တျန်ယွမ်တောင်မှ ထွက်ခွာလာပြီးနောက် ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့မှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ ရွှီနင်က ယင်းကို သတိပြုမိသဖြင့် သူနှင့်အတူ အခြားတစ်နေရာသို့ လိုက်ခဲ့ရန် သူတို့နှစ်ဦးအား တိုက်တွန်းခေါ်ဆောင်သွားခဲ့လေသည်။
ထို့နောက် သူတို့သည် ညနေစောင်းအထိ ယွင်ယင်းမြို့အတွင်း လှည့်လည်သွားလာခဲ့ကြပြီးမှ ဝေ့အိမ်တော်သို့ ပြန်လာခဲ့ကြသည်။
ညအချိန်သို့ ရောက်သောအခါ ရွှီနင်သည် ခြံဝန်းအတွင်းရှိ မှီထိုင်ကုလားထိုင်ပေါ်၌ လဲလျောင်းကာ ညကောင်းကင်ယံကို မော့ကြည့်နေသည်။
ကုလားထိုင်ဘေးရှိ သစ်သားစားပွဲလေးပေါ်တွင် သစ်သီးဝလံများ အပြည့်တင်ထားသည်။ မူလက ရွှီနင့်အား ပြုစုရန် အစေခံမိန်းကလေးတစ်ဦး ရှိသော်လည်း သူက သူမကို ပြန်လွှတ်လိုက်ချေပြီ။
“မိတ်ဆွေလေး ရွှီနင်”
ဝေ့ရှင်ဖုန်း၏ အသံထွက်ပေါ်လာသည်။ ရွှီနင် အလျင်အမြန် ထရပ်လိုက်စဉ် ဝေ့ရှင်ဖုန်းက အထဲသို့ လှမ်းဝင်လာလေသည်။
“ဒီလောက် နောက်ကျမှ လာနှောင့်ယှက်မိတာ အားနာပါတယ်ဗျာ”
ဝေ့ရှင်ဖုန်းက ဦးစွာ တောင်းပန်လိုက်သည်။
“ရပါတယ်ဗျ... ဘာကိစ္စများ ရှိလို့လဲ ဝေ့အိမ်တော်သခင်”
ဝေ့ရှင်ဖုန်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အဲဒါကို ခဏထားပါဦး... အရင်ဆုံး မင်းကို ကျေးဇူးတင်ချင်လို့ပါ”
“ငါတို့ရဲ့ အကြီးအကဲချုပ်က သူ့ရဲ့ သွေးကို အသုံးချပြီး တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်နိုင်ခဲ့ပြီလေ။”
ဝေ့ရှင်ဖုန်း၏ မျက်နှာအမူအရာမှာ တက်ကြွနေလေသည်။
“အဲဒီ တာအိုတံဆိပ်ကို လေ့လာပြီးနောက် သူဟာ သိမြင်နားလည်မှုတွေ အများကြီး ရရှိခဲ့တယ်။ အခု သူ တံခါးပိတ်ကျင့်ကြံနေပြီဆိုတော့ ဟင်းလင်းပြင်နယ်ပယ်ရဲ့ အဋ္ဌမအဆင့်ကို ချိုးဖျက်နိုင်လောက်တယ်”
“ဒါက ဝမ်းသာစရာ သတင်းပဲ... ဂုဏ်ယူပါတယ်ဗျာ”
ရွှီနင်က လက်ယှက်ကာ ပြောလိုက်သည်။
“ဒါတွေအားလုံးက မင်းကြောင့်ပါ... မင်းသာ အဲဒီတာအိုတံဆိပ်ကို ဝေ့မိသားစုကို မပေးခဲ့ရင် ငါတို့က ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး” ဝေ့ရှင်ဖုန်း၏ လေသံမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒါနဲ့ ရွှီနင်... ငါ ဒီကိုလာတာ တစ်စုံတစ်ယောက်က တောင်းဆိုခိုင်းလို့ပါ” ဝေ့ရှင်ဖုန်းက ခေတ္တရပ်ကာ ပြောလိုက်သည်။
