တိမ်လွှာများထက်ဝယ် လေပြင်းများက တဝူးဝူး တိုက်ခတ်လို့နေ၏။
ဇီလင်းလုံနှင့် ရှီယောင်တို့က တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ရပ်တန့်နေကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါများမှာ အလွန်ပြင်းထန်လွန်းလှရာ ပတ်ဝန်းကျင်၌ မျက်မြင်မရသော အတားအဆီး တစ်ခုအလား ဖြစ်တည်သွားပြီး တိုက်ခတ်လာသော လေပြင်းများကိုပင် မီတာတစ်ရာအကွာသို့ တွန်းထုတ်ပစ်လိုက်လေပြီ။
ရှီယောင်က စကားစလာ၏။
"ငါ့မှာ အေးစက်လမင်း ခန္ဓာကိုယ် ရှိတယ်... ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒက အစွန်းရောက် ယင်တာအိုကို ထိုးထွင်း သိမြင်နိုင်ဖို့ပဲ... ဒါပေမဲ့ အဲ့ဒါက ဖြစ်နိုင်ခြေ သိပ်မရှိသလောက် ခက်ခဲလွန်းတယ်"
စကားပြောနေစဉ်မှာပင် သူမ၏ ဘယ်ဘက်ခြမ်း၌ နှင်းပွင့်များ စတင် ကျဆင်းလာပြီး ညာဘက်ခြမ်း၌ ရေလှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ဦးခေါင်းထက်တွင် ကြယ်ရောင်များ လင်းလက်နေပြီး ကျောဘက်တွင်တော့ လခြမ်းကွေး တစ်ခုက ပုံပန်းသဏ္ဍာန် ထင်ရှားလာ၏။ ကြည့်ရသလောက် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားမ တစ်ပါးနှင့်ပင် အတိအလွတ် တူညီနေတော့သည်။
သူမက ဆက်လက်၍...
"ငါ နှင်းခဲတာအို၊ လမင်းတာအို၊ ကြယ်တာရာ တာအိုနဲ့ ရေတာအိုတွေကို ထိုးထွင်း သိမြင်ထားတယ်... အဲ့ဒီအရာတွေနဲ့ သက်ဆိုင်တဲ့ တာအိုမျိုးစေ့တွေကို ဖွဲ့စည်းနိုင်ခဲ့ပေမဲ့ ငါ မရပ်တန့်ခဲ့ဘူး... ငါက ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး ပိုမြင့်တဲ့ အဆင့်တစ်ခုကို တက်လှမ်းချင်တာ... ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတော့ လုံးဝ အရိပ်အယောင် မတွေ့သေးဘူး... အခု ငါ့ရဲ့ အားနည်းချက် ဖြစ်နေတဲ့ ယန်တာအိုကို နင် ထိုးထွင်း သိမြင်ထားတာ မြင်လိုက်ရတော့ ငါ့ အလားအလာ အစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ နင့်အကူအညီနဲ့ ငါ့ကိုယ်ငါ အကန့်အသတ်ထိ ရောက်အောင် တွန်းပို့ဖို့ တွေးလိုက်တာပဲ"
"ငါလည်း အစွန်းရောက် ယင်တာအိုကို လေ့လာနေတာပဲ... အခုက ငါတို့နှစ်ယောက်လုံး အတွက် အသိပညာတွေ ဖလှယ်ဖို့ အခွင့်ကောင်း တစ်ခုပဲ" ဇီလင်းလုံက သူမ လက်နက်ကို ထုတ်သုံးခြင်း မရှိချေ။ သို့သော် သူမ၏ ကျောဘက်တွင် သစ်သားမီးတောက်၊ ကျောက်တုံးမီးတောက်၊ မိုးကြိုးမီးတောက်နှင့် ငရဲမီးတောက် စသည့် မီးတောက်မျိုးစုံ ဟုန်းဟုန်းတောက်လောင် လာခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်မှာ မည်သည့် စကားမှ ထပ်မဆိုတော့ဘဲ တိုက်ပွဲကို စတင်လိုက်ကြတော့သည်။
