ယနေ့တွင် အသစ်အဆန်း တစ်ခုခုကို သင်ယူလိုက်ရသလို ကျန်းမင် ခံစားလိုက်ရသည်။
သူ့ဘေးရှိ အမျိုးသား နှစ်ယောက်မှာ သူ့ ရန်သူများ ဖြစ်ကြပြီး သူ့ထက်လည်း ပိုသန်မာကြပေသည်။ အကယ်၍ သူတို့ တစ်ယောက်ချင်းစီကသာ အမှန်တရားကို သိရှိသွားပါက သူ့အား မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ သတ်ပစ်ကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ သို့သော် ယခုအခါတွင်မူ သူတို့က ပျော်ရွှင်စွာ စကားပြောဆိုနေကြရုံသာမက သူ့ကို လက်ဆောင်များပင် ပေးအပ်ခဲ့ကြသေးသည်။
ဧည့်ခံတောင်ထွတ် ပေါ်တွင်တော့ ကြယ်ဆယ်ပွင့် မွေးရာပါ ပါရမီများ ရှိကြသော ပါရမီရှင်များစွာ ရှိနေလေပြီ။
အစပိုင်းက ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့နိုင်ရန် အနည်းဆုံး အနှစ်တစ်ရာခန့် စောင့်ဆိုင်းရမည်ဟု ကျန်းမင် ထင်မှတ်ခဲ့သည်။ သို့သော် ယခုမူ သူ့ မျက်စိရှေ့တွင်ပင် တိုက်ရိုက် ဖြစ်ပေါ်နေခဲ့လေပြီ။
ဤနေရာရှိ လူများအားလုံးကို သတ်ပစ်လိုက်ပါက ဘာဖြစ်လာမည်လဲ ဆိုသည်ကိုပင် သိချင်စိတ် တစ်ခု ကျန်းမင်ထံ ရုတ်တရက် ဝင်ရောက်လာခဲ့၏။
သေချာသည်ကတော့ ထိုအရာမှာ သူ့ ဦးနှောက်ကို နှောင့်ယှက်နေသော မကောင်းဆိုးဝါး အတွေးတစ်ခုသာ ဖြစ်ပေသည်။
"စတော့မယ်..." အဘိုးအိုထျဲ့က မတ်တပ်ထရပ်၍ ဧည့်ခံတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်သည်။ "ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ"
"နားလည်နိုင်ပါတယ်လေ... ဘာပဲဖြစ်ဖြစ် ဒီလို မြင်ကွင်းမျိုးကို နှစ်တစ်ရာ အတွင်းမှာတောင် မြင်တွေ့နိုင်မှာ မဟုတ်ဘူး" ချင်ဖုန်းဇီက ခေါင်းညိတ်၍ ပြောဆို၏။
ပါရမီရှင်များ ကြားရှိ တိုက်ပွဲဆိုသည်မှာ မည်သူက ပိုသန်မာသနည်း ဟူသည့် အပေါ်တွင်သာ မူတည်နေသည် မဟုတ်ဘဲ မည်သူက ပိုကံကောင်းသနည်း ဆိုသည့် အပေါ်တွင်လည်း မူတည်နေသေးသည်။
"မင်း အရမ်း အားနည်းနေတာကတော့ တကယ်ကို နှမြောစရာပဲ..." အဘိုးအိုထျဲ့က ကျန်းမင်အား တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ "ငါတို့ အတွက်တော့ သူတို့က ငါတို့ရဲ့ မျိုးဆက်သစ်တွေလောက်ပဲ ရှိတာ... ဒါပေမဲ့ မင်းအတွက်ကတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုတောင် မြင်နိုင်မှာ မဟုတ်ဘူး"
"ရပါတယ်... ကျွန်တော်က ပွဲကြည့်ဖို့ သက်သက် လာတာပါ" ကျန်းမင်က ပြုံး၍ ပြန်ဖြေ၏။
တစ်ချိန်တည်းမှာပင် ဧည့်ခံတောင်ထွတ်၏ ဘေးရှိ တောင်ထွတ်ပေါ်တွင်တော့...
