အဘိုးအိုထျဲ့ ရုတ်တရက် ပေါ်လာခြင်းအပေါ် ကျန်းမင် အံ့အားသင့်သွားသော်လည်း မကြောက်ရွံ့ပေ။ သို့သော် သူက လူငယ် တစ်ယောက် ဖြစ်သောကြောင့် ယဉ်ကျေးမှုအရ အဘိုးအိုထျဲ့ကို နှုတ်ဆက်လိုက်ရ၏။
အဘိုးအိုထျဲ့က ရင်းနှီးစွာ လက်ဝှေ့ယမ်းရင်း ပြန်ဖြေလာသည်။
"ရပါတယ်ကွာ... ငါက ဖိတ်ကြားမခံရဘဲ တိုက်ရိုက် ရောက်လာပြီး မင်းကိုတောင် အနှောင့်အယှက် ပေးနေသေးတာကို"
"စီနီယာ ဒီကို ရောက်လာတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ" ကျန်းမင်က ထိုင်ချရင်း ပြောလိုက်သည်။ ထို့နောက် ဇဝေဇဝါ ဖြစ်ဟန်ဖြင့်… "ဒါနဲ့ ပါရမီရှင်တွေ စုဝေးနေတဲ့ ဟိုနေရာကို ဘာလို့ မသွားတာလဲ"
"သူတို့ရဲ့ ထူးခြားချက်တွေကို မင်း ခွဲခြားသိနိုင်လို့လား"
"ဟင့်အင်း... မသိနိုင်ပါဘူး... ကျွန်တော့် ညီမငယ်လေးရဲ့ ထူးခြားချက်ကိုတောင် မခွဲခြားနိုင်တာ... အဲ့ဒီ ပါရမီရှင်တွေ ဆိုရင်တော့ ပိုဆိုးတာပေါ့"
"မင်း မသိနိုင်တာက ပုံမှန်ပါပဲ... သူတို့ထဲက တချို့က ထိပ်တန်း ပါရမီရှင်တွေလေ... အနာဂတ်မှာ အလွန် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြမယ့် သူတွေချည်းပဲ... ကျန်တဲ့သူတွေကလည်း မဆိုးပါဘူး... မင်းတို့ ဂိုဏ်းချုပ်လောက်နီးပါး တော်ကြမှာပါ"
ကျန်းမင်က အာမေဋိတ်သံဖြင့်...
"သူတို့က အဲ့ဒီလောက်တောင် အံ့ဩစရာ ကောင်းတာလား"
"တကယ်လို့ ငါတို့က သူတို့ကို လက်ချောင်း ငါးချောင်းနဲ့ အဆင့်သတ်မှတ်မယ် ဆိုရင် အကောင်းဆုံးက လက်ချောင်း ငါးချောင်း အပြည့်ရမှာပေါ့... အများစုကတော့ လက်နှစ်ချောင်းလောက် ရနိုင်တယ်" အဘိုးအိုထျဲ့က ရှင်းပြရင်း ရုတ်တရက် မျက်လုံး မှေးစင်းကာ ပြုံး၍...
"မင်းလည်း မဆိုးပါဘူး... ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလေ"
"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ သူတို့နဲ့ ယှဉ်ရင် ကျွန်တော်က အများကြီး နောက်ကောက် ကျနေပါသေးတယ်" ကျန်းမင်က နှိမ့်ချစွာ ပြန်ဖြေလိုက်၏။
"မင်းကော သူတို့ထဲက တစ်ယောက်လို ဖြစ်ချင်လား... အရမ်း လွယ်ပါတယ်... မင်း လုပ်ရမှာက မင်းရဲ့ ညီမငယ်လေးနဲ့ အတူ ငါတို့ အနန္တ ဆေးလုံးစံအိမ်ကို လိုက်ခဲ့ဖို့ပဲ... အနာဂတ်မှာ မင်း သေချာပေါက် မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာလိမ့်မယ်" အဘိုးအိုထျဲ့က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလာသည်။
ကျန်းမင်က အလွန် အံ့အားသင့်သွားဟန် ဟန်ဆောင်လိုက်သည်။
"အနန္တ ဆေးလုံးစံအိမ် ဟုတ်လား... ကျုံးပြည်နယ်က ဒဏ္ဍာရီလာ တော်ဝင်မြေလား... စီနီယာ... အနန္တ ဆေးလုံးစံအိမ်နဲ့ စီနီယာက ဘယ်လို ပတ်သက်နေတာလဲ"
အဘိုးအိုထျဲ့က တောက်ပစွာ ပြုံး၍...