ကောင်းကင်ယံ တစ်ခွင် အေးစက်သော ရေခဲများနှင့် ပူပြင်းသော မီးတောက်များက ဒေါသတကြီး လွှမ်းမိုးသွား၏။ သို့တိုင် သူတို့နှစ်ဦးကြားရှိ တိုက်ပွဲမှာ အသက်ကုန် ချိန်းတိုက်နေခြင်းမျိုး မဟုတ်ဘဲ ကြည့်ကောင်းသော မြင်ကွင်းတစ်ခုနှင့် ပိုတူနေသည်။ သူတို့တတ်ကျွမ်းထားသမျှ ထူးခြားသော စွမ်းရည်များနှင့် တာအို စည်းချက်များကို ထုတ်ဖော် ပြသနေကြခြင်းပင်။
ထို့အပြင် နှစ်ယောက်လုံးမှာ ဆွဲဆောင်မှု ရှိလွန်းလှပြီး ကောင်းကင်ထက်၌ ရွေ့လျား တိုက်ခိုက်နေပုံမှာ ကခုန်နေသကဲ့သို့ ထင်မှတ်ရစေသည်။ ထို့ကြောင့် အောက်ဘက်မှ ကြည့်ရှုနေသူများ အဖို့ အကြည့်မလွှဲနိုင်လောက်အောင် နစ်မျောနေကြခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ချူယန် တောင်ထွတ်တွင်တော့ ကျန်းမင်နှင့် အခြားနှစ်ယောက်မှာ ထန်ဟောက်အား သတ်ဖြတ်နိုင်ခဲ့ပြီး ရှီယောင်နှင့် တန်းတူ ရင်ပေါင်တန်း တိုက်ခိုက်နိုင်သော ဇီလင်းလုံအတွက် အလွန် ဂုဏ်ယူနေကြလေပြီ။
အဘိုးအိုထျဲ့ မျက်လုံးများမှာ ဝမ်းသာအားရမှုနှင့် လေးစားမှုတို့ကြောင့် တောက်ပနေပြီး နှုတ်မှလည်း အဆက်မပြတ် ချီးကျူးနေမိသည်။
"ဇီလင်းလုံလေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တာအိုမျိုးစေ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ... ဒါတင်မကသေးဘူး... ယန်တာအိုကိုပါ ထိုးထွင်း သိမြင်ထားပြီး ကောင်းကင် မိန်းမပျိုတစ်ပါး ဖြစ်တဲ့ ရှီယောင်ကိုတောင် ယှဉ်နိုင်သေးတယ်... သူက တကယ့်ကို ထူးခြားလွန်းလှပါတယ်လေ... ထျန်းစစ်ထက်တောင် ပိုသာတယ်လို့ ငါရဲရဲကြီး ပြောရဲတယ်"
"သူမရဲ့ အပြုအမူနဲ့ စကားတွေကို ထောက်ရှုကြည့်ရင်... သူက ဆုံးဖြတ်ချက် ခိုင်မာပြီး စိတ်ဓာတ် ပြတ်သားတဲ့ မိန်းကလေး တစ်ယောက်မှန်း ငါမြင်နိုင်တယ်... အဲ့ဒါကြောင့် သူ့ကို အနန္တ ဆေးလုံးစံအိမ်ထဲ ဝင်ဖို့ ဖျောင်းဖျရတာ အတော်လေး ခက်ခဲလိမ့်မယ်"
"မင်းပြောတာ မှန်တယ်" ချင်ဖုန်းဇီက ဝင်ထောက်ခံလိုက်၏။ "သူ့လက်ရှိ အဆင့်နဲ့ဆို တံခါးပိတ် ကျင့်ကြံနေတဲ့ လူတွေ ထွက်မလာသရွေ့ သူသွားချင်တဲ့ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလို့ရတယ်... ဒါ့အပြင် သူ့မှာ ခိုင်မာတဲ့ စိတ်ဓာတ် ရှိနေတော့ သူ့ဂိုဏ်းကိုလည်း ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး"
သူက ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလာသည်။
