ထိုနှစ်ယောက်က အစ်ကိုကြီးဟု ခေါ်ဆိုသောသူ၏ နောက်ခံကို ထုတ်ဖော်မပြောခဲ့ပေ။
ကျန်းမင်ကလည်း လောမကြီးပါချေ။ အစ်ကိုကြီးဆိုသူ ရောက်လာသည့်အခါ သူ့ လူသားလမ်းစဉ် မှတ်တမ်းမှတစ်ဆင့် အကြောင်းစုံကို သိနိုင်မည် မဟုတ်ပါလား။
အစပိုင်းက ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများနှင့် ဂနာမငြိမ် ဖြစ်မှုများမှ တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေပြီ။
အဘိုးအိုထျဲ့က ကျန်းမင်၏ အပြောင်းအလဲများကို သတိပြုမိသွားပြီး ပြုံး၍ လှမ်းမေးလိုက်၏။
"မင်း မကြောက်တော့ဘူးလား"
ကျန်းမင်က အပြစ်ကင်းစင်သော အပြုံးဖြင့်…
"စီနီယာတို့ နှစ်ယောက်လုံးက တော်ဝင်မြေတွေက စီနီယာတွေ ဖြစ်တဲ့အပြင် သဘောထားလည်း ပြည့်ဝကြတယ်လေ... ကျွန်တော့်လို ကလေး တစ်ယောက်ကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး... ဒါကြောင့် သိပ်ပြီး မစိုးရိမ်တော့တာပါ"
"မင်းရဲ့ စိတ်ထားက တော်တော်လေး ကောင်းတာပဲ" ချင်ဖုန်းဇီက ချီးကျူးလိုက်၏။
ကျန်းမင်က တုံ့ပြန်သည့်အနေဖြင့် ပြုံးပြလိုက်ပြီးနောက် ရုတ်တရက် လေးနက်သော မျက်နှာထားဖြင့် မေးမြန်းသည်။
"စီနီယာတို့... ကျွန်တော့် ညီမငယ်လေးရဲ့ မွေးရာပါ ပါရမီက အံ့မခန်း ဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ စီနီယာတို့က သူမကို အတင်းအဓမ္မ ခေါ်သွားမှာတော့ မဟုတ်ဘူးမလား"
"ဖြောင့်မတ်တဲ့ လူတစ်ယောက် အနေနဲ့ မျိုးဆက်သစ်တွေ အပေါ်ကို ငါ ဘယ်တော့မှ အင်အားသုံးမှာ မဟုတ်ဘူး... ဒါ့အပြင် မင်းညီမငယ်လေးမှာ ကောင်းမွန်တဲ့ မွေးရာပါ ပါရမီ ရှိနေရင်တောင်မှ ငါတို့လို လူတွေအတွက်ကတော့ သာမန်လောက်ပါပဲ" အဘိုးအိုထျဲ့က ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလာ၏။
ချင်ဖုန်းဇီက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ဟုတ်တယ်... ကလေး... ဒီလောကကြီးမှာ ထူးကဲတဲ့ ပါရမီရှင်တွေ အရမ်းများလွန်းတယ်... ဒါပေမဲ့ ဘယ်နှယောက်ကများ အောင်မြင်သွားကြလို့လဲ... အများစုက ကျရှုံးသွားကြလို့ အောင်မြင်တဲ့ အရေအတွက်က အလွန် နည်းပါးလှတယ်... ဒါကြောင့်မို့လို့ အချိန်အများစုမှာ ငါတို့က အဲ့ဒီလို ပါရမီရှင်တွေကို တန်ဖိုးထားပြီး သူတို့ရဲ့ စွမ်းရည်တွေ မြေကြီးထဲ နစ်မြုပ်သွားမှာကို မမြင်ချင်ယုံ သက်သက်ပါပဲ"
"ဒါဆိုရင် စီနီယာတို့လို လူမျိုးတွေကို တကယ် စိတ်လှုပ်ရှားစေမယ့် မွေးရာပါ ပါရမီက ဘယ်လိုမျိုးလဲ" ကျန်းမင်က မေးလိုက်၏။
"အကြို အင်မော်တယ်"
ထိုနှစ်ယောက်လုံးက တစ်သံတည်း ပြန်ဖြေလိုက်ကြသည်။
