ဂျွတ်...
မေးရိုး ကွဲအက်သွားသည့်အလား နာကျင်မှုများက သူ၏ ခေါင်းထဲတွင် ပွင့်အန်လာပြီး၊ သူ၏ အမြင်အာရုံကို ဝါးမျိုသွားလေသည်။ သေတ္တာက လွတ်ကျပွင့်ထွက်သွားပြီး၊ အပြာနှင့် အဖြူရောင် ဆေးလုံးလေးများ မြေကြီးပေါ်သို့ ပြန့်ကျဲသွားလေသည်။ အားနည်းစွာဖြင့် ထိုအရာများဆီသို့ သူ လက်လှမ်းလိုက်လေသည်။ ၎င်းတို့က ညစ်ပတ်ခံရန်အတွက် အရမ်းကို တန်ဖိုးကြီးလွန်းလှသည်။
လက်တစ်ဖက်က သူ့ကို ကျော်လွန်၍ အောက်သို့ လှမ်းလာပြီး၊ မြေကြီးပေါ်မှ ဆေးလုံး နှစ်လုံးစလုံးကို ကောက်ယူသွားလေသည်။ ထိုလက်က ရွှေသစ်သီး ပါဝင်နေဆဲဖြစ်သော သေတ္တာကိုပါ ကောက်ယူလိုက်ပြီး၊ အရာအားလုံးကို လင်းတုန်း၏ အမြင်အာရုံထဲမှနေ၍ အပေါ်သို့ မတင်သွားလေသည်။
‘အဲဒါတွေက ငါ့ဟာတွေ...’
လင်းတုန်းက ပြောရန် ကြိုးစားလိုက်သော်လည်း၊ သူ၏ မေးရိုးထဲသို့ တစ်စုံတစ်ယောက်က မီးခဲပူပူများ ထိုးထည့်ထားသကဲ့သို့ ခံစားနေရလေသည်။ မျက်ရည်ဝဲနေသော မျက်လုံးများမှတစ်ဆင့်၊ အရုဏ်တက်စ ကောင်းကင်ယံသို့ သူ မျက်လုံးမှေးကြည့်လိုက်လေသည်။
ကာဇန် မာဒဲရက် က သူ၏ အပေါ်တွင် မိုး၍ ရပ်နေပြီး၊ အညိုရောင် ဆံပင်များက သူ၏ မျက်လုံးများပေါ်သို့ တွဲလောင်းကျနေ၏။ သံမဏိ တံဆိပ်ပြား ကြီးက သူ၏ ရင်ဘတ်ပေါ်တွင် လေးလံ မည်းနက်စွာ ရှိနေလေသည်။ စကားတစ်ခွန်းမျှ မဟရသေးမီ၊ ဒဲရက် က ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ကျောက်လိုက်လေသည်။
ဘုန်း...
အလိုအလျောက် တုံ့ပြန်မှုဖြင့် လင်းတုန်းက ကိုယ်ကို ကွေးလိုက်သော်လည်း၊ ထိုကန်ချက်က ထိမှန်သွားခဲ့၏။ သံမဏိအဆင့် က သူ၏ တံတောင်ဆစ်မှတစ်ဆင့် ရင်ဘတ်ထဲသို့ သံချွန်တစ်ချောင်းဖြင့် ရိုက်သွင်းလိုက်သည့်အလား သူ၏ နံရိုးများနှင့် လက်မောင်းကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။ အသက်ကို လုရှူလိုက်သော်လည်း၊ သူ၏ အဆုတ်များက အလုပ်မလုပ်တော့ပေ။
"တကယ်လို့ဒါသာ ကာဇန် နယ်မြေဆိုရင်... မင်း သေနေလောက်ပြီ... ထွီ..."