"ထျန်းစစ်ကို အကြို အင်မော်တယ်အဖြစ် လူတိုင်းက အသိအမှတ် ပြုထားကြတာ... သူ မွေးဖွားလာတုန်းကလည်း ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တယ်... သူ့မှာ အတိုင်းအဆမသိတဲ့ စွမ်းအားတွေ ကိန်းအောင်းနေပြီး တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ အင်အားစု တစ်ခုပဲ... ဒါတောင် သူ့လို ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်က ဇီလင်းလုံနဲ့ ယှဉ်လိုက်ရင် အရောင်မှိန်သွားသလိုပဲ... ယေဘုယျ ပြောရရင် သူ့လို အတွေ့အကြုံ မရင့်ကျက်သေးတဲ့ မိန်းကလေး တစ်ယောက်က ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုမျိုး မရနိုင်ပါဘူး... သူ ဘယ်လိုများ လုပ်ခဲ့တာလဲလို့ ငါ တွေးနေမိတယ်"
အဘိုးအိုထျဲ့က အလျင်အမြန် ဖြတ်ပြောလိုက်၏။
"သူ့မှာ ဖီးနစ်ငှက် မျိုးဆက်သွေး ပါတယ်ဆိုတာ မင်း မေ့နေပြီလား... သူ့ဆီကနေ ကြီးမားပြီး ကြောက်စရာကောင်းတဲ့ မီးစွမ်းအားတွေကို ငါ ခံစားမိတယ်... ငါကိုယ်တိုင်တောင် ကျောချမ်းသွားရတဲ့ အထိပဲ... သူက လူသားနဲ့ ဖီးနစ်ငှက်တို့ရဲ့ တိုက်ရိုက် ဆင်းသက်လာတဲ့ မျိုးဆက် ဖြစ်နိုင်တယ်... အဲ့ဒါကြောင့် သူ့သွေးကြောထဲကနေ တစ်ဆင့် အသိပညာတွေကို အမွေဆက်ခံရရှိခဲ့တာပဲ... ဘာပဲဖြစ်ဖြစ် သူက မီးကို ကြောက်စရာကောင်းလောက်အောင် တိတိကျကျ ထိန်းချုပ်နိုင်တယ်... အနန္တ ဆေးလုံးစံအိမ်ထဲမှာတောင် သူ့ရဲ့ ဒီထူးခြားတဲ့ စွမ်းရည်ကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူး... ဒါကြောင့် သူမက ဒီစွမ်းရည်ကို သွေးဆက်ကနေတစ်ဆင့် အမွေဆက်ခံခဲ့တာလို့ ငါ ရဲရဲကြီး အာမခံရဲတယ်"
အဘိုးအိုထျဲ့ ဘေးတွင် ထိုင်နေသော ကျန်းမင်မှာ ထိုစကားကို ကြားလျှင် မျက်ခုံးပင့်သွားသည်။
သူ့ညီမငယ်လေးမှာ လူသားစစ်စစ် တစ်ယောက် ဖြစ်မှန်း သူကောင်းကောင်း သိထားသော်လည်း တစ်ချိန်တည်းမှာပင် အဘိုးအိုထျဲ့ ပြောစကားများမှာ အတော်လေး ယုတ္တိတန်နေသည်ဟု ခံစားနေရ၏။
တိုက်ပွဲမှာ အချိန်အတော်ကြာ ဆက်လက် ဖြစ်ပွားခဲ့ပြီးနောက် ရှီယောင် ရှုံးနိမ့်သွားခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ သို့တိုင် သူမက ရှုံးမဲမဲခြင်း မရှိဘဲ ကျက်သရေရှိစွာပင် ရှုံးနိမ့်မှုကို လက်ခံခဲ့လေသည်။
နောက်ရက် အနည်းငယ် အတွင်း၌ ဇီလင်းလုံအား စိန်ခေါ်ရန် လူများစွာ ရောက်ရှိလာကြသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ထန်ဟောက်ကဲ့သို့ ရိုင်းစိုင်းစွာ မပြုမူကြပေ။ သူတို့အားလုံးက အစွန်းရောက် ယင်ပစ္စည်း အချို့ကို ယူဆောင်လာခဲ့ကြသော်လည်း ဇီလင်းလုံ၏ လက်အောက်တွင် အားလုံး အရေးနိမ့်သွားခဲ့ရ၏။