“ဪ... ဘယ်သူက ဘာကိစ္စများ ရှိလို့လဲဗျ” ရွှီနင်က မေးလိုက်သည်။
“ကျိုးဝေချန်က မင်းကို ဆေးလုံးတစ်မျိုး ဖော်စပ်ပေးဖို့ တောင်းဆိုခိုင်းတာပါ” ဝေ့ရှင်ဖုန်းက ရှင်းပြလေသည်။
“ဒီကျိုးဝေချန်က ယွင်ယင်းမြို့က ကျိုးမိသားစုရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ သူက အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ဖြစ်သလို ငါနဲ့လည်း ရင်းနှီးတဲ့သူပါ”
“ဒီနေ့ သူကိုယ်တိုင် ငါ့ဆီလာပြီး ငါတို့ဝေ့မိသားစုမှာ အစွမ်းထက်တဲ့ ဆေးဆရာရှိမရှိ မေးနေတယ်လေ။ ဘာလို့လဲဆိုတော့ မကြာသေးခင်က မင်း ငါတို့ကို ရောင်းခိုင်းလိုက်တဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးနဲ့ အာနိသင်က တကယ်ကို ထူးခြားကောင်းမွန်နေလို့ပဲ။ ကျိုးဝေချန်က ဒါကို သိသွားပြီးတော့ ငါ့ကို လာဆက်သွယ်တာပဲ”
“ငါတို့က ရင်းနှီးတဲ့သူတွေဆိုတော့ ငါလည်း သူ့ကို မဖုံးကွယ်ထားတော့ပါဘူး။ ငါတို့မှာ အစွမ်းထက်တဲ့ ဆေးဆရာတစ်ဦးရှိကြောင်း သူ့ကို ပြောပြလိုက်တယ်။ အဲဒါကို သူသိသွားတော့ မင်းဆီမှာ ဆေးလုံးတစ်မျိုး ဖော်စပ်ဖို့ အကူအညီ တောင်းချင်နေတာ”
ဝေ့ရှင်ဖုန်းက ရွှီနင်၏ အမူအရာကို ကြည့်ကာ ပြောလိုက်သည်။
ရွှီနင် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို သူစိုးရိမ်နေလေသည်။ သို့သော် ရွှီနင်၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။
“သူက ဘယ်လိုဆေးမျိုးကို ဖော်စပ်ချင်တာလဲဗျ”
ရွှီနင်က မေးလိုက်သည်။
သူ၏ ဆေးဆရာ အထောက်အထားကို ထုတ်ဖော်ရန် ရွှီနင် ဝန်မလေးတော့ပေ။ သူ၏ လက်ရှိအင်အားဖြင့် ဘာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့ချေ။
“သူက ‘ထုံယီဆေးပြား’ ကို ဖော်စပ်ချင်နေတာပါ” ဝေ့ရှင်ဖုန်းက ပြန်ဖြေလိုက်သည်။
“ထုံယီဆေးပြား...” ရွှီနင် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ဤထုံယီဆေးပြားမှာ အဆင့်တက်ရာတွင် အထောက်အကူပြုသော ဆေးပြားတစ်မျိုး ဖြစ်သည်။ ယင်းကို အဓိကအားဖြင့် တံဆိပ်တော်နယ်ပယ်သို့ ချိုးဖျက်ရာတွင် အသုံးပြုကြပြီး အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်သို့ ချိုးဖျက်ရာတွင်လည်း အကျိုးသက်ရောက်မှု အချို့ ရှိပေသည်။