"ငါက အဲ့ဒီမှာ အကြီးအကဲ တစ်ယောက်လေ... မင်းတို့ နှစ်ယောက် အဲ့ဒီကို ရောက်တဲ့အခါ မင်းညီမငယ်လေးက သူတော်စင် သမီးတော်နဲ့ ညီမျှတဲ့ နေရာမှာ ထားရှိခံရလိမ့်မယ်... တစ်ချိန်တည်းမှာပဲ မင်းကလည်း ပင်မ တပည့် တစ်ယောက် အဖြစ် လေ့ကျင့်ပေးခံရလိမ့်မယ်"
ကျန်းမင်က သူ့ လက်များကို ပွတ်သပ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက ရည်မှန်းချက် ကြီးမားနေပြီး ဂနာမငြိမ် ဖြစ်နေဟန် ပြသလိုက်သည်။
"အမ်း... ရွေးချယ်ခံရတာက တကယ်ကို ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲ..."
သူ စကားမဆုံးခင်မှာပင် ပုံရိပ်တစ်ခုက သူတို့ထံ ချဉ်းကပ်လာခဲ့သည်။ ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုသူက နှာခေါင်းရှုံ့ပြီး…
"အဘိုးအိုထျဲ့... ငါတို့ အရှေ့ပိုင်းဒေသက လူတွေကို လုယူရဲလောက်အောင် မင်းက ဘယ်လို သတ္တိမျိုး ရှိနေတာလဲ"
ရောက်လာသူမှာ ဆံပင်ဖြူများနှင့် အဘိုးအို တစ်ယောက် ဖြစ်ပေသည်။ သို့သော် သူ့ မျက်နှာမှာ ကလေးလေး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး မျက်လုံးများထဲတွင် ခွန်အားများဖြင့် ပြည့်နှက်နေ၏။ သူက ကျန်းမင်ဘက် လှည့်၍ ပြောလာသည်။
"ငါတို့ အရှေ့ပိုင်းဒေသမှာလည်း တော်ဝင်မြေ အနေနဲ့ ချင်းယွင်ဂိုဏ်း ရှိတယ်လေ... ငါတို့က အရှေ့ပိုင်းဒေသမှာ မွေးဖွား ကြီးပြင်းလာကြတာဆိုတော့ အလွယ်တကူ ထွက်မသွားသင့်ဘူးပေါ့... တကယ်လို့ မင်းနဲ့ မင်းညီမငယ်လေးက ပိုကောင်းတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ လိုအပ်တယ် ဆိုရင် ငါတို့ ချင်းယွင်ဂိုဏ်းဆီကိုပဲ လာခဲ့ပါ... မင်းညီမငယ်လေးကို ငါတို့ရဲ့ သူတော်စင် သမီးတော် အဖြစ် တိုက်ရိုက် အသိအမှတ်ပြုပေးဖို့ ငါ ဆုံးဖြတ်ပေးလို့ရတယ်"
အဘိုးအိုထျဲ့ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်တော့သည်။
"ချင်ဖုန်းဇီ... ဘယ်လို သတ္တိနဲ့လဲ... ငါတို့ကိစ္စတောင် မရှင်းရသေးဘူး... မင်းက အခု ဒီကိုရောက်လာပြီး ငါ့ဆီကနေ လူလုဖို့ ကြိုးစားနေတယ်ပေါ့"