ဤသည်မှာ လူတိုင်းကို အလွန် အံ့အားသင့်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယတန်းစား ဂိုဏ်းတစ်ခုမှ လာသော ဇီလင်းလုံ တစ်ယောက် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့သောကြောင့်ပင်။
သူမ ကြုံတွေ့ခဲ့ရသော အားအနည်းဆုံး ပြိုင်ဘက်မှာပင် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး အခြားသူများမှာ သူတော်စင် သားတော်များ သို့မဟုတ် သူတော်စင် သမီးတော်များ ဖြစ်ကြသည်။ ထိုသူများ အားလုံးကို သူမ အနိုင်ယူနိုင်ခဲ့ခြင်းမှာ တကယ့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု မဟုတ်ပါလား။
ဥပမာအားဖြင့် လင်းဟန်ဆိုလျှင် သူ့လျှို့ဝှက်ဆန်းကြယ် ရေခဲခန္ဓာကိုယ်ကြောင့် နာမည်ကြီးသူ ဖြစ်သည်။ သူက အရာအားလုံးကို အေးခဲသွားစေနိုင်သော ရေခဲစွမ်းအားများကို ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရှိ၏။ ချင်းယွင်ဂိုဏ်း၏ သူတော်စင် သားတော် တစ်ယောက် အနေဖြင့် အလွန် အစွမ်းထက်သူ ဖြစ်သော်ငြား ဇီလင်းလုံ လက်အောက်တွင်မူ ရှုံးနိမ့်သွားခဲ့ရသည်။
နောက်ထပ် ဥပမာ တစ်ခုမှာ မော့လင်းပင်။ သူက တိုက်ပွဲစသည်နှင့် အမှောင် မိစ္ဆာခန္ဓာကိုယ်ကို ချက်ချင်း အသက်သွင်းခဲ့ပြီး ယင်မိစ္ဆာဂိုဏ်း၏ သူတော်စင် သားတော် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ လူအများအပြား အံ့အားသင့်သွားကြသော်လည်း မည်သူမှ သူ့နောက်သို့ လိုက်မသွားခဲ့ကြချေ။
သူလည်း လင်းဟန်နည်းတူ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရပြီး ဇီလင်းလုံ၏ အနိုင်ယူခြင်းကို ခံလိုက်ရတော့သည်။
ဧည့်ခံရေး တောင်ထွတ်ဆီသို့ လာရောက်သူများမှာ တစ်နေ့တခြား ပိုများပြားလာခဲ့သည်။ မဟာကျိုး မင်းဆက်၏ (၁၈)ဆက်မြောက် မင်းသား ကျိုးထျန်းပင် ရောက်ရှိလာခဲ့၏။
ကံမကောင်းစွာဖြင့် ဇီလင်းလုံက ထိုသူများ အားလုံးကို အချိန်တိုအတွင်းမှာပင် ရှင်းလင်းပစ်ခဲ့သည်။
ယခုချိန်ထိ ဇီလင်းလုံအား စိန်မခေါ်ရသေးသည့် တစ်ဦးတည်းသော သူမှာ ထျန်းစစ်သာ။
ထျန်းစစ်က ရှေ့သို့ လျှောက်လာပြီး သူ့ လက်ဖဝါးကို လှန်ပြလိုက်သည်။ မြတ်နိုးဖွယ်ကောင်းသော ငွေရောင် သလင်းကျောက် တစ်တုံးက သူ့လက်ဖဝါးထက် ထွက်ပေါ်လာ၏။
"ဒီမှာ အစွန်းရောက် ယင် အမှောင်ရေကျောက်တုံး... ဒါက အစွန်းရောက် ယင် ရတနာပစ္စည်း တစ်ခုပဲ... ငါ မင်းကို လက်ဆောင် အဖြစ် ပေးပါရစေ ညီမငယ် လင်းလုံ"
ခဏတာမျှ အေးစက်ပြီး ကျောချမ်းဖွယ် ကောင်းသော စွမ်းအင်များက လေထုထဲ ပြည့်နှက်သွားပြီး ကောင်းကင်ယံ တစ်ခုလုံးကိုပင် အေးခဲသွားစေတော့သည်။
