အီး... ဟီး...
အေမွန်၏ ရှိုက်ငိုသံများနှင့် ဝိညာဉ်အကြွင်းအကျန် များ၏ ဝီစီမြည်သံများမှလွဲ၍ ပြိုင်ပွဲကွင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွား၏။ ဝိညာဉ်အကြွင်းအကျန်များမှာ လင်းတုန်းထံမှ နောက်ထပ် မာဒြာ လှိုင်းတစ်ခုကို လက်ခံမရရှိမချင်း သူတို့၏ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်နေကြလေသည်။ ၎င်းကို ရရှိသွားချိန်တွင်တော့၊ သူတို့က အုပ်စုလိုက် တုံ့ပြန်လိုက်ကြသည်။
"တာဝန် ပြီးဆုံးပါပြီ..."
ထို့နောက် ၎င်းတို့သည် ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားကြလေတော့သည်။
မည်သူကမျှ သူတို့ကို မတားဆီးခဲ့ကြပေ။ ခေါင်းဆောင်ကြီး ကဲ့သို့သော သူတစ်ဦးသည် အကယ်၍ ဖျက်ဆီးလိုလျှင် သေချာပေါက် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော်လည်း၊ သူကိုယ်တိုင်ပင် အကြောသေသွားသည့်အလား ဖြစ်နေလေသည်။ သူ၏ မျက်နှာက နီရဲလာပြီး လင်းတုန်းကို စိုက်ကြည့်ကာ၊ သူ၏ ဒေါသကို အသံထွက်၍ မဖော်ပြနိုင်သည့်အလား ပါးစပ်ကြီး ဟလျက်သား ဖြစ်နေလေသည်။
သူ တစ်ခုခု မပြောနိုင်မီမှာပင်၊ လင်းတုန်းသည် တိုင်းတစ်ပါးမှ ဧည့်သည်များကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။
"ဝေ့ဂျင်အေမွန် က အရှုံးပေးကြောင်း ဝန်ခံသွားပါပြီ... ပြီးတော့ ပြိုင်ပွဲရဲ့ နယ်နိမိတ် အပြင်ဘက်ကိုလည်း ရောက်သွားပါပြီ..."
အေမွန် ပြုလုပ်နေသော သနားစရာကောင်းသည့် အသံများမှလွဲ၍ နောက်ထပ် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ လူငယ်လေး စတင် ရယ်မောလေတော့သည်။
"ဒါက ဝေ့ ကလန် ရဲ့ ဂုဏ်သိက္ခာ နဲ့ အဆင့်အတန်း လား... ငါတို့ ကျောင်းတော် မှာ အောက်ခြေ နေရာလေး တစ်ခု ရဖို့အတွက်၊ ငါတို့ရဲ့ အကြွင်းအကျန်လေးတွေ အပေါ်မှာ ကလေးတစ်ယောက်က နောက်ကလေး တစ်ယောက်ကို တိုက်ခိုက်နေတာလား..."
ခေါင်းဆောင်ကြီး ဆိုင်းရပ်စ် ၏ ပတ်လည်တွင် လေထုက ပြင်းထန်စွာ တုန်ခါသွားပြီး လင်းတုန်းသည် အကြွင်းမဲ့ အမှောင်ထုထဲတွင် ရစ်ပတ်ခံလိုက်ရလေသည်။ ခေါင်းဆောင်ကြီး က သူ့ကို မျက်ကန်းဖြစ်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။
ထိုမနက်ခင်းကသာ ဆိုလျှင်၊ လင်းတုန်းသည် ထိတ်လန့်တကြားဖြင့် ခွင့်လွှတ်ရန် တောင်းပန်မိပေလိမ့်မည်။ သို့သော် ဆူရီရယ် ၏ စွမ်းအား ပြသမှုကို မြင်တွေ့ခဲ့ပြီးနောက်တွင်တော့၊ ဤအရာက အနည်းငယ်တော့ လိုအပ်ချက် ရှိနေသကဲ့သို့ ခံစားရလေသည်။
"ငါတို့ကို ခွင့်လွှတ်ပါ၊ အကြီးအကဲ ဝှိုက်ဟော..."