"အကြို အင်မော်တယ် ဆိုတာ ဘာလဲ"
ဤအခိုက်အတန့်တွင် မည်သူကမျှ ပြန်မဖြေတော့ချေ။ ထိုအစား သူတို့က အနောက်တောင်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ကြ၏။
လူငယ်တစ်ယောက် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။ သူက အမှောင်ထုထဲသို့ ခြေချလာစဉ် သူ့ ခေါင်းထက်မှ အလင်းတန်းများ ဖြာထွက်နေ၏။ သူ လှမ်းလိုက်သော ခြေတစ်လှမ်းတိုင်းက သူ့အား မိုင်တစ်ထောင် အကွာအဝေးသို့ ရောက်သွားစေသည်။ သူက လေထဲတွင် လွင့်မျောနေသော နတ်ဘုရား တစ်ပါး၏ သားတော်နှင့်ပင် တူနေတော့သည်။
အချိန်တို အတွင်းမှာပင် သူက ချူယန်တောင်ထွတ်၏ အပြင်ဘက် နယ်မြေသို့ ရောက်လာခဲ့လေပြီ။
လေထဲတွင် လွင့်ခါနေသော အင်္ကျီလက်စများနှင့်အတူ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထူးချွန်ထက်မြက်သော လူကြီးလူကောင်း တစ်ယောက်အသွင် ဆောင်နေ၏။ သူ့ မျက်နှာထက်တွင် ညင်သာသော အပြုံးတစ်ခု ရှိနေပြီး အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းများက သူ့အား ဝန်းရံထားသည်။
သူ ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် အဘိုးအို နှစ်ယောက်ဘက်သို့ လှည့်၍ အရိုအသေ ပေးလိုက်သည်။
အဘိုးအိုထျဲ့နှင့် ချင်ဖုန်းဇီတို့ နှစ်ယောက်လုံးလည်း ခေါင်းညိတ်၍ တုံ့ပြန်လိုက်ကြ၏။
ထို့နောက် လူငယ်က ဧည့်ခံတောင်ထွတ်ဆီသို့ မထွက်ခွာမီ ကျန်းမင်အား ပြုံးပြသွားခဲ့သည်။
"သူက အစ်ကိုကြီး ဆိုတာပဲ... သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က အတော်လေး နိမ့်ပါးနေတယ် ဆိုပေမဲ့ ဘယ်သူကမှ သူ့ကို အထင်သေးလို့ မရဘူး" ထိုအချိန်တွင် အဘိုးအိုထျဲ့က မိတ်ဆက်ပေးလိုက်၏။
"သူက အကြို အင်မော်တယ်လေ... သူသာ အသက်ရှင်နိုင်မယ် ဆိုရင် ငါတို့ အဆင့်ကို အလွယ်တကူ ရောက်လာနိုင်တယ်" ချင်ဖုန်းဇီလည်း သက်ပြင်းချနေသည်။
အဘိုးအိုထျဲ့က ခေါင်းညိတ်၍…
"အတိတ်တုန်းက ဒီလိုလူမျိုး ပေါ်လာတိုင်း သူတို့က ကြီးမားတဲ့ ကံကြမ္မာနဲ့ ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ မကြာခဏ ရှိတတ်ကြတယ်... မိစ္ဆာဂိုဏ်း ခြောက်ခုလုံး ပြန်လည် ရှင်သန်လာတာက သူ့ရဲ့ ကံဆိုးမှု ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဒါပေမဲ့ သူ့ရဲ့ အလွန် ခိုင်မာတဲ့ နောက်ခံကြောင့် မိစ္ဆာဂိုဏ်းတွေက သူ့ကို တိုက်ခိုက်ဖို့ ရှောင်ကြဉ်ကြလိမ့်မယ်"
ချင်ဖုန်းဇီက သဘောမတူဟန်ဖြင့် ခေါင်းခါယမ်းပြီး…