ဒဲရက် က တံတွေးထွေးချလိုက်ရာ၊ နွေးထွေးပြီး စိုစွတ်သော အရာတစ်ခုက လင်းတုန်း၏ ပါးပြင်ပေါ်သို့ စင်လာလေသည်။ သူသည် အလွန်အမင်း နာကျင်နေသဖြင့် ၎င်းကိုပင် မသုတ်ပစ်နိုင်ခဲ့ပေ။
"နေမင်းနေ့ ကျရင်... နောက်ထပ် သေတ္တာတစ်လုံး မင်း ငါ့ဆီ ယူလာခဲ့ရမယ်... တကယ်လို့ငါကိုယ်တိုင် အောက်ဆင်းပြီး လာယူရအောင် မင်း လုပ်မယ်ဆိုရင်တော့... ငါ့ရဲ့ ဒေါသကို ငါ ထိန်းနိုင်မှာ မဟုတ်ဘူး... ငါပြောတာ နားလည်လား..."
ခေါင်း၏ သေးငယ်သော လှုပ်ရှားမှုတိုင်းက အလွန်အမင်း နာကျင်နေသော်လည်း၊ လင်းတုန်းသည် ညစ်ပတ်နေသော ကျောက်တုံးပေါ်တွင် ပါးပြင်ကို ဖိကပ်ထားလျက် ခေါင်းညိတ်ပြလိုက်လေသည်။
“ဟမ့်...”
ဒဲရက် က ရွံရှာဖွယ်ကောင်းသည့်အလား နှာခေါင်းရှုံ့လိုက်ပြီး၊ အခွံဖြစ်နေသော သေတ္တာကို လင်းတုန်း၏ မျက်နှာဘေးသို့ ခလောက်ဆန်စွာ ပစ်ချလိုက်လေသည်။ သူ ထွက်ခွာသွားစဉ် လင်းတုန်း၏ လက်မောင်းကို ပြင်းထန်စွာ တက်နင်းသွားခဲ့၏။
သူ၏ ခြေသံများ အဝေးသို့ ပျောက်ကွယ်သွားချိန်တွင် လင်းတုန်းမှာ နာကျင်မှုနှင့် အရှက်ရမှုများ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ ကိုယ် အားနည်းနေတယ်ဆိုတာကို လူတိုင်းသိနေခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း၊ လမ်းဘေးခွေး တစ်ကောင်လို ရိုက်နှက်ခံရပြီး လမ်းမပေါ်မှာ ပစ်ထားခံရခြင်းကတော့ အဆပေါင်းများစွာ ပို၍ ဆိုးရွားလေသည်။ သူသည် သတိလစ်သွားစေရန် အလွန်အမင်း ဆန္ဒရှိနေမိလေသည်။
ယင်းအစား၊ သူ၏ ပတ်လည်ရှိ တပည့်များ၏ တီးတိုးရေရွတ်သံများကို သူ ကြားနေရလေသည်။ သူတို့ အချင်းချင်း တီးတိုးပြောဆိုနေကြသော်လည်း၊ သူတို့၏ စကားဝိုင်းမှ အပိုင်းအစလေးများကို သူ ကြားနေရဆဲ ဖြစ်သည်။ အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျပင် ဖြစ်နေလေသည်။
"နှစ်ယောက်စလုံးက တပည့်သစ်တွေလား..."
"အရမ်း အားနည်းလွန်းတယ်..."
"ဝိညာဉ်မဲ့ လား..."
နောက်ဆုံးတွင်၊ လက်တစ်စုံက သူ၏ ပခုံးများမှ ကိုင်၍ မတင်လိုက်ရာ၊ နာကျင်မှုကြောင့် သူ ညည်းတွားသွားလေသည်။ အော်ဟစ်မသွားစေရန် သူ အနိုင်နိုင် ထိန်းချုပ်ထားရလေသည်။
"တောင့်ထားဦး..."
သူ့ကို သယ်ဆောင်လာသော ကောင်လေးက ပြောလိုက်ရာ၊ လင်းတုန်းသည် သူ၏ အသံကို မှတ်မိသွားသည်။ ထိုသူမှာ ယမန်နေ့က သူ့ကို အခန်းဆီသို့ ပို့ဆောင်ပေးခဲ့သော တပည့်ပင် ဖြစ်သည်။
"မင်းကို ဆေးကုသရေး ခန်းမဆောင် ဆီ ငါ ခေါ်သွားပေးမယ်..."