ထိုနေရာတွင် လူတစ်ဒါဇင်ခန့် ရှိနေပြီ ဖြစ်သည်။ သူတို့ အားလုံးမှာ ကျိုယန်ဂိုဏ်းမှ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြပြီး ဂူဟိုင်ပင် ထိုနေရာ၌ ရှိနေ၏။
"သူတို့ကို မြင်တော့မှပဲ ငါတို့ရဲ့ တပည့်တွေ ဘယ်လောက် အားနည်းနေသလဲ ဆိုတာကို ငါ သဘောပေါက်တော့တယ်..." ယင်ယွဲ့က ညည်းတွားလိုက်သည်။ "အဲ့ဒီ သူတော်စင် သားတော်တွေနဲ့ သမီးတော်တွေကို မဆိုထားနဲ့ဦး... ဒီလူငယ်တွေကတောင် ငါ့ကို အနိုင်ယူနိုင်တယ် ဆိုတာကို ငါ ခံစားမိတယ်"
"အင်းလေ... သူတို့က ကျုံးပြည်နယ်နဲ့ အရှေ့ပိုင်းဒေသက ပါရမီရှင်တွေပဲကို" ဂူဟိုင်က ပြုံးလိုက်၏။ "ဒါပေမဲ့ လင်းလုံကလည်း သူတို့ထက် ဘာမှ အားနည်းမနေပါဘူး"
"ရှင်ပြောတာ မှန်တယ်... ငါတို့ ကျိုယန်ဂိုဏ်းရဲ့ အခြေအနေနဲ့ အရင်းအမြစ်တွေ အရဆိုရင် ဒီလို ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာတာက တကယ်ကို ကံကောင်းလွန်းလို့ပဲ..." ယင်ယွဲ့က ပြုံးလိုက်သည်။ "ဟိုဘက်ကို ကြည့်လိုက်ဦး... ချူယန်တောင်ထွတ် ပေါ်က ဟိုလူနှစ်ယောက်ကို ရှင် သိလား"
"ဟင့်အင်း... ငါ မသိဘူး..." ဂူဟိုင်က ခေါင်းခါယမ်း၍ ပြန်ဖြေ၏။ ထို့နောက် မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။ "ချူယန်တောင်ထွတ်ပေါ်မှာ ဘာမှ မပြောင်းလဲသွားသလို ထင်ရပေမဲ့ အဲ့ဒီမှာ ကာကွယ်ရေး အစီအရင် တစ်ခု ရှိနေတယ်လေ... သူတို့က ဘာပြဿနာမှ မရှိဘဲ အဲ့ဒီကို ရောက်လာနိုင်တယ် ဆိုတဲ့ အချက်က သူတို့ဟာ မူလဝိညာဉ် အဆင့်ထက် ကျော်လွန်တဲ့ ကျင့်ကြံသူတွေ ဖြစ်တယ်ဆိုတာကို ပြသနေတာပဲ"
"ရှင် အဲ့ဒီကို ပြန်ပြီး သွားမကြည့်တော့ဘူးလား"
"ဟင့်အင်း... လုံးဝ မသွားဘူး... သူတို့က ပါရမီရှင်တွေရဲ့ တိုက်ပွဲကို ကြည့်ဖို့ ရောက်လာတာ ဖြစ်မယ်လို့ ငါ ယူဆတယ်... ဒါကြောင့် ငါသာ အဲ့ဒီကို ပြန်သွားပြီး သူတို့ကို အနှောင့်အယှက် ပေးမိရင် ဆိုးရွားသွားလိမ့်မယ်... တကယ်လို့ သူတို့မှာသာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင် ငါ အဲ့ဒီကို သွားရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ"
"အင်း... ရှင် ပြောတာ မှန်မယ် ထင်တယ်"
သူတို့ နှစ်ယောက်လုံး စကားစကို အဆုံးသတ်ပြီး ဧည့်ခံတောင်ထွတ်ဆီ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာရှိ လေထုမှာ ပို၍ပင် သက်ဝင် လှုပ်ရှားလာခဲ့လေပြီ။