"ပြောရခက်ပါတယ်... မိစ္ဆာဂိုဏ်း ခြောက်ခုကလဲ မယုံကြည်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး အကျင့်စာရိတ္တ ကင်းမဲ့ကြတယ်... မိစ္ဆာ တစ်ကောင်ကများ သူ့ကို ဖမ်းဆီးပြီး သန့်စင်ဖို့ ဒါမှမဟုတ် ကိုယ်ပွား တစ်ခု အဖြစ် ပြောင်းလဲဖို့ ဒါမှမဟုတ် သူ့ရဲ့ ကံကြမ္မာကို စုပ်ယူဖို့ အခုချိန်မှာ စောင့်ကြည့်နေတာလည်း ဖြစ်နိုင်တာပဲ"
"မင်း စိတ်ထဲမှာ အဲ့ဒီလို တွေးနေတာလားလို့ ငါ စိုးရိမ်မိတယ်"
"ဟမ့်... ငါက ဘာလို့ အဲ့ဒီလို တွေးရမှာလဲ... မင်းစိတ်ထဲမှာသာ အဲ့ဒီလို တွေးနေတာ ဖြစ်ရမယ်... မင်းတို့ အနန္တ ဆေးလုံးစံအိမ်ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် အကြို အင်မော်တယ်ကို ကုန်ကြမ်းတစ်ခု အနေနဲ့ အသုံးပြုပြီး အရင်က တစ်ခါမှ မရှိဖူးတဲ့ ပစ္စည်း တစ်ခုကို ဖန်တီးနိုင်တယ်လို့ ငါ ထင်တယ်... မင်းက အဲ့ဒီ သွေးဆောင်မှုကို ခံနိုင်ရည် ရှိလို့လား"
"ချီးလိုပဲ... ငါက လုံးဝ တရားမျှတတဲ့ လူတစ်ယောက်ကွ... မင်းလိုမျိုး ညစ်ညမ်းတဲ့ အတွေးတွေ ငါ့မှာ မရှိဘူး"
ထိုနှစ်ယောက်က အချင်းချင်း အချေအတင် ငြင်းခုံနေကြတော့သည်။
တကယ်လို့ သူတို့သာ ချူယန်တောင်ထွတ်ပေါ်တွင် ရောက်မနေခဲ့ပါက သူတို့၏ ဝတ်ရုံများကို ခါချပြီး တရားမျှတ၍ ပြင်းထန်သော တိုက်ပွဲ တစ်ပွဲကိုပင် စတင်လိုက်လောက်ပေမည်။
ဧည့်ခံတောင်ထွတ် ပေါ်တွင်တော့...
ပါရမီရှင် များစွာက အဖြူရောင် ဝတ်စုံနှင့် လူငယ်ကို ထွက်၍ ကြိုဆိုနေကြ၏။
သူက လက်သီးဆုပ်ကာ တောင်းပန်ဟန်ဖြင့် နှုတ်ဆက်လိုက်သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့ အားလုံးက ပါရမီရှင်တွေရဲ့ တိုက်ပွဲ တစ်ခုအတွက် ဒီမှာ စုဝေးနေကြတယ်လို့ ကျွန်တော် ကြားခဲ့တယ်... ကျွန်တော်လည်း အဲ့ဒါကို မျှော်လင့်နေခဲ့တာမို့ ရှေ့ဖြစ်ဟောရဲ့ သားတော်ကို ဆက်သွယ်ပြီး အားလုံးကို စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာပါ... အခုလို စောင့်ဆိုင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ရှေ့ဖြစ်ဟော၏ သားတော်က ရယ်မောလိုက်၏။
"အစ်ကိုကြီး... အစ်ကိုကြီးက ဒီအရှေ့ပိုင်းဒေသကို ရောက်နေမှတော့ အစ်ကိုကြီးကို ချန်လှပ်ထားခဲ့တာက ကြီးမားတဲ့ အပြစ်တစ်ခု ဖြစ်သွားမှာပေါ့... ဒါ့အပြင် ကျွန်တော်တို့ကလည်း အစ်ကိုကြီးရဲ့ ပြိုင်ဘက်ကင်း ပါရမီကို မြင်တွေ့ချင်နေကြတာပါ"
အခြားသူများကလည်း သဘောတူညီကြောင်း ထောက်ခံကြသည်။
ဇီလင်းလုံကမူ အဝေးတွင် တိတ်ဆိတ်စွာ ရပ်နေဆဲပင်။ ဤအခိုက်အတန့်တွင် သူမ မျက်လုံးများထဲ အေးစက်သော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်တော့သည်။
ချူယန်တောင်ထွတ် ပေါ်တွင်တော့...
