တိုက်ပွဲက ထျန်းစစ် ရှုံးနိမ့်သွားခြင်းနှင့်အတူ ပြီးဆုံးသွားခဲ့လေပြီ။
ထိုသည်မှာ မည်သူမှ မျှော်လင့်မထားခဲ့သော ရလဒ်ပင်။
မည်သို့ပင်ဆိုစေ ထျန်းစစ်မှာ ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီး ကျုံးပြည်နယ်ရှိ သူတော်စင် သားတော်၊ သမီးတော် အချို့ကပင် သူ့အား စီနီယာ အစ်ကိုကြီး တစ်ယောက်အဖြစ် သတ်မှတ်ထားသည်ကို ကြည့်လျှင် သူ့ စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိနိုင်၏။
သို့သော် ယနေ့တွင်တော့ ကောင်မလေး တစ်ယောက်၏ လက်အောက်၌ ရှုံးနိမ့်သွားခဲ့ရချေပြီ။
လူအများစုမှာ အသိစိတ် ပြန်မဝင်နိုင်ကြသေးပေ။ ထျန်းစစ် ကိုယ်တိုင်ပင် တိုက်ပွဲ၏ ရလဒ်ကြောင့် တုန်လှုပ်နေဆဲ။
ထျန်းစစ်က သက်ပြင်းချရင်း…
"လူတွေက ကိုယ့်ထက်သာတဲ့သူ အမြဲရှိတယ်လို့ ပြောကြတယ်… အရင်တုန်းက ငါ့ကိုယ်ငါ အသန်မာဆုံးလို့ ထင်ခဲ့ပေမဲ့ အခုမှ ငါဘယ်လောက်တောင် မိုက်မဲခဲ့သလဲဆိုတာ သဘောပေါက်တော့တယ်"
"ညီမလေး လင်းလုံ… မင်းက တကယ်ကို အစွမ်းထက်တာပဲ… မင်းရဲ့ ခွန်အားနဲ့ စွမ်းရည်က ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်… အထူးသဖြင့် မင်းရဲ့ ဖီးနစ်သွေးဆက်ပဲ… အရမ်း သန့်စင်လွန်းတော့ ဖီးနစ်ငှက်ဆီက တိုက်ရိုက် ဆင်းသက်လာတဲ့ သွေးဆက်လို့တောင် ခံစားရတယ်… ဒီနေ့ ရှုံးနိမ့်ပြီးနောက် ငါ နောက်ထပ် လေ့ကျင့်မှုတွေ အများကြီး လိုသေးတယ်ဆိုတာ မြင်လိုက်ရပြီ… ဒါကြောင့် ငါ့နေရာ ငါပြန်ပြီး ဆက်လေ့ကျင့်တော့မယ်… နောင်တစ်ချိန် အားလုံးနဲ့ ပြန်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်"
ထျန်းစစ်က လူအုပ်ကြီးကို နှုတ်ဆက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။
တောင်ပေါ်ရှိ လူအများစုမှာ ထျန်းစစ်၏ ပုံရိပ် သူတို့မြင်ကွင်းထဲမှ တဖြည်းဖြည်း သေးငယ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေကြ၏။ သူတို့က ဇီလင်းလုံဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ထိုရှုပ်ထွေးနေသော အမူအရာများမှာ ပို၍ပင် နက်နဲသွားလေပြီ။
အချို့က သူမအား မနာလို ဖြစ်နေကြသော်လည်း အများစုမှာမူ စိတ်ထဲမှသာ ခေါင်းခါယမ်း နေမိသည်။ ထျန်းစစ်က အတိအလင်း ထုတ်မပြောခဲ့သော်ငြား သူ ဘာလုပ်ရန် ကြိုးစားသွားသည်ကိုမူ အားလုံး မြင်တွေ့လိုက်ကြသည် မဟုတ်ပါလား။
သူက ဇီလင်းလုံအတွက် ထောင်ချောက်တစ်ခု ဆင်ထားခဲ့ခြင်းပင်။
ချူယန် တောင်ထွတ်တွင်တော့…
ရွှမ်း…
လူသားလမ်းစဉ် မှတ်တမ်း ပွင့်ဟသွား၏။
