အကြီးအကဲ ဝှိုက်ဟောသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် စိတ်ဆင်းရဲစရာကောင်းအောင် တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ သူ၏ ပခုံးပေါ်ရှိ သွေးထွက်နေသော ဓားဒဏ်ရာကို သူ ပိတ်ဆို့ ကုသထားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ ကျောက်စိမ်းအဆင့် မာဒြာနှင့် သံမဏိအဆင့် ခန္ဓာကိုယ်ရှိသည့် မည်သူ့အတွက်မဆို ဤကဲ့သို့သော ဒဏ်ရာများမှာ အသေးအဖွဲ အနှောင့်အယှက်များမျှသာ ဖြစ်လေသည်။
သို့သော် သူ၏ ဝိညာဉ်မှာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ထို့အပြင် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်၏ ခြေထောက်များမှာ နှင်းများထဲတွင် အားယူရုန်းကန် လျှောက်လှမ်းရန်အတွက် မသင့်လျော်ပေ။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ဒူးများ ခွေကျသွားတော့မည့်အလား... သူ ခဲရာခဲဆစ် စုဆောင်းရရှိထားသော မာဒြာ အနည်းငယ်ကိုလည်း ပူပြင်းသော ရွှေရောင် အလင်းတန်းများဖြင့် လမ်းဖောက်ရန် အရည်ပျော်စေရင်း သုံးစွဲပစ်လိုက်ရလေသည်။
စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးအချက်မှာ သူ တန်းတန်းမတ်မတ်သာ ပြန်ဖို့ ဆုံးဖြတ်ခဲ့လျှင် ယခုအချိန်ဆိုလျှင် ကျောင်းတော်သို့ ပြန်ရောက်နေနိုင်ပြီ ဖြစ်ကြောင်း သိနေခြင်းပင် ဖြစ်သည်။ သူ၏ လက်ထဲတွင် ပူနွေးသော လက်ဖက်ရည်ခွက် တစ်ခွက် ရှိနေမည်ဖြစ်ပြီး၊ ဝေ့ရှီလင်းတုန်း နှင့် ဓားတပည့်မလေးတို့ကို ရှာဖွေရန် တပည့် ရာပေါင်းများစွာ အလောတကြီး ထွက်ခွာသွားကြမည် ဖြစ်သည်။ သူသည် ကောင်းကင် ဂုဏ်သရေ ကျောင်းတော် သို့ ရောက်ရှိနေခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
သို့သော် ထိုနေရာသည် သူ သွားရန် ဆုံးဖြတ်ထားသော နေရာ မဟုတ်ပေ။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်ကို ခေါင်းမာသော စိတ်ပိုင်းဖြတ်မှုဖြင့် သူ ဆုပ်ကိုင်ထားခဲ့လေသည်။ သူသည် ဘိုးဘေး ဂူသင်္ချိုင်း ဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ဂူသင်္ချိုင်း မှာ အမှန်တကယ်တော့ ကျောင်းတော်ထက် ပိုနီးလေသည်။ သို့သော် သွားရမည့် လမ်းခရီးမှာတော့ လုံးဝကို ရှင်းလင်းမနေခဲ့ပေ။ ဤအပြင်ဘက်တွင် လမ်းများ မရှိပေ။ သူသည် ကျောက်ဆောင် မျက်နှာပြင်များကို တွယ်တက်ရပြီး၊ နှင်းများကို ဖြတ်သန်းကာ အတင်းတိုးထွက်ခဲ့ရလေသည်။ မာဒြာလည်း မရှိဘဲ၊ ကလေးတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် ဖြစ်လေသည်။ အကယ်၍ သူသာ ကြိုသိခဲ့မည်ဆိုလျှင်၊ မိုင်တစ်ထောင် တိမ်တိုက် တစ်ခုကို ယူဆောင်လာခဲ့မည် ဖြစ်သည်။
ပြင်းထန်စွာ နာကျင်နေရသော ခြေလှမ်းတိုင်းတွင် နောက်ကြောင်းပြန်လှည့်ရန် သူ့ကို သွေးဆောင်နေခဲ့သည်။ သို့သော် သူ ဘယ်သောအခါမှ နောက်မဆုတ်ခဲ့ပေ။
