ဟွမ်ဇုံးရှောင့်အား ရွှီနင်သည် ဓားစာခံအဖြစ် သူတို့ တည်းခိုရာသို့ ဖမ်းခေါ်လာခဲ့သည်။
ရွှီနင်သည် တည်းခိုရာသို့ ရောက်သည်နှင့် ဟွမ်ဇုံးရှောင့်၏ လက်အောက်ငယ်သားအားလုံးကို သတိလစ်သွားအောင် ပြုလုပ်လိုက်လေသည်။
“ဘာတွေ ဆူညံနေတာလဲ” အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ရှန့်နန်ချွမ်းက တံခါးကို တွန်းဖွင့်လိုက်သည်။
ထိုအခါ ရွှီနင်၏ ထိန်းချုပ်မှုကို ခံထားရသော ဟွမ်ဇုံးရှောင့်နှင့် မြေပြင်ပေါ်တွင် လဲကျနေသည့် သွေးတစ္ဆေဂိုဏ်းသားများကို သူ တွေ့လိုက်ရလေသည်။
“ခင်ဗျား ကျွန်တော့်ကို ရှာနေတယ်လို့ ကြားတယ်” ရွှီနင်က ပြုံးလျက် ရှန့်နန်ချွမ်းကို ကြည့်ကာ မေးလိုက်သည်။
ရှန့်နန်ချွမ်းမှာ အံ့အားသင့်သွားရသည်။
ဟွမ်ဇုံးရှောင့်၏ အခြေအနေကို မြင်လိုက်ရပြီးနောက် သူသည် ချက်ချင်း တုံ့ပြန်လိုက်ကာ တည်းခိုရာမှ ထွက်ပြေးရန် ပြင်လေတော့သည်။
သို့သော် ရွှီနင်က ထိုအခွင့်အရေးကို မပေးခဲ့ပေ။
သူသည် အစစ်အမှန်ချီတစ်စကို ပစ်လွှတ်လိုက်ရာ ရှန့်နန်ချွမ်း၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ရွှီနင်က ဟွမ်ဇုံးရှောင့်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ရှန့်နန်ချွမ်းကိုလည်း အိမ်ထဲသို့ ဆွဲခေါ်သွားလိုက်သည်။
“ခင်ဗျားက သွေးတစ္ဆေဂိုဏ်းက ယန်းရွှေပြည်နယ်ကနေ ဖိတ်ခေါ်ထားတဲ့ ဆေးဖော်စပ်သူလား”
ရွှီနင်သည် နူးညံ့သော ကုလားထိုင်တစ်ခုပေါ်တွင် သက်သောင့်သက်သာ ထိုင်လိုက်ပြီး ထိုနှစ်ယောက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
“မင်းက ဝေ့ကုန်သွယ်ရေးအဖွဲ့ရဲ့ နောက်ကွယ်က ဆေးဖော်စပ်သူလား” ရှန့်နန်ချွမ်းက တည်ငြိမ်အောင် ဟန်ဆောင်လျက် ရွှီနင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မှန်ပါတယ်” ရွှီနင်က ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။
“သွေးတစ္ဆေဂိုဏ်းက ခင်ဗျားကို ကျိဖုန်းစီရင်စုကို ခေါ်လာတာ မိစ္ဆာဆေးလုံးတစ်မျိုး ဖော်စပ်ခိုင်းဖို့လို့ ကြားတယ်”
ရွှီနင်သည် ဟွမ်ဇုံးရှောင့်ထံမှ သွေးတစ္ဆေဂိုဏ်း၏ မိစ္ဆာဆေးလုံး အပါအဝင် အချက်အလက်များစွာကို သိရှိခဲ့ပြီး ဖြစ်သည်။
ရွှီနင်က ဟွမ်ဇုံးရှောင့်ကို သူ့ဆီ ခေါ်လာခိုင်းသည့် အကြောင်းရင်းမှာ ထိုဆေးလုံးနှင့် သွေးတစ္ဆေဂိုဏ်း၏ နောက်ကွယ်မှ အခြေအနေများကို သိရှိနိုင်ရန် ဖြစ်သည်။