ထျန်းစစ်၏ အခြေအနေ - သူက ဇီလင်းလုံ၏ စွမ်းအားကြောင့် အံ့အားသင့်ခဲ့ရသည်။ ဇီလင်းလုံ တစ်ယောက် ပါရမီရှင် များစွာကို တစ်ဆက်တည်း အနိုင်ယူနိုင်ခဲ့သည်ကို မြင်သောအခါ အလွန် ဝမ်းမြောက်ခဲ့၏။ အစပိုင်းတွင် သူက သူမအား အနိုင်ယူပြီး သူ့ လက်အောက်ခံအဖြစ် သိမ်းသွင်းရန် စီစဉ်ခဲ့သော်လည်း အရာအားလုံးမှာ သူထင်ထားသလို ဖြစ်မလာခဲ့ချေ။ သူ ဇီလင်းလုံ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
ရှုံးနိမ့်ပြီးနောက် သူ့ကိုယ်သူ စိတ်ပျက်သွားပြီး ဆက်နေရန် ရှက်ရွံ့သွားခဲ့သည်။ ဇီလင်းလုံအား လူအများ၏ အာရုံစိုက်မှု ဗဟိုချက်ထဲ တွန်းပို့ပြီးနောက် သူ ထွက်ခွာသွားခဲ့သည်။ တစ်နေ့တွင် သူ ပြန်လာပြီး ဇီလင်းလုံကို သူ့ရှေ့ ဒူးထောက် အညံ့ခံအောင်လုပ်ဖို့ သူ့ကိုယ်သူ သစ္စာဆိုသွားခဲ့၏။
ကျန်းမင် မျက်လုံးများထဲ အလင်းတန်း တစ်ချက် လက်ဖျပ်သွားသော်လည်း နောက်တစ်စက္ကန့်တွင် ချက်ချင်း ပျောက်ကွယ်သွား၏။ သူ ခေါင်းမော့၍ ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။
သူတို့အား အစွမ်းထက်သော တည်ရှိမှု တစ်ခုက စောင့်ကြည့်နေကြောင်း သူ ကြိုတင် ခံစားမိနေသည်။ သို့သော် ထိုသူများ၏ နာမည်ကို မသိသလို တစ်ခါမှလည်း မမြင်ဖူးခဲ့သည်မှာ နှမြောစရာပင်။ မဟုတ်လျှင် လူသားလမ်းစဉ် မှတ်တမ်းမှ တစ်ဆင့် သူတို့၏ အချက်အလက်များကို စစ်ဆေးကြည့်နိုင်မည် ဖြစ်သည်။
ကျန်းမင် တိုးတိုးလေး ရေရွတ်လိုက်၏။
"အခုလောလောဆယ်တော့ စောင့်နေတာကလွဲပြီး ငါ လုပ်နိုင်တာ ဘာမှ မရှိဘူး ထင်တယ်"
အဘိုးအိုထျဲ့က မယုံကြည်နိုင်သော လေသံဖြင့်…
"ထျန်းစစ် ရှုံးသွားတယ်လား… သူ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာကတည်းက တစ်ခါမှ အရှုံးမပေးခဲ့ဖူးဘူး… ပါရမီရှင်ပဲ ဖြစ်ဖြစ်၊ သူတော်စင် သားတော်ပဲ ဖြစ်ဖြစ်၊ အထူး ခန္ဓာကိုယ် ပိုင်ရှင်ပဲ ဖြစ်ဖြစ်… အကုန်လုံးကို အနိုင်ယူခဲ့တော့ အဲ့ဒါက သူ့ရဲ့ မာနကို ပိုကြီးစေခဲ့တာ… အဲ့ဒါကြောင့် သူ့ကိုယ်သူ အသန်မာဆုံးလို့ ခံစားလာရပြီး ဒီနေ့ လင်းလုံ လက်ထဲမှာ ရှုံးသွားတဲ့အတွက် သူ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားလောက်တယ်"
"သူက အပြင်ပန်းမှာ နူးညံ့တဲ့ သူတစ်ယောက်လို ထင်ရပေမဲ့ အတွင်းစိတ်ထဲမှာတော့ အရမ်း မာနကြီးတယ်… တကယ်လို့ ဒီနေ့ ရှုံးနိမ့်မှုကနေ သူ ပြန်မထနိုင်ဘူး ဆိုရင် သူ့ခရီးက ဒီလောက်ပါပဲ… တကယ်လို့ သူ အဲ့ဒီကနေ ရုန်းထွက်နိုင်မယ် ဆိုရင်တော့ အဆင့်သစ် တစ်ခုကို ရောက်သွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် တကယ်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမှာ" ချင်ဖုန်းဇီက မှတ်ချက်ချလိုက်ပြီး ဆက်ပြောသည်။ "ကံမကောင်းစွာနဲ့ပဲ… သူက စိတ်ဓာတ် ပျော့ညံ့လွန်းတယ်"
