“ဝေ့မျိုးနွယ် သူရဲဘောကြောင်တဲ့ကောင် တစ်ယောက်က တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပါ...”
အသစ်စက်စက် ပုံသဏ္ဍာန်ဖော်ထားသော အုတ်ခဲတစ်လုံး သူ၏ လက်ထဲသို့ ကျဆင်းလာချိန်တွင် ဒဲရက် က အော်ပြောလိုက်သည်။
“မင်းဆီမှာ ရှိတာက မင်းရဲ့ လှည့်ကွက်တွေပဲ... ဒါပေမဲ့ မင်းက အဲဒါတွေကိုကော သိလို့လား... ဝိညာဉ်မဲ့ တစ်ယောက်ကို သူတို့က အဖြူရောင် မြေခွေး လမ်းစဉ် ကို သင်ပေးထားလို့လား...”
လင်းတုန်းသည် အစီအရင် အလံကို ဖုံးကွယ်ထားခဲ့သော နေရာဆီသို့ စိုက်ကြည့်ရင်း တုန်ရီနေလေသည်။ ဒဲရက် သည် နယ်နိမိတ် ကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် အကယ်၍ လင်းတုန်း ထပ်မံ လှုပ်ရှားလိုက်မည်ဆိုလျှင်၊ အုတ်ခဲဖြင့် အပိုင်းပိုင်းအစစ ရိုက်ချိုးခံရခြင်းမှ ရှောင်လွှဲနိုင်ရန် ရွှေအဆင့် တစ်ယောက်၏ ကံကြမ္မာမျိုးကို သူ လိုအပ်ပေလိမ့်မည်။
ချုံနွယ်ပိတ်ပေါင်းများ၏ အရွက်ထူထပ်သော သစ်ကိုင်းများက ဒဲရက် ကို ယခုအချိန်အထိ သူ့အား မရှာတွေ့နိုင်ရန် တားဆီးထားခဲ့၏။ လေထုထဲတွင် အဖြူရောင် မြေခွေး အော်ရာ ချန်ရစ်ထားခဲ့သော သီသီလေးသာ မြင်နိုင်သည့် ပုံပျက်မှုများကလည်း ပါဝင်လေသည်၊ သို့သော် အကယ်၍ သူသာ လှုပ်ရှားလိုက်မည်ဆိုလျှင်၊ ဒဲရက် က သူ့ကို သေချာပေါက် မြင်တွေ့သွားမည် ဖြစ်သည်။
လင်းတုန်း ကြိုးစားကြည့်နိုင်သော အရာတစ်ခု ရှိလေသည်၊ ၎င်းမှာ ကလေးတိုင်း တောအုပ်ထဲတွင် သူငယ်ချင်းများနှင့် ကစားသည့်အခါ အသုံးပြုလေ့ရှိသော ရှေးဟောင်း လှည့်ကွက်တစ်ခုပင် ဖြစ်သည်။ သူ ကျောက်ခဲတစ်လုံး ပစ်နိုင်သည်။
သူ့တွင် ကျောက်ခဲမရှိ။ လင်းတုန်းသည် ကျောပိုးအိတ်ထဲမှ အသေးစား အိတ်ကပ်လေး တစ်ခုထဲသို့ လက်နှိုက်လိုက်ပြီး၊ သေးငယ်သော အရာတစ်ခုကို ဆုပ်ကိုင်လိုက်သည်။ သူက ၎င်းကို သူ၏ ပုန်းအောင်းရာ နေရာအနောက်မှနေ၍ အပြင်သို့ ပစ်ထုတ်လိုက်လေသည်။
၎င်းမှာ ဆူရီရယ် က သူ့ကို ပေးထားခဲ့သော ဖန်ပုတီးစေ့လေး ပင် ဖြစ်သည်။ ၎င်း၏ အပြာရောင် မီးတောက်လေးက ကြယ်ပွင့်ငယ်လေး တစ်ပွင့်ကဲ့သို့ တောက်ပနေလေသည်။
ဝှစ်...