ဓားတပည့် သည် လွန်ခဲ့သော နှစ်ပတ်ခန့်ကတည်းက ဂူသင်္ချိုင်းနှင့် ပိုနီးကပ်လာရန် ခရီးဆက်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုဝိညာဉ်မဲ့ ထံမှ အကူအညီပါ ရရှိထားပြီဖြစ်ရာ၊ သူတို့သည် သူမ၏ ဆရာဖြစ်သူ အလောင်းရှိရာဆီသို့ တည့်တည့် ဦးတည်သွားကြလိမ့်မည်ဟု သူ ယုံကြည်ရန် အကြောင်းပြချက် အပြည့်အဝ ရှိနေလေသည်။
သူသည် အကူအညီများ ခေါ်ယူလာနိုင်ပြီး၊ အောင်မြင်မှု ဂုဏ်ပြုခံရခြင်းကို စွန့်လွှတ်လိုက်နိုင်သည်။ ထိုသို့ဆိုလျှင် ဓားသူတော်စင် ၏ အံ့မခန်း ရတနာများထဲမှ တစ်ခုကိုမျှ သူ မြင်တွေ့ခွင့် ရတော့မည် မဟုတ်ပေ။
ဝှိုက်ဟော ဘိုးဘေး ဂူသင်္ချိုင်း သို့ ရောက်ရှိချိန်တွင်၊ စမားရ အလင်းကွင်း မှာ ကောင်းကင်ယံရှိ တောက်ပသော မျဉ်းကြောင်းတစ်ကြောင်း ဖြစ်နေလေသည်။ ဂူသင်္ချိုင်းသည် သူတို့၏ ကျောင်းတော် ထက် ရာစုနှစ်ပေါင်း မည်မျှစော၍ တည်ရှိခဲ့မှန်း မသိရပေ။ ၎င်းမှာ တောင်စောင်း၏ အစွန်းတွင် တည်ရှိနေသော၊ ကုန်လွန်ခဲ့ပြီဖြစ်သည့် ခေတ်ကာလတစ်ခု၏ ဧရာမ အထိမ်းအမှတ် အဆောက်အအုံကြီး တစ်ခု ဖြစ်လေသည်။
၎င်း၏ အနောက်ဘက်တွင် ပေတစ်ထောင်ခန့် မတ်စောက်သော ချောက်ကမ်းပါးကြီး တစ်ခု ရှိလေသည်။ ထို့အပြင် အဝေးရှိ နှင်းဖုံးနေသော တောင်ထွတ်များ၏ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော မြင်ကွင်းတစ်ခုလည်း ရှိလေသည်။ အဆောက်အအုံ ကိုယ်တိုင်က ကောင်းကင် ဂုဏ်သရေရှိ မည်သည့်အရာထက်မဆို ပို၍ ကြီးမားလေသည်။ ၎င်းမှာ ဧရာမ တိုင်လုံးကြီးများပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသော လေးထောင့်ပုံစံ ဂူသင်္ချိုင်းကြီး တစ်ခု ဖြစ်သည်။ ဝှိုက်ဟော၏ ခေါင်းအထက် အဝေးရှိ ဝင်ပေါက်အပေါ်တွင် နံရံဆေးရေးပန်းချီ တစ်ခု ရှိလေသည်။ ၎င်းမှာ တိုက်ပွဲဝင်နေကြသော ဧရာမ သားရဲကြီး လေးကောင်၏ ပုံရိပ်ပင် ဖြစ်သည်။
ကောင်းကင် ဂုဏ်သရေ၏ အရောင်များကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် အောက်ခြေရှိ လှေကားထစ်များပေါ်တွင် စောင့်ဆိုင်းနေကြသည်။ လေဒဏ်ကို ကာကွယ်ရန် သူတို့သည် တိုင်လုံးများ၏ အနောက်တွင် ကွေးကွေးလေး ခိုအောင်းနေကြလေသည်။ သူတို့သည် ဝှိုက်ဟော၏ ရွှေရောင်နှင့် တစ်ဆင့်တည်းသာ ကွာဟသော ခရမ်းရောင် ခါးပတ်ကြိုးများကို ဝတ်ဆင်ထားကြသည်။ ထို့ပြင် သူတို့၏ တံဆိပ်ပြား များမှာ ကျောက်စိမ်းများ ဖြစ်ကြလေသည်။
အကြီးအကဲတိုင်းသည် ကျောက်စိမ်းအဆင့် များ ဖြစ်ကြသော်လည်း၊ ကျောက်စိမ်းအဆင့် တိုင်းသည် အကြီးအကဲများ မဟုတ်ကြပေ။ ဤနှစ်ဦးသည် ကျင့်စဉ်သိုင်းပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုတွင် ပြဿနာ မရှိကြပေ။ သို့သော် သူတို့သည် ကျောင်းတော်ကို လက်တွေ့ စီမံအုပ်ချုပ်ရန်အတွက် အသက်ငယ်လွန်းနေသေးသည်။ ထို့ကြောင့် ဝှိုက်ဟောက သူတို့ နှစ်ဦးစလုံးထက် အဆင့်ပိုမြင့်နေခြင်း ဖြစ်ပြီး၊ ထိုအချက်ကိုပင် သူ အားကိုးထားခဲ့ခြင်း ဖြစ်သည်။