အဆင့်တက်ရာတွင် အသုံးပြုသော ဆေးလုံးများကို ဖော်စပ်ရန်မှာ အလွန်ခက်ခဲလှသလို ဆေးဖက်ဝင် ပစ္စည်းများကိုလည်း ရရှိရန် မလွယ်ကူပေ။
ဥပမာအားဖြင့် သာမန်ဆေးဆရာများသည် ထုံယီဆေးပြားကို ဖော်စပ်ရန် အရည်အချင်း မပြည့်မီကြဘဲ အဆင့်မြင့်ဆေးဆရာများပင်လျှင် ပုံမှန်အားဖြင့် အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်းသာ ရှိတတ်ကြသည်။
ရွှီနင်၏ ‘အသက်ဆေးကျမ်း’ သည် သတ္တမအဆင့်သို့ ရောက်ရှိနေပြီး သူ၏ ဆေးဖိုအကူအညီ ပါဝင်လျှင်ပင် အောင်မြင်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိပေလိမ့်မည်။
“ဘယ်လိုလဲ ရွှီနင်... မင်း ဒီထုံယီဆေးပြားကို ဖော်စပ်ပေးနိုင်မလား” ဝေ့ရှင်ဖုန်းက စမ်းတဝါးဝါး မေးလိုက်သည်။
“ဖော်စပ်ပေးလို့တော့ ရပါတယ်... ဒါပေမဲ့ သူက ဆေးဖက်ဝင်ပစ္စည်း ဘယ်နှစ်စုံလောက် ပေးနိုင်မှာလဲ” ရွှီနင်က ခေတ္တစဉ်းစားပြီး မေးလိုက်သည်။
ဝေ့ရှင်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး “ဒါတော့ ကျိုးဝေချန်က ငါ့ကို မပြောလိုက်ဘူး။ မင်းသာ သဘောတူမယ်ဆိုရင် သူကိုယ်တိုင် ဆေးဖက်ဝင်ပစ္စည်းတွေကို ယူလာခဲ့မယ်လို့ပဲ ပြောတယ်”
“အဲဒီလိုလား... ဒါဆိုရင်လည်း မနက်ဖြန် သူ့ကို လာခဲ့ခိုင်းလိုက်ပါ” ရွှီနင်က ပြန်ပြောလိုက်သည်။ ကျိုးဝေချန်မှာ ဝေ့ရှင်ဖုန်း၏ မိတ်ဆွေဖြစ်နေသဖြင့် ရွှီနင် ကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ဒါဆိုရင် ကျေးဇူးအများကြီး တင်ပါတယ် မိတ်ဆွေလေး ရွှီနင်” ရွှီနင် သဘောတူလိုက်သဖြင့် ဝေ့ရှင်ဖုန်း ပြုံးလိုက်မိသည်။
ဝေ့ရှင်ဖုန်းသည် ရွှီနင်က မိမိကြောင့်သာ ကျိုးဝေချန်ကို ကူညီရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
“ဒါဆိုရင် ငါ သွားတော့မယ်... မနက်ဖြန်ကျရင် ကျိုးဝေချန်ကို ဒီကို ခေါ်လာခဲ့မယ်” ဝေ့ရှင်ဖုန်းသည် ရွှီနင်၏ အိမ်တော်မှ ထွက်ခွာသွားလေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်…
ဝေ့ရှင်ဖုန်းက ကျိုးဝေချန်ကို ခေါ်ဆောင်လာခဲ့သည်။ ကျိုးဝေချန်မှာ အသက် ၅၀ ဝန်းကျင်ခန့်ရှိသော လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည်။