ဒဲရက် သည် လက်မောင်းကို ပေါက်တော့မည့် မြွေပွေးတစ်ကောင်ကဲ့သို့ ရှေ့သို့ လွှဲရမ်းလိုက်၏။ ထိုတုံ့ပြန်မှု အမြန်နှုန်းက လင်းတုန်းကို ထွက်ပြေးရန် မကြိုးစားခဲ့မိသည့်အတွက် ချက်ချင်းပင် ဝမ်းသာသွားစေခဲ့သော်လည်း၊ အုတ်ခဲက သူ၏ လက်ထဲမှ မထွက်သွားမီ သူ ရပ်တန့်သွားလေသည်။ ၎င်းက ဘာလဲဆိုသည်ကို နားလည်အောင် ကြိုးစားနေသည့်အလား လိမ့်နေသော စကျင်ကျောက်လုံးလေးကို သူ တစ်စက္ကန့်မျှ စိုက်ကြည့်နေလေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ၊ သူ၏ ခြေထောက်က မြက်ခင်းပေါ်သို့ ကျရောက်သွားလေသည်။
နယ်နိမိတ် အသက်ဝင်သွားသောအခါ၊ လေထုထဲတွင် စုဝေးနေသော အဖြူရောင် မြေခွေး အော်ရာ က မီးတောက်လောင်သွားလေသည်။ လင်းတုန်းသည် ဤအရာအားလုံးကို သူတစ်ပါး၏ အိပ်မက်ထဲသို့ လှမ်းကြည့်နေရသည့်အလား မြင်တွေ့လိုက်ရသည်။ ပုတီးစေ့၏ အပြာရောင် မီးတောက်က ထပ်ကာထပ်ကာ ကွဲထွက်သွားပြီး၊ နောက်ဆုံးတွင် ထင်ယောင်ထင်မှား အပြာရောင် ကြယ်ခုနစ်ပွင့်က ဒဲရက် ၏ ခေါင်းပတ်လည်တွင် လည်ပတ်နေလေတော့သည်။
“ဘာလဲကွာ... သွားစမ်း...”
သူက အုတ်ခဲဖြင့် ၎င်းတို့ကို လွှဲရိုက်လိုက်ပြီး ယိမ်းထိုး ဆုတ်ခွာသွားသော်လည်း၊ သူ၏ ခြေထောက်များက အမှန်တကယ်တော့ သူ့ကို နယ်နိမိတ်၏ အတွင်းပိုင်း ပိုနက်ရှိုင်းသော နေရာသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ငှက်တစ်ကောင်၏ အော်သံကြောင့် သူ လှည့်ကြည့်လိုက်ရာ၊ လမ်းကြား နံရံတစ်ခု အစား မိုင်ပေါင်းများစွာ ရှည်လျားသော အဆုံးအစမဲ့ တောအုပ်ကြီး တစ်ခုကိုသာ မြင်တွေ့လိုက်ရလေသည်။
လင်းတုန်းသည် ဤအရာအားလုံးကို သူ၏ ရှေ့တွင် ပန်းချီဆွဲထားသည့်အလား အကဲခတ် ကြည့်ရှုနေလေသည်။ ဒဲရက် သည် အောက်သို့ ထိုးဆင်းလာသော ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ လက်သည်းများဆီသို့ သူ၏ အုတ်ခဲကို ပစ်လွှတ်လိုက်ချိန်တွင်ပင် ထိုအရာအားလုံးကို သူ ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။ ပုံသွင်းဖန်တီးထားသော မာဒြာ က ကောင်းကင် ဂုဏ်သရေ ကျောင်းတော် ၏ ခေါင်မိုးများပေါ်မှ ဖြတ်သန်း ပျံသန်းသွားပြီး၊ အဝေးတွင် ပျောက်ကွယ်သွားလေသည်။