"ဒီနေ့မှာ ကျုံးပြည်နယ်နဲ့ အရှေ့ပိုင်းဒေသက ပါရမီရှင်တွေ အားလုံး စုဝေးနေကြရုံသာမက အစ်ကိုကြီးကပါ ငါတို့နဲ့ အတူ ရှိနေတယ်... ဒါက ဒီကိုယ်တိုင် စီစဉ်ထားတဲ့ စုဝေးမှုကို ပိုမြင့်မားတဲ့ အဆင့်တစ်ခုဆီ ခေါ်ဆောင်သွားပြီး ဂုဏ်ယူစရာ ကောင်းတဲ့ သားတော်တွေရဲ့ တိုက်ပွဲလို့တောင် ခေါ်ဆိုနိုင်တယ်" အပြာရောင် ဝတ်ရုံနှင့် လူငယ် တစ်ယောက်က ပြောလိုက်၏။
လူအုပ်ကြီးအား နှုတ်ဆက်ပြီးနောက် သူက ဇီလင်းလုံထံ လျှောက်သွားကာ ဆက်ပြောသည်။
"ငါ ဂုဏ်ပြုတဲ့ အနေနဲ့ ပထမဆုံး တိုက်ပွဲကို စတင်လိုက်မယ်... ကျုံးပြည်နယ်က ထန်ဟောက် ဖြစ်တဲ့ ငါက ဇီလင်းလုံကို တိုက်ပွဲ တစ်ပွဲအတွက် စိန်ခေါ်တယ်"
"ဒါဆို နင့်ရဲ့ လောင်းကြေးက ဘာလဲ" ဇီလင်းလုံက ရိုးရှင်းစွာပင်။
"လောင်းကြေး..." ထန်ဟောက်က တစ်ခဏမျှ ကြောင်အသွားပြီးနောက် လေးနက်စွာ ပြောလာသည်။ "ဒီပွဲရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ စွမ်းရည်တွေကို တိုးတက်စေဖို့နဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဖလှယ်ဖို့ပဲ... ဒါက ခေတ်အဆက်ဆက် အမှတ်ရနေလိမ့်မယ်... ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲမျိုးမှာ လောင်းကြေးတွေ အကြောင်း ပြောနေတာက နည်းနည်း မသင့်တော်ဘူးလို့ မင်း မထင်ဘူးလား"
ဇီလင်းလုံက ခေါင်းမော့၍ ထိုလူကို တစ်ချက် လှမ်းကြည့်ပြီး...
"ငါ တိုက်ခိုက်ရတာကို တစ်ခါမှ မနှစ်သက်ခဲ့ဘူး... ဒါပေမဲ့ နင်တို့ တစ်ယောက်ချင်းစီတိုင်းက ကျိုယန်ဂိုဏ်းကို လာပြီး ငါ့ကို တိုက်ပွဲအတွက် စိန်ခေါ်ခဲ့ကြတယ်... နင်တို့ရဲ့ နောက်ခံတွေကြောင့် ကျိုယန်ဂိုဏ်းက နင်တို့ကို မဆန့်ကျင်ရဲဘူး... ဒါကြောင့် ငါလည်း ငါ့ရဲ့ ကျင့်ကြံမှုကို ရပ်တန့်ပြီး နင်တို့ရဲ့ စိန်ခေါ်မှုတွေကို လက်ခံဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ဘူး... တကယ်လို့ ငါနဲ့ တိုက်ခိုက်ချင်တယ် ဆိုရင် ငါ့မှာ စည်းကမ်းချက် တစ်ခု ရှိတယ်... အဲ့ဒါကို လက်ခံရင် ငါ နင်နဲ့ တိုက်ခိုက်မယ်... တကယ်လို့ လက်မခံဘူး ဆိုရင်တော့ ပါးစပ်ပိတ်ပြီး အောက်ထိုင်နေလိုက်"
"ကျိုယန်ဂိုဏ်းမှာ နေမင်းကျောက်တုံးထက် ပိုကောင်းတဲ့ ပေးစရာ ဘာမှ မရှိဘူး... ငါ လိုအပ်နေတာက အစွန်းရောက် ယင်ပစ္စည်းတွေပဲ... အဲ့ဒါတွေကိုလည်း ကျောက်စာတိုင်ပေါ်မှာ ရေးထားပြီးပြီ"
ထိုစကားများ ပြောပြီးသည်နှင့် သူမက မျက်လုံးများကို မှိတ်ထားလိုက်သည်။