သူတို့ သူ့ကို မြင်သွားပြီဟု သိလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူသည် ကိုယ်ကို ရှေ့သို့ ယိမ်းချကာ နှင်းပြင်ကွက် တစ်ခုထဲသို့ လဲကျသွားစေလိုက်သည်။ ၎င်းအတွက် သရုပ်ဆောင်ရန် သိပ်အများကြီး မလိုအပ်ခဲ့ပေ။
နှင်းများထဲမှ ဖြတ်သန်းလာသော ခြေသံများက လျင်မြန်စွာ ထွက်ပေါ်လာသည်။ အမျိုးသား အစောင့်က သူ၏ လုပ်ဖော်ကိုင်ဖက်ကို တစ်ခုခု အော်ပြောလိုက်လေသည်။ စက္ကန့်ပိုင်း အကြာတွင်၊ လက်တစ်စုံက ဝှိုက်ဟော၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပွေ့ချီလိုက်သည်။ ထို့နောက် သူ့ကို လှေကားထစ်များဆီသို့ သယ်ဆောင်သွားလေသည်။
သာမန်အားဖြင့်ဆိုလျှင်၊ ကလေးတစ်ယောက်လို ဆက်ဆံခံရသည့် ဂုဏ်သိက္ခာ ကျဆင်းမှုကို သူ ဒေါသထွက်မိမည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏ သက်သာရာရမှုက အခြားသော စိတ်အနှောင့်အယှက် ဖြစ်မှုများထက် ပိုမို လွှမ်းမိုးနေလေသည်။ နောက်ဆုံးတွင်တော့ သူ လမ်းလျှောက်စရာ မလိုတော့ပေ။
"အကြီးအကဲ ဝှိုက်ဟောလား..."
အမျိုးသမီးက စိုးရိမ်တကြီး မေးလိုက်သည်။
"ဒဏ်ရာရထားလို့လား ခင်ဗျာ... ဆေးကုသပေးတဲ့သူတွေကို အခုပဲ သွားခေါ်ခိုင်းလိုက်ပါ့မယ်..."
ဝှိုက်ဟောက လက်ဆန့်ထုတ်လိုက်ပြီး၊ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်လေ၏။
"မလုပ်ပါနဲ့..."
သူ၏ အသံက မည်မျှ ငယ်ရွယ်ပြီး အားနည်းနေသလဲ ဆိုသည်ကို သူ သဘောမကျခဲ့ပေ။
"ကျေးဇူးပြုပြီး... ငါ မကြာခင် ပြန်ကောင်းလာမှာပါ... ပြီးတော့ ဒီလို ဂုဏ်သိက္ခာကျဆင်းမှုကို ငါ့ရဲ့ ဂုဏ်မာနက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."
မပွင့်တပွင့် မျက်ခွံများကြားများမှ ကျောက်စိမ်းအဆင့် အစောင့်များ အချင်းချင်း အကဲခတ် ကြည့်ရှုလိုက်ကြသည်ကို ဝှိုက်ဟောမြင်လိုက်ရသည်။
"အကြီးအကဲကို ကျွန်တော်တို့ သေချာပေါက် ကာကွယ်စောင့်ရှောက်ပေးမှာပါ... မေးခွင့်ပြုမယ်ဆိုရင်... ဘာလို့ ကျွန်တော်တို့ဆီ လာခဲ့တာလဲ... ဘာလို့ ကျောင်းတော် ကို ပြန်မသွားတာလဲ ခင်ဗျာ..."
ဝှိုက်ဟောသည် ထိုင်လျက် အနေအထားသို့ ရောက်ရန် အားယူ ရုန်းကန်လိုက်ပြီး၊ တစ်ဝက်တစ်ပျက်သာ ဟန်ဆောင်ထားသော နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားလေသည်။
"ဓားတပည့်ကို ငါ မနှိမ်နင်းနိုင်ခင်မှာ ဒဏ်ရာရသွားခဲ့တာက ငါ့အတွက် အရှက်ရစရာပါပဲ... အောင်ပွဲမပါဘဲ ပြန်သွားမယ်ဆိုရင် အကြီးအကဲ တစ်ယောက်အနေနဲ့ ငါ့ မျက်နှာကို ဘယ်လို ပြရဲမှာလဲ... မပြရဲဘူးလေ... ဒီမှာ တစ်ည နှစ်ညလောက် အနားယူမယ်... ပြီးတော့ ပြန်ကောင်းလာတဲ့အခါ၊ ကောင်းကင် ဂုဏ်သရေ ရဲ့ ဒေါသကို အဲဒီကောင်မ မြင်တွေ့စေရမယ်..."