လင်းတုန်းက ၎င်းကို မြင်နိုင်သော်လည်း၊ ၎င်းက သူ့ကို ပန်းချီကား တစ်ချပ်ထက် ပို၍ လှည့်စားနိုင်စွမ်း မရှိခဲ့ပေ။ အစောင့်အရှောက် သော့ က သူ့ကို အိပ်မက် အော်ရာ ၏ သက်ရောက်မှုများမှ ကာကွယ်ပေးထားပြီး၊ သူ ၎င်းကို သယ်ဆောင်ထားသရွေ့ သူ့ကို ကာကွယ်ပေးထားမည် ဖြစ်သည်။
ကာဇန် မာဒဲရက် သည် အိပ်မက်တစ်ခုထဲရှိ သတ္တဝါများနှင့် အော်ဟစ် တိုက်ခိုက်နေစဉ်၊ လင်းတုန်းသည် တိတ်တဆိတ် ထွက်ခွာသွားလေသည်။ လမ်းကြားထဲမှ ထွက်ခွာရန်ပင် သူသည် မိုးရေကျောက် နံရံကို မှီထားရလေသည်။ လွန်ခဲ့သော တစ်မိနစ်က တောင်ပေါ်တက်ခဲ့သော ခရီးစဉ် တစ်ခုလုံးထက်ပင် သူ၏ စွမ်းအင်များကို ပိုမို ယူငင်သွားခဲ့လေသည်။ လေလွင့်လာသော အုတ်ခဲများကို ရှောင်ရှားရန် သူသည် သာမည ရတနာ ခန်းမဆောင် ၏ ထောင့်ကို ပတ်၍ လျှောက်သွားလိုက်ပြီးနောက်၊ နံရံကို မှီကာ ခွေကျသွားလေရာ၊ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းက ထိန်းချုပ်မရအောင် တုန်ရီနေလေသည်။ သူ မျက်လုံးများကို မှိတ်ချလိုက်လေသည်။
“ကောင်းကင် ဂုဏ်သရေ ကျောင်းတော် က သူ့ရဲ့ တပည့်တွေ အချင်းချင်း သတ်ဖြတ်တာကို တားဆီးဖို့အတွက် အရမ်း တင်းကျပ်တယ်...”
အကြီးအကဲရာမ်က ပြောလိုက်သည်။ လင်းတုန်းသည် သူ၏ မျက်လုံးများကို အတင်း ဖွင့်လိုက်ပြီး၊ အနည်းငယ်မျှသော လေးစားမှုကို ပြသရန် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။ အဘိုးအိုကတော့ ဂရုစိုက်ပုံ မပေါ်ပေ။
“အဲဒါကလွဲရင်... ငါတို့က ကျောင်းသားတွေကို သူတို့ဘာသာ လွတ်လွတ်လပ်လပ် နေခွင့်ပေးထားလေ့ ရှိတယ်... မင်း အခု သတိထားသင့်တယ်... လူငယ်လေး ဒဲရက် က မင်းကို မသတ်ရုံတမယ် လုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိတယ်...”
အပြာရောင် လင်းလက်နေသော သေးငယ်သည့် အရာဝတ္ထုလေး တစ်ခုက ဥယျာဉ်ထဲမှနေ၍ လမ်းမပေါ်ရှိ ကျောက်တုံးများ တစ်လျှောက် လိမ့်ထွက်လာလေသည်။ ၎င်းက ရပ်တန့်သွားချိန်တွင်ပင်၊ တောက်ပသော အပြာရောင် မီးတောက်လေး ညီညာစွာ လင်းလက်နေသည့် ဆူရီရယ် ၏ ပုတီးစေ့ကို အကြီးအကဲ က စိုက်ကြည့်နေလေသည်။
လင်းတုန်းက ကိုင်းညွတ်၍ ၎င်းကို ကောက်ယူလိုက်သည်။
“တောင်းပန်ပါတယ် အကြီးအကဲ... ဒါက ကျွန်တော့် အမေ ကျွန်တော့်အတွက် ထားခဲ့တဲ့ ကစားစရာ တစ်ခု သက်သက်ပါ...”