“ညီနောင်ကျိုး... ဒါက အစွမ်းထက်တဲ့ ဆေးလုံးတွေကို ဖော်စပ်ပေးခဲ့တဲ့ ဆေးဆရာ ရွှီနင်ပဲ” ဝေ့ရှင်ဖုန်းက ရွှီနင်နှင့် အရင်ဆုံး မိတ်ဆက်ပေးပြီးနောက် ကျိုးဝေချန်ကို ရွှီနင်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒီလောက် ငယ်ရွယ်တဲ့ ဆေးဆရာလား”
ရွှီနင်ကို မြင်လိုက်ရသောအခါ ကျိုးဝေချန်မှာ အံ့ဩသွားသည်မှာ သိသာလှသည်။
ဟင်းလင်းပြင်နယ်ပယ်က သိုင်းပညာရှင်တစ်ဦးသည် အိုမင်းရင့်ရော်မှုကို နှေးကွေးအောင် ပြုလုပ်နိုင်သော်လည်း ရွှီနင်မှာ သေချာပေါက် အသက် ၃၀ ထက် မပိုကြောင်း သူသိနေသည်။
အရည်အသွေးမြင့် ဆေးလုံးများကို ဖော်စပ်နိုင်သော ဆေးဆရာတစ်ဦးမှာ အလွန်အိုမင်းသူ ဖြစ်လိမ့်မည်ဟု သူထင်ထားခဲ့သဖြင့် ရွှီနင်ကဲ့သို့ လူငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယင်းမှာ ကျိုးဝေချန်က လူငယ်များကို မယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ ဆေးဖော်စပ်ခြင်းသည် သိမြင်နားလည်မှုသာမက အတွေ့အကြုံလည်း လိုအပ်သောကြောင့် ဖြစ်သည်။ ထိုသို့သော အတွေ့အကြုံမျိုး ရရှိရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူ စုဆောင်းရစမြဲ ဖြစ်သည်။
“စီနီယာကျိုး” ရွှီနင်ကလည်း ဦးစွာ နှုတ်ဆက်လိုက်သည်။ ကျိုးဝေချန်နှင့် ဝေ့ရှင်ဖုန်းတို့မှာ မိတ်ဆွေများဖြစ်သလို သူ့ထက်လည်း အသက်ကြီးကြသဖြင့် ‘စီနီယာ’ ဟု ခေါ်ဆိုခြင်းမှာ သင့်လျော်ပေသည်။
“မိတ်ဆွေလေး ရွှီနင်” ကျိုးဝေချန်သည် ရွှီနင်၏ အသက်အရွယ်ကြောင့် အံ့ဩနေသော်လည်း ယဉ်ကျေးစွာပင် ပြန်လည်နှုတ်ဆက်လိုက်သည်။
သူသည် ရွှီနင်ကို လူငယ်ဖြစ်နေ၍ အထင်မသေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ရွှီနင်ကို ပို၍ပင် တန်ဖိုးထားလိုက်မိသေးသည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် အလွန်ကောင်းမွန်သော ဆေးလုံးများကို ဖော်စပ်နိုင်နေပြီ ဖြစ်သည်။ ဤအရည်အချင်းနှင့်ဆိုလျှင် သူသည် ယွမ်ရှန်းဂိုဏ်းသို့ ဝင်ရောက်လျှင်ပင် ဧည့်သည်တော်အကြီးအကဲ တစ်ယောက် အလွယ်တကူ ဖြစ်လာနိုင်ပေသည်။
‘မိတ်ဆွေလေး ရွှီနင်က ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်ရုံတင်မကဘူး... သူ့ရဲ့ သိုင်းပညာကျင့်ကြံမှုကလည်း ခန့်မှန်းရခက်တဲ့ အနေအထားမှာ ရှိနေတာပဲ’