အစောင့်များက သူ့ကို အရိုအသေပေးလိုက်ကြသည်။
"အကြီးအကဲ ရဲ့ စကားတွေက ပညာရှိလှပါတယ်..."
အမျိုးသမီးက ပြောလိုက်သည်။
"ဂူသင်္ချိုင်း ရဲ့ ဘေးနားလေးမှာ ကျွန်မတို့ရဲ့ တဲလေး တစ်လုံး ရှိပါတယ်... အထူးအဆန်းတော့ မဟုတ်ပေမယ့်၊ ဝင်ရောက် နားခိုဖို့ ကြိုဆိုပါတယ်..."
ဝှိုက်ဟောက ထိုင်လျက်ပင် ပြန်လည် အရိုအသေပေးလိုက်သည်။
"ဓားတပည့် သေသွားတဲ့အခါ... ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်..."
သူတို့၏ မျက်နှာများ တောက်ပသွားလေသည်။ အကယ်၍ ဝှိုက်ဟောသာ သူတော်စင် ၏ တပည့်ကို သတ်နိုင်ခဲ့လျှင်၊ ကျောင်းတော်တွင် သူ၏ အဆင့်အတန်းက ချက်ချင်း မြင့်တက်သွားမည် ဖြစ်သည်။ ထိုအခါ သူ၏ ကျေးဇူးဆပ်မှုက ပို၍ပင် တန်ဖိုးကြီးမားလာမည် ဖြစ်သည်။
သင်တုန်းဓား တစ်လက်ကို ကျောက်တုံးပေါ်တွင် ပွတ်ဆွဲလိုက်သကဲ့သို့ စူးရှသော အသံတစ်သံက ဘိုးဘေး ဂူသင်္ချိုင်း ထံမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ထိုအသံက လေထုထဲတွင် မြည်ဟည်းနေပြီး သူ၏ နားများကို ထိုးစိုက်သွားလေသည်။ အစောင့်များက မျက်နှာရှုံ့မဲ့သွားကာ အတူတကွ နောက်ဆုတ်လိုက်ကြပြီး၊ ဂူသင်္ချိုင်း ဘက်သို့ မျက်နှာမူလိုက်ကြလေသည်။ အသံက စက္ကန့်ပိုင်းအကြာတွင် ပျောက်ကွယ်သွားသော်လည်း၊ သူ၏ နားများထဲမှ သွေးထွက်နေပြီလားဟု ဝှိုက်ဟောတွေးမိနေလေပြီ။
"အဲဒါ ဝိညာဉ်အကြွင်းအကျန် လား..."
ဝှိုက်ဟောက မေးလိုက်သည်။
အမျိုးသား အစောင့်က သူ၏ လက်နက်ပေါ်တွင် လက်တစ်ဖက်ကို တင်ထားလိုက်သည်။ ၎င်းမှာ သူ မျှော်လင့်ထားသည့် ဓားတစ်လက် မဟုတ်ဘဲ၊ တုတ်တစ်ချောင်း ဖြစ်ကြောင်း ဝှိုက်ဟောသတိပြုမိလိုက်သည်။
"သူတော်စင်က တိတ်ဆိတ်နေတာ တစ်ပတ်ကျော်နေပြီ... ဒါပေမဲ့ မနေ့ညက ပြန်စလာတယ်... အကြီးအကဲ၊ ကျောင်းတော် ကို ပြန်ရောက်တဲ့အခါ... ကျွန်တော်တို့ တာဝန်ချိန် မကုန်ခင် စစ်ကူတွေ လွှတ်ပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်... တကယ်လို့ သူများ ထွက်လာရင်၊ သူ့ကို ထိန်းထားဖို့ ကျွန်တော်တို့ လုံလောက်မှာ မဟုတ်ဘူး..."