“ထူးဆန်းတဲ့ ကစားစရာလေးပဲ...”
ရာမ်က တိုးညှင်းစွာ ပြောလိုက်သည်။
“ငါက ကလေးတစ်ယောက်ဆီကနေ ခိုးယူဖို့အထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှာ မဟုတ်ပါဘူး... ဒါပေမဲ့ တစ်နေ့နေ့တော့ ဒီပုတီးစေ့ကို ငါ စစ်ဆေးကြည့်ချင်တယ်... ကျောင်းတော် ထဲမှာ မင်း အခြေကျသွားတဲ့ အချိန်ကျရင်ပေါ့...”
လင်းတုန်းက တုန်ရီနေစွာဖြင့် အရိုအသေပေးရန် ကြိုးစားလိုက်သည်။
“ဒီလောက်တော့ ကျွန်တော် ကျေးဇူးဆပ်ရမှာပေါ့... အကြီးအကဲ ရာမ်... အကြီးအကဲရဲ့ အကြံဉာဏ်တွေနဲ့... ကျွန်တော့် အသက်ကို တစ်ကြိမ် ကယ်တင်ပေးခဲ့ပြီးသား ဖြစ်တဲ့ ရတနာ အတွက်ပါ...”
အကြီးအကဲ က လမ်းကြားကို ပတ်လျှောက်သွားရင်း ရယ်မောလိုက်သည်။
"မင်းရဲ့ ရွေးချယ်မှုက အရမ်း ဉာဏ်ကောင်းတယ်..."
မျက်စိအောက်မှ မပျောက်ကွယ်သွားမီ သူ ရပ်တန့်လိုက်ပြီး၊ လင်းတုန်း၏ အကြည့်ကို ဖမ်းယူလိုက်သည်။
"ဒါပေမဲ့ ဉာဏ်ကောင်းတာက မတည်ငြိမ်တဲ့ အခြေခံအုတ်မြစ်ပဲ... ဉာဏ်ပညာ... သစ္စာစောင့်သိမှု... ခွန်အား... ကျင့်စဉ်သိုင်းပညာရပ် တွေမှာ ဒီအရာတွေကသာ ခိုင်မာတယ်..."
ထို့နောက် သူသသည် ဥယျာဉ်ထဲသို့ ဝင်သွားပြီး၊ တစ်စက္ကန့်အကြာတွင်၊ အဖြူရောင် မြေခွေး နယ်နိမိတ် ထံမှ ထင်ယောင်ထင်မှား ငှက်အော်သံများနှင့် စူးရှသော အသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူသည် အလံတစ်ခုကို ဖယ်ရှားလိုက်ပြီ ဖြစ်ရမည်။ ကာဇန် မာဒဲရက် ၏ အားယူရှူနေရသော အသက်ရှူသံများက အဆောက်အအုံများကြားတွင် ပဲ့တင်ထပ်နေလေသည်။
"ပြိုင်ပွဲရဲ့ အနိုင်ရသူက ဝေ့ရှီလင်းတုန်း ပဲ... ဒါက ဂုဏ်သိက္ခာအတွက် စီးချင်းထိုးပွဲ ဖြစ်တဲ့အတွက်... လက်စားချေဖို့ ဒါမှမဟုတ် လျော်ကြေးတောင်းဖို့ ကြိုးစားတာက မင်းကို အကြီးအကျယ် အရှက်ကွဲစေလိမ့်မယ်... ပြီးတော့ ငါ့ရဲ့ ကောင်းကင် ဂုဏ်သရေ ကျောင်းတော် ကိုပါ ဂယက်ရိုက်စေလိမ့်မယ်... ငါ့ကျောင်းတော်ကို အရှက်ခွဲတာ ငါ ခွင့်ပြုမှာ မဟုတ်ဘူး... နားလည်လား..."