ထန်ဟောက် မျက်နှာ ပျက်ယွင်းသွားတော့၏။ လူအချို့၏ မျက်နှာများမှာ ဒေါသကြောင့် နီရဲလာပြီး အချို့ကမူ တိုးတိတ်စွာ ရယ်မောနေကြသည်။
ထျန်းစစ်က ရှေ့သို့ တစ်လှမ်း တိုးလာပြီး ညင်သာစွာ ပြောလာသည်…
"ညီမငယ် လင်းလုံ... ဒါက ပါရမီရှင်တွေ ကြားက ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုပါ... ဒီမှာရှိတဲ့ ငါတို့ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းတွေကို ကျွမ်းကျင်ထားကြတယ်... ဒါ့အပြင် ဒါက ငါတို့ရဲ့ အသိပညာတွေကို ဖလှယ်ဖို့နဲ့ အတူတူ တိုးတက်ဖို့အတွက် အခွင့်အရေး ကောင်း တစ်ခုပဲ... ဒါဆို ဘာလို့ အသေးအဖွဲ ကိစ္စလေးအတွက်နဲ့ အဓိက အရာကို စတေးရမှာလဲ"
ဇီလင်းလုံက မျက်လုံးပင် မဖွင့်ဘဲ… "တကယ်လို့ နင်တို့ လိုချင်တာ အဲ့ဒါပဲ ဆိုရင် တခြား တစ်နေရာကို သွားကြ"
ထျန်းစစ်၏ မျက်ခုံးများ ပင့်တက်သွားပြီး ရှက်ရွံ့မှုကြောင့် မျက်နှာ တစ်ခုလုံး နီရဲလာတော့၏။
"အတင့်ရဲလိုက်တာ..." ထန်ဟောက်က အော်ဟစ်လိုက်သည်။ "ငါ့ရဲ့ အစ်ကိုကြီးကို ဒီလို စကားမျိုး ပြောရဲလောက်အောင် မင်းက ဘယ်လို သတ္တိမျိုး ရှိနေတာလဲ"
ချွင်...
သူက လက်ကို ဆန့်ထုတ်လိုက်ရာ ဓားတစ်လက်က သူ့ လက်ထဲတွင် ပေါ်လာတော့သည်။ ထိုအခိုက်အတန့်တွင် မြေကြီးများ တုန်ခါသွားပြီး သူ့ ပတ်လည်ရှိ လေထုမှာ ပြောင်းလဲသွား၏။ သူက ဧည့်ခံတောင်ထွတ်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ထင်မှတ်ရပြီး သူ့ပတ်လည်ရှိ မြေကြီးထဲမှ စွမ်းအားများကို ဆွဲယူနိုင်ပုံ ရသည်။
"သူက နင့်ရဲ့ အစ်ကိုကြီးပဲ... ငါ့ရဲ့ အစ်ကိုကြီး မဟုတ်ဘူး" ဇီလင်းလုံက မျက်လုံးများကို ဖွင့်ရင်း ပြောလိုက်သည်။ သူမ၏ အကြည့်များမှာ လျှပ်စီးကဲ့သို့ စူးရှနေပြီး ဆက်ပြောလာ၏။ "တကယ်လို့ နင် လောင်းကြေးကို လက်မခံဘူး ဆိုရင် ထွက်သွားလိုက်တော့"
"ဒီနေ့ ငါ မင်းကို သတ်မယ်..." ထန်ဟောက်က ဇီလင်းလုံထံ ပြေးဝင်သွားတော့သည်။
လူအုပ်ကြီး ကြားတွင် ရီယွဲ့ဂိုဏ်းမှ သူတော်စင် သမီးတော် ရှီယောင် သို့မဟုတ် ယန်ထျန်ဂိုဏ်းမှ ရှေ့ဖြစ်ဟော၏ သားတော်ကို မဆိုထားနှင့်၊ ယင်မိစ္ဆာဂိုဏ်းမှ သူတော်စင် သားတော် မော့လင်းပင် တိတ်ဆိတ်နေခဲ့၏။ သူတို့ မည်သူကမျှ ထန်ဟောက်အား တားဆီးရန် ရည်ရွယ်ချက် မရှိကြချေ။
"ဘာလို့ ငါတို့က အချင်းချင်း တိုက်ခိုက်နေရမှာလဲ..." ထျန်းစစ်က သက်ပြင်းချလိုက်သည်။
ချင်းယွင်ဂိုဏ်းမှ သူတော်စင် သားတော် လင်းဟန်က သူ့အား အေးစက်စွာ တစ်ချက် လှမ်းကြည့်ပြီး နှာခေါင်းရှုံ့နေ၏။
ဖူး...