"မလိုဘူး" ဇီလင်းလုံက ချက်ချင်း ငြင်းဆန်လိုက်ပြီး သူမ၏ အရှိန်အဝါများက ဓားအိမ်မှ ကျွတ်လာသော ဓားတစ်လက်အလား ရှေ့သို့ ဟုန်းခနဲ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက သူမ၏ ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ယုံကြည်မှု အပြည့်ရှိနေခြင်းကို ခံစားမိလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ပါရမီရှင်များစွာကို တောက်လျှောက် အနိုင်ယူနိုင်ခဲ့သူပီပီ မိမိကိုယ်ကိုယ် ဤမျှ ယုံကြည်မှု ရှိနေခြင်းမှာ သဘာဝကျလှပေသည်။
ဇီလင်းလုံက ကောင်းကင်ထက်သို့ ပျံတက်သွားရင်း…
"ဒါ အလောင်းအစား တစ်ခုပဲ... ဝင်လာခဲ့"
"ကောင်းပြီလေ" ထျန်းစစ်က အစွန်းရောက် ယင် အမှောင်ရေကျောက်တုံးအား နေမင်းကျောက်တုံး ဘေးသို့ ပစ်ချလိုက်သည်။ စကားဆုံးသည်နှင့် တပြိုင်နက် သူ့ခြေရင်းတွင် အမှောင်ထုများ စုဝေးလာပြီး ဦးခေါင်းထက်၌ အလင်းရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာကာ လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာ၏။ သူက ဇီလင်းလုံရှေ့ အရောက်တွင် စကားစလာသည်။
"အရှေ့ပိုင်းဒေသကို မလာခင် မင်းလို ပါရမီရှင် တစ်ယောက်နဲ့ ကြုံရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... ဒါက တကယ့်ကို ပျော်စရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်ဆိုတာ ငါ သေချာတယ်"
"အခု စလိုက်ကြရအောင်" ဇီလင်းလုံက သူမ၏ ဓားကို ဆင့်ခေါ်လိုက်သည်။ ထိုသည်မှာ သွေးရောင် တာအိုဓား တစ်လက်ပင်။
ထျန်းစစ်က မျက်မှောင် အနည်းငယ် ကြုတ်ရင်း…
"ငါ လာပြီ"
ဘုန်း…
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုက ပဲ့တင်ထပ်သွားပြီး တိုက်ပွဲ စတင်ကြောင်း အချက်ပြလိုက်လေပြီ။
ဤတစ်ကြိမ်တွင်တော့ လူတိုင်း၏ အကြည့်များက တိုက်ပွဲအပေါ် စူးစိုက်နေကြ၏။
ထျန်းစစ်က ကျုံးပြည်နယ်ရှိ ပါရမီရှင် အများစုကို အနိုင်ယူခဲ့သူ ဖြစ်သည်။ သူ့အား အားလုံးက အစ်ကိုကြီး အဖြစ် အသိအမှတ် ပြုထားကြပြီး သာမန်ထက် များစွာ အစွမ်းထက်လှသည်။ ယခုမူ သူက သူမကိုယ်သူမ ကြောက်မက်ဖွယ် ပြိုင်ဘက် တစ်ယောက် ဖြစ်ကြောင်း သက်သေပြခဲ့သည့် တက်သစ်စ ကြယ်ပွင့် တစ်ဦးနှင့် ရင်ဆိုင်နေရလေပြီ။
နောက်ဆုံးတွင် ဤပွဲ၏ အနိုင်ရရှိသူမှာ မည်သူ ဖြစ်လာမည်ကို လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေမိကြသည်။
အဘိုးအိုထျဲ့က အာမေဍိတ်သံဖြင့်…