ကျိုးဝေချန်က ရွှီနင်၏ အရည်အချင်းကို အကြမ်းဖျင်း ခန့်မှန်းရင်း တွေးလိုက်မိသည်။ သူသည် တံဆိပ်တော်နယ်ပယ်က သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် ရွှီနင်၏ အင်အားမှာ ထိုနယ်ပယ်ထက် သာလွန်ကြောင်း ခံစားမိနေသည်။
‘ယွမ်ရှန်းဂိုဏ်းတောင်မှ ဒီလူငယ်မျိုးကို ပြုစုပျိုးထောင်ပေးနိုင်မှာ မဟုတ်ဘူး... ငါသာ မမှားဘူးဆိုရင် သူဟာ သိုင်းပညာ အခြေခံတောင့်တင်းတဲ့ ပြည်နယ်ကြီး တစ်ခုခုက လာတာ ဖြစ်ရမယ်။ သူက အတွေ့အကြုံယူဖို့ ဒီကို လာရင်းနဲ့ ဝေ့မိသားစုနဲ့ မိတ်ဆွေ ဖြစ်သွားတာ ထင်တယ်’
“စီနီယာကျိုး... ထုံယီဆေးပြား ဖော်စပ်ချင်တယ်လို့ ဝေ့အိမ်တော်သခင်ဆီက ကြားပါတယ်” ရွှီနင်က ဦးစွာ မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်” ရွှီနင်က ပွင့်လင်းစွာ မေးမြန်းသဖြင့် ကျိုးဝေချန်ကလည်း ချက်ချင်းပင် ပြောပြလိုက်သည်။
“ကျုပ်ရဲ့ သားက အတော်လေး ပါရမီပါပါတယ်။ သူ အသက် ၃၂ နှစ်မှာတင် ဟင်းလင်းပြင်နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်ဖြစ်တဲ့ ဂုဏ်သတ္တိနယ်ပယ်ကို ရောက်ခဲ့တာလေ”
သူ ပြောလိုက်သည့် လေသံထဲတွင် သားဖြစ်သူအတွက် ဂုဏ်ယူသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သားဖြစ်သူမှာ ကျိုးမိသားစု၏ အထူးချွန်ဆုံး လူငယ်ဖြစ်ပြီး အိမ်တော်သခင် ဖြစ်လာရန် အခွင့်အလမ်း အများဆုံး ရှိသူလည်း ဖြစ်သည်။
“ဒါပေမဲ့ အခု ခုနစ်နှစ်တောင် ကုန်ဆုံးသွားခဲ့ပြီ... သူ အသက် ၄၀ နား နီးလာပေမဲ့ တံဆိပ်တော်နယ်ပယ်ကို ချိုးဖျက်နိုင်မယ့် အရိပ်အယောင် မရှိသေးဘူး” ကျိုးဝေချန်၏ လေသံတွင် သားဖြစ်သူအတွက် စိုးရိမ်မှုများ ပါဝင်လာသည်။
“သူ တံဆိပ်တော်နယ်ပယ်ကို မချိုးဖျက်နိုင်သေးတာက သူ့ရဲ့ စိတ်အခြေအနေကို ထိခိုက်စေတာကို မကြာသေးခင်ကမှ ကျုပ် သတိထားမိလိုက်တယ်။ ဒါကြောင့် သူ့ကို တံဆိပ်တော်နယ်ပယ်ကို ချိုးဖျက်နိုင်အောင် ကူညီပေးဖို့ ထုံယီဆေးပြား တစ်ပြား ဖော်စပ်ပေးဖို့ တောင်းဆိုချင်တာပါ”
“ဒါပေမဲ့ ထုံယီဆေးပြားလို ဆေးမျိုးက အရမ်းတန်ဖိုးကြီးတယ်။ ကျုပ်လည်း နေရာအနှံ့မှာ အကြိမ်ကြိမ် ရှာဖွေခဲ့ပေမဲ့ ရောင်းတဲ့သူ မတွေ့ခဲ့ဘူး။ ဒါကြောင့်ပဲ ဆေးဖက်ဝင်ပစ္စည်းတွေကို စုဆောင်းပြီး ဆေးဖော်ပေးနိုင်မယ့် ဆေးဆရာတစ်ယောက်ကို ရှာရတာပါ”