တစ်ချိန်တည်းမှာပင် ဇီလင်းလုံက အနီရောင် ဓားတစ်လက်ကို သူမ၏ လက်ထဲသို့ ခေါ်ထုတ်လိုက်သည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ထန်ဟောက်၏ ဓားစွမ်းအင်များကို ရိုက်ခွဲပစ်ပြီး သူမ ဓားစွမ်းအင်က ရှေ့သို့ ဆက်လက် ရွေ့လျားသွားကာ ပြိုင်ဘက်၏ ဘယ်ဘက် လက်မောင်းအား ဖြတ်တောက်လိုက်တော့သည်။
ထို့နောက် လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ပြီး လွင့်စင်သွားစေသည်။
"ပွဲစီစဉ်သူ တစ်ယောက် အနေနဲ့ ဒီတစ်ကြိမ်တော့ သူ့အသက်ကို ချမ်းသာပေးလိုက်မယ်... ဒါပေမဲ့ သူ့လိုမျိုး ပြုမူတဲ့ နောက်ထပ် လူတစ်ယောက် ရှိလာရင်တော့ ဘယ်သူ့ကိုမှ ညှာတာနေမှာ မဟုတ်ဘူး..." ဇီလင်းလုံက ဓားကို သူမ၏ ဘေးရှိ မြေကြီးတွင် စိုက်ထားလိုက်ပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်၏။
"တကယ်လို့ ငါ့ရဲ့ စည်းကမ်းချက်ကို လက်မခံဘူး ဆိုရင် ထွက်သွားကြ"
ထို့နောက် သူမ မျက်လုံးများကို ထပ်မံ မှိတ်ထားလိုက်ပြန်သည်။
ရုတ်တရက် ထန်ဟောက်၏ ဒေါသတကြီး အော်ဟစ်သံက အဝေးမှ ထွက်ပေါ်လာ၏။
"ငါ့လက်မောင်းကို ဖြတ်ရဲလောက်အောင် မင်းက ဘယ်လို သတ္တိမျိုး ရှိနေတာလဲ ဇီလင်းလုံ... ငါ မင်းကို သတ်မယ်..."
သူ အလွန် ဒေါသထွက်နေပြီး သူ့ သတ်ဖြတ်လိုစိတ်များမှာ အလွန် ပြင်းထန်လွန်းသဖြင့် သူ့ပတ်လည်ရှိ ကောင်းကင်ကြီးပင် ပြောင်းလဲသွားတော့သည်။
ဝှစ်...