သို့မဟုတ်ပါက ရွှီနင်သည် ထိုမိစ္ဆာဂိုဏ်းသားများကို တိုက်ရိုက် သတ်ပစ်မည် သို့မဟုတ် ယွမ်ရှန်းဂိုဏ်းထံ အပ်နှံလိုက်မည်သာ ဖြစ်သည်။
ရှန့်နန်ချွမ်းက ပြန်မဖြေဘဲ ဟွမ်ဇုံးရှောင့်ကို ဦးစွာ တစ်ချက် ကြည့်လိုက်သည်။
ဟွမ်ဇုံးရှောင့်က တစ်ခုခု ပြောပြပြီးပြီဖြစ်ကြောင်း သိသာလှပေသည်။ ထိုသို့ဆိုလျှင် ရှန့်နန်ချွမ်းအနေဖြင့်လည်း ဖုံးကွယ်ထားစရာ မလိုတော့ပေ။
သူသည် သွေးတစ္ဆေဂိုဏ်း၏ အဖွဲ့ဝင် မဟုတ်သကဲ့သို့ ဒုဂိုဏ်းချုပ်ဟွမ်ကိုယ်တိုင်က ပြောပြပြီးသားဖြစ်ရာ သူ ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ချေ။
“ဟုတ်ပါတယ်... သွေးတစ္ဆေဂိုဏ်းက ကျွန်တော့်ကို ‘မိစ္ဆာသွေးဆေးလုံး’ လို့ ခေါ်တဲ့ ဆေးတစ်မျိုး ဖော်စပ်ပေးဖို့ ဖိတ်ခေါ်ခဲ့တာပါ။ သူတို့ပြောတာကတော့ အဲဒီဆေးလုံးကို စားပြီးရင် ဟင်းလင်းပြင်နယ်ပယ်ရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး တာအိုနယ်ပယ်ကို တက်လှမ်းနိုင်မယ်လို့ ဆိုပါတယ်”
ရှန့်နန်ချွမ်းက အမှန်အတိုင်း ပြောပြလိုက်သည်။
“မိစ္ဆာသွေးဆေးလုံး... အဲဒါကို စားရုံနဲ့ တာအိုနယ်ပယ်ကို ချိုးဖျက်နိုင်တယ် ဟုတ်လား” ရွှီနင် အံ့အားသင့်သွားရသည်။
ကျိဖုန်းစီရင်စု သာမက လျဲ့ဝုစီရင်စုနှင့် ဖေးယွင်စီရင်စုတို့တွင်ပင် တာအိုနယ်ပယ် သိုင်းပညာရှင်ဟူ၍ တစ်ဦးမျှ မရှိချေ။
အကယ်၍ တစ်စုံတစ်ယောက်သာ တာအိုနယ်ပယ်သို့ အမှန်တကယ် ချိုးဖျက်နိုင်ခဲ့ပါက မင်းဆက်တစ်ခု တည်ထောင်ပြီး ပြည်နယ်အများအပြားကို အုပ်စိုးနိုင်ပေလိမ့်မည်။
“အဲဒီ မိစ္ဆာသွေးဆေးလုံးက အဲဒီလို အာနိသင် တကယ်ရှိတာ သေချာလား” ရွှီနင် မယုံကြည်နိုင် ဖြစ်နေသည်။
“ကျွန်တော်လည်း မသိပါဘူး... သွေးတစ္ဆေဂိုဏ်းကပဲ ကျွန်တော့်ကို ဖိတ်ခဲ့တာပါ”
ရှန့်နန်ချွမ်းက ဆက်ပြောပြသည်။ “ကျွန်တော်ကလည်း ဒီဆေးလုံးကို ဖော်ပေးဖို့ ကျိဖုန်းစီရင်စုအထိ လာဖို့ စိတ်မကူးခဲ့ပါဘူး... ဒါပေမဲ့ သူတို့က ပေးတဲ့ဆုကြေးက အရမ်းများနေတာရယ်၊ သူတို့ဂိုဏ်းချုပ်နဲ့လည်း ခင်မင်တာရှိတာရယ်ကြောင့် လိုက်လာခဲ့တာပါ”
“မိစ္ဆာသွေးဆေးလုံးရဲ့ မူလဇစ်မြစ်အကြောင်း ပြောပြပါဦး”
ရွှီနင်က ဟွမ်ဇုံးရှောင့်ကို ကြည့်ကာ မေးလိုက်သည်။
သူသည် သွေးတစ္ဆေဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်ရာ သေချာပေါက် သိပေလိမ့်မည်။
“ဘာလို့ အရင်က မဖော်စပ်ဘဲ အခုမှ ဖော်စပ်ရတာလဲ”
ဟွမ်ဇုံးရှောင့်သည် သွေးတစ္ဆေဂိုဏ်းအတွက် စိုးရိမ်နေသော်လည်း သူ၏ အသက်မှာ ပို၍ အရေးကြီးလှသည်။