အကြီးအကဲရာမ်က လင်းတုန်း၏ အကျိုးအတွက် ရှင်းလင်းစွာ ပြောဆိုနေခြင်းဖြစ်ပြီး၊ သူ ကျေးဇူးတင်မိလေသည်။ ရာမ် ၏ အကာအကွယ်ဖြင့်ဆိုလျှင်၊ ဓားသူတော်စင် ၏ တပည့် ကို ရှာတွေ့သည်အထိ ဤကျောင်းတော်တွင် သူ အမှန်တကယ် အသက်ရှင် ရပ်တည်နိုင်ကောင်း ရပ်တည်နိုင်ပေလိမ့်မည်။
"သူက ကျွန်တော်နဲ့ ဂုဏ်သိက္ခာရှိရှိ မတိုက်ခိုက်ခဲ့ဘူး..."
ဒဲရက်က ဒေါသများ ပြည့်နှက်နေသော အသံဖြင့် အခိုင်အမာ ပြောဆိုလိုက်သည်။
"သံမဏိအဆင့် တစ်ယောက်က အခြေခံအဆင့် ကောင်လေးတစ်ယောက်ကို စိန်ခေါ်တာကကော ဂုဏ်သိက္ခာ ရှိလို့လား..."
လမ်းကြားထဲတွင် ရိုက်ခတ်သံ တစ်ချက် ပဲ့တင်ထပ်သွားပြီး၊ ဒဲရက် အော်ဟစ်လိုက်လေသည်။
"ဒါက မိုက်မဲမှု သက်သက်ပဲ... ဒီလိုမျိုး နောက်ထပ် မဖြစ်စေချင်တော့ဘူး..."
ဒဲရက် လမ်းကြားထဲမှ ထွက်ခွာသွားစဉ် လင်းတုန်းသည် သာမည ရတနာ ခန်းမဆောင် ထဲတွင် ပုန်းကွယ်နေလိုက်သည်။ အကယ်၍ ကာဇန် က လင်းတုန်း ဤဆုံးမစကားကို ကြားသွားကြောင်း သိခဲ့မည်ဆိုလျှင်၊ သူ ပို၍ အရှက်ကွဲမည်ဖြစ်ပြီး၊ သူ၏ ရန်ငြိုးကို ဆက်လက် လိုက်လံ ဖြေရှင်းရန် နောက်ထပ် အကြောင်းပြချက် တစ်ခု ရသွားမည် ဖြစ်သည်။ လင်းတုန်းသည် သံမဏိအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုများကို ထာဝရ သည်းခံနိုင်မည် မဟုတ်ပေ။
ဒဲရက် ထွက်သွားပြီးနောက်၊ အကြီးအကဲ က သူ၏ လက်မောင်းထဲတွင် ခရမ်းရောင် အလံအထုပ် တစ်ထုပ်ကို ပိုက်လျက် ထွက်ပေါ်လာလေသည်။
"ဒါတွေကို သေချာ ဂရုစိုက်... ပြီးတော့ ဟိုဒီ ပစ်မထားနဲ့... မင်းက ဒါတွေကို သင့်လျော်သလို တန်ဖိုးမထားဘူးလို့ ငါ ခံစားရရင်... ပြန်သိမ်းပစ်မယ်..."
ထပ်မံ၍ ကျေးဇူးတင်စကား ဆိုပြီးနောက်၊ လင်းတုန်းသည် သူ၏ အလံများကို ယူလိုက်လေတော့သည်။
...