"စိတ်ဓာတ် ပျော့ညံ့တယ်…"
"ဟုတ်တယ်… ခင်ဗျားက တစ်နေ့ကုန် လေ့ကျင့်ခန်း လုပ်နေတာ ဒါမှမဟုတ် တောင်ပေါ်မှာ ချော်ရည် ပူပူနဲ့ ရေချိုးနေတာ ဆိုတော့ လူတစ်ယောက်ကို အကဲခတ်တဲ့ နေရာမှာ ကျုပ်လောက် မတော်ဘူးလေ… အမှောင် စွမ်းအား ဆိုတာလည်း တာအို လမ်းစဉ် တစ်ခုပဲ… တကယ်လို့ ခင်ဗျားက အဲ့ဒါကို နားလည်ချင်တယ် ဆိုရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် အဲ့ဒီထဲ နစ်မြုပ်နေဖို့ လိုတယ်… ဒါပေမဲ့ သူကကော ဘယ်လိုလဲ… သူက အမြဲတမ်း နူးညံ့ပြီး သူ့ဘက်က လိုအပ်ချက် အားလုံးကို လှလှပပ ဖုံးကွယ်ထားတယ်… အရင်က အမှားတစ်ခုလေးတောင် မလုပ်ခဲ့ဖူးတဲ့ အတိုင်းပဲ… သူက နည်းနည်းလေး ပြီးပြည့်စုံလွန်းနေတယ်… ဒါဆို မယိမ်းယိုင်တဲ့ ယုံကြည်ချက်ကို တည်ဆောက်ထားတဲ့ ပါရမီရှင် တစ်ယောက်က ဘယ်လိုလုပ် ဒီလို ဖြစ်နေရတာလဲ"
"အဲ့ဒါကြောင့် သူ့ဆီကနေ ထူးဆန်းတဲ့ အငွေ့အသက်တွေ ရနေခဲ့တာကိုး… ဒါကြောင့်ကိုး… သူ့အပြုံးက ဒီကောင်လေးလောက်တောင် နွေးထွေးပြီး ရိုးသားမှု မရှိဘူးပဲ"
ကျန်းမင်လည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
လူအများစု ဧည့်ခံတောင်ထွတ်မှ ထွက်ခွာသွားကြသော်လည်း အနည်းငယ်မျှသာ ကျန်ရစ်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ရှေ့ဖြစ်ဟော သားတော်မှာ နောက်ဆုံးတွင် စာရင်းတစ်ခုပင် မဖန်တီးနိုင်ခဲ့ချေ။
အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ နေမင်းကြီး တဖြည်းဖြည်း ဝင်ရောက်သွားလေပြီ။
ဇီလင်းလုံ ချူယန် တောင်ထွတ်သို့ ပြန်ရောက်လာ၏။
အဘိုးအိုထျဲ့က လှမ်း၍…
"မိန်းကလေး… မင်း အနန္တ ဆေးလုံးစံအိမ် အကြောင်း ကြားဖူးမှာ သေချာတယ် မဟုတ်လား… အဲ့ဒါက ကျုံးပြည်နယ်က တော်ဝင်မြေတစ်ခုပဲ… ပြီးတော့ ငါက အနန္တ ဆေးလုံးစံအိမ်ရဲ့ မဟာ အကြီးအကဲ တစ်ယောက်… တကယ်လို့ မင်း ငါနဲ့ လိုက်ခဲ့မယ် ဆိုရင် မင်းကို သူတော်စင် သမီးတော် တစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်… ပြီးတော့ တန်ဖိုးကြီး ဆေးလုံးတွေ၊ တာအို လက်နက်တွေနဲ့ တခြား အရင်းအမြစ် မျိုးစုံကို အပြည့်အဝ သုံးစွဲခွင့် ရလိမ့်မယ်"
ချင်ဖုန်းဇီကလည်း ဝင်၍…