“မိစ္ဆာသွေးဆေးလုံးရဲ့ ဆေးနည်းကို ကျွန်တော်တို့ဂိုဏ်းချုပ် ဖုန်းချန်ကောက လွန်ခဲ့တဲ့ လအနည်းငယ်က တခြားပြည်နယ်တစ်ခုရဲ့ လျှို့ဝှက်နယ်မြေတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒါကို ရပြီးတာနဲ့ သူက တစ်ဂိုဏ်းလုံးရဲ့ အင်အားကို သုံးပြီး ဆေးလုံးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဆေးဖော်စပ်သူတွေကို ရှာခဲ့တာပေါ့။ ဒါပေမဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းက အရမ်းကို ရှုပ်ထွေးခက်ခဲလွန်းလို့ သာမန်ဆေးဖော်စပ်သူတွေက မအောင်မြင်ခဲ့ကြဘူး”
“ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိတော့တာကြောင့် ဂိုဏ်းချုပ်က ကျွန်တော့်ကို ယန်းရွှေပြည်နယ်ကို လွှတ်ပြီး ရှန့်နန်ချွမ်းဆီကနေ အကူအညီတောင်းခိုင်းခဲ့တာပါ”
ယခုအခါ အခြားသူ၏ လက်ထဲတွင် အသက်လုနေရသည့် ဟွမ်ဇုံးရှောင့်မှာ အရာအားလုံးကို ရှင်းပြလိုက်ရတော့သည်။
“အင်း...”
ရွှီနင်သည် ဟွမ်ဇုံးရှောင့်၏ စိတ်ခံစားချက်များကို ဂရုတစိုက် အာရုံခံကြည့်လိုက်ရာ ထူးခြားမှုကို မတွေ့ရချေ။
ဟွမ်ဇုံးရှောင့်မှာ အမှန်အတိုင်း ပြောနေခြင်း ဖြစ်လောက်ပေသည်။
တာအိုနယ်ပယ်ကို တက်လှမ်းစေနိုင်သည့် မိစ္ဆာသွေးဆေးလုံးမှာ ထူးဆန်းနေသော်လည်း အမှန်တကယ် တည်ရှိနိုင်ပေသည်။
သားရဲထိန်းကျောင်းသူတစ်ဦးက ကျိဖုန်းစီရင်စုတွင် သားရဲထိန်းကျောင်းခြင်း ကျမ်းစာကို ထားရစ်ခဲ့နိုင်လျှင် အခြားပြည်နယ်မှ အစွမ်းထက်သူများကလည်း သူတို့၏ အမွေအနှစ်များကို ချန်ထားရစ်နိုင်သည်သာ။
သို့သော် ရွှီနင်က ဟွမ်ဇုံးရှောင့်မှာ အမှန်အတိုင်း ပြောနေသည်ဟု ယူဆသော်လည်း ဆက်လက် စမ်းသပ်လိုသေးသည်။
“ခင်ဗျား ပြောတာ တကယ်ပဲလား... ခင်ဗျားပြောပုံအရဆိုရင် အဲဒီ လျှို့ဝှက်နယ်မြေက တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ချန်ထားခဲ့တာ ဖြစ်ရမယ်”
“တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ချန်ထားခဲ့တာ သေချာပါတယ်” ဟွမ်ဇုံးရှောင့်က အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
“ကျွန်တော်တို့ ဂိုဏ်းချုပ်က ဟင်းလင်းပြင်နယ်ပယ် အဆင့်ကိုးမှာပဲ ရှိပါသေးတယ်။ အဲဒီ လျှို့ဝှက်နယ်မြေကနေ ထွက်လာပြီးနောက်မှာတော့ သူက တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပါပြီ”
သွေးတစ္ဆေဂိုဏ်းနှင့် ယွဲ့လန်ဂိုဏ်းတို့မှာ ရန်ဘက်များဖြစ်ကြောင်း ဟွမ်ဇုံးရှောင့် သိထားသည်။