ဆိုင်းရပ်စ် က ပြောလိုက်သည်။
"ဒီ ဝိညာဉ်မဲ့ ကို ငါတို့ အပြစ်ပေးပါ့မယ်..."
အကြီးအကဲ ဟုတ်သလော...။ ထိုကလေးက ကျောက်စိမ်းအဆင့်လော။ လင်းတုန်းသည် ထိုလူငယ်လေး၏ တံဆိပ်ပြားကို မမြင်ခဲ့ရသော်လည်း၊ ၎င်းမှာ မယုံနိုင်စရာပင် ဖြစ်လေသည်။
"မလုပ်နဲ့..."
အကြီးအကဲ ဝှိုက်ဟော က ဟိန်းဟောက်လိုက်သည်။
"ကောင်းကင် ဂုဏ်သရေ ကျောင်းတော် က ကတိပေးပြီးသားပဲ... ကလေးတစ်ယောက်ကြောင့် ငါတို့ ကတိကို မဖျက်နိုင်ဘူး... ဝေ့ရှီလင်းတုန်း က ကောင်းကင် ဂုဏ်သရေ ကျောင်းတော်တပည့် တစ်ယောက်ရဲ့ စံနှုန်းကို မှီအောင် လုပ်ဆောင်နိုင်သရွေ့ ငါတို့ သူ့ကို လက်ခံပေးထားမယ်..."
ထိုကဲ့သို့ လုပ်ဆောင်နိုင်ဖို့က ကြာကြာခံမှာ မဟုတ်ဘူး ဆိုတာကို လင်းတုန်း သေချာ သိနေသော်လည်း၊ ကြာဖို့လည်း မလိုပေ။ သူသည် ဓားသူတော်စင် ၏ တပည့် ဖြစ်သော ယီရင် ကို ရှာဖွေပြီး၊ တောင်ကြား ထဲမှ ထွက်သွားရန်သာ လိုအပ်လေသည်။
"ဒါပေမဲ့ ငါတို့က တပည့် တစ်ယောက်တည်း အတွက်ပဲ စမားရတောင် ပေါ်ကနေ ဆင်းလာခဲ့တာ..."
အကြီးအကဲက ဆက်ပြောသည်။
"ငါတို့ဆီမှာ နှစ်ယောက်အတွက် နေရာမရှိဘူး... မင်းရဲ့ မြေးကို သူ့ရဲ့ ကျရှုံးမှုတွေ အပေါ်မှာ ပြန်လည် ဆင်ခြင် သုံးသပ်ခိုင်းလိုက်ပါ... ပြီးတော့ တပည့်အသစ် တစ်ယောက်အတွက် နေရာ ထပ်ရလာတဲ့အခါကျရင်၊ သူ့ကို ငါတို့ နောက်တစ်ကြိမ် ထည့်သွင်း စဉ်းစားပေးကောင်း ပေးပါလိမ့်မယ်..."
လင်းတုန်းအပေါ် ဖုံးလွှမ်းထားသော အမှောင်ထုကြီး ရုတ်သိမ်းသွား၏။ သူသည် ဒူးထောက်ချကာ အေးစက်သော ကျောက်တုံးပေါ်သို့ သူ၏ နဖူးကို ဖိကပ်လိုက်လေသည်။
"တပည့် လင်းတုန်း က အကြီးအကဲ ဝှိုက်ဟော ကို ဂါရဝပြု နှုတ်ဆက်ပါတယ်..."
"မင်းရဲ့ ကိုယ်ပိုင် အလိမ်အညာတွေကို မင်း ပြန်မယုံပါနဲ့..."
ရွှေနှင့် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်လေးက ပြောလိုက်သည်။
"တကယ်လို့မင်းသာ တောင်ပေါ်မှာ တစ်ပတ်တိတိ တောင့်ခံနိုင်မယ် ဆိုရင်... မင်းကို ငါကိုယ်တိုင် သင်ကြားပေးမယ်..."
...