"ဒါက လုံးဝ ကွဲပြားတဲ့ ကိစ္စပဲ... ဒါ့အပြင် ငါတို့ အခု ရောက်နေတာက မင်းရဲ့ နယ်မြေ မဟုတ်တဲ့ ကျိုယန်ဂိုဏ်းမှာလေ... မင်းက ဒီကို ဖိတ်ကြားမခံရဘဲ ရောက်နေပြီသား... မင်းက ဒီနေရာကို ဖျက်ဆီးပြီး လူပါ လုချင်နေတာလို့တော့ မပြောနဲ့နော်" ချင်ဖုန်းဇီက တွန့်တိုစွာ ပြုံးလိုက်၏။
"မင်းတို့ ချင်းယွင်ဂိုဏ်းရဲ့ သူတော်စင် သားတော်က ဂိုဏ်းအပြင်ဘက် ရောက်နေတာလေ... ဒါပေမဲ့ ငါ့ရဲ့ သူတော်စင် သားတော်ရဲ့ ဝိညာဉ်ကတော့ မတရားမှု အတွက် ငိုကြွေးနေတုန်းပဲ"
ချင်ဖုန်းဇီ၏ မျက်နှာ အနည်းငယ် မှောင်ကျသွားတော့၏။
ကျန်းမင်က တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။ ရံဖန်ရံခါတွင် သူက တကယ်ကို အပြစ်ကင်းဟန်ဖြင့် မျက်တောင်များ ပုတ်ခတ်နေလေသည်။
စကားပြောနေသည်ကို နားထောင်နေစဉ် ချင်ဖုန်းဇီဟု ခေါ်သော အဘိုးအို အကြောင်းကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်သည်။
အမည် - ယန်ဖုန်း (ချင်ဖုန်းဇီ)
မျိုးနွယ် - လူသား
ကျားမ - ကျား
ကျင့်ကြံခြင်းအဆင့် - အနိမ အဆင့်
နောက်ခံ - အရှေ့ပိုင်းဒေသရှိ ချင်းယွင်ဂိုဏ်း၏ မဟာ အကြီးအကဲများထဲမှ တစ်ဦး
ဆက်ဆံရေး - ၃၂
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့်
လက်ရှိ အခြေအနေ - အဘိုးအိုထျဲ့ တစ်ယောက် ချင်းယွင်ဂိုဏ်းတွင် ပြဿနာ ဖန်တီးနေစဉ် အခြားသော မဟာ အကြီးအကဲ အချို့နှင့်အတူ သူ့အား ရင်ဆိုင်ရန် ကျင့်ကြံမှုကို ရပ်တန့်ခဲ့ရသည်။ အဘိုးအိုထျဲ့၏ စွပ်စွဲချက်အပေါ် အခြေခံ၍ သူက အထူးစွမ်းရည် မျိုးစုံနှင့် တာအိုလက်နက်များ၏ အကူအညီဖြင့် ဂိုဏ်းအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူသတ်သမားမှာ ဂိုဏ်းဝင် မဟုတ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ ထို့ကြောင့် စုံစမ်းစစ်ဆေးမှုကို ဂိုဏ်းအပြင်ဘက်သို့ ပြောင်းလဲခဲ့ပြီး ဂိုဏ်းရှိ အရင်းအမြစ် အားလုံးကို အသုံးပြုခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ နောက်ဆုံးတွင်တော့ ၎င်းအား မိစ္ဆာဂိုဏ်းများ၏ လျှို့ဝှက်ကြံစည်မှု အဖြစ်သာ သတ်မှတ်နိုင်ခဲ့တော့သည်။