ရွှီနင်၏ လက်ထဲမှ လွတ်မြောက်လိုလျှင် သူသည် လုံးဝ နာခံပြရမည်ဖြစ်သကဲ့သို့ အသုံးဝင်ကြောင်းကိုလည်း ပြသရမည် ဖြစ်သည်။
“တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် သိုင်းပညာရှင်လား”
ရွှီနင် မျက်ခုံးပင့်လိုက်မိသည်။
တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် အကြောင်းကို ရွှီနင် အနည်းငယ် သိထားသည်။ ဤနယ်ပယ်မှာ ဟင်းလင်းပြင်နယ်ပယ်နှင့် တာအိုနယ်ပယ်ကြားမှ အဆင့်တစ်ခု ဖြစ်သည်။
သို့သော် ရွှီနင်သည် တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် သိုင်းပညာရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်ကိုမူ မသိရှိချေ။
ယွဲ့လန်ဂိုဏ်းမှ မထွက်ခွာမီ ရွှီနင်မှာ တံဆိပ်တော်နယ်ပယ်၌ မရှိသေးသကဲ့သို့ ဟင်းလင်းပြင်နယ်ပယ်၏ အဆင့်မြင့်သို့ မရောက်သေးသဖြင့် မီရှင်းယယ်နှင့် ဟယ့်မင်ယဲ့တို့က သူ့အား ပိုမိုမြင့်မားသော သိုင်းစနစ်အကြောင်း မပြောပြခဲ့ကြပေ။
“တစ်ဝက်တစ်ပျက် တာအိုနယ်ပယ်မှာဆိုရင် ခွန်အားက အစစ်အမှန်ပိုင်နက်နယ်ပယ်ထက် အများကြီး သာတယ်။ ယွဲ့လန်ဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ အကြီးအကဲတွေ အများကြီးရှိပြီး သူတို့အားလုံးက ဒီနယ်ပယ်မှာ ရှိကြတာပါ”
ဟွမ်ဇုံးရှောင့်က ရွှီနင် မသိသေးသည့် အချက်အချို့ကိုလည်း ပြောပြလိုက်သေးသည်။
“ဩော်...”
ရွှီနင်က ထပ်မံ မေးလိုက်သည်။
“ဒါဆို တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် သိုင်းပညာရှင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျား သိလား”
“ကျွန်တော် သိသလောက်ကတော့ တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် သိုင်းပညာရှင်တွေက တာအိုနယ်ပယ်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းတွေကို တတ်မြောက်ထားပေမဲ့ ချိုးဖျက်နိုင်စွမ်း မရှိသေးတာပဲ သိပါတယ်... ကျန်တာတော့ မသိတော့ပါဘူး”
ဟွမ်ဇုံးရှောင့်က ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့...”
ရွှီနင် တစ်ယောက်တည်း တွေးနေမိသည်။
သူသည် ယွမ်ရှန်းဂိုဏ်းသို့ မဝင်မီ လဝက်ခန့်စောင့်ပြီးမှ တစ်စုံတစ်ယောက်ကို မေးမြန်းစုံစမ်းရန် စီစဉ်လိုက်သည်။
ခဏအကြာတွင် ရွှီနင်က ဟွမ်ဇုံးရှောင့်ကို ထပ်မေးလိုက်သည်။ “ဖုန်းချန်ကောက မိစ္ဆာသွေးဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ပြီးရင် ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ ပြောပြခဲ့လား”
“ဟို...”