လင်းတုန်း အနေနှင့် ပြောရလျှင်တော့ ခုနစ်နှစ်ပြည့် ပွဲတော်၏ ကျန်ရှိနေသည့် နေ့ရက်များမှာ ဘာပြဿနာမှ မရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ လီ ကလန် က ရွှေအဆင့် တစ်ယောက်အကြောင်း၊ သို့မဟုတ် ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ဖီးနစ်ငှက်ကြီး အကြောင်း သူ့မိသားစုကို သွယ်ဝိုက်ပြီး မေးကြည့်တဲ့အခါမှာတော့ နားမလည်နိုင်သည့် အကြည့်များနှင့် စူးစမ်းသည့် မေးခွန်းများကိုသာ ပြန်ရခဲ့သည်။ သူ့အမေ စီရှား ဆိုလျှင် အဖြူရောင် မြေခွေး လမ်းစဉ် က တစ်ယောက်ယောက်များ သားဖြစ်သူ၏ အာရုံခံနိုင်စွမ်းကို ဝင်ရောက် စွက်ဖက်ထားလေသလား ဆိုပြီး စိုးရိမ်နေခဲ့သည်။
ဝေ့ဂျင်အေမွန်သည် ဒဏ်ရာများမှ သက်သာလာအောင် နားနေရတာနဲ့တင် အလုပ်ရှုပ်နေပြီး ဝင်မပြိုင်နိုင်ခဲ့တဲ့အတွက်၊ ကယ်လ်ဆာ က ဝေ့ ကလန်တွင် အဆင့်အမြင့်ဆုံး လူငယ် သံမဏိအဆင့် အဖြစ် အဆုံးသတ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ကာဇန် ကောင်မလေး တစ်ယောက်ကို သူမ ရှုံးနိမ့်သွားခဲ့သည်။ သို့သော်လည်း... ထိုအရာက သူမ၏ အောင်မြင်မှုများကို မှေးမှိန်သွားစေလောက်သည့် အထိတော့ မဖြစ်ခဲ့ပါချေ။
ခေါင်းဆောင်ကြီး ကိုယ်တိုင်က သူမကို တန်ဖိုးကြီးမားသည့် ဆေးရည် တစ်စုံကို ချီးမြှင့်ခဲ့သည့် အပြင် သူမက “ရှီ မိသားစုရဲ့ အရှက်ကို ဆေးကြောပေးလိမ့်မယ်” ဟု ကြေညာခဲ့သည်။
ဆုများကို လက်ခံရရှိပြီးတဲ့နောက်၊ ကယ်လ်ဆာ က လင်းတုန်းနဲ့အတူ ရှီ မိသားစု ခြံဝင်းဆီကို ပြန်လာခဲ့သည်။ သူမက ပွဲတော်အကြောင်းကို တက်တက်ကြွကြွ ပြောဆိုနေခဲ့သည်။ လင်းတုန်းကလည်း မနှောက်ယှက်ပဲ တိတ်ဆိတ်စွာသာ လမ်းလျှောက်လာခဲ့သည်။
“သံမဏိအဆင့် ကို ရောက်ပြီးတဲ့နောက် ငါ့ရဲ့ အမြုတေ ကို တည်ငြိမ်အောင် လုပ်ဖို့ ဒီဆေးရည်တွေထဲက တစ်ပုလင်းကိုတော့ ငါ လိုအပ်လိမ့်မယ်... ဒါပေမဲ့ ဒုတိယ တစ်ပုလင်းကတော့ သိပ်အများကြီး အထောက်အကူ ပြုမှာ မဟုတ်ဘူး... ကျောက်စိမ်းအဆင့် နား ကပ်သွားဖို့ဆိုရင် ဒါမျိုး အပုလင်း နှစ်ဆယ်လောက် လိုတယ်လို့ ပြောကြတယ်... နင် စိတ်ကူးကြည့်လို့ ရလား... အဲဒါတွေက တစ်ပုလင်းကို အကြွေစ ငါးထောင်တောင် တန်တာ... ပြီးတော့ တစ်ပုလင်းနဲ့ တစ်ပုလင်းကြားမှာ လှည့်ပတ်ကျင့်ကြံ ရတဲ့ နှစ်တွေကလည်း ရှိသေးတယ်...”