"ငါက ချင်းယွင်ဂိုဏ်းရဲ့ မဟာ အကြီးအကဲ တစ်ယောက်ပဲ… မင်း ငါနဲ့ လိုက်သင့်တယ်… အနန္တ ဆေးလုံးစံအိမ်က တော်ဝင်မြေ တစ်ခု ဖြစ်ပေမဲ့ ကျုံးပြည်နယ်မှာ အဲ့လိုနေရာတွေ အများကြီး ရှိတယ်… ဒါပေမဲ့ ချင်းယွင်ဂိုဏ်းကတော့ အရှေ့ပိုင်း ဒေသမှာ တစ်ခုတည်းသော သန့်စင်တဲ့ နယ်မြေပဲ… တကယ်လို့ မင်းသာ ငါနဲ့ လိုက်ခဲ့မယ် ဆိုရင် မင်းလိုချင်တာ မှန်သမျှ ရနိုင်တယ်လို့ အာမခံတယ်… သူတော်စင် သမီးတော် နေရာ၊ တာအို လက်နက် အစုံအလင်… မင်း လိုချင်တာသာ ပြောလိုက်… မင်းအတွက် အားလုံး ပြင်ဆင်ပေးမယ်"
ဇီလင်းလုံ ပြုံးပြီး…
"ဒါက သမီးရဲ့ အိမ်ပါ… ပြီးတော့ ထွက်သွားဖို့ ရည်ရွယ်ချက်လည်း မရှိဘူး… ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုသူနှစ်ယောက်မှာလည်း ဆက်လက်၍ ဖိအားမပေးတော့ဘဲ သက်ပြင်းချကာ ထွက်ခွာသွားကြတော့သည်။
ဇီလင်းလုံက ကျန်းမင် လက်မောင်းကို ဖက်တွယ်ရင်း မေးလာ၏။
"ညီမလေးရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမြင်လဲ ဂိုဏ်းတူအစ်ကိုကြီး… သူတို့ထဲက တချို့က သူတော်စင် သားတော်တွေ၊ သမီးတော်တွေ ဖြစ်နေရင်တောင် ညီမလေး ပြိုင်ဘက် မဟုတ်ကြဘူးလေ"
"မင်းက အမိုက်ဆုံးပဲ… တကယ်တော့ မင်းက အကောင်းဆုံးပါ… အခု ငါမင်းကို နည်းနည်းတောင် လန့်နေပြီ" ကျန်းမင်က ပြန်ဖြေလိုက်သည်။
လင်းလုံမှာ စွန့်ပစ်ခံထားရသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ နှုတ်ခမ်းဆူ၍ မေးတော့၏။
"အစ်ကိုကြီးက ညီမလေးကို တစ်ယောက်တည်း ထားခဲ့တော့မလို့လား"
"ငါက မင်းဖက်ထားတဲ့ အချိန် မတော်တဆ ငါ့ကို သတ်မိသွားမှာ စိုးရိမ်လို့ပါ"
"ဟွန့်… ညီမလေးက အစ်ကိုကြီး အပေါ် ခုန်တက်ပြီး အလေးချိန်နဲ့တောင် ဖိသတ်ပစ်နိုင်တယ်" ဇီလင်းလုံ နှာခေါင်းရှုံ့လိုက်သည်။
"ဟားဟား… မင်းက တကယ် ရယ်ရတာပဲ"
"ဟီးဟီး… ဂိုဏ်းတူအစ်ကိုကြီး… အစ်ကိုကြီးရဲ့ လက်ရာကို မစားရတာ တော်တော်ကြာနေပြီနော်"
"ဒါဆို ဒီနေ့ ဘာစားချင်လဲ"
"ဘာဖြစ်ဖြစ် ရတယ်… အစ်ကိုကြီး ချက်ပေးသမျှ အကုန်စားမှာပဲ"
"ကောင်းပြီလေ… ဟူး… ငါက တကယ်ကို အလုပ်များတဲ့ ပျားလေး တစ်ကောင်လိုပဲ"
ပြောပြီးသည်နှင့် ကျန်းမင် မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားတော့သည်။
နောက်ရက် အနည်းငယ် အတွင်း ဧည့်ခံတောင်ထွတ်မှ ထွက်ခွာသွားသူ အရေအတွက် ပို၍ များပြားလာခဲ့သည်။
အမည် - လင်းဟန်
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ သူတော်စင် သားတော်
ဆက်ဆံရေး - ၁