ဟွမ်ဇုံးရှောင့်၏ အမူအရာက တောင့်တင်းသွားရသည်။
သို့သော် ရွှီနင်က သူ့ကို စိုက်ကြည့်နေသဖြင့် ဟွမ်ဇုံးရှောင့်က ဆက်ပြောလိုက်သည်။
“သူက တာအိုနယ်ပယ်ကို ရောက်တာနဲ့ ယွဲ့လန်ဂိုဏ်း၊ ချန်းမြောင်ဂိုဏ်းနဲ့ ကျိဖုန်းစီရင်စုက တခြားဂိုဏ်းကြီးတွေကို အမြစ်ပြတ် သုတ်သင်ပြီး သိုင်းမင်းဆက်တစ်ခု တည်ထောင်မယ်လို့ ပြောပါတယ်”
“ဟက်...”
ရွှီနင်က ပြုံးလိုက်သည်။
သို့သော် သူ အနည်းငယ်တော့ ထိတ်လန့်သွားရသည်။
အကယ်၍ ဤမိစ္ဆာသွေးဆေးလုံးသည် လူတွေအား တာအိုနယ်ပယ်အထိ အမှန်တကယ် တက်လှမ်းစေနိုင်ပါက ဖုန်းချန်ကောမှာ ထိုကဲ့သို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။
‘ငါ ကျိဖုန်းစီရင်စုကို အမြန်ဆုံးပြန်ပြီး ဒီသတင်းကို သွားပို့မှ ဖြစ်မယ်...’
ရွှီနင်က ဟွမ်ဇုံးရှောင့်နှင့် ရှန့်နန်ချွမ်းကို လှမ်းကြည့်လိုက်သည်။
ထိုအကြည့်က သူတို့နှစ်ဦး၏ ရင်ကို တင်းကျပ်သွားစေသည်။ အကယ်၍ ရွှီနင်က သူတို့ကို သတ်ချင်ပါက သူတို့မှာ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
“ဒီဆေးတွေကို စားလိုက်” ရွှီနင်က အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် အဖြူနှင့် အပြာရောင် ရောယှက်နေသော ဆေးလုံးလေးလုံးကို ထုတ်လိုက်သည်။
“ဒါ... ဒါတွေက ရေခဲတံဆိပ်ဆေးပြားတွေပဲ” ရှန့်နန်ချွမ်း၏ မျက်နှာ ပျက်သွားရသည်။
“မိစ္ဆာသွေးဆေးလုံးကို ဖော်စပ်ဖို့ အဖိတ်ခံရတဲ့ ဆေးဖော်စပ်သူပီပီ အမြင်ကျယ်သားပဲ” ရွှီနင်က အေးစက်စက် ပြောလိုက်သည်။
“ရေခဲတံဆိပ်ဆေးပြား ဟုတ်လား”
ဟွမ်ဇုံးရှောင့်က စဉ်းစားဟန်ပြုလိုက်ပြီးနောက် ထိုဆေးပြား၏ အာနိသင်ကို သတိရသွားလေသည်။
ရေခဲတံဆိပ်ဆေးပြားကို စားလိုက်ပါက ချက်ချင်းပင် အိပ်ပျော်သွားပေလိမ့်မည်။
အကယ်၍ သတ်မှတ်ထားသည့် အချိန်အတွင်း ဖြေဆေး မသောက်ရပါက သေဆုံးသွားပေမည်။
ရွှီနင်က သူတို့ကို မသတ်ဘဲ ဆေးစားခိုင်းသည့် အကြောင်းရင်းမှာ သူတို့က အသုံးဝင်ဦးမည်ဟု ယူဆသောကြောင့် ဖြစ်သည်။
ရွှီနင်သည် မိစ္ဆာသွေးဆေးလုံးနှင့် ပတ်သက်၍ မီရှင်းယယ်အတွက် အနည်းငယ် စိုးရိမ်နေမိသည်။
ဟွမ်ဇုံးရှောင့်နှင့် ရှန့်နန်ချွမ်းတို့မှာ ထိတ်လန့်တကြားနှင့် တစ်ဦးကိုတစ်ဦး ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဟွမ်ဇုံးရှောင့်က ရှန့်နန်ချွမ်း၏ သတ်မှတ်ချက်တွေသာ မရှိပါက သူသည် ဤယွဲ့လန်ဂိုဏ်းမှ သိုင်းပညာရှင်နှင့် တွေ့ဆုံမည် မဟုတ်ဟု ယူဆနေသည်။