“ဒါပေမဲ့ ဆေးဆရာ အများအပြားကို ရှာဖွေပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ဆေးဖော်စပ်မှု အဆင့်အတန်းက သာမန်ပဲရှိပြီး အောင်မြင်မှုနှုန်းကလည်း ၃၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေတာကို တွေ့လိုက်ရတယ်။ ကျုပ်လက်ထဲမှာ ဆေးဖက်ဝင်ပစ္စည်း သုံးစုံပဲ ရှိနေတာဆိုတော့ ဆုံးရှုံးရမှာကို တကယ် မလိုလားဘူး” ကျိုးဝေချန်က ဆက်ပြောသည်။
“အတော်ကြာအောင် ရှာဖွေပြီးတဲ့နောက် ကျုပ်လိုချင်တဲ့ ဆေးဆရာမျိုး မတွေ့တာနဲ့ လက်လျှော့ဖို့တောင် စဉ်းစားခဲ့မိသေးတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းဖော်စပ်ထားတဲ့ ဆေးလုံးတွေကို မြင်လိုက်ရပြီး အရည်အသွေးကို အံ့ဩသွားမိတာနဲ့ မင်းဆီကို ရောက်လာခဲ့တာပါပဲ”
“မိတ်ဆွေလေး ရွှီနင်... ကျေးဇူးပြုပြီး ကူညီပေးပါဗျာ။ အဖိုးအခကိုလည်း မင်း စိတ်ကြိုက် တောင်းဆိုနိုင်ပါတယ်၊ ကျုပ်ဘက်က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး” ကျိုးဝေချန်၏ အမူအရာမှာ အလွန်ပင် ရိုးသားလှပေသည်။
“စီနီယာက ဝေ့အိမ်တော်သခင်ရဲ့ မိတ်ဆွေပဲ... အဖိုးအခ ပေးစရာ မလိုပါဘူး” ရွှီနင်က လက်ကာပြလိုက်သည်။
အခြားသူများအတွက် ဆေးဖော်စပ်ခြင်းမှာ အလွန်ပင်ပန်းလှသော်လည်း ရွှီနင့်အတွက်မူ သိပ်မခက်ခဲပေ။
“အဲဒီလိုတော့ မဖြစ်နိုင်ဘူးလေ” ကျိုးဝေချန်က အလျင်အမြန် ပြောလိုက်သည်။
“ကျုပ်က ဘယ်လိုလုပ် အလကား ခိုင်းရမှာလဲ”
“ရပါတယ်...”
ဝေ့ရှင်ဖုန်းက ဝင်ပြောလိုက်သည်။
“အရင်ဆုံး ဆေးဖက်ဝင်ပစ္စည်းတွေကို ရွှီနင်ဆီ ပေးလိုက်ပါ။ ဆေးလုံး ဖော်စပ်လို့ ပြီးသွားမှပဲ အဖိုးအခအကြောင်း ဆက်ပြောကြတာပေါ့”
“ကောင်းပါပြီ”
ဝေ့ရှင်ဖုန်း၏ စကားကို ကြားပြီးနောက် ကျိုးဝေချန်လည်း ဆက်ပြီး ငြင်းခုံမနေတော့ပေ။
သူသည် ထုံယီဆေးပြားအတွက် ဆေးဖက်ဝင်ပစ္စည်း သုံးစုံကို ထုတ်ယူကာ ရွှီနင့်ထံ ကမ်းပေးလိုက်သည်။
ရွှီနင်က ၎င်းကို လက်ခံယူပြီးနောက် ချက်ချင်း အခန်းထဲသို့ ပြန်မဝင်သေးဘဲ ပြောလိုက်သည်။
“စီနီယာကျိုး... အရင်ဆုံး ကျုပ် ကြိုပြောထားရမယ့် အချက်တွေ ရှိပါတယ်”