ဂိုဏ်းမှာ ပြဿနာ မျိုးစုံ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့် အနန္တ ဆေးလုံးစံအိမ်နှင့် အတင်းအဓမ္မ ရောထွေးခံရခြင်း၊ ပိရွှေဂိုဏ်း၏ ကျူးကျော်မှု၊ ယင်မိစ္ဆာဂိုဏ်း အပြည့်အဝနီးပါး ပြန်လည် ရှင်သန်လာခြင်းနှင့် တောင်နီနန်းတော်၏ လျှို့ဝှက်ကြံစည်မှုတို့ ဖြစ်သည်။ မထင်မှတ်စွာဖြင့် သူက ၎င်းကို အခွင့်အရေး တစ်ခု အဖြစ် ခံစားရပြီး အရှေ့ပိုင်းဒေသရှိ နာခံမှု မရှိသော အင်အားစု အားလုံးကို အမြစ်ပြတ် ချေမှုန်းရန် ဤပြဿနာများ အပေါ် အခွင့်ကောင်းယူဖို့ ပြင်ဆင်နေသည်။
လက်ရှိ အခြေအနေကို ဖတ်ရှုနေစဉ် ကျန်းမင် နှလုံးသား တစ်ချက် ခုန်လွဲသွားတော့၏။ အဘိုးအိုမှာ အနိမ အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရုံသာမက ယင်မိစ္ဆာဂိုဏ်းနှင့် တောင်နီနန်းတော် အကြောင်းကိုပါ သိရှိထားပြီး ပိရွှေဂိုဏ်း၏ အခြေအနေကိုပါ သိရှိနိုင်ပေသည်။
အဘိုးအို သိထားသော သတင်းအချက်အလက် ပမာဏက ကျန်းမင်အား ချင်းယွင်ဂိုဏ်း၏ သတင်းကွန်ရက် စွမ်းအားကို လေးစားသွားစေသည်။ အရှေ့ပိုင်းဒေသရှိ အခြား အင်အားစုများကို ထိန်းချုပ်ရန် ပြင်ပ အင်အားစုများကို အသုံးပြုမည့် အဘိုးအို၏ ယုံကြည်ချက်ကိုလည်း သူ အံ့ဩမိသွား၏။ ထို့ကြောင့် ချင်းယွင်ဂိုဏ်းမှာ ယင်မိစ္ဆာဂိုဏ်းရော တောင်နီနန်းတော်ကိုပါ ကိုင်တွယ်နိုင်စွမ်း ရှိရမည်ဟု သူ ခန့်မှန်းလိုက်သည်။
ဖတ်ရှုနေစဉ်မှာပင် ကျန်းမင်က လက်ဖက်ရည် တစ်အိုး ဖျော်ရန် မမေ့ခဲ့ပေ။ ထိုနှစ်ယောက်၏ စကားဝိုင်းကို နားထောင်ရင်း သူက မသိနားမလည်သော အမူအရာ၊ တောင့်တနေသော မျက်လုံးများနှင့်အတူ လက်ဖက်ရည် နှစ်ခွက်ကို သေချာစွာ ငှဲ့ပေးသည်။ လက်ဖက်ရည် ခွက်များကို တည်ခင်းပေးချိန်တွင် ယဉ်ကျေးစွာ ပြောလိုက်၏။
"လက်ဖက်ရည် သုံးဆောင်ပါဦး စီနီယာတို့"
အဘိုးအိုထျဲ့က သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ ချီးကျူးတော့သည်။
"တကယ်ကို လိမ္မာတဲ့ ကလေးပဲ" ထို့နောက် သူက လက်ဖက်ရည် တစ်ခွက်ကို ယူ၍ တစ်ငုံ သောက်လိုက်ပြီးမှ ချင်ဖုန်းဇီကို လှောင်ပြောင်၏။
"ငါ အဝေးကြီးကနေ အရှေ့ပိုင်းဒေသကို ရောက်လာကတည်းက ရေနွေးကြမ်း တစ်ခွက်လေးတောင် မတိုက်တဲ့ တချို့လူတွေနဲ့တော့ မတူဘူးပဲ"
ထို့နောက် မြေအိုးငယ် တစ်အိုးကို ကျန်းမင်ထံ ပစ်ပေးရင်း...
"မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ခံစားရပြီး မင်းရဲ့ လက်ဖက်ရည်ကို သောက်ရတာ ငါ ကံကောင်းလို့ပဲ... ဒါက မင်းအတွက် အစွန်းရောက် မူလဆေးလုံး... ရွှေရောင် ရွှေအမြူတေ အဆင့်ကို အောင်မြင်စွာ ချိုးဖောက် ဝင်ရောက်ပြီးရင် သောက်လိုက်... ရွှေရောင် ရွှေအမြူတေရဲ့ အစွန်းရောက် အခြေအနေကို ထပ်မံ ရောက်ရှိဖို့ ကူညီပေးလိမ့်မယ်"
ကျန်းမင်က အလျင်အမြန် လှမ်းဖမ်းပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ… ဒါ သမိုင်းတစ်လျှောက် ကျွန်တော်တို့ ကျိုယန်ဂိုဏ်းက တပည့် အများစု တစ်ခါမှ မရောက်ဖူးတဲ့ ရွှေရောင် ရွှေအမြူတေရဲ့ အစွန်းရောက် အခြေအနေပဲ... မကြာခင် ကျွန်တော်လည်း ရှားပါးတဲ့ ပါရမီရှင် အနည်းငယ်ထဲက တစ်ယောက်လို ဖြစ်လာတော့မယ် ဆိုတာ မယုံနိုင်အောင်ပါပဲ... ဒါ တကယ်ကို ကောင်းချီးပေးခံရတာပဲ... ဟင့်အင်း... စီနီယာရဲ့ ကျေးဇူးကြောင့် ဖြစ်ရမယ်"
ကျန်းမင်၏ တုံ့ပြန်မှုကြောင့် အဘိုးအိုထျဲ့လည်း ပြုံးမိတော့သည်။
ချင်ဖုန်းဇီကလည်း လက်ဖက်ရည် တစ်ငုံ သောက်ပြီး...
"အရှေ့ပိုင်းဒေသက တပည့်တွေ အကုန်လုံးက တော်ပြီး ကြင်နာတတ်ကြတယ်... ကလေး... ဒီအဘိုးအိုကို သတိထား... သူက မင်းကို သွေးဆောင် ဖြားယောင်းဖို့ ရောက်လာတာ... ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ လက်ဖက်ရည် အတွက် ငါ အပြန်အလှန် တစ်ခုခု ပေးရမှာပေါ့"
သူက ဆေးလုံး တစ်လုံး ပါဝင်သော မြေအိုးငယ် တစ်အိုးကို ထုတ်ယူကာ ကျန်းမင်ထံ ပစ်ပေးသည်။
"ဒါက မြင့်မြတ်သော ရင်းမြစ် ဆေးလုံးပဲ... ရွှေရောင် ရွှေအမြူတေရဲ့ အစွန်းရောက် အခြေအနေကို ချိုးဖောက် ဝင်ရောက်ပြီးရင် သောက်လိုက်... အသိစိတ်ပင်လယ်ကို ချဲ့ထွင်ပြီး ခရမ်းရောင် နန်းတော် အဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ ကူညီပေးလိမ့်မယ်"
ကျန်းမင် အလျင်အမြန် လှမ်းဖမ်းယူရင်း အလွန် စိတ်လှုပ်ရှားလွန်း၍ လည်ပင်းများပင် နီရဲလာပြီး...