ရှန့်နန်ချွမ်းကလည်း ဟွမ်ဇုံးရှောင့်သာ သူ့ကို လာမခေါ်ဘဲ ကျိဖုန်းစီရင်စုတွင် မိစ္ဆာသွေးဆေးလုံး ဖော်စပ်ခိုင်းရန် မဖိတ်ခေါ်ခဲ့ပါက ဤကဲ့သို့ အခြေအနေမျိုး ကြုံရမည် မဟုတ်ဟု ခံစားနေရသည်။
“စားမလား... သေမလား”
ရွှီနင်၏ စကားက ပြတ်သားလှသည်။
ရွှီနင်သည် လွန်ခဲ့သည့် ရက်ပိုင်းက အသုံးဝင်သည့် ဆေးပြားအမျိုးမျိုးကို ဖော်စပ်ခဲ့ပြီး ဤဆေးပြားများမှာလည်း အပါအဝင် ဖြစ်သည်။
“စားပါ့မယ်”
သူတို့နှစ်ဦးမှာ ရွေးချယ်စရာ မရှိတော့ပေ။
“ခင်ဗျားက တစ်လုံးစား... ခင်ဗျားကတော့ သုံးလုံးစား” ရွှီနင်က ဆေးများကို ခွဲဝေပေးလိုက်သည်။
ရှန့်နန်ချွမ်းမှာ ဟင်းလင်းပြင်နယ်ပယ် အဆင့်လေးတွင်သာ ရှိသေးသဖြင့် တစ်လုံးဆိုလျှင် လုံလောက်ပေသည်။
ဟွမ်ဇုံးရှောင့်မှာမူ ဟင်းလင်းပြင်နယ်ပယ် အဆင့်ရှစ်တွင် ရှိနေသဖြင့် ဆေးအာနိသင် မလုံလောက်ဘဲ စောစောနိုးလာမည်ကို စိုးရိမ်သောသဖြင့် သုံးလုံး တစ်ပြိုင်နက် စားခိုင်းလိုက်ခြင်း ဖြစ်သည်။
ဆေးများကို လက်ခံရရှိချိန်တွင် သူတို့နှစ်ဦးမှာ တုံ့ဆိုင်းနေကြသည်။
ဆေးစားလိုက်သည်နှင့် သူတို့၏ အသက်မှာ အခြားသူတစ်ယောက်၏ လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားမည်သာ။
သို့သော်လည်း လက်ရှိတွင်မူ စားရုံမှလွဲ၍ အခြားမရှိသဖြင့် သူတို့နှစ်ဦးမှာ ဆေးအားလုံးကို မျိုချလိုက်ကြတော့သည်။
ဆေးများကို မျိုချလိုက်သည်နှင့် ဟွမ်ဇုံးရှောင့်နှင့် ရှန့်နန်ချွမ်းတို့၏ အရေပြားပေါ်တွင် ရေခဲပုံဆောင်ခဲများ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
အအေးဒဏ်ကို မခံစားလိုက်ရမီမှာပင် သူတို့၏ အသိစိတ်များမှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားကြလေသည်။
ရွှီနင်သည် ထိုနှစ်ဦးကို စစ်ဆေးပြီးနောက် မြေပြင်ပေါ်တွင် လှဲသိပ်ထားလိုက်သည်။
ရွှီနင်သည် သူတို့မှာ တည်းခိုအိမ်ကို နှစ်ဝက်စာ ငှားရမ်းထားကြောင်း သိရှိထားသည်။
လာမည့် သုံးလအတွင်း သူတို့ကို ဤနေရာတွင် ထားခဲ့ပါက မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ပေ။
အရာအားလုံး ပြီးဆုံးသွားပြီးနောက် ရွှီနင်သည် တံခါးကို ပိတ်ကာ ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။
သူသည် သတိလစ်နေသည့် သွေးတစ္ဆေဂိုဏ်းမှ အစောင့်များကို ကြည့်ပြီး တုံ့ဆိုင်းမနေတော့ပေ။ အားလုံးကို ရှင်းလင်းလိုက်ပြီး သူတို့၏ အစအနများကိုပါ ဖျောက်ပစ်လိုက်လေသည်။