"အကြို အင်မော်တယ်ပီပီ... ဒီထူးခြားတဲ့ စွမ်းရည်တွေကို ထုတ်ဖော်ရတာ သူ့အတွက် ကလေးကစားသလို လွယ်ကူနေတာပဲ... သူက မူလဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူနိုင်ပြီး ကနဦးဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်နဲ့တောင် တန်းတူ ရင်ပေါင်တန်း တိုက်ခိုက်နိုင်တယ်... အဲ့ဒါတောင် သူ အစွမ်းကုန် မသုံးရသေးဘူး"
"မှန်တာပေါ့... ဒါက သူ့ရဲ့ အကန့်အသတ် မဟုတ်သေးဘူး" ချင်ဖုန်းဇီက ခေါင်းညိတ် ထောက်ခံလိုက်သည်။ "တစ်ချိန်တည်းမှာပဲ လင်းလုံက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကိုလည်း ပြသနေတာပဲ"
"အံ့မခန်းပါပဲ... သူက ဆယ်ကျော်သက် အရွယ်လေးပဲ ရှိသေးတာကို ဒီလောက်ထိ အစွမ်းထက်နေပြီ" အဘိုးအိုထျဲ့ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာပြီး…
"ဟိုမှာကြည့်... သူ အကြို အင်မော်တယ်ရဲ့ စွမ်းအားတွေကို ထုတ်ဖော်တော့မယ်"
"ဒါ ငါတို့အတွက် အခွင့်အရေး ဖြစ်နိုင်တယ်" ချင်ဖုန်းဇီ၏ မျက်လုံးများ လင်းလက်သွားသည်။
ထို့နောက် သူတို့နှစ်ယောက်လုံးက အကြို အင်မော်တယ် အဆင့်၏ အစစ်အမှန် လျှို့ဝှက်ချက်များကို ထိုးထွင်း သိမြင်နိုင်ရန် ကြိုးပမ်းရင်း နတ်ဘုရား မျက်လုံးများကို အသက်သွင်းလိုက်ကြတော့သည်။
ဝုန်း…
ရုတ်တရက် ကောင်းကင်ကြီး တုန်ခါသွားပြီး အလင်းတန်းများစွာက မိုးရွာချသကဲ့သို့ ကျဆင်းလာခဲ့၏။
ထျန်းစစ် တစ်ယောက် နတ်ဘုရား အလင်းရောင်များ ဝန်းရံလျက် ကောင်းကင်ထက်မှ တဖြည်းဖြည်း ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။ နတ်ဘုရား အသံတစ်ခုက သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာပြီး အင်မော်တယ် လောကနှင့် ဆက်သွယ်၍ ဖန်ဆင်းခြင်း စွမ်းအားများကို ဆောင်ကြဉ်းပေးနိုင်သည့် ပုံရိပ်ယောင် တံခါးပေါက် တစ်ခုက သူ့ကျောဘက်တွင် ထွက်ပေါ်လာခဲ့လေပြီ။
သူ့အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက်သွား၏။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စကြဝဠာ၏ စွမ်းအားများကို သူ့လက်ဖဝါးထဲသို့ စုစည်းနိုင်စွမ်း ရှိနေသည်။ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ထင်မှတ်ရစေသဖြင့် အောက်ဘက်ရှိ လူများမှာ အသက်ရှူကြပ်လာပြီး သူ့အား တုန်လှုပ်စွာ စိုက်ကြည့်နေမိကြသည်။
"ကြောက်စရာ ကောင်းလိုက်တာ" ကျိုယန်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လေထုထဲမှ စွမ်းအားများကို ခံစားမိသည်နှင့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။ "ဒါ တကယ်ပဲ တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားလား... ငါကိုယ်တိုင်တောင် ဒါကို တားဆီးနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး"