ကျန်းမင်က အစ်ကိုကြီးဟု ခေါ်ဆိုသော ထိုလူ အကြောင်းကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်သည်။
အမည် - ထျန်းစစ်
မျိုးနွယ် - အင်မော်တယ်
ကျားမ - ကျား
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ထျန်းယွမ်ကျောင်းတော်၏ မျက်မှောက်ခေတ် အစ်ကိုကြီး (ချန်ကွမ်း အင်မော်တယ် စံအိမ်)
ဆက်ဆံရေး - ၁၂
မွေးရာပါ ပါရမီ - အင်မော်တယ် (အကြို အင်မော်တယ်၊ လူဝင်စားလာသော အင်မော်တယ် ဝိညာဉ် အပိုင်းအစ)
လက်ရှိ အခြေအနေ - ရွှေရောင် ကောင်းကင်တာအိုကို သယ်ဆောင်လာသော ကျိုးပဲ့နေသည့် အင်မော်တယ် ဝိညာဉ်က အကြို အင်မော်တယ် အဖြစ် ပြောင်းလဲသွားပြီး တာဝန် တစ်ခုဖြင့် လူ့လောကသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ အင်မော်တယ် ဝိညာဉ် နိုးထလာပြီး သူ့ မှတ်ဉာဏ်များ ပြန်လည် ရရှိလာသည်နှင့် တစ်ပြိုင်နက် ကြီးမားသော အပြောင်းအလဲ တစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
လက်ရှိတွင် ထျန်းယွမ်ကျောင်းတော်၌ ကျင့်ကြံနေသည်။ အံ့မခန်း ပါရမီ၊ သန်မာသော ခန္ဓာကိုယ်နှင့် ပြိုင်ဘက်ကင်း အထူးစွမ်းရည်များ ရှိသောကြောင့် သူကိုယ်သူ လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့၏။ ကျောင်းတော်ရှိ ပါရမီရှင်များထဲတွင် အကောင်းဆုံး ဖြစ်သောကြောင့် သူ့ မျိုးဆက်တွင် ပြိုင်ဘက်ကင်း ဖြစ်လာရန် အလားအလာ အကောင်းဆုံး သူလည်း ဖြစ်သည်။
သူ အသက် နှစ်ဆယ် အရွယ်တွင် ရွှေရောင် ရွှေအမြူတေ အဆင့်၏ ကိုးဆင့်မြောက်သို့ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီး အသက် နှစ်ဆယ့်ငါးနှစ်နှင့် သုံးဆယ် အရွယ်တို့တွင် အလင်းတာအို အနှစ်သာရနှင့် အမှောင်တာအို အနှစ်သာရတို့ကို အသီးသီး နားလည် သဘောပေါက်ခဲ့သည်။ ထို့နောက် နှစ်နှစ် အကြာတွင် အလင်းတာအိုမျိုးစေ့နှင့် အမှောင်တာအိုမျိုးစေ့တို့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။
သူက အလင်းတာအိုမျိုးစေ့နှင့် အမှောင်တာအိုမျိုးစေ့ နှစ်ခုလုံးကို ပေါင်းစပ်ရန် ရည်မှန်းချက် ကြီးမားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
သူတော်စင် သားတော် ပိုင်ယွီ သေဆုံးသွားသည့် သတင်းက ကျုံးပြည်နယ်တွင် ဆွေးနွေးစရာ အများအပြား ဖြစ်ပေါ်လာစေခဲ့သည်။ ထို့ကြောင့် အလင်းနှင့် အမှောင် တာအိုမျိုးစေ့များကို ပေါင်းစပ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် လောကီ ကျင့်ကြံခြင်း အတွက် အရှေ့ပိုင်းဒေသသို့ လာရောက်ရန် တွေးတောခဲ့ခြင်း ဖြစ်သည်။
ကျိုယန်ဂိုဏ်းမှ ဇီလင်းလုံတွင် ဖီးနစ်သွေးကြော ပါဝင်ပြီး ယန်တာအို အနှစ်သာရကို နားလည် သဘောပေါက်ကာ ယန်တာအိုမျိုးစေ့ကို ဖွဲ့စည်းထားကြောင်း သူ ကြားသိခဲ့ရသည်။ ဇီလင်းလုံက ယင်စွမ်းအင်နှင့် သက်ဆိုင်သော ပစ္စည်းများကို ရှာဖွေနေသောကြောင့် သူမသည် ယင်နှင့် ယန် တာအိုမျိုးစေ့များကို ပေါင်းစပ်ရန် ရည်ရွယ်နေသည်ဟု သူ ခန့်မှန်းခဲ့၏။ ထို့ကြောင့် ဉာဏ်အလင်း တစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းမင်က ထျန်းစစ်၏ လူမျိုးကို မြင်လိုက်ရချိန်တွင် ဇဝေဇဝါ ဖြစ်သွားတော့သည်။ အင်မော်တယ်များကို လူမျိုး တစ်ခု အဖြစ် သတ်မှတ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ချေ။