ဝေ့ရှီလင်းတုန်း၏ ကောင်းကင် ဂုဏ်သရေ ကျောင်းတော် ပထမဆုံးနေ့က အတော်လေး ပင်ပန်း ဆင်းရဲခဲ့သလို ရည်မှန်းထားသမျှလည်း အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ မိုးချုပ်နေပြီ ဖြစ်လေရာ အခြား တပည့်တစ်ဦးက ကူညီလိုစိတ်ဖြင့် သူ့အား တပည့်သစ်များ နေထိုင်ရာ အဆောင်များဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။၎င်းမှာ ဝေ့ ကလန် ရှိ သူ၏ အိမ်နှင့် ယှဉ်လိုက်လျှင် ဘာမျှ မဟုတ်ပေ။ ပါးလွှာသော မွေ့ရာတစ်ခုနှင့် ပက်လက်အိပ်ရန်ပင် နေရာ အနိုင်နိုင်ရှိသော အခန်းကျဉ်းလေး တစ်ခန်းသာ ဖြစ်လေသည်။
လင်းတုန်း၏ ကျောပိုးအိတ်ထဲတွင် အလင်းရောင်ပေးသည့် ပစ္စည်းများမှသည် မင်ရည်၊ ခရီးဆောင် စားနပ်ရိက္ခာများအထိ သူ ယူလာရန် စဉ်းစားမိသမျှ အရာအားလုံး အပြည့်အသိပ် ပါဝင်သော်လည်း၊ လဲလှယ်ရန် အဝတ်အစားများ သူ မယူလာခဲ့ပေ။ ကောင်းကင် ဂုဏ်သရေ ကျောင်းတော်၏ တပည့်များသည် သူတို့၏ အဆင့်အတန်းကို ပြသသော အဝတ်အစားများကို ဝတ်ဆင်ရန် လိုအပ်သည်။ ထိုအတွက်လည်း ထောက်ပံ့ပေးထားလေသည်။ အဖြူနှင့် ရွှေရောင်၊ အနီရောင် ခါးပတ်ကြိုး ပါဝင်သော တူညီသော ဝတ်စုံ နှစ်စုံ မှာ သူ၏ ပါးလွှာသော ကုတင်ပေါ်တွင် ခေါက်လျက်သား ရှိနေလေသည်။
"မင်း ရောက်လာတဲ့အချိန်မှာ ဝိညာဉ်သစ်သီး တစ်လုံးနဲ့ သွေးသန့်စင် ဆေးရည် နှစ်ပုလင်း ရလိမ့်မယ်... ပြီးတော့ နှစ်ဝက်တစ်ကြိမ် ထပ်ရမယ်..."
တပည့်ဖြစ်သူက သူ၏ အခန်းသော့ကို ကမ်းပေးရင်း သတိပေးလိုက်သည်။
"မနက်ဖြန် မနက်ကျရင် ပြင်ပ တပည့် ခန်းမဆောင် ကနေ မင်းအတွက် သွားယူရမယ်... အဲဒါက တောင်ပေါ်ရဲ့ အလယ်ဗဟို တည့်တည့်မှာ ရှိတယ်... လမ်းက အဲဒီကို တည့်တည့် သွားတယ်... နောက်ဆုံးကျရင် မင်းကို တာဝန်တွေ ခွဲဝေပေးလိမ့်မယ်... ဒါပေမဲ့ လောလောဆယ်တော့ တစ်နေ့ နှစ်ကြိမ် လှည့်ပတ်ကျင့်ကြံ ပြီး... မင်းရဲ့ လမ်းစဉ် ကို ဆက်လက် လေ့ကျင့်နေဖို့ မျှော်လင့်ထားတယ်..."
ထိုစကားများမှာ တရားဝင် ကြေညာချက် တစ်ခုနှင့် တူသော်လည်း၊ သူ ဆက်ပြောလိုက်သည့် စကားက ပို၍ အလေးအနက် ရှိပုံရလေသည်။
"အဆင့်မြင့် တပည့်တွေကို သတိထား... သူတို့က မင်းဆီကနေ ယူလို့ရတာ မှန်သမျှ ယူကြလိမ့်မယ်... တကယ်လို့ ကျောင်းတော် ထဲမှာ မင်း ဘယ်သူ့ကိုမှ မသိဘူးဆိုရင်... သူတို့က လက်တွန့်နေမှာ မဟုတ်ဘူး..."
လင်းတုန်းက ထိုအကြံဉာဏ်ကို နှလုံးသွင်းထားလိုက်လေသည်။
***