ဝှိုက်ဟောသည် တပည့်တစ်ယောက်ကို ဆုံးမသကဲ့သို့၊ ထိုလူ၏ လက်ကောက်ဝတ်ကို သူ၏ လက်ဆစ်များဖြင့် ခေါက်လိုက်လေသည်။
"သူရဲဘောကြောင်မှု က ကောင်းကင် ဂုဏ်သရေ ရဲ့ စစ်သည်တော်တွေနဲ့ မတန်ဘူး... အဲဒါက ဓားသူတော်စင် မဟုတ်ဘူး၊ ဝိညာဉ်အကြွင်းအကျန် သက်သက်ပဲ..."
"အကြီးအကဲ ကို ဆန့်ကျင်ပြောဆိုချင်တာ မဟုတ်ပါဘူး..."
"ဒါပေမဲ့ မနေ့ညက ဝိညာဉ်အကြွင်းအကျန် က အဲဒီလို လုပ်ခဲ့တာပါ..."
သူမက ဂူသင်္ချိုင်း၏ ထိပ်ပိုင်း၊ သားရဲ ပန်းချီကား၏ အပေါ်ဘက်နှင့် ဘေးဘက် အနည်းငယ်ဆီသို့ လက်ညိုးထိုးပြလိုက်သည်။ စမားရ အလင်းကွင်းမှ စူးရှသော အလင်းရောင်အောက်တွင်၊ အရောင်များက မှေးမှိန်နေပြီး အစွန်းများက ထက်မြက်နေလေသည်။ သူသည် အဆောက်အအုံ၏ ထောင့်ချိုး၊ ခေါင်မိုး၏ ဘေးဘက် တစ်လျှောက်ရှိ အရိပ်များကြားတွင် ကွဲပြားအောင် ကြိုးစား၍ မျက်လုံးမှေးကြည့်လိုက်လေသည်။
နောက်ဆုံးတွင် သူ ၎င်းကို မြင်တွေ့လိုက်ရပြီး အေးခဲနေသော လေများကို အသက်ရှူသွင်းလိုက်မိလေသည်။ ခေါင်မိုးနှင့် နံရံကြားတွင်၊ အက်ကွဲကြောင်း တစ်ခု ရှိနေလေသည်။ အကယ်၍ မသိဘဲ ကြည့်မည်ဆိုလျှင် မြင်တွေ့ရန် ခဲယဉ်းသော်လည်း၊ ယခု ထိုနေရာကို တည့်တည့် စိုက်ကြည့်နေချိန်တွင်တော့ သူ မြင်တွေ့နိုင်လေပြီ။ ဂူသင်္ချိုင်း၏ ရှေးဟောင်း နံရံများ ဟက်တက်ကွဲနေသော နေရာတွင် ပိုမို နက်ရှိုင်းသည့် အရိပ်ကွက် တစ်ခုကို မြင်နေရသည်။ ၎င်းမှာ ဧရာမ ဓားသွားကြီး တစ်ခုက နံရံ၏ ထိပ်ပိုင်းကို ခုတ်ပိုင်းဝင်ရောက်သွားပြီး၊ ဒဏ်ရာတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည့်အလား ပုံပေါက်နေလေသည်။
"အဲဒါက..."
သူ စကားစလိုက်သော်လည်း၊ ပြောစရာ စကားလုံးများ မရှိတော့ပေ။ ဘိုးဘေး ဂူသင်္ချိုင်းကို နက်ရှိုင်းပြီး ရှေးကျသော အစီအရင် များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုအစီအရင်များက ရာစုနှစ်ပေါင်းများစွာ ထိုနံရံများအတွင်းသို့ သက်စောင့် အော်ရာ များကို စုဆောင်းပေးထားခဲ့သည်။ ယခုအချိန်ဆိုလျှင် ၎င်းတို့သည် ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာနေသင့်ပြီ ဖြစ်သည်။
ဝိညာဉ်အကြွင်းအကျန် တစ်ခုက ထိုအရာကို လုပ်ခဲ့သည်လား။
"အကြီးအကဲ က အသိဆုံး ဖြစ်မှာပါ..."
အမျိုးသား အစောင့်က ပြောလိုက်သည်။ သူ၏ လေသံတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင် လုံးဝ မပါဝင်ပေ။
"ဒါပေမဲ့ အကြီးအကဲ သိထားသင့်တယ်လို့ ထင်လို့ပါ..."
"ငါ ပြန်ကောင်းလာတဲ့အခါ... စစ်ကူတွေနဲ့အတူ ဒီကို ပြန်လာခဲ့မယ်..."
ဝှိုက်ဟောက ကတိပေးလိုက်သည်။ သူ အမှန်တကယ်ပင် ထိုအတိုင်း ရည်ရွယ်ထားခြင်း ဖြစ်သည်။
***