သူမက ဘေးဘက်ကို လှမ်းကြည့်ပြီး သူ့ကို ခပ်မဲ့မဲ့ အပြုံးတစ်ခု ပြုံးပြလိုက်သည်။ ဆေးရည်သေတ္တာကို အဝတ်အိတ် တစ်လုံးထဲမှာ ချည်နှောင်ထားပြီး၊ လမ်းလျှောက်နေစဉ် ထိုအိတ်က သူမ၏ လက်မှ ပေါ့ပေါ့ပါးပါး တွဲလောင်းကျနေလေသည်။
“ငါ့ဆီက တစ်ပုလင်းကို နင့်အတွက် မျှပေးချင်ပေမယ့်... နင် လိုအပ်ပါ့မလား ဆိုတာ သံသယဖြစ်မိတယ်... ကောင်းကင် ဂုဏ်သရေ ကျောင်းတော်လေ... နင်က အစားစားတိုင်း ဝိညာဉ်သစ်သီး တွေကို စားရပြီး ဆေးရည်တွေကို ရေသောက်သလို သောက်ရတော့မှာ... နင့်ကို မျှပေးမယ့်အစား... နင့်ဆီကနေ ငါ့ကို ပြန်မျှပေးဖို့တောင် တောင်းဆိုရမှာ...”
လင်းတုန်းက ကယ်လ်ဆာ အကြောင်းကို သိသည်။ သူမက အလကားရဖို့ မျှော်လင့်နေတာ မဟုတ်ဘဲ၊ ပေါ့ပေါ့ပါးပါး စကားပြောနေခြင်းသာ ဖြစ်သည်။ အကယ်၍ သူက ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ ဆေးရည်များကို သူမအား မျှဝေပေးမည်ဟု တကယ် ကမ်းလှမ်းခဲ့လျှင်တောင်မှ၊ သူက လှည့်စားပြီး မတိုက်ကျွေးသရွေ့ သူမ ငြင်းဆန်မည်သာ ဖြစ်သည်။
သို့သော် ထိုအတွေးက သူ့ကို ဆုံးရှုံးမှုနှင့် နောင်တရခြင်း ဝေဒနာတစ်ရပ်ကို ခံစားရစေသည်။ အကယ်၍ အရာအားလုံးက အစီအစဉ်အတိုင်းသာ ဖြစ်သွားခဲ့လျှင်၊ သူသည် ကယ်လ်ဆာ သို့မဟုတ် သူ၏ ကျန်ရှိနေသော မိသားစုဝင်များကို နှစ်နှစ်ဆယ် ကျော်ကြာသည်အထိ မြင်တွေ့ရတော့မည် မဟုတ်ပေ။ သူ့အတွက်တော့ ၎င်းမှာ မဖြစ်နိုင်လောက်အောင် ရှည်လျားသော အချိန်ကာလ တစ်ခုဖြစ်ပြီး၊ နားလည်သဘောပေါက်နိုင်စွမ်း မရှိလောက်အောင်ပင် ကျယ်ဝန်းလွန်းလှသည်။
ကယ်လ်ဆာက သူ၏ တိတ်ဆိတ်မှုကို ရိပ်မိသွားပြီး ရပ်တန့်လိုက်ကာ၊ သူ၏ ရင်ဘတ်ရှေ့သို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် သစ်ကိုင်း တစ်ကိုင်းကို ဝင်တိုက်မိသကဲ့သို့ သူမ၏ လက်မောင်းကို ဝင်တိုက်မိသွားပြီး၊ သူမ၏ လက်ဖျံက သူ၏ နံရိုးများကို တုတ်တစ်ချောင်း၏ ခွန်အားဖြင့် ရိုက်ခတ်သွားလေသည်။
အဟွတ်... အဟွတ်...
သူ သလိပ်ထွက်မတတ် ချောင်းဆိုးလိုက်ရပြီး၊ သူ၏ ကျောပိုးအိတ် အလေးချိန်က သူ့ကို ရှေ့သို့ တွန်းပို့လိုက်ရာ လည်ပင်းကို အောင့်သွားစေသည်။ သူ နောက်သို့ ယိမ်းထိုးသွားပြီး၊ သူ၏ ရင်ဘတ်မှာ ပွန်းပဲ့သွားပြီလားဟု တွေးမိလိုက်သည်။
“ဘာလုပ်တာလဲ...”
“နင် အရမ်း တိတ်ဆိတ်နေတယ်...”