“ကျုပ်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ဆိုရင် ထုံယီဆေးပြား ဖော်စပ်တဲ့ အောင်မြင်မှုနှုန်းက ၅၀ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိပါတယ်။ ဒါတောင်မှ ကျုပ်အနေနဲ့ ဆေးပြား တစ်ပြား ထွက်လာလိမ့်မယ်လို့ အပြည့်အဝ အာမမခံနိုင်ဘူး။ ဆေးဖော်စပ်တဲ့နေရာမှာ ထိန်းချုပ်လို့မရတဲ့ သေးငယ်တဲ့ အချက်အလက်တွေ အများကြီး ရှိနေလို့ပါ”
“ရပါတယ်ဗျာ”
ကျိုးဝေချန်က ပြောလိုက်သည်။
“မိတ်ဆွေလေး ရွှီနင်... အဲဒါအတွက် စိတ်မပူပါနဲ့။ အကုန်လုံး မအောင်မြင်ရင်တောင်မှ ကိစ္စမရှိပါဘူး”
ရွှီနင်က လှည့်ထွက်ကာ အခန်းထဲသို့ ဝင်သွားလေသည်။
“မိတ်ဆွေလေး ရွှီနင်က ဆေးဖော်စပ်ဖို့ အခန်းထဲကိုပဲ ဝင်သွားတာလား”
ရွှီနင် အခန်းထဲ ပြန်ဝင်သွားသည်ကို မြင်သောအခါ ကျိုးဝေချန် အနည်းငယ် အံ့ဩသွားမိသည်။
“သူက ဆေးဖော်စပ်တဲ့အခန်း ဒါမှမဟုတ် တိတ်ဆိတ်ပြီး လုံခြုံတဲ့ အခန်းမျိုး မလိုဘူးလား”
“ရွှီနင်ရဲ့ နယ်ပယ်က သာမန်ဆေးဆရာတွေနဲ့ မတူဘူးဗျ။ သူက ပြင်ပက နှောင့်ယှက်မှုတွေ မရှိဘဲ သူ့ရဲ့ စိတ်အာရုံကို အလွယ်တကူ တည်ငြိမ်အောင် ထားနိုင်တယ်”
ဝေ့ရှင်ဖုန်းက ရှင်းပြလိုက်သည်။
ရွှီနင် ယခင်က ဆေးဖော်စပ်စဉ် ဝေ့ရှင်ဖုန်းက လုံခြုံသော အခန်းတစ်ခန်း စီစဉ်ပေးခဲ့သော်လည်း ရွှီနင်က ငြင်းပယ်ခဲ့ပြီး ဆေးဖော်စပ်ရာတွင် ပတ်ဝန်းကျင် အခြေအနေကို ဂရုမစိုက်ကြောင်း ပြောခဲ့ဖူးလေသည်။
“တကယ်ကို အံ့ဩစရာပဲ” ကျိုးဝေချန် ပြုံးလိုက်မိသည်။ ရွှီနင်သည် ထုံယီဆေးပြားကို အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေသည်။
အခန်းထဲတွင်…
ရွှီနင်သည် ဆေးမီးဖိုကို ထုတ်လိုက်သည်။
‘ထုံယီဆေးပြား ဖော်စပ်ဖို့ ဆေးဖက်ဝင်ပစ္စည်း သုံးစုံဆိုတာ ငါ့အတွက် မခက်ခဲပါဘူး’ ရွှီနင်မှာ စိတ်အေးလက်အေး ရှိနေသည်။
သူသည် ဆေးမီးဖိုကို ဖွင့်ကာ ဆေးဖက်ဝင်ပစ္စည်း တစ်စုံကို ထည့်လိုက်လေသည်။ ယခင်ကဆိုလျှင် ရွှီနင်သည် ပိုမိုမြန်ဆန်စေရန်အတွက် ဆေးဖက်ဝင်ပစ္စည်း အစုံလိုက် သို့မဟုတ် ဆယ်ဂဏန်းအထိ ဆေးမီးဖိုထဲသို့ တစ်ပြိုင်နက် ထည့်ကာ ဖော်စပ်လေ့ရှိသည်။
သို့သော် ယခုမူ အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် တစ်စုံချင်းစီသာ ဖော်စပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
***