ကောင်းကင် ဂုဏ်သရေ ကျောင်းတော် တွင် ခန်းမဆောင် မည်မျှများ ရှိသလဲဟု လင်းတုန်း တွေးမိလိုက်သော်လည်း၊ နာကျင်မှု ပင်လယ်ပြင်ကြားတွင် ထိုအလကား အတွေးများက အချိန်အကြာကြီး မရှင်သန်နိုင်ခဲ့ပေ။ တပည့်ဖြစ်သူက သူ့ကို မြေကြီးပေါ်မှ မတင်ကာ ပခုံးတစ်ဖက်ပေါ်တွင် ထမ်းထား၏။ သံမဏိအဆင့် ခွန်အားရှိသူ တစ်ဦးအတွက် ၎င်းမှာ သေချာပေါက် လွယ်ကူလှသော်လည်း၊ ခြေလှမ်းတိုင်းက လင်းတုန်း၏ ခန္ဓာကိုယ်ထဲသို့ နာကျင်မှုများကို ပစ်လွှတ်နေလေသည်။
"ဒီလိုမျိုး တစ်ခုခု ဖြစ်လာနိုင်တယ်လို့ ငါ ထင်သားပဲ..."
တပည့်ဖြစ်သူက ဆက်ပြောသည်။
"ဘယ်သူကမှ မင်းကို အနိုင်မကျင့်ရအောင် အကြီးအကဲ အန်ဆပ်စ် ဆီ ငါကိုယ်တိုင် လိုက်ပို့ပေးမလို့ပဲ... ဒါပေမဲ့ ငါ ဒီလောက် နောက်ကျသွားမယ်လို့ မထင်ခဲ့မိဘူး..."
လင်းတုန်းက 'ကျွန်တော် မိုက်မဲလွန်းတယ်' ဟု ပြောရန် ကြိုးစားလိုက်သော်လည်း၊ သူ၏ ပါးစပ်မှ ထွက်လာသော အသံမှာ "မိုက်... မဲ..." ဟု ဗလုံးဗထွေးသာ ထွက်လာလေသည်။
တပည့်ဖြစ်သူက နှာမှုတ်လိုက်သည်။
"သူတို့က တပည့်တွေကို အရာအားလုံးအတွက် အချင်းချင်း ယှဉ်ပြိုင်ခိုင်းတယ်... အသန်မာဆုံးတွေက ထိပ်ဆုံးကို ရောက်လာတယ်... သူတို့က အသန်မာဆုံးတွေကိုပဲ လိုချင်ကြတာ... ဘယ်သူမှ မသေသရွေ့တော့ အကြီးအကဲတွေက ဂရုမစိုက်ကြဘူး... ဒါပေမဲ့ ဝိညာဉ်မဲ့ တစ်ယောက်ကို ဘာလို့ ဒီထဲ ပေးဝင်လိုက်သလဲ ဆိုတာကိုတော့ ငါ နားမလည်နိုင်ဘူး... ကြေးအဆင့် တွေတောင် မင်းကို မျက်စိကျနေကြလိမ့်မယ်..."
သူက လှေကားထစ် အချို့ကို တက်သွား၏။ လင်းတုန်း၏ နံရိုးများက ထိုအရာကို လုံးဝ သဘောမကျခဲ့ပေ။ ထို့နောက် တံခါးတစ်စုံ ပွင့်သွားလေသည်။ သံချေးနံ့ထွက်နေသော သွေးနံ့၊ ပုပ်အက်နေသော ရောဂါနံ့ နှင့် စူးရှရှိ ဆေးဘက်ဝင်အပင်များ၏ အနံ့တို့ အချိုးကျ ရောနှောနေလေသည်။ အတွင်းမှ ညည်းတွားသံများနှင့် အလုံပိတ်နေသော အော်ဟစ်သံများက သက်တောင့်သက်သာ ဖြစ်စေမှု လုံးဝ မရှိပေ။
"နောက်ထပ် ဒဏ်ရာရတဲ့သူ တစ်ယောက်လား..."