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (လျှို့ဝှက်ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်)
အခြေအနေ - ဇီလင်းလုံ၏ အနိုင်ယူခြင်းကို ခံခဲ့ရသော်လည်း အလွန် ဝမ်းမြောက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဇီလင်းလုံက ယန်တာအို လမ်းစဉ်ကို ကျွမ်းကျင်ထားကြောင်း သူ သဘောပေါက်သွားသောကြောင့် ဖြစ်သည်။ သူ့ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ကျိုယန်ဂိုဏ်းကို စောင့်ကြည့်ရန် အကြီးအကဲ တစ်ယောက်အား အကူအညီ တောင်းခံမည် ဖြစ်သည်။ ဇီလင်းလုံ ဂိုဏ်းမှ ထွက်ခွာလာချိန်တွင် သူမအား ဖမ်းဆီးပြီး သူ့ကျင့်ကြံမှုအတွက် အတင်းအကျပ် အသုံးချရန် ရည်ရွယ်ထား၏။
ကျန်းမင် လက်နောက်ပစ်၍ ခေါင်မိုးပေါ်တွင် ရပ်နေရင်း ဧည့်ခံတောင်ထွတ်မှ ထွက်ခွာသွားကြသော ပုံရိပ်များကို လှမ်းကြည့်နေလိုက်သည်။
သူက ချင်ဖုန်းဇီ၏ အချက်အလက်များကို နောက်တစ်ကြိမ် စစ်ဆေးကြည့်၏။ သူ ခြေရာခံရန် ကြိုးစားကြည့်သောအခါ ထိုသူမှာ သူ့ထံမှ မိုင်တစ်ထောင်ခန့် ကွာဝေးသော နေရာတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"ကျွတ်… နှမြောစရာပဲ… ဒီအတိုင်းဆို သူ့ကို သတ်လို့ မရတော့ဘူး"
ကျန်းမင် အစီအစဉ် အနည်းငယ် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးကို ဖျက်သိမ်းလိုက်ရသည်။ သူ ချင်ဖုန်းဇီအား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။ သူ့အာရုံလွှဲရန် အယောင်ပြ ကိုယ်ပွားကို သုံးသည်ဖြစ်စေ၊ တည့်တည့် ဝင်တိုက်သည်ဖြစ်စေ… မည်သည့် အရာမှ အလုပ်ဖြစ်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ချင်ဖုန်းဇီမှာ အလွန် အစွမ်းထက်ပြီး ပိုင်ကျန်းကျီ ထက်ပင် ပိုသန်မာသည် မဟုတ်ပါလား။
"လောလောဆယ်တော့ သူ့ကို အသက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်…" ကျန်းမင် သူ့ဘာသာ ရေရွတ်လိုက်၏။
ကျန်ရှိနေသော လူနှစ်ယောက်လည်း ထွက်ခွာသွားကြလေပြီ။
ရှီယောင်၏ အခြေအနေ - ဇီလင်းလုံ အနိုင်ယူခြင်း ခံရချိန်တွင် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သော်လည်း ဇီလင်းလုံ၏ အစွမ်းထက်သော ထူးခြားသည့် စွမ်းရည်များနှင့် ထျန်းစစ် အပါအဝင် ပါရမီရှင် အများအပြားကို တစ်ဆက်တည်း အနိုင်ယူခဲ့သည်အား မြင်ပြီးနောက် မကောင်းသော ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အစပိုင်းတွင် ဇီလင်းလုံအား သူမရှေ့ အညံ့ခံစေချင်ခဲ့သော်လည်း ထိုရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ ဇီလင်းလုံကို ရင်ထဲမှ အမှန်တကယ် လေးစားနေလေပြီ။ သူမက အလွန်အမင်း အေးစက်သော ယင်တာအို လမ်းစဉ်နှင့် ပတ်သက်ပြီး အနည်းငယ် နားလည် သဘောပေါက်သွားခဲ့သည်။ သူမ ထွက်ခွာချိန်တွင် တိုက်ပွဲများမှ တစ်ဆင့် ရရှိခဲ့သမျှ အရာအားလုံးကို အပြည့်အဝ ချေဖျက် နားလည်ပြီးနောက် ဇီလင်းလုံထံ နောက်တစ်ကြိမ် လာလည်မည်ဟု ကတိပေးသွားခဲ့၏။
"အင်း… သူက တစ်မူထူးခြားတာပဲ… တခြား သူတော်စင် သားတော်၊ သမီးတော်တွေလို မောက်မာမနေဘူး"
ကျန်းမင် စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။
တကယ်တော့ သူမကို ဆက်နေစေချင်မိသည်။
မည်သို့ပင်ဆိုစေ သူမက ပြည့်ဖြိုး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းကို ပိုင်ဆိုင်ထားပြီး အသားအရေမှာလည်း နှင်းကဲ့သို့ ဖြူဖွေးနေသည် မဟုတ်ပါလား။ ထို့အပြင် အရမ်းလှပြီး ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လှ၏။ အကယ်၍ သူမသာ ဆက်နေပါက ဤခြောက်ကပ်ပြီး ပျင်းစရာကောင်းသော တောင်တန်းကြီးကို ပျော်ရွှင်စရာများနှင့် အရောင်အသွေးစုံလင်အောင် ဖန်တီးပေးနိုင်မည်ဟု ကျန်းမင် ယုံကြည်နေသည်။
သူ အတွေးနက်နေစဉ် ရှီယောင်က ခေါင်းလှည့်ကြည့်လာပြီး သူမ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက နေရောင်အောက်တွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်လိုပင်။
"သူ တကယ်ကို လှတာပဲ"
ကျန်းမင်၏ ရင်ခုန်သံ တစ်ချက် ရပ်တန့်သွားသော်လည်း လူသားလမ်းစဉ် မှတ်တမ်းထဲမှ အချက်အလက် အသစ်ကို သတိပြုမိလိုက်ချိန်တွင် သူ့နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားတော့သည်။
ရှီယောင်၏ အခြေအနေ - သူမအား တစ်စုံတစ်ယောက် ကြည့်နေကြောင်း သတိထားမိသဖြင့် ခေါင်းလှည့်ကြည့်ရာ ခေါင်မိုးပေါ်တွင် ရပ်နေသူမှာ ဇီလင်းလုံ၏ ဂိုဏ်းတူအစ်ကိုကြီးမှန်း သဘောပေါက်သွားသည်။ သူမကဲ့သို့ ပါရမီရှင် ကောင်မလေး တစ်ယောက်တွင် ဘာကြောင့် ဤမျှ အသုံးမကျသော ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက် ရှိနေရသနည်းဟု တွေးမိပြီး သူမကိုယ်စား ရှက်ရွံ့သွားခဲ့၏။
"ငါ သူ့ကို ပညာလေး ဘာလေး ပေးလိုက်ရမလား…" ကျန်းမင် အံကြိတ်လိုက်သည်။
သို့သော် မော့လင်း၏ အခြေအနေကို မြင်ချိန်တွင် သူ့မျက်လုံးများထဲ သတ်ဖြတ်လိုစိတ်များ ထောင်းခနဲ ထွက်ပေါ်လာသည်။
"ကောင်းပြီလေ… ကြည့်ရတာ တစ်ယောက်ယောက်က အရိုက်ခံချင်နေပုံပဲ"
End
***