည်။ သို့သော် မြို့ရိုးကို ကျော်ဖြတ်တော့မည့်အချိန်မှာပင် မြို့ရိုးပေါ်ရှိ ပျံသန်းနိုင်သော မိစ္ဆာသားရဲပျံများပေါ်တွင် စီးနင်းလိုက်ပါလာသော မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်အချို့သည် သူတို့ရှေ့သို့ ပျံသန်းရောက်ရှိလာပြီး ရွှီနင်တို့ကို တားဆီးလိုက်ကြသည်။
“သခင်လေး... ကျွန်တော်က ယွင်ယင်းမြို့ရဲ့ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် တစ်ယောက်ပါ။ ယွင်ယင်းမြို့မှာ ယွမ်ရှန်းဂိုဏ်းက သတ်မှတ်ပေးထားတဲ့ အထောက်အထား မပါဘဲ မြို့ထဲကို ပျံသန်းဝင်ရောက်ခွင့် မရှိပါဘူး။ ပြီးတော့ သခင်လေးစီးလာတဲ့ ပျံသန်းတဲ့ မိစ္ဆာသားရဲကိုလည်း မြို့ထဲ ပေးမဝင်ပါဘူး။ ဒီစည်းကမ်းကို လိုက်နာပေးဖို့ မျှော်လင့်ပါတယ်”
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များ၏ ခေါင်းဆောင်သည် အလွန်ယဉ်ကျေးသော အမူအရာ ရှိလေသည်။ ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲကို ထိန်းချုပ်နိုင်သောသူမှာ သာမန်လူမဟုတ်ကြောင်း သူ ကောင်းစွာ သိထားလေသည်။
“ယွမ်ရှန်းဂိုဏ်းဆိုတာ ထင်ထားတဲ့အတိုင်းပဲ စည်းကမ်းက တော်တော်တင်းကျပ်တာပဲ”
ရွှီနင်သည် ထိုခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထိုသူမှာ ဟင်းလင်းပြင်နယ်ပယ် ဒုတိယအဆင့် ချီလှုပ်ရှားမှုနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း မြို့တံခါးစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်မျှသာ ဖြစ်နေသဖြင့် ယွမ်ရှန်းဂိုဏ်း၏ အင်အားကြီးမားမှုကို ရွှီနင် ခံစားလိုက်ရသည်။
“ဒါက ယွမ်ရှန်းဂိုဏ်းရဲ့ စည်းကမ်းဆိုမှတော့ ကျွန်တော်က အပြင်လူတစ်ယောက်အနေနဲ့ လိုက်နာရမှာပေါ့”
ရွှီနင်က ဇွတ်တိုးမဝင်တော့ပေ။ သူ့အတွက်မူ သူ၏ အစွမ်းထက်မှုကို ပြသရန်အတွက် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များနှင့် ရန်ဖြစ်နေရန် မလိုအပ်ပါချေ။
ရွှီနင်က စကားပြောရလွယ်ကူသဖြင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ခေါင်းဆောင်မှာ စိတ်အေးသွားရသည်။
“ကျေးဇူးတင်ပါတယ်”
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ခေါင်းဆောင်က လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် ရွှီနင်သည် ရှောင်ဟေးကို မြို့ပြင်သို့ ဆင်းသက်စေလိုက်သည်။ သူတို့ငါးဦး မြေပြင်ပေါ် ဆင်းပြီးနောက် ရွှီနင်က ရှောင်ဟေးကို မြို့ပြင်တစ်နေရာတွင် နားနေရန် ခိုင်းလိုက်လေသည်။