ဤဂိုဏ်းသားများကို လက်ရှိအဆင့်အထိ ရောက်အောင် လေ့ကျင့်ပေးရန် သွေးတစ္ဆေဂိုဏ်း၏ လက်ထဲတွင် သွေးပေါင်း မည်မျှ စွန်းပေခဲ့သည်ကို သူ မသိချေ။
သွေးတစ္ဆေဂိုဏ်းနှင့် ယွဲ့လန်ဂိုဏ်းတို့အကြားမှ ရန်ငြိုးရန်စများကြောင့်လည်း ရွှီနင်မှာ သနားညှာတာခြင်း မရှိခဲ့ပေ။ အရာအားလုံး ပြီးစီးပြီးနောက် ရွှီနင်သည် ဝေ့အိမ်တော်သို့ တိတ်တဆိတ် ပြန်လာခဲ့လေသည်။
လဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်…
တစ်ရက်တွင် ရွှီနင်သည် အဖြူရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ဝေ့ရှင်ဖုန်းနှင့်အတူ ယွမ်ရှန်းဂိုဏ်းသို့ ထွက်လာခဲ့သည်။
ယနေ့သည် ယွမ်ရှန်းဂိုဏ်း၏ ညီလာခံနေ့ဖြစ်ရာ ယွင်ယင်းမြို့မှ မိသားစုကြီးအားလုံး တက်ရောက်ကြပေလိမ့်မည်။
ရွှီနင်သည် ယွမ်ရှန်းဂိုဏ်း တပည့်များ၏ ခံ့ညားထည်ဝါမှုကို မြင်တွေ့ရရုံသာမက ဂိုဏ်းမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ အစစ်အမှန် စွမ်းအားကိုလည်း မြင်တွေ့ရပေလိမ့်မည်။
ယွမ်ရှန်းဂိုဏ်းသည် ယွင်ယင်းမြို့၏ အလယ်ဗဟိုတွင် မြင့်မားသော တံတိုင်းကြီးများကို တည်ဆောက်ထားသည်။
အပြင်ဘက်မှ ကြည့်လျှင် ယွမ်ရှန်းဂိုဏ်းမှာ မြို့တစ်မြို့အတွင်းမှ မြို့တစ်မြို့နှင့် တူနေပေသည်။
ဂိုဏ်း၏ အပြင်ဘက်တွင် တပည့်များအား အစောင့်အကြပ်ဖြစ် ချထားပြီး အရပ်မျက်နှာ အသီးသီးမှ လူများ ရောက်ရှိလာကြသည်။ ထိုသူတို့မှာ သိုင်းပညာရှင်များ သို့မဟုတ် မြို့ထဲမှ မိသားစုကြီးများ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
“ဝေ့အိမ်တော်သခင်... ဒီနေ့ ကျွန်တော်တို့ နှစ်ယောက်ပဲ လာတာလား” ရွှီနင်က မေးလိုက်သည်။
“ဝေ့မိသားစုရဲ့ တခြားအဖွဲ့ဝင်တွေက ယွမ်ရှန်းဂိုဏ်း ညီလာခံကို မတက်ကြဘူးလား”
ဝေ့ရှင်ဖုန်းက ပြုံးလျက်ပင် ပြောလိုက်သည်။
“သူတို့က အစောကြီးကတည်းက ရောက်နေကြပြီ... မင်းနဲ့ ငါက ဟင်းလင်းပြင်နယ်ပယ် အဆင့်မြင့် သိုင်းပညာရှင်တွေဆိုတော့ ငါတို့ရဲ့ ဂုဏ်ဒြပ်က မတူဘူးလေ”
“ဒီလိုကိုး...”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးမှာ ယွမ်ရှန်းဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ဝေ့ရှင်ဖုန်း၏ လမ်းပြမှုဖြင့် ရိုးရှင်းသော ခြံဝန်းတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။
ထိုခြံဝန်း၏ အပြင်ဘက်တွင် ‘အကြီးအကဲများခန်းမ’ ဟူသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားလေသည်။
***