ဇီလင်းလုံက သူ့အား တုံ့ပြန်ရန် အချိန်အနည်းငယ်မျှပင် မပေးတော့ဘဲ သူ့ အရှေ့ တည့်တည့်သို့ ရောက်လာခဲ့လေပြီ။ သူမက သူ့အား အေးစက်စွာ စိုက်ကြည့်ပြီး ထန်ဟောက်၏ အထူးစွမ်းရည်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။
ထို့နောက် စကြဝဠာ၏ စွမ်းအားကို အသုံးပြု၍ ထန်ဟောက်အား ရစ်ပတ်ရန် မျက်မြင်မရသော ကြိုးတစ်ချောင်းကို ဖန်တီး၏။
သူမ၏ ဓားစွမ်းအင်များ တောက်ပလာသည်။ ကောင်းကင်ကြီးကိုပင် ထက်ပိုင်း ပိုင်းဖြတ်နိုင်လောက်သော စွမ်းအားကို သယ်ဆောင်လာပြီး ထန်ဟောက်အား ခုတ်ပိုင်းလိုက်ရာ ထက်ပိုင်း ပြတ်သွားတော့သည်။
ထို့နောက် သူမက လှည့်၍ ထွက်ခွာလာခဲ့၏။
တစ်ခဏ အကြာတွင် တောင့်တင်းနေသော ထန်ဟောက်၏ ခန္ဓာကိုယ်မှ အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ သူ့ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားပြီး အောက်ဘက်ရှိ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထန်ဟောက် သေဆုံးသွားခဲ့လေပြီ။
အရာအားလုံးက လျင်မြန်လွန်းလှသဖြင့် ထန်ဟောက် သေဆုံးသွားပြီးနောက်တွင်ပင် ထျန်းစစ်မှာ အသိစိတ် ပြန်မဝင်နိုင်သေးချေ။
ဇီလင်းလုံက သူမ နေရာသို့ ပြန်လာပြီး ဓားကို ဘေးရှိ မြေကြီးတွင် စိုက်ထားလိုက်သည်။
'ငါ့မှတ်ဉာဏ်တွေ မမှားဘူးဆိုရင် ထန်ဟောက်က ကျုံးပြည်နယ်မှာရှိတဲ့ ဒုတိယအဆင့် မိသားစု တစ်ခုက ဆင်းသက်လာတာပဲ... သူ့မိသားစုထဲမှာ အသန်မာဆုံး ဆိုတဲ့သူတောင် ကနဦးဝိညာဉ် အဆင့်မှာပဲ ရှိတာကို ဒီနေရာမှာ လာပြီး ရမ်းကားရဲသေးတယ်... သူသေတာ တန်ပါတယ်' သူမ စိတ်ထဲ တွေးလိုက်မိ၏။
မည်သူကမျှ ထန်ဟောက် သေဆုံးသွားသည်ကို ဂရုမစိုက်ကြပေ။
"ကောင်းတယ် လင်းလုံ" ရှီယောင်က ပြုံး၍ လေထဲမှ လျှောက်လှမ်းလာခဲ့သည်။ ကြယ်ရောင်များက သူမအား ဝန်းရံ တောက်ပနေပြီး ကမ္ဘာလောကနှင့် မသက်ဆိုင်သော အလှတရား တစ်ခုကို ပေးစွမ်းနေ၏။
သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ လမင်းတိမ်တိုက် ပန်းတစ်ပွင့်က သူမ၏ အရှေ့တွင် ပေါ်လာတော့သည်။ ထိုပန်းကို ဇီလင်းလုံထံ ပေးအပ်ရင်း...
"ဒီပန်းက အစွန်းရောက် ယင်ပစ္စည်း မဟုတ်ဘူး ဆိုပေမဲ့ ရှားပါးတဲ့ ယင်ဝိညာဉ်ပစ္စည်း တစ်ခုပဲ... ငါ့အတွက် အသုံးမလိုတော့လို့ မင်းကို လက်ဆောင် အဖြစ် ပေးလိုက်မယ်"
ဇီလင်းလုံက သူမရှေ့ရှိ လမင်းတိမ်တိုက် ပန်းကို တစ်ချက် လှမ်းကြည့်ပြီးနောက် ရှီယောင်ဘက်သို့ လှည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်လန်းလာပြီး...
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မတော်... စလိုက်ရအောင်"
သူမက လက်ဖြင့် ဓားကို ဆွဲယူ၍ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။
"ဝမ်းသာပါတယ်" ရှီးယန်က ဇီလင်းလုံ၏ နောက်မှ လိုက်ပါသွားခဲ့လေ၏။
End
***