အမျိုးသား တစ်ဦးက မေးလိုက်သည်။
"မဟုတ်ဘူး... ဒီတစ်ယောက်က သူ့ လက်ချက် မဟုတ်ဘူး..."
လင်းတုန်း၏ ကျေးဇူးရှင်က သူ့ကို ကုတင်တစ်လုံးပေါ်တွင် ညင်သာစွာ ချပေးလိုက်သော်လည်း၊ ထိခိုက်မှုကြောင့် သူ အော်ဟစ်လုမတတ် ဖြစ်သွားရလေသည်။
"တပည့်သစ်ပါ..."
သူက ထပ်ပြောလိုက်သည်။
"အာ... သူ့ကို ဒီမှာထားခဲ့... ငါတို့အရင်ဆုံး ပြန်ချုပ်ပေးရမယ့် ခြေလက်တွေ ရှိသေးတယ်..."
တပည့်ဖြစ်သူက လင်းတုန်းအပေါ်သို့ စောင်တစ်ထည် လွှမ်းခြုံပေးလိုက်ပြီး၊ မထွက်ခွာမီ ခေတ္တ တွန့်ဆုတ်နေလေသည်။
'ကျေးဇူးတင်ပါတယ်'
လင်းတုန်းက ပြောလိုက်သော်လည်း၊ ဒဏ်ရာရနေသော သူ၏ မေးရိုးမှတစ်ဆင့် ဗလုံးဗထွေး အသံများအဖြစ်သာ ထွက်ပေါ်လာလေသည်။ တပည့်ဖြစ်သူက စကားတစ်ခုခု ပြောရမလား မပြောရဘူးလား စဉ်းစားနေသည့်အလား သူ့ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး အနီးသို့ ကိုင်းညွတ်လာသည်။
"နားထောင်... တစ်ခုခု အကြီးအကျယ် မှားယွင်းမသွားဘူး ဆိုရင်... သူတို့က ဒီကို ရောက်လာတဲ့ တပည့်တွေကို ပြန်ထွက်သွားခွင့် မပြုကြဘူး... ဒါပေမဲ့ မင်းကတော့... တကယ်လို့ မင်း ပြန်ထွက်သွားမယ် ဆိုရင်တောင် အကြီးအကဲတွေက လိုက်ဖမ်းမယ်လို့ ငါ မထင်ဘူး... မင်းက ကလန် တစ်ခုက လာတာပဲ... အိမ်ပြန်လိုက်ပါ... ဒီမှာတော့ မင်း သေမှာ မဟုတ်ဘူး... ဒါပေမဲ့ သေချင်စိတ် ပေါက်လာတာကိုတော့ မင်း တွေ့ရလိမ့်မယ်..."
သူ ထွက်သွားလေရာ၊ လင်းတုန်းကို အိမ်နှင့်ပတ်သက်သော နွေးထွေးသည့် အတွေးများ တွေးတောကျန်ရစ်စေခဲ့သည်။ သူ၏ ကုတင်က နူးညံ့သည်၊ လေထုက ဤကဲ့သို့ အမြဲတမ်း အေးစက်မနေပေ၊ မည်သူကမျှ သူ့ကို လေးစားမှုဖြင့် မဆက်ဆံကြသော်လည်း၊ လမ်းမများပေါ်တွင်တော့ သူ့ကို ရိုက်နှက်မည် မဟုတ်ချေ။ ပြီးတော့ ဤအရာက သူ၏ ခရီးစဉ် စတင်ရုံမျှသာ ရှိသေးသည်။ အပြင်လောကကြီးက အဆပေါင်း ထောင်နှင့်ချီ၍ ပိုမို အန္တရာယ်များလေသည်။
လင်းတုန်း၏ ကုတင်မှာ သီးသန့် မဟုတ်ချေ။ သူ့နည်းတူ ဆိုးရွားသော ဒဏ်ရာများ ရရှိထားသည့် အမျိုးသား၊ အမျိုးသမီးများဖြင့် ပြည့်ကျပ်နေသော အခြား ကုတင် ဒါဇင်ပေါင်းများစွာ ကြားတွင် ညပ်နေလေသည်။ သူ၏ ရင်ထဲတွင် လေးလံလာပြီး မျက်ရည်များကို မျက်တောင်ခတ်၍ ဖယ်ရှားပစ်လိုက်စဉ်၊ လက်မအနည်းငယ်သာ ကွာဝေးသော ကုတင်မှ စကားပြောသံတစ်ခုကို သူ မကြားဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
"ငါတို့ အဲဒီကောင်မကို ထောင့်လှောင်ပိတ်ထားခဲ့တာ..."