"ကျေးဇူးတင်ပါတယ် စီနီယာ... ကျေးဇူးတင်ပါတယ်... ဒီဆေးလုံး နှစ်လုံးနဲ့ဆိုရင် ကျွန်တော် ခရမ်းရောင် နန်းတော် အဆင့်ကို တိုက်ရိုက် ရောက်သွားနိုင်ပြီ... ဘုရားရေ... ငါ အိပ်မက် မက်နေတာများလား"
သူ့ စိတ်လှုပ်ရှားနေသော အမူအရာတွင် ရယ်ချင်စိတ်ကို ထိန်းထားရသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေပုံရသည်။ တကယ်တမ်း သူ့ စိတ်ထဲမှ မျက်လုံးလှန်နေခဲ့ခြင်းပင်။
'သူတို့က အစွန်းရောက် မူလဆေးလုံးနဲ့ မြင့်မြတ်သော ရင်းမြစ် ဆေးလုံးကို ပေးလောက်တဲ့ အထိ ရက်ရောလွန်းနေတာပဲ... တကယ်လို့ ငါက အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်ကို သတ်တဲ့ လူသတ်သမားဆိုတာရယ် ချင်းယွင်ဂိုဏ်းကို အကွက်ဆင်ခဲ့တယ် ဆိုတာရယ် မုလေ့နဲ့ မုရွှေယွင်ကို သတ်တဲ့ လူသတ်သမား ဆိုတာရယ်ကိုသာ သိသွားရင် ဒီလောက် ရက်ရောနိုင်ဦးမလား သိချင်မိသား... သူတို့ ငါ့ကို သေတဲ့အထိ ရိုက်သတ်ကြမယ် ထင်တယ်'
ကျန်းမင်က ထိုဆေးလုံးများကို သေချာစွာ သိမ်းဆည်းပြီးနောက် ဝေငှရန် ဝိညာဉ်သစ်သီး အချို့ ယူဖို့ ထွက်ခွာသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့ သတိမထားမိချိန်၌ ချီစွမ်းအင်ပိတ်လှောင်ခြင်း စစ်တုရင်ခုံကို ထုတ်ယူ၍ သူတို့ စုပ်ယူခံရမလား ဆိုသည်ကို စမ်းသပ်ကြည့်လိုသော ဆန္ဒ ဖြစ်ပေါ်လာခဲ့၏။ သို့သော် နောက်ဆုံးတွင် ထိုရည်ရွယ်ချက်ကို အတင်း ဖိနှိပ်ထားလိုက်ရသည်။
သူက အဝေးရှိ တောင်ထွတ်ကို တစ်ချက် လှမ်းကြည့်ကာ ခေါင်းကို ပွတ်သပ်ရင်း မေးလိုက်သည်။
"စီနီယာတို့... အဲ့ဒီမှာ ပါရမီရှင်တွေ အများကြီး စုဝေးနေကြပြီ... ဒါပေမဲ့ ဘာလို့ တိုက်ပွဲတွေ မစကြသေးတာလဲ... သူတို့က လေ့ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် မယှဉ်ပြိုင်ကြတော့ဘူးလား"
"ပါရမီရှင်တိုင်းက သူတို့ကိုယ်သူတို့ ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ ခံစားနေကြတာ... တစ်ချိန်တည်းမှာပဲ သူတို့က တိုးတက်ဖို့ ကူညီပေးနိုင်မယ့် ပြိုင်ဘက်ကို ရှာနေကြတယ်... ဒါက အဲ့ဒီမှာ စုဝေးရတဲ့ အဓိက အကြောင်းရင်းပဲ... တိုက်ပွဲတွေ မစသေးတဲ့ အကြောင်းရင်းကတော့ သူတို့ လူတစ်ယောက်ကို စောင့်နေကြလို့ပဲ" အဘိုးအိုထျဲ့က ပြန်ဖြေလိုက်၏။
တစ်ချိန်တည်းမှာပင် ချင်ဖုန်းဇီက ခေါင်းညိတ်လိုက်ပြီး သူ့ မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။
"သူတို့ အကုန်လုံးကို အတူတူ စောင့်ခိုင်းထားတာလား... အဲ့ဒီအထဲမှာ သူတော်စင် သားတော်တွေနဲ့ သမီးတော်တွေ ပါတယ်လို့ ညီမငယ်လေးဆီက ကြားတယ်... သူတို့ကို စိတ်ရှည်လက်ရှည် စောင့်နေအောင် လုပ်နိုင်လောက်တဲ့ အထိ ဘယ်သူကများ အဲ့လောက် အရည်အချင်း ရှိနေတာလဲ" ကျန်းမင်က အံ့အားသင့်စွာ မေးလိုက်သည်။
တကယ်တမ်း ပြောရလျှင် သူ အလွန် အံ့အားသင့်သွားခဲ့ခြင်းပင်။
အဘိုးအိုထျဲ့က ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်၏။
"အစ်ကိုကြီးလေ... သူတို့ အကုန်လုံး အသိအမှတ်ပြုထားတဲ့ အစ်ကိုကြီးပဲ"
End
***