သူမက လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း ပြောလိုက်သည်။ ဆေးရည်သေတ္တာက အပြာရောင် အရိပ်ပိုးသား အိတ်ထဲတွင် တွဲလောင်းကျနေလေသည်။
“တစ်ခုခုတော့ ဖြစ်ထားတယ်...”
လင်းတုန်း ရင်အုံရိုးကို လက်ချောင်းများဖြင့် ဖိကြည့်ကာ နာကျင်မှု ရှိမရှိ စမ်းသပ်လိုက်သည်။
“ငါ နားထောင်နေပါတယ်... ကလေးဘဝက စိတ်ဒဏ်ရာတွေကို တရားထိုင်နေတာ မဟုတ်ပါဘူး... နောက်ဆိုရင် ငါကပဲ စကားတွေ အကုန်ပြောပြီး... နင်က အထိုးခံရမယ့်လူ လုပ်သင့်တယ်ထင်တယ်...”
သူမက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
“နင့်လက်ဆစ်တွေ ခံနိုင်ရည်ရှိသရွေ့ ငါ့ကို နင် ထိုးလို့ရပါတယ်... ဒါပေမဲ့ နင် ထိုးလို့ပြီးသွားတဲ့အခါ... ငါ့ကို အဖြေတစ်ခုတော့ ပေးရမယ်... နင် လိုချင်ခဲ့သမျှ အရာအားလုံးကို နင် ရခဲ့ပြီပဲ... ငါ့ထက်တောင် ပိုသေးတယ်... ကျောင်းတော် ရဲ့ တပည့် နေရာလေး တစ်နေရာအတွက် နင့်ကို သတ်ပစ်မယ့် လူတွေတောင် ရှိတယ်... အဲဒါကို နင်က ဂုဏ်ယူမနေဘူး... ဝင့်ကြွားမနေဘူး... နင် မထွက်သွားခင် ကလန် ဆီကနေ အပိုတစ်ခုခု ရအောင်လည်း မကြိုးစားဘူး... ပထမ အကြီးအကဲ နဲ့ လုပ်ထားတဲ့ နင့်ရဲ့ သဘောတူညီချက်ကိုတောင် နင် သွားမယူသေးဘူး... အခြေခံအဆင့် ပြိုင်ပွဲလုပ်တဲ့နေ့ နေမဝင်ခင်မှာ နင့်ကို တွေ့ရမယ်လို့ သူ မျှော်လင့်ထားခဲ့တယ်လို့ သူက ငါ့ကို ပြောတယ်... နင် ပေါ်မလာတဲ့အခါ... နင် သေပြီလို့တောင် သူ ထင်သွားခဲ့တာ...”
ခုနစ်နှစ်ပြည့် ပွဲတော် တွင် သူ၏ စွမ်းရည်များကို ပြသခြင်းအတွက် အလဲအလှယ်အနေဖြင့် 'အဖြူရောင် မြေခွေး လမ်းစဉ်' မိတ္တူတစ်ခုကို ရယူရန် ပထမ အကြီးအကဲ နှင့် သူ ပြုလုပ်ထားခဲ့သော သဘောတူညီချက်မှာ အခြား ဘဝတစ်ခုမှ လာခဲ့သည့်အရာကဲ့သို့ ခံစားရလေသည်။ ဆူရီရယ် နှင့် မတွေ့ဆုံမီက သူ အိပ်မက်မက်နေခဲ့ခြင်း ဖြစ်ပြီး၊ ယခုတော့ သူ နိုးထလာခဲ့လေပြီ။
ထိုအကြောင်းကို သူ၏ အစ်မကို ပြောပြ၍တော့ မရနိုင်ပေ။
“ငါ့ဘက်က ချိန်ခွင်လျှာက ညီမနေဘူးလေ...”
လင်းတုန်းက ပြောလိုက်သည်။
“တခြား ကလန်က ကြေးအဆင့် တစ်ယောက်ကို အနိုင်ယူပြီး ဝေ့ ကလန်ရဲ့ စွမ်းအားကို သူတို့ကို ငါ ပြသရမှာ... ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ့်ကလန်ရဲ့ အကောင်းဆုံး တပည့်ကိုပဲ ငါ အရှက်ခွဲလိုက်သလို ဖြစ်သွားတယ်...”
***