မိန်းကလေး တစ်ဦးက သွားကြိတ်လျက် ပြောလိုက်သည်။
"အဲဒီကောင်မက... ဖြည်းဖြည်းလုပ်ပါ... စပ်တယ်... ဂူတစ်ခုကို ကျောမှီထားတာ... ငါတို့က ဆယ့်ငါးယောက်... သူက တစ်ယောက်တည်း... အဲဒီအချိန်မှာ သူ ဓားကို ဆွဲထုတ်လိုက်တယ်... ပြီးတော့ ငါတို့ အားလုံး ပြတ်ရှသွားခဲ့တာပဲ..."
"သူမက အဲဒီလောက်တောင် မြန်တာလား..."
အမျိုးသမီး တစ်ဦးက မေးလိုက်သည်။
"ဒါလေးကို ကိုက်ထား... နည်းနည်း စပ်လိမ့်မယ်..."
မိန်းကလေးမှာ နာကျင်စွာ ညည်းတွားရင်း တစ်မိနစ်ခန့် ကြာသွားပြီးမှ နောက်ဆုံးတွင် သူမက ပြန်ဖြေလိုက်သည်။
"မြန်တာ... မဟုတ်ဘူး... သူမက ကာကွယ်သူ မဟုတ်ဘူးလို့ ငါ ထင်တယ်... ဖြစ်နိုင်တာက အုပ်ချုပ်သူ ပဲ... သူ ဓားကို ဆွဲထုတ်လိုက်တဲ့အချိန်မှာ... ငါတို့ အားလုံး ပြတ်ရှသွားခဲ့တယ်... ဘယ်ဆီကမှန်း မသိဘဲနဲ့ပေါ့... သူက လှုပ်တောင် မလှုပ်ခဲ့ဘူး..."
"သူတော်စင်က ကာကွယ်သူ တစ်ယောက်လေ... သူက မတူညီတဲ့ ဝိညာဉ်ရှိတဲ့ တပည့်တစ်ယောက်ကို လက်ခံပါ့မလား..."
"ဓားသူတော်စင်ရဲ့ အတွေးတွေကို ငါ ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ... ဒါပေမဲ့ သူမက လှုပ်ရှားမှု တစ်ချက်တည်းနဲ့ ငါတို့ ဆယ့်ငါးယောက်စလုံးကို အရိုးထိအောင် ခုတ်ဖြတ်သွားခဲ့တယ်... ပြီးတော့ သူ ထွက်ပြေးသွားတယ်... ငါတို့ထက် ပိုခံနိုင်ရည်ရှိတဲ့ ကာကွယ်သူ တချို့ကတော့ သူ့ နောက်ကို လိုက်သွားကြတယ်..."
လင်းတုန်းက သူ၏ လည်ပင်းကို ဘေးဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်ပြီး၊ တတ်နိုင်သမျှ ပီသအောင် စကားပြောလိုက်သည်။
"ကျွန်တော့်ရဲ့ စပ်စုမှုကို ခွင့်လွှတ်ပါ... အဲဒါ ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲ ခင်ဗျာ…”
***