ဂူဟိုင်နှင့် အခြားသူများလည်း အံ့အားသင့် မှင်သက်သွားကြသည်။
သို့သော် ဇီလင်းလုံ ကျောဘက်ရှိ မီးတောက်များက ဖီးနစ်ငှက် အဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ကြားဖြတ် ဟန့်တားလိုက်သည်ကို မြင်ချိန်တွင် သူတို့ အမူအရာများ ထပ်မံ ပြောင်းလဲသွားပြန်သည်။ သူတို့ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်လျက်။
တိုက်ပွဲကို စူးစိုက်ကြည့်နေရင်း ကျန်းမင်၏ စိတ်ထဲ တွေးနေမိသည်။
'အကြို အင်မော်တယ် ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်လေ... သူက တကယ်ကို အစွမ်းထက်လွန်းတယ်... သူ့လက်ရှိ အခြေအနေနဲ့ဆိုရင် ငါတောင် သူ့ကို သတ်နိုင်ပါ့မလား သံသယ ဝင်စရာပဲ'
လေထု တစ်ခုလုံး တုန်ခါသွားပြီး နေရောင်ခြည်ပင် မှေးမှိန်သွားတော့သည်။
"အတိတ်က အင်မော်တယ် အပေါင်းတို့... ငါ့ထံသို့ ရောက်ရှိလာပြီး သင်တို့၏ စွမ်းအားများကို မျှဝေပေးတော်မူပါ"
ထျန်းစစ်က ဂါထာ ရွတ်ဆိုလိုက်သည်။ သူက လက်တစ်ဖက်ကို အပေါ်သို့ မြှောက်၍ ကျန်တစ်ဖက်ကို အောက်သို့ စိုက်ချ၏။ ထို့နောက် လက်ဝါး နှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ အထက်မှ အလင်းရောင်များ ကျဆင်းလာပြီး အောက်မှ အမှောင်ထုများ မြင့်တက်လာခဲ့သည်။
"အလင်း အမှောင် အတားအဆီး"
သူက သူတို့ ပတ်ပတ်လည်တွင် ပိုင်နက် တစ်ခုကို ဖန်တီးလိုက်ခြင်းပင်။
ထျန်းစစ်က ယုံကြည်မှု အပြည့်ဖြင့်…
"ညီမငယ် လင်းလုံ... ဒါက အလင်းနဲ့ အမှောင်ကို ပေါင်းစပ်ထားတဲ့ ငါ့ရဲ့ အမြင့်ဆုံး ကျင့်စဉ်ပဲ... ဒီအတားအဆီး ဖွဲ့စည်းပြီးသွားတာနဲ့ အတွင်းမှာရှိတဲ့ အရာအားလုံးက ချိတ်ပိတ်ခံရလိမ့်မယ်"
သို့သော် မထင်မှတ်စွာဖြင့် သူ သက်ပြင်းချရန် ပြင်နေစဉ်မှာပင် သူ့ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။
ရွှီး…
ဖီးနစ်ငှက်၏ စူးရှသော အော်မြည်သံက ကောင်းကင်ယံ တစ်ခွင် ပဲ့တင်ထပ်သွားပြီး ဒဏ္ဍာရီ တစ်ခုကို ပြန်လည် အမှတ်ရသွားစေသည်။ ဖီးနစ်ငှက် တစ်ကောင် အော်မြည်လိုက်လျှင် ငှက်အားလုံးက ၎င်းထံ ဒူးထောက် အညံ့ခံရမည် မဟုတ်ပါလား။
နောက်တစ်စက္ကန့်တွင်တော့ ဇီလင်းလုံက သူမ၏ လက်ဖြင့် ဖီးနစ်ငှက် ခြေသည်းတစ်ခုကို ဖန်တီး၍ အတားအဆီးအား အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲပစ်လိုက်တော့သည်။
ထို့နောက် သူမက ထျန်းစစ်၏ မျက်နှာကို နင်း၍ မြေပြင်ပေါ်သို့ ကန်ချလိုက်လေတော့သည်။
End
***