မထွက်ခွာမီ ရွှီနင်သည် ရှောင်ဟေးအား မိစ္ဆာသားရဲများအတွက် အထူးစီမံထားသော ဆေးလုံးအချို့ကို ပေးလိုက်သည်။ ရှောင်ဟေးမှာ ဟင်းလင်းပြင်နယ်ပယ် အခြေခံအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုသာ ရှိတော့သည်။ ရွှီနင်က ရှောင်ဟေးကို ဤအတားအဆီးကို ကျော်ဖြတ်နိုင်စေရန် ကူညီပေးလိုက်ခြင်း ဖြစ်သည်။
ရှောင်ဟေးသည်လည်း သူ၏ အဆင့်တက်ခါနီးပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် အလွန်ပျော်ရွှင်သွားသည်။ သူသည် ရွှီနင်၏ ကိုယ်ကို ခေါင်းဖြင့် ပွတ်သပ်နှုတ်ဆက်ပြီးနောက် အတောင်ပံများကို ဖြန့်ကာ အဆင့်တက်ရန် နေရာတစ်ခုရှာရန် ပျံသန်းထွက်ခွာသွားတော့သည်။
“ရွှီနင်... ဒါက ယွမ်ရှန်းဂိုဏ်းရဲ့ စည်းကမ်းတွေမို့လို့ စိတ်ထဲမထားပါနဲ့”
ဝေ့ချန်ချင်းက ရွှီနင် စိတ်အနှောင့်အယှက် ဖြစ်သွားမည်စိုးသဖြင့် ရှင်းပြလေသည်။ “ဝေ့မိသားစုဝင်တွေတောင် ယွင်ယင်းမြို့ရဲ့ စည်းကမ်းကို လိုက်နာရတယ်။ ဒါကြောင့် လူတိုင်းအတွက် အတူတူပါပဲ”
ရွှီနင်က ဘာမှ မဖြစ်သလိုပင် ပြန်ပြောလိုက်ပြီး သူတို့ မြို့ထဲသို့ ဝင်ခဲ့ကြလေသည်။
ကျယ်ဝန်းသော လမ်းမများပေါ်တွင် လမ်းလျှောက်ရင်း ရွှီနင်သည် ယွင်ယင်းမြို့သားများ၏ စည်ကားလှသော ဘဝနေထိုင်မှုပုံစံကို ခံစားလိုက်ရသည်။
“ယွမ်ရှန်းဂိုဏ်းက ဒီလို စည်ကားတဲ့ မြို့ကြီးထဲမှာ ဂိုဏ်းကို အခြေစိုက်ထားတာက တကယ်ကို ထူးခြားတာပဲ”
ဝေ့မိသားစုဝင်များ၏ လမ်းပြမှုဖြင့် ရွှီနင်သည် ဝေ့အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
“အိမ်တော်သခင်ကို သွားပြောလိုက်ပါ... ကျွန်တော်တို့ ပြန်ရောက်ပြီလို့” ဝေ့ချန်ချင်းက တုန်ရီနေသောအသံဖြင့် ကင်းစောင့်ကို ပြောလိုက်သည်။
ကင်းစောင့်က ဝေ့ချန်ချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများ ပြူးသွားပြီး ဝေ့ချန်ချင်း၏ နောက်မှ လူများကို ကြည့်လိုက်လေသည်။
“တတိယသခင်လေး၊ သခင်လေးစွန်း၊ သခင်မလေးစွန်း... ခင်ဗျားတို့... ခင်ဗျားတို့ အားလုံး ပြန်ရောက်လာကြပြီပဲ”
“ကျွန်တော် အခုချက်ချင်း သွားသတင်းပို့လိုက်ပါ့မယ်”
ကင်းစောင့်သည် အိမ်တော်ထဲသို့ အပြေးအလွှား ဝင်သွားလေတော့သည်။
ဝေ့ချန်ချင်းက ရွှီနင်ကို ဦးစွာ ဖိတ်ခေါ်လိုက်ပြီးနောက် သူတို့ အိမ်တော်တံခါးကို ဝင်ခဲ့လိုက်လေသည်။ လမ်းတစ်ဝက်မှာပင် လူတစ်ဒါဇင်ကျော်ခန့် အိမ်တော်ထဲမှ အပြေးအလွှား ထွက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသောသူမှာ
ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်ဖြူဖြူဖြင့် ဖြစ်သော်လည်း အလွန်ပင် ခွန်အားရှိပြီး ထွားကျိုင်းသန်မာလှသည်။
သူ၏ ရုပ်သွင်မှာ ဝေ့ချန်ချင်းနှင့် အတော်လေး ဆင်တူလှပေသည်။
“ချန်ချင်း၊ ပင်လင်၊ ဇစ်ချန်”
ထိုလူကြီးမှာ အလွန်ပင် စိတ်လှုပ်ရှားနေပြီး ရှေ့သို့ အမြန်လျှောက်လာခဲ့သည်။
“ဖေဖေ”
“အဖိုး”
ဝေ့ချန်ချင်းနှင့် ကျန်လူများသည် သူတို့၏ မိသားစုဝင်များနှင့် နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့ကြချေပြီ။
ပြန်လည်ဆုံတွေ့ပြီးနောက် ဝေ့ချန်ချင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ထိုလူကြီး၏ လက်မောင်းကို ဆွဲကာ ရွှီနင်ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။ “ဖေဖေ... ဒါက ရွှီနင်ပါ။ သူက ကျွန်တော်တို့ကို ကယ်တင်ခဲ့တာပါ”
“ဝေ့အိမ်တော်သခင်ကို နှုတ်ခွန်ဆက်သပါတယ်”
ရွှီနင်က လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်။
“မိတ်ဆွေလေး ရွှီနင်”
ထိုလူကြီးသည် ရိုးသားဖြောင့်မတ်သော အမူအရာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
“ကျွန်တော်က ဝေ့မိသားစုရဲ့ အိမ်တော်သခင် ဝေ့ရှင်းဖုန်းပါ။ ဝေ့မိသားစုဝင်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ မင်းက ကျွန်တော်တို့ ဝေ့မိသားစုရဲ့ ကျေးဇူးရှင်ကြီးပါပဲ”
ဝေ့ရှင်းဖုန်းသည် ရွှီနင်သည် သူနှင့် နယ်ပယ်တူညီသော သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်းကိုလည်း သိထားပြီး ဖြစ်သဖြင့် သူ၏သဘောထားမှာ ကျေးဇူးတင်မှုအပြင် လေးစားအားကျမှုလည်း ပါဝင်နေလေသည်။
“အိမ်တော်သခင်ဝေ့ကလည်း ချီးကျူးလွန်းနေပါပြီ”
ရွှီနင်က ပြောလိုက်သည်။ “ဦးလေးဝေ့က ကျွန်တော့်ကို အရင်က ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့ဖူးသလို ပင်လင်နဲ့ ဇစ်ချန်တို့ကလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေပါ။ ကျွန်တော်တို့ကြားမှာ ကျေးဇူးရှင်ဆိုတာမျိုး မလိုအပ်ပါဘူး”
ရွှီနင်က ထိုသို့ ပြောလိုက်သောအခါ ဝေ့မိသားစုဝင်များသည် ရွှီနင်အပေါ် ပိုမို၍ အထင်ကြီး လေးစားသွားကြလေတော့သည်။
“ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ”
ဝေ့ရှင်းဖုန်းက “ရွှီနင် မင်းကို အရင်ဆုံး ဧည့်ခန်းထဲကို ဖိတ်ပါရစေ။ နောက်မှ သီးသန့် နေ့လယ်စာ စားသောက်ပွဲ ပြင်ဆင်ပြီး မင်းကို အထူးတလည် ကျေးဇူးတင်စကား ပြောပါ့မယ်” ဟု ဆိုကာ ရွှီနင်ကို ဝေ့အိမ်တော်အတွင်းသို့ ဖိတ်ခေါ် ခေါ်ဆောင်သွားလေတော့သည်။
***