ထျန်းယွမ်ကျောင်းတော် အကြောင်းကိုလည်း သူ ကြားဖူးထားပြီးသား ဖြစ်သည်။ ထိုကျောင်းတော်က မည်သည့် တော်ဝင်မြေထက်မှ မအားနည်းဘဲ အရှေးအကျဆုံး ကျောင်းတော် တစ်ခု ဖြစ်ပေသည်။ သို့တိုင်အောင် ထိုကျောင်းတော်၏ အခြေခံအုတ်မြစ်မှာ မည်မျှ ခိုင်မာကြောင်းကို မည်သူကမျှ မသိကြပေ။
အင်မော်တယ် မွေးရာပါ ပါရမီ၊ အကြို အင်မော်တယ်နှင့် လူဝင်စားလာသော အင်မော်တယ် ဝိညာဉ်တို့ အပေါ် သူ တွေးတောနေမိ၏။ လူသံသရာ ဟူသော ဝေါဟာရကို မြင်လိုက်ရချိန်တွင် အလွန် ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ထျန်းစစ်တွင် ချန်ကွမ်း အင်မော်တယ် စံအိမ်နှင့် ပတ်သက်နေသော နောက်ခံတစ်ခု ရှိနေပြီး သူ့ လက်ရှိ အခြေအနေတွင် 'ရွှေရောင် ကောင်းကင်တာအိုကို သယ်ဆောင်လာကာ တာဝန်တစ်ခုဖြင့် လူ့လောကသို့ ဆင်းသက်လာသည်'ဟု ဖော်ပြထားသည်ကို မြင်လိုက်ရချိန်တွင် ကျန်းမင် ခေါင်းကိုက်သွားသလို ခံစားလိုက်ရတော့သည်။
ထို့အပြင် စနစ်က ထျန်းစစ်ကို အတော်လေး အသေးစိတ် မိတ်ဆက်ပေးထားကြောင်းကိုလည်း သူ သတိပြုမိလိုက်၏။
ထျန်းစစ်က အမှန်တကယ်ပင် အံ့မခန်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ သူက အသက် သုံးဆယ် မတိုင်မီမှာပင် အလင်းတာအို အနှစ်သာရနှင့် အမှောင်တာအို အနှစ်သာရ ဟူသော အားကောင်းသည့် အနှစ်သာရ နှစ်ခုကို နားလည် သဘောပေါက်နိုင်စွမ်း ရှိခဲ့သည် မဟုတ်ပါလား။
သေချာသည်ကတော့ ထျန်းစစ်မှာ သူကိုယ်တိုင်နှင့် မဆိုထားနှင့် သူ့ ညီမငယ်လေးနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်သေးကြောင်း ကျန်းမင် တွေးလိုက်မိသည်။
သူက စိတ်ထဲမှ သက်ပြင်းချလိုက်၏။
'အလင်းနဲ့ အမှောင် တာအိုမျိုးစေ့တွေကို ပေါင်းစပ်ဖို့က ထျန်းစစ်အတွက် တော်တော်လေး လွယ်ကူမှာပဲ... ဘာပဲဖြစ်ဖြစ် အကြို အင်မော်တယ် တစ်ယောက် ဖြစ်နေတာဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ရော နားလည်နိုင်စွမ်းပါ သန်မာနေမှာ အသေအချာပဲ... ချီးလိုပဲ... ငါ လူ့လောကမှာ ပြိုင်ဘက်ကင်း မဖြစ်လာခင်လေးတင် ဒီအင်မော်တယ်က ထွက်ပေါ်လာရတယ်လို့'
သန်မာသော အစောင့်အရှောက် တစ်ယောက်က ထျန်းစစ်အား ကာကွယ်ပေးနေရမည်ဟု သူ သိထားသည်။
သူ့ ညီမငယ်လေး၊ ထျန်းစစ်နှင့် သူကိုယ်တိုင် အပါအဝင် အားလုံးတွင် အဆင့်သတ်မှတ်၍ မရနိုင်သော အင်မော်တယ် မွေးရာပါ ပါရမီ ရှိနေကြောင်းကိုလည်း သူ သဘောပေါက်လိုက်၏။ အင်မော်တယ် မွေးရာပါ ပါရမီများမှာ တန်းတူညီမျှ သန်မာကြသလား ဆိုသည်ကို သူ စဉ်းစားနေမိသည်။
သို့သော် လောလောဆယ်တွင် ၎င်းကို သက်သေမပြနိုင်သေးသောကြောင့် ထိုအတွေးကို ဖိနှိပ်ထားလိုက်ရတော့သည်။
'ကံကောင်းလို့ သူက ညီမငယ်လေး အနောက်ကို တကူးတက လိုက်နေတာ မဟုတ်ဘူး' ကျန်းမင် စိတ်ထဲ တွေးလိုက်မိသည်။ သူ အနည်းနှင့်အများ ဆိုသလို စိတ်သက်သာရာ ရသွားခဲ့လေပြီ။
အနာဂတ်တွင် ဖြစ်နိုင်သမျှ တောင်ပေါ်မှ မဆင်းရန်လည်း သူ ဆုံးဖြတ်လိုက်တော့သတည်း။
End
***